Friday, July 29, 2016

ဆွမ်းလောင်းရခြင်း အကျိုး {၁၂} ပါး


၁။ တာဝတိံသာနတ်ပြည် တစ်ထောင်သောနတ်မင်းတို့၏ မိဖုရားအဖြစ်ကိုရခြင်း။

၂။ တစ်ထောင်သော စကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း။

၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း။

၎။ ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်းလှခြင်း။

၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင် စဖွယ် ရှိခြင်း။

၆။ မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင် ကိုဆောင်နိုင်ခြင်း။

၇။ မောင်းမ တစ်ထောင် တို့၏ အကြီးအမှုး ဖြစ်ခြင်း။

၈။ မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာတို့ကို ရရှိခြင်း။

၉။ ဆွမ်းလှူခဲ့သည့် အချိန်မှ စ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက် ရခြင်း။

၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာ ကျင်လည်ခဲ့ ရခြင်း။

၁၁။ များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ဖြစ် ရခြင်း။

၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း။

(အပ၊၂။၂၈၄။)
(အပ၊မြန်၊၂။၂၂၇။)

Credit==ပဌာန်းပူဇော်ကြသူများ

ဆိတ်သားထောင်း အစပ်မဆလာ


ဆိတ်သား.. .............၃၀ကျပ်သား
ကြက်သွန်နီ.. ............၃လုံး
ကြက်သွန်ဖြူ..............၅တက်
ချင်းသေးသေး............၁တက်
ငရုတ်သီးခွဲကြမ်း.........၂ဇွန်း
ဒံပေါက်မဆလာ..........၁ဇွန်း

ဆိတ်သားတွေကိုရှလကာရည်အနည်းငယ်နှင့်နယ်ပြီးဆေးကြောပါ။

ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်အနည်းတို့ဖြင့်အရသာနယ်ပါ။

အိုးတစ်လုံးအတွင်းမှာအရသာနယ်ထားသောဆိတ်သားတွေထည့်ပါ။ချင်းသေးသေး၁တက်ကိုဓားပြားရိုက်ထည့်ပြီးနှုးသည်အထိပြုတ်ပါ။
(ရေအနည်းငယ်လေးသာကျန်ပါစေ)

ထိုစဉ်အတွင်းကြက်သွန်နီ၊ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထားပါ။

ငရုတ်သီးခွဲကြမ်းမှုန့်ရအောင်ကြိတ်ထားပေးပါ။

ပြုတ်ထားတဲ့ဆိတ်သားတွေကိုထောင်းပါ။အမျှင်လေးတွေရအောင်လက်ဖြင့်ဖွာပေးပါ။

ဆား၊ဟင်းခတ်မှုန့်၊ ငရုတ်သီးခွဲကြမ်းမှုန့်၊ဒံပေါက်မဆလာတို့ဖြင့်တဖန်နယ်ထားပါ။

ဒယ်အိုးတစ်လုံးအတွင်းမှာဆီအနည်းငယ်ကိုအပူပေးပါ။
ဆီပူလာလျှင်ကြက်သွန်နီ၊ ဖြူ တို့ကိုနွမ်းအောင်ဆီသတ်ပါ(မကြွပ်စေရ။ မကျွမ်းစေရ။ )

မွှေးလာလျှင်အရသာနယ်ထားတဲ့ဆိတ်သားအမွှတွေကိုထည့်ကြော်ပါ။

ရေခမ်းသွားသည်အထိကြော်လျှင်လုံလောက်ပါပြီ။
ခပ်စိုစိုအနေအထားပုံစံမျိုးသာဖြစ်ပြီးမခြောက်စေရန်(သို့)
မကြွပ်သွားစေရန်ဂရုပြုပေးရပါမယ်။

Shared from ဟင်းချက်နည်းများ

Thursday, July 28, 2016

ဘုရားအလောင်း ငရဲကျသည်မှာ အဘယ်ကြောင့်နည်း


( ပုထုဇဉ်များ မိမိဝစီကံကို ဆင်ခြင်ဖွယ်)

