Thursday, March 31, 2011

Air Supply - Goodbye (Cover By Michelle Hazani)

Thursday, March 24, 2011

ချစ်သူကို ဘာကြောင့် ချစ်သလဲ

ခင်ပွန်းသည်ဖြစ်သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်၊ အားကစားလိုက်စားပြီး ဂေါက်သီးရိုက်ကာ အပေါင်းအသင်း ဝင်ဆံ့သူ၊ ဧည့်ခံပွဲများ၊ ညစာစားပွဲများမှာ တက်ကြွပျော်ရွှင်နေတတ်သူ။ ဇနီးသည်ကတော့ အေးဆေး စကားနည်းပြီး ပွဲလမ်းသဘင်နဲ့ လူတွေနဲ့ တွေ့ဆုံ စကားပြောရမှာကို ရှောင်ရှားသူ။ အဲဒီလိုဖြစ်နေတဲ့ စုံတွဲကို သူတို့ နှစ်ယောက် ဘယ်လိုမှလည်း မလိုက်ဖက်ဘဲနဲ့ ဘယ်လိုများ လက်ထပ်ပြီး အိမ်ထောင်သာယာနေပါသလဲလို့ ထင်မြင်တတ်ကြပါတယ်။  တစ်ခါတစ်ရံ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အဲဒီလိုမျိုး ဘယ်လိုမှ လိုက်ဖက်မှုမရှိဘူးလို့ မြင်ရတဲ့ စုံတွဲများကို တွေ့ရတတ်ပါတယ်။

ဘယ်လို မြှားနတ်မောင်မျိုးကများ သူတို့နှစ်ယောက်ကို ဖူးစာဆုံပေးလိုက်ပါလိမ့်လို့လည်း တွေးကောင်း တွေးမိတတ်ကြပြန်ပါတယ်။

ဒီလိုမျိုး ဆန့်ကျင်ဘက်လို့ ယူဆရတဲ့လူနှစ်ယောက်ဟာ အိမ်ထောင်သာယာနေတာဟာ အချစ်မြေပုံကြောင့်ပါလို့ Johns Hopkins University မှ ပါမောက္ခ John Money ကရှင်းလင်းပြောကြားခဲ့ပါတယ်။ လူသားတွေရဲ့ ဦးနှောက်ထဲမှာ ရှိတဲ့ ကြိုက်နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းတို့ဟာ ငယ်စဉ်ကလေးဘဝကတည်းက ရှိလာပြီးသားဖြစ်ပါတယ်။ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အသံ၊ ကိုယ်သင်းရနံ့၊ ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ ကိုယ်နေဟန်ထား စတာတွေအပြင် သနားကြင်နာတတ်ခြင်း၊ ဖော်ရွေခင်မင်တတ်ခြင်း၊ စကားများများပြောတတ်ခြင်း၊ တိတ်ဆိတ်အေးဆေးခြင်း စတဲ့ အမူအကျင့်စတာတွေကိုပါ ကြိုက်နှစ်သက်ခြင်း ၊ မနှစ်သက်ခြင်းဆိုတာ လူတစ်ဦးတစ်ယောက်နဲ့ ဖူးစာမဆုံမိခင်ကတည်းက ဦးနှောက်ထဲမှာ ရှိနေနှင့်ပြီးသားပါ။

