လောဘကြီးတော့ လိုချင်တာတွေ များနေတော့ အမှားတွေ ပါတတ်တယ်။
ဒေါသတွေကြီးပြန်တော့ အမှားအမှန် မဆုံးဖြတ်နိုင်ပဲ ထင်ရာတွေ လုပ်တတ်တယ်။
ဒီ လောဘ ဒေါသ စိတ်တွေ ခြယ်လှယ်ထားတဲ့ အိနြေ္ဒတွေ ဟန်တွေဟာလည်း တည်ငြိမ်မှု မရှိပဲ လူကဲ့ရဲ့စရာ အထင်အမြင်သေးစရာတွေ ဖြစ်တတ်တယ်။
တရားနဲ့နေသူကတော့ နေတဲ့အချိန်တိုင်းမှာ လောဘ ဒေါသနဲ့ ကင်းကွာခွင့်ရလို့ စိတ်မှာလည်း အေးချမ်းရတယ်။ အိနြေ္ဒမှာလည်း တည်ငြိမ်တယ်။ အေးချမ်းတယ်။
ဒါကြောင့် မိမိကိုယ်တိုင်လည်း အေးချမ်းမှုကို ခံစားရတယ်။
မြင်ရကြားရသူကိုလည်း အိနြေ္ဒကနေ အေးချမ်းမှုကို ပေးစွမ်းနိုင်တယ်။
ဒါကြောင့် အနည်းဆုံး ဝင်လေ ထွက်လေ လေးကို မှတ်နေတာပဲ ဖြစ်ဖြစ်.. ဖောင်းပိန်လေးကို မှတ်နေတာပဲဖြစ်ဖြစ် မိမိလက်တလော ဘာလုပ်နေသလဲ လုပ်နေတဲ့အတိုင်းလေး လှမ်းတယ် ယူတယ် ချတယ် စသဖြင့် မှတ်ပေးသိပေးနေရင် ဒါဟာ တရားလုပ်နေတာပဲ။
ဒီလို သိပေးနေတော့ အာရုံမှာ ယောက်ျား မိန်းမ ပေါ်လား၊ တိုက်တာရွှေငွေပေါ်လား။
မပေါ်ပါဘူး။ တပ်မက်စရာ ဆုံးရှုံးစရာ စတဲ့ လောဘ ဒေါသ စိတ်ဖြစ်စရာ အာရုံတွေ မပေါ်တဲ့အတွက် ဒီအာရုံနဲ့ ယှဉ်တဲ့စိတ်တွေ ပေါ်ခွင့်မရဘူး။
စိတ်ဟာ လောဘ ဒေါသ ရှိမှသာ ပူလောင်တာ။
လောဘ ဒေါသ မရှိရင် အေးနေတော့တာပေါ့။
တရားလုပ်တယ်ဆိုတာ ဒီလို ဖြစ်အောင်နေတာ။
တရားလေး လုပ်ရင်း မှတ်ရင်း ကိလေသာရဲ့သဘောနဲ့ ကိလေသာတွေ မရှိရင် စိတ်ရော ရုပ်ရောရဲ့ ကောင်းကျိုးလေးတွေကိုလည်း ကြည့်ပေးတတ်ရတယ်။
ဒါဟာ တရားနဲ့နေရင်း တရားအရသာ ခံစားတယ် လို့ ဒီလို ဆိုပါတယ်။
ဒီလို နေတော့ မကောင်းမှုတွေက ကင်းနေတဲ့ သီလ၊ အာရုံမှာ တည်နေတဲ့ သမာဓိ၊ ဖြစ်ပျက်ကို မြင်နေတဲ့ ပညာ သိက္ခာသုံးပါးစလုံး ဖြည့်ကျင့်ရာလည်း ရောက်ပါတယ်တဲ့။
Shared from သုညတ (FB)
No comments:
Post a Comment