နိယတဗျာဒိတ်ရပြီးတဲ့ ဘုရားအလောင်းသည် အဝီစိငရဲနှင့် လောကန္တရိက်ငရဲတို့၌ မဖြစ်တော့ စေကာမူ သာမာန်ငရဲတို့၌မူ ဖြစ်တတ်, ကျတတ်ပါတယ်။ ကိလေသာ မကင်းသေး၍ မကောင်းမှုတွေ ပြုမိသောကြောင့် သာမာန် ငရဲကျရပါတယ်။ ဘုရားအလောင်းရဲ့ ငရဲ၌ ဆင်းရဲခံစားခဲ့ရတဲ့ ဝတ္ထုဇာတ်လမ်း များစွာ ရှိပါတယ်။

ကဿပဘုရားရှင်ကို ဘုရားအလောင်း ဇောတိပါလလုလင်က “ဦးပြည်းရဟန်းအား အဘယ်မှာ သဗ္ဗညုတ ဉာဏ်ကို ရပါ့မလဲ? သဗ္ဗညုတဉာဏ်ဆိုတာ အလွန်ရခဲတဲ့ တရားဖြစ်တယ်”လို့ နှိမ့်ချပြောဆိုခဲ့တဲ့မကောင်းမှုကံကြောင့် အရာမက ဘဝများစွာ ငရဲဆင်းရဲအစရှိသည်တို့ကို ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော်, ယင်းအဋ္ဌကထာ(ခု၊ ၃၊ ၃၄၉။ အပဒါန်၊ ဋ္ဌ၊ ၁၊ ၁၂၈)တို့၌ လည်းကောင်း,

