Sunday, July 1, 2012

အောင်မြင်သော အမျိုးသမီး


လူ့လောကထဲကိုရောက်လာကြတဲ့ လူတွေဟာ မိမိဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းကုန်ဆုံးချင်ကြ ပါတယ်။အောင်အောင်မြင်မြင်ဖြစ်ချင်သူများအဖို့ကျတော့ မိမိဘဝကိုတန်ဘိုးရှိရှိနဲ့ ကြိုးစားကြသလို၊ အောင်မြင်မှုမလိုလားတဲ့သူများကျတော့လည်း အသောက်အစား၊အပျော်အပါးနဲ့ အချိန်ကိုကုန်လွန်စေပါ တယ်။အချိန်ကိုတန်ဘိုးရှိရှိအသုံးချ ကြိုးစားကြသူများမှာ စီးပွားရေးလောက၊ပညာရေးလောက၊အိမ်ထောင် ရေးလောက၊ဘာသာရေးလောကမှာအောင်မြင်မှုတွေရပြီး တန်ဘိုးရှိတဲ့လူတစ်ယောက်အဖြစ်ရပ်တည်နိုင် ပေမယ့် အချိန်ကို တန်ဘိုးမရှိတဲ့အရာတွေမှာအသုံးချမိတဲ့သူများအဖို့ အောင်မြင်တဲ့သူတစ်ယောက်မဖြစ် တော့ပဲ အရှုံးသမားဘဝနဲ့ရပ်တည်ပြီး နောက်ဆုံးသေရာညောင်စောင်းလဲလျောင်းတဲ့အချိန်ရောက်တော့ ကယ်ပါ၊ယူပါ၊တစ်စာစာနဲ့အော်ဟစ်မြည်တမ်းပြီး ဘဝကို အရှုံးနဲ့အဆုံးသတ်ရတာတွေလောကမှာအများကြီး ရှိနေကြပါတယ်။

ပစ္စုပ္ပန်အရေးမှာအောင်မြင်အောင်ဆောင်ရွတ်နိုင်ဖို့အရေးကြီးသလို၊တမလွန်လောက အောင်မြင်ဖို့ကလည်း အရေးကြီးပြန်ပါတယ်။ပစ္စုပ္ပန်အရေး စီးပွားရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေးစတဲ့အရေးတွေအောင်မြင် စေဖို့ နည်းမှန်လမ်းမှန်ကြိုးစားသင့်သလို၊တမလွန်ဘဝရောက်တဲ့အခါမှာလည်း အပါယ်လေးပါးမကျရောက် အောင်ကြိုးစားဖို့ဆိုတာလည်းလိုလားပြန်တယ်။အဲလို ပစ္စုပ္ပန် တမလွန် နှစ်ဖြာမှာအောင်မြင်ဖို့ ဟန်ချက်ညီ စွာ နည်းမှန် လမ်းမှန် စနစ်မှန်ကန်စွာ လုပ်ဆောင်ကြိုးစားဖို့လိုအပ်ပါတယ်။ဦးဇင်းတို့မြတ်စွာဘုရားရှင် ဟာ လောကလူသားတွေအတွက် ပစ္စုပ္ပန်အရေး သံသရာအရေး နှစ်ဖြာသောအရေးတွေ အောင်မြင်ဖို့ ကောင်းမွန်ဖို့နည်းကောင်းနည်းမှန် လမ်းကောင်းလမ်းမှန်များကိုချပြတော်မူခဲ့ပါတယ်။မြတ်စွာဘုရားရှင်ရဲ့ အဆုံးမများကို နာယူမှတ်သား ကျင့်ကြံ ကြိုးစားမယ်ဆိုရင် ပစ္စုပ္ပန်လောကမှာလည်းအောင်မြင်မှာဖြစ်သလို တမလွန်လောကမှာလည်း အောင်မြင်ပါလိမ့်မယ်။နောက်ဆုံး ဘဝများစွာပါရမီတွေဖြည့်ဆည်းပြီး သံသရာ မှလွတ်ကင်းသွားသည်အထိအကျိုးများနိုင်ပါတယ်။

