ဒါကြောင့် ကိုယ့်ကိုဝေဖန်တဲ့အခါ ငါ့ကိုဝေဖန်တဲ့သူက ညဏ်ပညာရှိတဲ့သူ ဟုတ်တလား။ မေတ္တာ ကရုဏာကြီးတဲ့သူ ဟုတ်တလား။ အကယ်၍ အဲဒီပုဂ္ဂိုလ်က ညဏ်ပညာ ကြီးတဲ့သူဟုတ်တယ်။ သူကိုယ်တိုင်လည်းပဲ နေတာ၊ ထိုင်တာ၊ ပြောတာ၊ ဆိုတာမှာ တတ်နိုင်သလောက် တရားနဲ့ညီတယ်။ ကိုယ့်ကို ပြောတဲ့အခါမှာလည်းပဲ အနိုင်ယူချင်လို့လည်း မဟုတ်ဘူး။ အရှက်ခွဲချင်လို့လည်း မဟုတ်ဘူး။ လူကြားထဲမှာလည်း မပြောဘူး။ အေးအေးဆေးဆေး ဆုံးမတယ်ဆိုရင်တော့ လက်ခံတယ်။
ပညာရှိတဲ့သူတွေက မေတ္တာကရုဏာကြီးကြီးနဲ့ ကိုယ့်ကိုဆုံးမတဲ့အခါမှာ ကိုယ့်အပြစ်ကို ထောက်ပြတဲ့အခါမှာ သူတို့စကားကို လေးလေးနက်နက် ခံယူပါတယ်။ နားထောင်ပါတယ်။ အကယ်၍ ပညာမရှိတဲ့သူက ကိုယ့်ကို တမင်တကာ အပြစ်ရှာချင်လို့၊ ကိုယ့်ကို ဂုဏ်သိက္ခာ တမင်တကာကျအောင် လုပ်ချင်လို့၊ ကိုယ့်ကွယ်ရာမှာ ကိုယ့်အကြောင်း မဟုတ်တာတွေ လျှောက်ပြောနေတယ်ဆိုရင် ဘာလုပ်ရမလဲ..။
အရင်တုန်းကလိုဆိုရင်တော့ ဘုန်းကြီးက တစ်ယောက်ချင်းလိုက်တွေ့ပြီး ရှင်းမှာပဲ။ အခုတော့ ဘာလုပ်သလဲဆိုတော့ “ဘာမှမလုပ်ဘူး” ။ သူ့တို့ဟာသူတို့ ပြောချင်လို့ပြောတာ၊ ပြောပစေတော့ဆိုပြီးတော့ ထားလိုက်တော့တာပဲ။
ဆရာတော်ဦးဇောတိက ( ဆရာတော်ဦးဇောတိက၏ “ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း” စာအုပ်မှ ဖြစ်ပါသည်)
Shared from နှလုံးသားအာဟာရ
No comments:
Post a Comment