လွန်လေပြီးတဲ့ ဘဝတစ်ခု၌ ဘုရားအလောင်းတော်ဟာ သေသောက်ကြူးဖြစ်၍ သဗ္ဗာဘိဘူ ဘုရားရှင်ရဲ့ တပည့် နန္ဒအမည်ရှိတဲ့ တပည့်ရဟန်းတော်အား “ဤရဟန်းသည် သီလမရှိ, ယုတ်မာတဲ့အကျင့်ရှိတယ်" စသည် ဖြင့် စွပ်စွဲ ပြော ဆိုမိတဲ့ အကုသိုလ်ကံကြောင့် အနှစ် တစ်သောင်းတို့ပတ်လုံး ငရဲ၌ ခံရကြောင်း အပဒါန်ပါဠိတော် (ခု၊ ၃၊ အပဒါန၊ ၃၄၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မုနာဠိအမည်ရှိ အရက်သမားဖြစ်၍ သုရဘိ အမည်ရှိတော်မူတဲ့ ပစ္စေကဗုဒ္ဓါအား “ဤရဟန်းသည် ဒုဿီလဘဲ၊ ယုတ်မာတဲ့အကျင့်ရှိတယ်" လို့ ဆဲရေးမိတဲ့ အကုသိုလ်ဝစီကံကြောင့် များစွာသော နှစ်အထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇), အပဒါန်အဋ္ဌကထာ (၁၊ ၁၃၃) တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပုဏ္ဏားမျိုး၌ဖြစ်၍ ရသေ့ပြုလုပ်ကာ တပည့်များကို မန္တန်ပို့ချနေစဉ် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးနှင့်ပြည့်စုံတဲ့ ရသေ့တစ်ပါးအပေါ်မှာ မနာလို ဣဿာပွါးလျက် “ဤရသေ့သည် ကာမဂုဏ်ခံစားနေသူဘဲ" ဟု စွပ်စွဲပြောဆိုမိတဲ့ အကုသိုလ်ကံအကျိုးအားဖြင့် အနှစ်တစ်ထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရ ကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇-၃၄၈)နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၄)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဘတူမိကွဲ ညီငယ်ကို ကျောက်ဖြင့် ထုသတ်ခဲ့တဲ့ မကောင်းမှု အကျိုးအားဖြင့် ငရဲစသည်တို့၌ အထောင်မကသောနှစ်တို့ပတ်လုံး ဆင်းရဲ ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၈) နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၅)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ ဖြစ်၍ ငယ်ရွယ်စဉ်က လမ်းမပေါ်ဝယ် ကစားနေတုန်း ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓါကို မြင်၍ “ဤဦးပြည်းရဟန်းက အဘယ်သို့ သွားမည်နည်း?” လို့ ပြောဆိုကာ ကျောက်စရစ်ခဲဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ ခြေဖမိုး၌ ပစ်ခဲ့တယ်၊ ခြေဖမိုးအရေ ဖြတ်ခွဲ၍ သွေးထွက်ခဲ့တယ်၊ ထိုမကောင်းမှုကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကြီးစွာဒုက္ခ ခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၆-၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဆင်ထိန်းဖြစ်စဉ် ဆင်စီးလျက် လာသောအခါ ခရီးလမ်းမ၌ ပစ္စေကဗုဒ္ဓြွါကို တွေ့မြင်၍ “ဤဦးပြည်းကား အဘယ်မှ လာသနည်း?”လို့ ထိပါးလိုစိတ် ရှိသည်ဖြစ်၍ ဆင်ဖြင့် ထိပါးခဲ့တဲ့ မကောင်းမှုကြောင့် အပါယ်တို့၌ အထောင်မကသော နှစ်တို့ ပတ်လုံး ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပစ္စန္တရစ်မင်းဖြစ်၍ သူယုတ်မာတို့နှင့် ပေါင်းဖော်မိ သဖြင့် တစ်နေ့မှာ သန်လျက်လက်စွဲလျက် မြို့တွင်း၌လှည့်လည်ကာ အပြစ်မဲ့သူတွေကို သံလျက်ဖြင့် သတ်ခဲ့တယ်၊ ထိုမကောင်းမှု အကျိုးအားဖြင့် ထောင်ပေါင်းများစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၉)နှင့် အပဒါန် အဋ္ဌကထာ (၁၊ ၁၃၈)တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ တံငါမျိုး၌ ဖြစ်၍ တစ်နေ့မှာ အခြားတံငါသည်တွေနှင့် အတူ ငါးများသတ်ဖြတ်ရာဌာနသွားရာ ငါးတွေ သတ်နေတာကို မြင်တဲ့အခါ ဝမ်းမြောက်ခြင်း ဖြစ်မိတယ်၊ ထိုအကုသိုလ်ကံ ကြောင့် အပါယ်လေးဘုံ၌ ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၈-၁၃၉)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ဖြစ်၍ မိုက်မဲသည့်အလျောက် ဖုဿဘုရားရှင်ရဲ့ တပည့်ရဟန်းတော်များ, ကောင်းမြတ်တဲ့ ဆွမ်း, အဖျော်, သလေးဘောဇဉ် စသည်များကို ဘုဉ်း ပေးနေသည်တို့ကို မြင်ရလျှင် “ဟယ် ဦးပြည်းရဟန်းတို့ မယောကြမ်းကို စားကြကုန်လော့, သလေးဘောဇဉ်ကို မစားကြနဲ့" လို့ ဆဲရေးမိခဲ့တယ်၊ ထိုအကုသိုလ်ကံကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး အပါယ်လေးပါး၌ ဆင်းရဲခံစားရကြောင်း အပဒါန် အဋ္ဌကထာ (၁၊ ၁၃၉)၌ လည်းကောင်း လာရှိပါတယ်။

