Sunday, October 12, 2014

ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း


✪ဇာတံ သရဏတော ဘယံ၊ ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည်ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာ ရောက်ခဲ့ကြသည်၊ ရောက်စေကြသည်၊ ရောက်ကြလိမ့်ဦးမည်။

✪သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာအဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာရှာကြသည်။ ဘေးအန္တရာယ်တစ်ခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။

✪ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်သည်။

✪သစ်သီးစားချင်သူသည် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင်အောက်ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီးမစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည်ဖြစ်၏။

✪ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်းသို့ သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန်ကူးရမည်သာ ဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်းမရောက်ပေ။

✪ရောဂါအနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါမပျောက်ပေ။ ဆရာဝန် ညွှန်ပြသည့်ဆေးကို သောက်ရမည်သာ ဖြစ်သည်။ ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏။ သို့မှ အနာရောဂါ ပျောက်ပေမည်။

✪သစ်သီးစားချင်လျက် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်ရှိခိုးနေသလို ဟိုဘက်ကမ်းသွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို အနာရောဂါပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့သည် ကိုးကွယ်ရာအမှန်ကို မရကြသည့်အတွက် ပို၍ပင် ဆင်းရဲဒုက္ခ ရောက်
နေကြသည်။


✪သီတဂူဆရာတော် အရှင်ဉာဏိဿ ရ✪
✪Buddhavasa Tiloka✪

No comments:

Post a Comment