ဒီ အောင်မြင်သော အမျိုးသမီးတရားတော်သုတ္တန်ဒေသနာကို မြတ်စွာဘုရားရှင်က ဝိသာခါကျောင်းအမကြီး ကို အကြောင်းပြုပြီးဟောထားတာပါ။ဝိသာခါကျောင်းအမကြီးလို့ပြောလိုက်ရင် ဗုဒ္ဓဘာသာဝင်များနဲ့ အလွန် ရင်းနှီးပြီးသားဖြစ်မှာပါ။ဝိသာဆိုတဲ့အမျိုးသမီးဟာ စီးပွားရေးအောင်မြင်သူ၊ပညာရေးမှာအောင်မြင်သူ၊ ဘာသာရေးမှာအောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။အထူးသဖြင့် ဘာသာရေးဘက်ကကြည့်လိုက်မည်ဆို လျှင် (၇)နှစ်အရွယ်ကပင်သောတာပန်ဖြစ်ခဲ့တာပါ။သောတာပန်ဆိုတော့ အပါယ်လေးပါးက အပြီးအပိုင် လွတ်ကင်းသွားပြီးဖြစ်တဲ့အတွက် အောင်မြင်တယ်လို့ဆိုရမှာပါ။နောက် မြတ်စွာဘုရားရှင်ကို ပုဗ္ဗာရုံကျောင်း တော်ကြီးကိုဆောက်လုပ်လှူဒါန်းပြီး ကျောင်းအစ်မကြီးဝိသာခါရယ်လို့ဘာသာရေးမှာ အလွန်အောင်မြင်သူ တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာ သမိုင်းမှာ အလွန်ထင်ရှားခဲ့ပါတယ်။တစ်နေ့ ဝိသာခါကျောင်းရောက်လာ တော့ မြတ်စွာဘုရားရှင်က ဝိသာခါကိုဟောတာက

ချစ်သမီး အလိမ္မာဝိသာခါ အမျိုးသမီးတစ်ယောက်(လူတစ်ယောက်)ဟာ ပစ္စုပ္ပန်လောကမှာအောင်မြင်မှု ရဖို့ရန်အတွက် ကြိုးစားအားထုတ်နေတယ်။ပစ္စုပ္ပန်လောကမှာ အရာရာအောင်မြင်မှု လက်ဝယ်ပိုင်ပိုင်ရရှိရန် အလို့ငှာထက်သန်စွာ အားထုတ်နေတယ်။အဲလို အားထုတ်နေတဲ့နေရာမှာ အောင်မြင်ဖို့အတွက် အကြောင်း တရားလေးပါးရှိပါတယ်။အဲဒါကဘာလဲလို့ဆိုတော့

နံပါတ်(၁)။အနေနဲ့ အမှုကိစ္စကို ကောင်းစွာစီရင်နိုင်စွမ်းရှိရမယ်တဲ့။ဆိုလိုတာက အမျိုးသမီးတစ်ယောက် (လူတစ်ယောက်)ဟာ ငယ်စဉ်အခါပညာသင်တယ်။ပညာသင်ကြားတတ်မြောက်လာပြီဆိုရင် စီးပွားရေး လုပ်ငန်း၊အိမ်မှုကိစ္စလုပ်ငန်းကို ကောင်းစွာစီရင်နိုင်ရမယ်တဲ့။မိမိအနေနဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ် ဆိုရင် မိမိလုပ်ငန်းမှာ လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားများကို ကောင်းစွာစီမံခန့်ခွဲနိုင်စွမ်းရှိရမှာဖြစ် ပါတယ်။ဘယ်သူကလုံခြုံရေးတာဝန်၊ဘယ်သူက လုပ်ငန်းပြီးမြောက်ရေးတာဝန်စသည်ဖြင့် နေရာကျအောင် စီမံခန့်ခွဲနိုင်စွမ်း၊မိမိအိမ်တွင်းရေးကို စီမံခန့်ခွဲနိုင်စွမ်းရှိရမှာဖြစ်ပါတယ်။မိမိက အလုပ်သမားဖြစ်ရင်လည်း မိမိ တာဝန်ယူထားတဲ့ လုပ်ငန်းပိုင်းဆိုင်ရာကို သစ္စာရှိရှိ ကြိုးကြိုးစားစား လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါမှသာ လျှင်မိမိကြိုးစားမှုကို ဂရုတစိုက်စောင့်ကြည့်နေတဲ့ အလုပ်ရှင်များရဲ့ ထောက်ပံ့မှုကိုရပြီး ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ နောက်ဆုံး အလုပ်ပိုင်ရှင်ပင်ဖြစ်နိုင်ပါတယ်။