မိမိစိတ်မှာ ဒီလူကို ချစ်တယ်ဆိုတာက ဦးနှောက်ထဲမှာ ရှိနေနှင့်ပြီးသား အချစ်မြေပုံနဲ့ ဒီလူနဲ့က တိုက်ဆိုင်တူညီနေလို့ပါပဲ။ ငယ်စဉ်ကလေးဘဝကတည်းက  ဦးနှောက်ထဲမှာ အချစ်မြေပုံ ပုံဖော်ရေးဆွဲထားပြီးသား
ဖြစ်ပြီး အသက် ၈ နှစ်အရွယ်မှာတော့ မိမိဘဝအတွက် အသင်တော့်ဆုံး ဖူးစာဖက်ကို အလိုလို ပုံပေါ် သတ်မှတ်ပြီးဖြစ်နေပါပြီ။ မိမိရဲ့ချစ်သူ၊ မိမိရဲ့ အိမ်ထောင်ဖက်ကို ဘာကြောင့်ချစ်တာလဲလို့ မေးခွန်းမေးလိုက်မယ်ဆိုရင်
သူ့ အသံကို ကြိုက်တာ၊ သူ့ရဲ့ ကြင်နာသနားတတ်တဲ့ စိတ်ကိုချစ်တာ၊ သူ ဟာသပြောတတ်တာလေးတွေကို ချစ်တာ စသည်ဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါ တကယ် ဟုတ်ပါတယ်။ တကယ်လို့များ အဲဒီ
လူတွေကို သူတို့ရဲ့ မိခင်တွေအကြောင်း ပုံဖော်ခိုင်းကြည့်မယ်ဆိုရင် မိခင်နဲ့ ချစ်သူဟာ ရုပ်ဆင်းအသွင်အပြင်၊ အမူအကျင့် ၊ စိတ်နေသဘောထား၊ လုပ်ငန်းသဘာဝမှာ တစ်ခုခုမှာတော့ အတော်များများတူနေတတ်တာကို တွေ့ရပါလိမ့်မယ်။

ကျွန်မတို့ရဲ့ဘဝမှာ ပထမဦးဆုံး အချစ်စစ်ဖြစ်တဲ့ မိခင်ကို ချစ်တဲ့အချစ်ဟာ ငယ်စဉ်ကလေးဘဝမှာကတည်းက ဦးနှောက်မှာ အလိုလို အချစ်မြေပုံရေးဆွဲပုံဖော်ပြီး ဖြစ်လို့ပါပဲ။ ကလေးဘဝမှာ မိခင်သာ ပဓာန၊ မိခင်သည်သာ မိမိရဲ့ လုံခြုံနွေးထွေးရာဖြစ်တဲ့ စိတ်ခံစားမှုကြောင့် မိခင်ကို မိမိရဲ့ မသိစိတ်ကနေ အထင်ကြီး ခင်တွယ် ချစ်ခင်နေပြီး အရွယ်ရောက်လာတဲ့ခါမှာာ မိခင်နဲ့ ရုပ်ဆင်းသွင်ပြင်သော်လည်းကောင်း၊ အမူအကျင့်သော်လည်းကောင်း၊ လုပ်ငန်းသော်လည်းကောင်း အတော်လေးကို ဆင်တူတဲ့ မိန်းကလေးမျိုးကို ချစ်နှစ်သက်တတ်ကြပါတယ်။  မိခင်ဖြစ်သူက ဟာသဉာဏ်ရှိသူ၊ ရယ်မောပျော်ရွှင်တတ်သူဆိုရင် သားဖြစ်သူကိုလည်း ဟာသဉာဏ်ရှိတဲ့မိန်းကလေးကသာ ဆွဲဆောင်နိုင်ပါတယ်။ မိခင်ဖြစ်သူက သနားကြင်နာတတ်တယ်ဆိုရင် သနားကြင်နာတတ်တဲ့ မိန်းကလေးမျိုးကသာ ချစ်စရာကောင်းတယ်လို့ သားဖြစ်သူက ထင်တတ်ပါတယ်။ မိခင်ဖြစ်သူက နွေးထွေးဖော်ရွေပြီး တာဝန်ယူတတ်တဲ့မိခင်မျိုးဆိုရင် သားဖြစ်သူကလည်း အဲဒီလို မိန်းမမျိုးကသာ မိန်းမ ဖြစ်တယ်လို့ သူ့စိတ်ထဲမှာ စွဲထင်ပြီး ထိုသို့သောမိန်းကလေးမျိုးကိုသာ နှစ်သက်တတ်ပါတယ်။ မိခင်ဖြစ်သူက စိတ်တိုတတ်ပြီး အေးစက်စွာပြုမူဆက်ဆံတတ်တယ်ဆို
ရင် သားဖြစ်သူကလည်း မိခင်ဖြစ်သူရဲ့ တစ်ခါနဲ့ တစ်ခါ မတူညီတဲ့ ပြုမူဆက်ဆံပုံတွေကို ကလေးဘဝကတည်းက မသိစိတ်မှာ ကြောက်ရွံ့နေတတ်ခဲ့ပြီးနောက် ချစ်သူမိန်းကလေးအပေါ်မှာလည်း ထို့အတူ အေးစက်ပြီး လက်ထပ်ဖို့အတွက် ကြောက်ရွံ့ နှောင့်နှေးနေတတ်ပါတယ်။