အဲဒီ အပဒါန်ပါဠိတော် ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန်,အဋ္ဌကထာ ဗုဒ္ဓအပဒါန်အဖွင့်တို့၌ လာရှိ သောကြောင့် နိယတဗျာဒိတ်ရ ဘုရားအလောင်းပင် ငရဲကျကြောင်းကို သိရပါတယ်။ ပုထုဇဉ် သာမာန်ဖြစ်သော မိမိတို့မှာမူ ငရဲ၌ ဘယ်နှစ်ခါ ကျခဲ့ဘူးတယ်-ဆိုတာ ပြောဖို့ မလွယ်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ

မှတ်ချက် ။ ။ July 23 တွင်တင်လိုက်သော ဗျာဒိတ်ရပြီးဘုရားအလောင်းတို့မဖြစ်ရာဌာန(၁၈)ပါး

၁။ ပဋိသန္ဓေကန်း မဖြစ်ခြင်း။
၂။ နားပင်းသူ မဖြစ်ခြင်း။
၃။ သွားရေမကျခြင်း။
၎။ အရှုးမဖြစ်ခြင်း။
၅။ လူရိုင်းမဖြစ်ခြင်း။
၆။ ကျွန်မျိုးမဖြစ်ခြင်း။
၇။ နိယတမိစ္ဆာဒိဋ္ဌိမဖြစ်ခြင်း။
၈။ ပဉ္စာနန္တရိယကံမကျူးလွန်ခြင်း။
၉။ အသညသတ်ဗြဟ္မာမဖြစ်ခြင်း။
၁၁။ ငုံးအောက်မငယ် ဆင်ထက်မကြီးတိရစ္ဆာန်ဖြစ်ခြင်း။
၁၂။ နူနာရောဂါမဖြစ်ခြင်း။
၁၃။ စကြာဝဠာတစ်ပါး၌မဖြစ်ခြင်း။
၁၄။ သုဒ္ဓါဝါသဘုံ၌မဖြစ်ခြင်း။
၁၅။ အပါယ်ငရဲမကျခြင်း။
၁၆။ မာရ်နတ်မဖြစ်ခြင်း။
၁၇။ ပြိတ္တာမျိုး၌မဖြစ်ခြင်း။
၁၈။ လိင်ပြန်ရိုးမရှိခြင်း။

တက္ကသိုလ်သျှင်သီရိ(ဓမ္မာစရိယ-ဘီအေ)
ရင်နှစ်သည်းချာသားလိမ္မာမှ

ထိုထဲတွင်ပါသော အပါယ်ငရဲမကျခြင်းဆိုသည်ကို အဝီစိငရဲနှင့် လောကန္တရိက်ငရဲသို့ မကျရောက်ခြင်းဟု မှတ်ယူကြပါကုန်။

Shared from ဓမ္မ စာပေများ

Tuesday, July 19, 2016

ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး


ဥပုသ်ရဲ့ အကျိုးကျေးဇူးဟာ ဘယ်လောက်များသလဲ လို့ ဆိုလို့ ရှိရင်
အင်မတန်မှ အကျိုးကျေးဇူးများတယ်တဲ့၊ ဘုရားက နားလည်အောင် ဘယ်လိုဟောတုန်းဆိုတော့ ကမ္ဘာလောကကြီးအတွင်းမှာရှိတဲ့ အဖိုးတန် ရတနာတွေကို စုလိုက်.. အဲဒီအဖိုးတန် ရတနာတွေရဲ့  တန်ဖိုးနဲ့ တစ်ကြိမ်တစ်ခါ စောင့်လိုက်ရတဲ့ အခုလိုမွန်မြတ်တဲ့ စည်းစနစ်ကျတဲ့ဥပုသ် အဓိပ္ပါယ်ရှိရှိ စောင့်လိုက်တဲ့ဥပုသ်နဲ့  နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုလို့ ရှိရင် ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ်တစ်ခါ စောင့်ရတဲ့ ကုသိုလ်တန်ဖိုးရဲ့ ၁၆ - ပုံပုံ ၁ - ပုံ တောင်မရှိဘူးလို့ ပြောတယ်နော်။