နံပါတ်(၂)။ပရိတ်သတ်ကို ကောင်းစွာချီးမြှောက်တတ်ရမယ်တဲ့။ဆိုလိုတာက မိမိအနေနဲ့ အလုပ်ရှင်ဖြစ်နေ တယ်ဆိုရင် အလုပ်သမားများရဲ့ ကျန်းမာရေးအစထားပြီး ဘယ်အလုပ်သမားက အလုပ်ကြိုးစားတယ်။ဘယ် အလုပ်သမားကတော့ အလုပ်မကြိုးမစားဘူး။အလုပ်ကြိုးစားတဲ့ အလုပ်သမားကို ချီးမြှောက်ရမှာဖြစ်သလို၊ အလုပ်မကြိုးစားတဲ့ အလုပ်သမားကိုလည်း အလုပ်ကြိုးစားချင်လာအောင် စည်းရုံးရမှာဖြစ်ပါတယ်။ ဘယ်အလုပ်သမားက အလုပ်ကျွမ်းကျင်တယ်။ကျွမ်းကျင်တဲ့အလုပ်သမားကိုဘယ်နေရာပေးထားရင် သင့်တော်မယ်၊အလုပ်သမားတွေမှာ ဘာတွေလိုအပ်နေလဲ၊ကျန်းမာရေးလိုအပ်နေလား၊စီးပွားရေးလိုအပ် နေလား စသည်ဖြင့် ငွေအား၊လူအား၊စိတ်ဓာတ်အားများနဲ့ချီးမြှောက်ပေးရမှာဖြစ်ပါတယ်။မိမိက အလုပ်သမားဘဝဆိုရင်လည်း မိမိအောက် ရာထူးငယ်သူများကိုဖေးမ ကူညီ ချီးမြှောက်ရမှာဖြစ်သလို မိမိထက်ရာထူးကြီးသူကိုလည်း ဆည်းကပ်ရမှာဖြစ်ပါတယ်။ဒီလိုလုပ်ပေးခြင်းအားဖြင့် မိမိဘဝအောင်မြင် ကြောင်းလုပ်ဆောင်ချက်၊စည်းရုံးချက်များဖြစ်ပါတယ်။

နံပါတ်(၃)။အိမ်ထောင်ရှင် အမျိုးသမီးများအနေနဲ့ ကိုယ်ရဲ့အမျိုးသားအား နှစ်သက်စေအောင်ကျင်သုံး ရမယ် လို့ မြတ်စွာဘုရားကဟောတော်မူပါတယ်။ဆိုလိုတာက အကျင့်စာရိတ္တကောင်းမွန်ရမယ်ဆိုတဲ့သဘောပါ။ လင်ယောင်္ကျားအနေနဲ့လည်း အရက်သေစာကင်းရမယ်။လုပ်ငန်းတွေကို ဦးစီးလုပ်ဆောင်နိုင်စွမ်းရှိရမယ်။