မိခင်ကို ချစ်တဲ့သားတွေရဲ့ ချစ်သူမိန်းကလေးကလည်း မိခင်နဲ့ အတော်လေးကို တူညီတတ်တာကိုတွေ့ရပါတယ်။

မိခင်ဟာ မိမိဘဝမှာ ပထမဦးဆုံးချစ်မိတဲ့ အမျိုးသမီးဖြစ်သလို ဖခင်ဖြစ်သူကလည်း ဘဝမှာ ပထမဦးဆုံးချစ်မိ ၊ အထင်ကြီးမိတဲ့ ယောက်ျားဖြစ်ပါတယ်။
သားဖြစ်သူရဲ့ အချစ်မြေပုံမှာ မိခင်ဖြစ်သူက လွှမ်းမိုးပုံဖော်သလို မိန်းကလေးများအတွက်လည်း ဖခင်ဖြစ်သူရဲ့ ပုံရိပ်က အချစ်မြေပုံမှာ လွှမ်းမိုးပါတယ်။
ဖခင်ဖြစ်သူက သား ၊ သမီးများအပေါ်မှာ ချစ်ကြင်နာတယ်ဆိုရင် သမီးဖြစ်သူဟာ အမျိုးသားများနဲ့ ပတ်သက်ရာမှာလည်း သူ့ကိုယ်သူ ယုံကြည်တတ်ပြီး
ဖခင်ဖြစ်သူက အေးစက်ကာ သားသမီးအများအပေါ် ဖခင်ဝတ္တရားမကျေသူ၊ မေတ္တာမပြတတ်သူ၊ ဖခင်ကောင်းမပီသသူဆိုရင် သမီးဖြစ်သူကလည်း ဆန့်ကျင်ဘက် ယောက်ျားများရဲ့ မေတ္တာကို ယုံကြည်မှု နည်းပါးတတ်ပါတယ်။

ကျွန်မတို့ရဲ့ နေ့စဉ်ပတ်ဝန်းကျင်မှာ ပညာအရည်အချင်းတန်းတူဖြစ်သူ၊ အတွေးအခေါ်တူညီသူ၊၊ အလုပ်အကိုင် လုပ်ငန်းသဘာဝတူညီသူများနဲ့ ပြောဆိုဆက်ဆံရတာ ပိုမိုအဆင်ပြေပါတယ်။ အဲဒီအခြေအနေမျိုးအတိုင်းပါပဲ။ ကျွန်မတို့ရဲ့ မသိစိတ်မှာက ကိုယ့်မိသားစုနဲ့ တူညီတတ်သူကို နှစ်သက်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကွင်းဆက်မှာရှိနေခြင်းကြောင့် မိမိနှစ်သက်တဲ့ မိသားစုဝင်တစ်ဦးဦးနဲ့ ရုပ်ဆင်းသွင်ပြင်သော်လည်းကောင်း၊ စိတ်နေသဘောထားသော်လည်းကောင်း တူညီတဲ့ လူတစ်ဦးတစ်ယောက်ကို ချစ်တယ်ဆိုတာမျိုး ဖြစ်လာတာပါ။

 ဖူးစာဖက်ဖြစ်လာမယ့် လူ၂ယောက် ပထမဦးဆုံး ဆုံမိတဲ့အခိုက်၊ ပထမဦးဆုံး တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့ခိုက်မှာပဲ ဒီလူဟာ မိမိရဲ့ ဖူးစာဖက်၊ မိမိရဲ့ အိမ်ထောင်ဘက်ဖြစ်မယ့်လူလို့ အလိုလိုသိနေတတ်တာတွေကလည်း မိမိစိတ်ထဲမှာ ရှိနှင့်နေပြီးသားအချစ်လမ်းညွှန်မြေပုံကြောင့်ပါပဲ။

  ကိုးကား။  ။ Dr. Joyce Brothers ၏  Why We Love Who We Love 

ခံစားချက်ကို ထိန်းချုပ်နိုင်ပြီလား?