ဘာဖြစ်လို့  ဒီလိုပြောရတုန်းလို့ ဆိုလို့ ရှိရင် ဥပုသ်တစ်ကြိမ်တစ်ခါ စောင့်လိုက် လို့ ရှိရင် လူ့ စည်းစိမ် မပြောနဲ့ ၊ နတ်စည်းစိမ် နတ်ချမ်းသာတွေ
ပေးနိုင်တယ်။ နတ်ချမ်းသာတွေဆိုတာ အဲဒီ ရတနာတွေရဲ့ တန်ဖိုး
ထက် ကြီးတယ်။ ဥပုသ်ကလေး တစ်ခါစောင့်လိုက်တာနဲ့ ဒီပုဂ္ဂိုလ်ဟာ လူချမ်းသာထက် သာလွန်တဲ့ နတ်ချမ်းသာ၊ လူချမ်းသာဆိုတာ နတ်ချမ်းသာနဲ့ နှိုင်းယှဉ်လိုက်လို့ ရှိရင် ဘာမှ မပြောပလောက်တော့ဘူး။

လူချမ်းသာသုခလို့ တောင် မဆိုနိုင်တော့ဘူး။ ဘာဖြစ်လို့ တုန်းဆိုတော့ စဉ်းစားကြည့်လေ - လူ့ ပြည်မှာ အနှစ် - ၅၀ မှ စတုမဟာရာဇ်နတ်ပြည်မှာ ၁ - ရက်ပဲ ရှိသေးတာ၊ သက်တမ်းခြင်းအာ့းဖြင့်လည်း ကွာတယ်၊
စည်းစိမ်ချမ်းသာခြင်းအားဖြင့်လည်း ကွာတယ်၊ လူ့ ပြည်မှာ အနှစ် - ၁၀၀ ဆိုရင် တာဝတိံသာနတ်ပြည်မှာ ၁ - ရက်ပဲ ရှိသေးတယ်နော်၊ အဲဒီရက်တွေနဲ့ တွက်လိုက်တဲ့ အနှစ် - ၅၀၀ ဟာ စတုမဟာရာဇ် နတ်ပြည် ရဲ့ သက်တမ်းတစ်ခုပဲ၊ အဲဒီ ရက်တွေနဲ့ တွက်လိုက်တဲ့ အနှစ် - ၁၀၀၀ ဟာ တာဝတိံသာ နတ်ပြည် ရဲ့ အသက်ပဲ။

နတ်သက်ဟာ တဖြည်းဖြည်း တစ်ဆတစ်ဆ တိုးသွားတာ နည်းတဲ့ အသက်တွေ မဟုတ်ဘူး၊ ရှည်လျားတယ်၊ ချမ်းသာသုခကလည်း အလွန်တရာကြီးမားတယ်ဆိုတော့ လူ့ ချမ်းသာနဲ့ နတ်ချမ်းသာ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် မနှိုင်းယှဉ်နိုင်လောက်အောင် နတ်ချမ်းသာက သာလွန်နေတယ်၊ လူဆိုလို့ ရှိရင် အသက် - ၅၀လောက်ဆို မအိုဘူးလား၊ ဟိုမှာ တစ် ရက်ပဲ ရှိသေးတယ်လေ၊ စည်းစိမ်ချမ်းသာ ခံစားရတာခြင်းကလည်း တအားကွာတယ်၊ သက်တမ်းကလည်း တအားကွာတယ်၊
စတုမဟာရာဇ်နတ်ပြည်မှာ တစ်ရက် ရှိပေမယ့် တာဝတိံသာနတ်ပြည်မှာ နေ့ ဝက်ပဲ ရှိသေးတယ်။ အဲဒီလိုနတ်ပြည်တွေဟာ တစ်ခုနဲ့ တစ်ခု သာလွန်သွားလို့ ဟောဒီဥပုသ်စောင့်လို့ ရှိရင် အခုပြောတဲ့ နတ်ပြည်တွေ အားလုံး ရောက်နိုင်တာဖြစ်သောကြောင့် ဥပုသ်စောင့်ရခြင်းရဲ့ 
အကျိုးကျေးဇူးဟာ အလွန်ကြီးမားတယ်လို့ မြတ်စွာဘုရားက ဟောတယ်။