နံပါတ်(၄)။က ရှာဖွေစုဆောင်းထားတဲ့ စီးပွားဥစ္စာ အဖြာဖြာကို အလေအလွင့် မရှိရလေအောင် ထိန်းသိမ်း စောင့်ရှောက်ရမှာဖြစ်ပါတယ်။ဆိုလိုတာက စည်းကမ်းရှိရမယ်။ ငွေကြေးသုံးစွဲတဲ့နေရာမှာ စည်းမဲ့ ကမ်းမဲ့ စည်းမရှိ ကမ်းမရှိ၊ မသုံးစွဲရပါဘူး။စည်းနဲ့ ကမ်းနဲ့ သုံးစွဲရမှာဖြစ်ပါတယ်။ ထိုလေးချက်ကို မူထားပြီး ကျင့်သုံး မယ်ဆိုရင် ပစ္စုပ္ပန်လောကမှာ စီးပွားရေး၊လူမှုရေး၊ပညာရေး အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်မယ် လို့ မြတ်စွာဘုရားရှင်က ဝိသာခါကျောင်းအမကြီးကိုဟောတော်မူပါတယ်။

နောက်ထပ်ဆက်ပြီး တမလွန်လောကမှာအောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ဟောတော်မူပါသေးတယ်။ဒီ တမလွန်လောက အောင်မြင်ဖို့ဆိုတာလည်း အချက်လေးချက်ရှိပါတယ်။တမလွန်လောကမှာအောင်မြင် ချင်တယ်ဆိုရင်

နံပါတ်(၁)။သဒ္ဓါတရားနဲ့ပြည့်စုံရမယ်တဲ့။သဒ္ဓါဆိုတာက ယုံကြည်မှုကိုပြောတာပါ။ဆိုလိုတာက ရတနာသုံးပါး ဂုဏ်တော်များကို ယုံယုံကြည်ကြည်နဲ့ ပွားရပါမယ်။ကုသိုလ်ကံ၊အကုသိုလ်ကံကိုနားလည်ရမယ်။ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုး၊ဆိုကျိုးကိုယုံကြည်ရမယ်။မိဘ၊ဆရာသမား သက်ကြီးရွယ်အိုများကို ရိုသေစွာ လုပ်ကျွေးရမယ်။စေတနာထားရမယ်။စိတ်ကောင်းမွေးရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

နံပါတ်(၂)။က သီလနဲ့ပြည့်စုံရမယ်တဲ့။လူတို့ကျင့်သုံးဆောက်တည်အပ်တဲ့ ငါးပါးသီလနဲ့ ပြည့်စုံရမှာဖြစ်ပါ တယ်။သူတစ်ပါးအသက်ကိုသတ်ခြင်း၊သူဥစ္စာကိုခိုးယြူုခင်း၊ကာမဂုဏ်တို့မှာမှားယွင်းစွာကျင့်ခြင်း၊လိမ်လည် လှည့်စားပြောဆိုခြင်း၊အရက်သေစာသောက်စားခြင်း စတဲ့အမှုများကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

နံပါတ်(၃)။ပေးကမ်းလှူဒါန်းခြင်းလို့ခေါ်တဲ့ စာဂ တရားနဲ့ပြည့်စုံရမယ်တဲ့။ရတနာသုံးပါ၊မိဘဆရာသမားများ ကိုလှူဒါန်းရမယ်။ဆင်းရဲမွဲတေသူများကို ပေးကမ်းစွန့်ကြဲရမယ်။နိုင်နိုင်နင်းနင်း လှူဒါန်း ပေးကမ်းစွန့်ကြဲရမှာ ဖြစ်ပါတယ်။