"The Greatest Salesman in the World"စာအုပ်ကို ရေးသားခဲ့တဲ့ အမေရိကန်စာရေးဆရာ "Og Mandino" ဟာ ဒီလိုစာတစ်ပိုဒ်ကို ရေးသားခဲ့တယ်။ ဒီစာဟာ ခံစားချက်ကို မထိန်းချုပ်နိုင်သူတွေအတွက် အကျိုးရှိမယ်ထင်ပါတယ်။


ဒီရေအတက်အကျ၊ ဆောင်းအကုန် နွေအကူး၊ နွေအကုန် မိုးအကူး၊ နေဝင်နေထွက်၊ လပြည့်လကွယ်၊ ပန်းပွင့်ပန်းညှိုး၊ မြက်တွေရှည်ပြီး အသီးတွေဝင်းမှည့်သလို သက်ရှိသက်မဲ့အရာတိုင်းဟာ အချိန်ရာသီနဲ့အတူ မပြတ်ပြောင်းလဲနေခဲ့တယ်။ အဲဒီထဲမှာ ကောင်းလိုက်၊ ဆိုးလိုက်ဖြစ်တတ်တဲ့ ကျွန်တော့်ရဲ့ခံစားချက်လည်းပါတယ်။

ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။ ဒါဟာ သဘာဝရဲ့လှည့်စားချက်ဖြစ်တယ်။ ဒါကို လူတိုင်းလုပ်နိုင်ဖို့ ခဲယှဉ်းတယ်။

အိပ်ရာက နှိုးထလာတဲ့နေ့တိုင်းမှာ ခံစားချက်အဟောင်းတွေ ကျွန်တော်မှာမရှိတော့ဘူး။ မနေ့ကပျော်ရွှင်ခဲ့တာတွေက ဒီကနေ့ရဲ့ဝမ်းနည်းခြင်းဖြစ်သွားတယ်။ ဒီကနေ့ရဲ့ စိတ်ညစ်စရာတွေက မနက်ဖြန်ရဲ့ပျော်ရွှင်ခြင်းတွေဖြစ်သွားတယ်။

ကျွန်တော်ရဲ့စိတ်ဟာ မပြတ်လည်နေတဲ့ ဘီးနဲ့တူတယ်။ ပျော်ရွှင်ခြင်းကနေ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းကနေ ပျော်ရွှင်ခြင်း၊ ပျော်ရွှင်ခြင်းကနေ ပူပန်ခြင်းအဖြစ်ပြောင်းတယ်။ ပန်းတစ်ပွင့်လို ဒီကနေ့မှာ ညှိုးနွမ်းသွားတဲ့ပန်းဟာ မနက်ဖြန်မှာ အသစ်ပြန်စမယ့်မျိုးစေ့အဖြစ် ပြောင်းသွားတယ်။ ဒီကနေ့ရဲ့ ဝမ်းနည်းခြင်းတွေက မနက်ဖြန်ရဲ့ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

ဘယ်လိုလုပ်မှ ကျွန်တော့်ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်ပြီး နေ့တိုင်းအကျိုးရှိအောင် လုပ်မလဲ? ကျွန်တော့်စိတ်တွေ ငြိမ်သက်အေးချမ်းမနေရင် ဒီကနေ့ဟာလည်း ကျရှုံးတဲ့နေ့တစ်နေ့ ဖြစ်လိမ့်မယ်။

သစ်ပင်ပန်းမာတွေက ရာသီဥတုနောက်လိုက်ပြီး ကြီးထွားရှင်သန်ကြတယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ရဲ့ရာသီဥတုကို ကိုယ်တိုင်ဖန်ဆင်းတယ်။ ရာသီဥတု မသင့်မြတ်တာကို ကျွန်တော့်ရဲ့စိတ်ဝိညာဉ်နဲ့ ဘယ်လိုပြုပြင်မလဲဆိုတာကို ကျွန်တော်သင်ယူတယ်။ တကယ်လို့ ကျွန်တော်ဟာ ကာစတန်မာတွေအတွက် မိုးသက်လေပြင်းတွေ၊ အမှောင်နဲ့ စိတ်မချမ်းသာမှုတွေ သယ်ဆောင်ခဲ့ရင် သူတို့ကလည်း သူတို့ခံစားရတဲ့ မိုးသက်လေပြင်း၊ စိတ်မချမ်းသာမှုတွေနဲ့ ပြန်တုန့်ပြန်ပြီး ဘာမှမဝယ်ဘဲနေတတ်တယ်။

