Tuesday, October 21, 2014

ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း


မေး ။ ။ အရှင်ဘုရား 
၁။ ယောက်ျားအချင်းချင်း မိန်းမအချင်းချင်း ကျူးလွန်ပြစ်မှားကြလျှင် အပြစ်ရှိပါသလားဘုရား။ ငရဲကျနိုင်ပါသလားဘုရား။
၂။ လူပျိုဘ၀ဖြင့် မကောင်းသည့် မိန်းမများနှင့် ပျော်ပါးလျှင် အပြစ်ရှိပါသလားဘုရား။
၃။ အိမ်ထောင်ရှိပါလျက်နှင့် မကောင်းသည့် မိန်းမများနှင့် ပျော်ပါးလျှင် အပြစ်ရှိပါသလားဘုရား။
ကိုစိုးလှ၊ ပြည်။

ဖြေ။ ။ ပါထိက၀ဂ်၊ စက္က၀တ္တိသုတ် အဋ္ဌကထာ၌ မိန်းမအချင်းချင်း ယောက်ျားအချင်းချင်း တပ်မက်သည့် ဆန္ဒရာဂမျိုးကို မိစ္ဆာဓမ္မ = မှားယွင်းသော အကျင့်အဖြစ်လည်းကောင်း၊ မိခင်၊ မိကြီး၊ မိထွေး၊
အဘွားစသော မပြစ်မှားမကျူးလွန်သင့်သော အမျိုးသမီးတို့အပေါ်၌ တပ်မက်သောရာဂမျိုးကို အဓမ္မရာဂအဖြစ်လည်းကောင်း မိန့်ဆိုထားသည်။
ထို့ကြောင့်ယင်းအပြုအမှုတို့မှာ အလွန်အပြစ်ကြီးလေးသော ကိစ္စများဖြစ်ပါသည်။ ဖော်ပြပါပုဂ္ဂိုလ်များအပေါ်၌ ကျူးလွန်ပြစ်မှားကြလျှင် ကာမေသုမိစ္ဆာစာရကံအောက် မယုတ်သော အပြစ်များဖြစ်ပါသည်။

အမျိုးသားမှာ လူပျိုဖြစ်စေ၊ လူအိုဖြစ်စေ၊ မကောင်းသည့်မိန်းမနှင့် သတ်မှတ်ထားသော အခကြေးငွေပေး၍ ပျော်ပါးခြင်းမှာ ကာမေသုမိစ္ဆာစာရကံကားမထိုက်။ သို့သော်လည်း လောက၌ ပျက်စီးရာပျက်စီးကြောင်းဖြစ်သော ဣတ္ထိဓုတ္တ = အမျိုးသမီးတို့နှင့် ပျော်ပါးလိုက်စားမှုများသောအကျင့်၊ အက္ခဓုတ္တ = လောင်းကစားကျူးသောအကျင့်၊ သုရာဓုတ္တ = သေရည်သေရက် မူးယစ်ဆေးဝါးသုံးစွဲမှုများသော အကျင့်တို့တွင်ပါဝင်သည်။ ထိုအကျင့်တို့သည် သံသရာကို ထားဘိဦး၊ ပစ္စုပ္ပန်မှာပင်
ပျက်စီးခြင်းအမျိုးမျိုးတို့ဖြင့် ကြုံရပြီး ဒုက္ခအမျိုးမျိုးတို့နှင့် ရင်ဆိုင်ကြရကုန်၏။

ဣတ္ထိဓုတ္တပုဂ္ဂိုလ်များသည် ယခုခေတ် ကုသ၍မရနိုင်သော အေအိုင်ဒီအက်စ်၊ အိခ်ျအိုင်ဗွီရောဂါဆိုး အမျိုးမျိုးတို့ကို မိမိကိုယ်တိုင်ခံစားရသည့်အပြင် မိမိနှင့် ဆက်နွယ်ပတ်သက်သူ အားလုံးကိုပါ ရောဂါဆိုးများ ဖြန့်ဝေခြင်းဖြင့် တစ်စတစ်စ လူသားထုအများကို ပျက်စီးစေနိုင်သော အကျင့်ဆိုးများဖြစ်သည်။ သံသရာဒုက္ခများကိုပါ အကြီးအကျယ်ခံစားရမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

ထို့ကြောင့်သူတော်ကောင်းအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် လောကသံသရာ ပျက်စီးရာပျက်စီးကြောင်း ဣတ္ထိဓုတ္ထ၊ သုရာဓုတ္ထ၊ အက္ခဓုတ္ထ အမျိုးမျိုးတို့ကို ရှောင်ကြဉ်သင့်လှပေသည်။


ဘဒ္ဒန္တ၀ါယာမသာရ
(မဟာဂန္တ၀ါစကပဏ္ဍိတ)

မြတ်မင်္ဂလာအမေးအဖြေများ

No comments:

Post a Comment