နံပါတ်(၄)။က အကောင်းအဆိုး အကြောင်းအကျိုး ကိုခွဲခြားဝေဖန် စီစစ်တတ်တဲ့ ဥာဏ်မှစ၍ ခန္ဓာအရှိ ဖြစ်ပျက်ကို ထိုးထွင်းသိတဲ့ ဝိပဿနာဥာဏ်နဲ့လည်းပြည့်စုံရမယ်တဲ့။ဝိပဿနာဥာဏ်နဲ့ပြည့်စုံမယ်ဆိုရင် မဂ် ပညာ၊ဖိုလ်ပညာများဟာ အလိုအလျောက် ပြည့်စုံလာမှာဖြစ်ပါတယ်။စိတ်အေးချမ်းမှု၊စိတ်ချမ်းသာမှုကိုရစေ တာဟာ တရားဘာဝနာဖြစ်ပါတယ်။စိတ်ချမ်းသာချင်ရင် ဘယ်မှာရှာရမလဲဆိုရင် စိတ်ထဲမှာပဲပြန်ရှာရတာပါ။ မိမိစိတ်ဘာဖြစ်နေလဲ၊လောဘစိတ်ဖြစ်နေတာလား၊ဒေါသစိတ်ဖြစ်နေတာလား၊မိမိစိတ်ကို အကဲခတ်တတ် တဲ့ ဝိပဿနာပညာလေးထည့်ပြီးကြည့်ရင် လောဘစိတ်ဖြစ်နေတယ်။ဒေါသစိတ်ဖြစ်နေတယ်။ဒီစိတ်တွေ ကိလေသာတွေ၊အကုသိုလ်စိတ်တွေ၊ဒီစိတ်တွေက မကောင်းတဲ့စိတ်တွေ၊မကောင်းစိတ်တွေက မကောင်း ကျိုးကိုပေးတယ်။မကောင်းတဲ့ဘုံကိုရောက်စေတယ်။စသည့်ဖြင့် စိတ်ကို အကဲခတ်ပြီး ထိုးထိုးထွင်းထွင်း သိပေးလိုက်ရင် စိတ်တို့ရဲ့ ခဏဖြစ် ခဏပျက်တတ်တဲ့ အနိစ္စသဘော၊ ဖြစ်ခြင်း ပျက်ခြင်းဟာ ဒုက္ခသစ္စာ ဒုက္ခတရား၊ ထိုစိတ်တို့အပေါ်မှာ မဖြစ်နဲ့ မပျက်နဲ့လို့ အစိုးမရခြင်း အနတ္တသဘောကိုသိမြင်လာတော့ မိမိရဲ့ စိတ်တွေကအေးချမ်းလာပါတယ်။ဒီလိုဆိုရင် ပညာနဲ့ အထိုက်အလျောက်ပြည့်စုံတယ်လို့ဆိုရမှာပါ။

ဒီအကြောင်းကို မြတ်စွာဘုရားရှင်က ဝိသာခါကိုအကြောင်းပြုပြီး အားလုံးသော အမျိုးသမီးများ အတုယူ ကျင့်သုံးနိုင်ရန်ဟောတော်မူခြင်းဖြစ်ပါတယ်။ဝိသာခါဒကာမကြီးဆို လောကီရေးရာ စီးပွားရေး၊လူမှုရေး၊ စတဲ့ အရေးတွေအောင်မြင်သလို၊တမလွန်လောကအတွက်လည်း သောတာပန်ဂုဏ်ရည်နဲ့ပြည့်စုံနေတဲ့ အမျိုးသမီးဖြစ်ပါတယ်။ယခုဒကာမများအနေနဲ့လည်း သောတာပန်မတည်ဦးတော့ သုဂတိရောက်ကြောင်း အကျင့်ကောင်းများနဲ့ပြည့်စုံနေမယ်ဆိုရင် တမလွန်လောကမှာအောင်မြင်သလို၊ပစ္စုပ္ပန်လောကမှာလည်း မြတ်စွာဘုရားချပြတော်မူခဲ့တဲ့ လေးချက်နဲ့ ကြိုးစားမယ်ဆိုရင် ပစ္စုပ္ပန်လောကမှာလည်းအောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာမယ်ဆိုတဲ့အကြောင်းကို အသိပေးရေးသားလိုက်ရပါသည်။

အားလုံးကိုယ်စိတ် နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com
ဦးဇင်းဘလော့မှာလည်းလာရောက်ဖတ်ရှုနိုင်ပါသည်။
Posted by ashinwimalawuntha on November 25, 2011 at 7:10pm

အပြုံးပန်းဈေးခင်း

No comments:

Post a Comment