ဆန့်ကျင်စွာနဲ့ တကယ်လို့ ကျွန်တော်က သူတို့အတွက် ပျော်ရွှင်ခြင်း၊ အလင်းနဲ့ရယ်သံအပြုံးတွေပေးခဲ့ရင် သူတို့က သူတို့ခံစားရတဲ့ ပျော်ရွှင်ခြင်း၊ အပြုံးတွေနဲ့ပြန်တုန့်ပြန်တတ်တယ်။ အဲဒီအခါမှာ သူတို့ဆီရောင်းတဲ့ အကျိုးအမြတ်၊ ငွေကြေးတွေကို ကျွန်တော်ရတယ်။

ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

ဘယ်လိုလုပ်မှ ကျွန်တော့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ပြီး နေ့တိုင်းပျော်ရွှင်ခြင်းတွေနဲ့ ပြည့်အောင်လုပ်မလဲ?

ပျော့ညံ့သူတွေက ခံစားချက်နဲ့ အပြုအမှုကို ထိန်းချုပ်တယ်၊ ထက်မြက်သူတွေက အပြုအမှုနဲ့ ခံစားချက်ကို ထိန်းချုပ်တယ်ဆိုတဲ့ ဟိုးရှေးရှေးကတည်းကရှိခဲ့တဲ့ လျှို့ဝှက်ချက်လို ကျွန်တော်သင်ယူရမယ်။

နေ့တိုင်း အိပ်ရာကနှိုးလာတဲ့အချိန် ကျွန်တော်ကို ဝမ်းနည်းခြင်း၊ ကျရှုံးခြင်း၊ သိမ့်ငယ်ခြင်းစတဲ့ ခံစားချက်တွေ ဝိုင်းရံထားရင် အဲဒီခံစားချက်တွေကို ကျွန်တော်က ဒီလိုဆန့်ကျင်တယ်။

ညှိုးငယ်ထိုင်းမှိုင်းတယ်လို့ ခံစားရရင် သီချင်းအကျယ်ကြီး အော်ဆိုတယ်။
ဝမ်းနည်းကြေကွဲတယ်လို့ ခံစားရရင် တဟားဟား အော်ရယ်ပစ်တယ်။
ထိခိုက်နာကျင်တယ်လို့ ခံစားရရင် အလုပ်ဆတိုးလုပ်ပစ်တယ်။
သိမ်ငယ်အားငယ်တယ်လို့ ခံစားရရင် အင်္ကျီအသစ်လဲဝတ်လိုက်တယ်။
မလုံခြုံဘူးလို့ ခံစားရရင် အသံကို မြင့်လိုက်တယ်။
ဆင်းရဲတယ်လို့ ခံစားရရင် အနာဂတ်ရဲ့ချမ်းသာကြွယ်ဝမှုကို တွေးတယ်။
အားအင်ချို့တဲ့တယ်လို့ ခံစားရရင် အောင်မြင်ခဲ့ဖူးတာကို တွေးတယ်။
သေးသိမ်တယ်လို့ ခံစားရရင် ကျွန်တော့်ပန်းတိုင်ကို ကျွန်တော်သတိရတယ်။
ဘာပဲဖြစ်ဖြစ် ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

အသိဉာဏ်နည်းသူတွေမှ အကျအရှုံးရှိတယ်။ ကျွန်တော်ဟာ အသိဉာဏ်နည်းသူတစ်ယောက်တော့ မဟုတ်ဘူး။ ကျွန်တော့်အင်အားကို ဖျက်ဆီးဖို့ ကြံရွယ်နေတဲ့ ခံစားချက်တွေကို ကျွန်တော်တားဆီးရလိမ့်မယ်။

စိတ်ထိခိုက်ခြင်းနဲ့ ဝမ်းနည်းကြေကွဲခြင်းတွေကို မျက်စိနဲ့တွေ့နိုင်ပေမယ့် ကျန်တဲ့ခံစားချက်တွေကိုတော့ အလွယ်တကူ သိနိုင်ဖို့ခက်တယ်။ အဲဒီခံစားချက်တွေဟာ အပြုံးတုတွေတပ်ပြီး ကျွန်တော်တို့ကို အချိန်မရွေး ဖျက်စီးနိုင်တယ်။ အဲဒီအတွက် ကျွန်တော်အမြဲ နိုးနိုးကြားကြားနေခဲ့တယ်။

မွေ့လျော်တယ်လို့ ခံစားရတဲ့အခါ ဆင်းရဲငတ်ပြတ်တဲ့နေ့ရက်တွေကို ကျွန်တော်မှတ်မိရမယ်။
အောင်နိုင်တယ်လို့ ခံစားရတဲ့အခါ ပြိုင်ဘက်တွေကို ကျွန်တော်သတိရမယ်။
အားရကျေနပ်တယ်လို့ ခံစားရတဲ့အခါ သည်းခံရှက်ရွံ့ခဲ့တဲ့အချိန်ကို မမေ့ခဲ့ဘူး။
ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့အခါ လေကို ရပ်တန့်အောင် လုပ်နိုင်ပြီလားလို့ တွေးရမယ်။
ချမ်းသာကြွယ်ဝတယ်လို့ ခံစားရတဲ့အခါ ဆာလောင်ငတ်မွတ်နေသူတွေကို သတိရမယ်။
မာနကြီး စိတ်ကြီးဝင်တဲ့အခါ ကောင်းကင်ပေါ်က ကြယ်ကလေးတွေကို ခေါင်းမော့ကြည့်မယ်။

ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

ဒီလိုအသိတရားအသစ်ရှိပြီးနောက် တခြားသူရဲ့ခံစားချက်ကို ကျွန်တော်ပို အကဲခတ်နိုင်တယ်။ စိတ်တိုဒေါသထွက်နေသူကို ကျွန်တော်ခွင့်လွတ်ရမယ်။ ခံစားချက်ကိုထိန်းချုပ်ဖို့ သူနားမလည်ခဲ့လို့ဖြစ်တယ်။ သူ့ရဲ့ဆဲဆိုမှုတွေကို ကျွန်တော်သည်းခံရမယ်။ မနက်ဖြန်မှာ သူပြောင်းလဲပြီး ပြန်လည်သင့်မြတ်လာမှာကို ကျွန်တော်သိလို့ဖြစ်တယ်။

အပြင်ပန်းသဏ္ဍာန်၊ တစ်ခါပြောဆိုဖူးရုံနဲ့ လူတစ်ယောက်ကို ကျွန်တော်မဝေဖန်၊ အကဲမဖြတ်တော့ဘူး။ သူ့ကို တစ်ကြိမ်တစ်ခါ စိတ်တို၊ စိတ်ဆိုးဖူးရုံနဲ့ အဆက်အသွယ် မဖြတ်တော့ဘူး။ ဒီကနေ့မှာ ငွေကြေးတစ်ပြားတစ်ချပ်မှ အကုန်မခံသူဟာ မနက်ဖြန်မှာ ရှိသမျှစည်းစိမ်တွေနဲ့ အရာအားလုံးကို လဲယူကောင်းလဲယူလိမ့်မယ်။ ဒီလျှို့ဝှက်ချက်ကို သိပြီးနောက် ပိုကြွယ်ဝတဲ့ အကျိုးအမြတ်ကို ကျွန်တော်ရလိုက်တယ်။

ဒီကနေ့မှာ ခံစားချက်တွေကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

ဒီနေ့ကစ လူတွေရဲ့ခံစားချက်အလှည့်အပြောင်း လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်တယ်။ အမျိုးမျိုးပြောင်းလဲတတ်တဲ့ ကျွန်တော့်ခံစားချက်ရဲ့ ခိုင်းစေချက်ကို ကျွန်တော်မလိုက်နာတော့ဘူး။ ခံစားချက်တွေကို အကောင်းမြင်စိတ်နဲ့ ကိုယ်တိုင်နိုးနိုးကြားကြား ထိန်းချုပ်မှ ကိုယ့်ကံကြမ္မာကို ကိုယ်ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်မှာဖြစ်တဲ့အကြောင်း ကျွန်တော်နားလည်လိုက်တယ်။

ကျွန်တော်ဟာ ကျွန်တော်ရဲ့အရှင်သခင်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ ကြီးကျယ်မြင့်မြတ်တယ်။


မူရင်းရေးသားသူ--- Og Mandino

နိုင်းနိုင်းစနေ