ဒါတင် မကဘူး။ သိကြားမင်းကြီးက တစ်ခါက ပြောတယ်၊ ”လူ့ လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေ လဆန်း ၈ - ရက် လဆုတ် ၈ - ရက် လပြည့် လကွယ်တွေမှာ ဥပုသ်စောင့်ကြမယ်လို့ ရှိရင် အဲဒီပုဂ္ဂိုလ်တွေ သူ့ လို သိကြားဘဝ ရောက်ချင် လို့ ရှိရင် တဲ့ ဥပုသ်စောင့်ကြပါ ” လို့  သိကြားမင်းကြီးက နတ်သဘင် အစည်းအဝေးတစ်ခုမှာ မိန့် ခွန်းပြောသတဲ့။

အဲဒီလိုမိန့် ခွန်းပြောတာကို မြတ်စွာဘုရားက ဘာပြောတုန်းဆို - ”သိကြားမင်းပြောတဲ့ ’ငါလို့ သိကြားဖြစ်ချင် လို့ ရှိရင် ဥပုသ်စောင့်
ဆိုတဲ့စကားဟာ မပြည့်စုံဘူး“ တဲ့၊ တကယ်ပြောရမှာက “ရဟန္တာပုဂ္ဂိုလ်
က ငါ့လို ရဟန္တာဖြစ်ချင်ရင် ဥပုသ်စောင့်” လို့ ပြောရမယ်တဲ့။

ဒါကြောင့်မို့ လို့  ဥပုသ်စောင့်တယ်ဆိုတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူး
တဲ့၊ ရဟန္တာပုဂ္ဂိုလ်ကသာလျှင် “ငါ့လို ရဟန္တာဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ဥပုသ်စောင့်ကြပါ” လို့ ပြောရတဲ့ - အဓိပ္ပါယ် ရှိလှတဲ့ ဗုဒ္ဓဘာသာတို့ ရဲ့ ကျင့်စဉ်တစ်ခုဟာ ပုံပျက်ပန်းပျက်မဖြစ်စေဘဲနဲ့  အဓိပ္ပါယ် ရှိရှိ ဥပုသ်ကို စောင့်သုံးနိုင်ဖို့  အင်မတန်မှ အရေးကြီးပါတယ်။

ဥပုသ်လို့ ပြောလိုက်တာနဲ့ ဘာသာခြားတွေက သူတို့လည်း ဥပုသ်၊
ဒီလည်းဥပုသ် - အတူတူလို့ တချို့ က ထင်နေတတ်ကြတယ်။ အနှစ်သာရပိုင်းမှာ အလွန်ကွာခြားတယ်ဆိုတာ အားလုံးသ ဘောပေါက်နားလည်ပြီး ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တကယ့်စစ်မှန်တဲ့ ’အရိယုပေါသထ‘ လို့ ခေါ်တဲ့ သူတော်စင် သူတော်မြတ်တို့  စောင့်သုံးတဲ့ ဥပုသ်ကို ကိုယ်စီကိုယ်ငှ ကျင့်ကြံကြိုးကုတ်အားထုတ် စောင့်သံနိုင်ကြပါစေကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

Monday, July 18, 2016

ဝါဆိုလပြည့် - ဓမ္မစကြာအခါတော်နေ့


ဝါဆိုလသည် နွေရာသီတစ်ဝက်၊ မိုးရာသီတစ်ဝက်လ ဖြစ်သည်။ ရှေ့လဆန်းဆယ့်ငါးရက်က နွေရာသီ၌ အကျုံးဝင်၍ နောက်လပြည့်ကျော် ဆယ့်ငါးရက်က မိုးရာသီတွင် အကျုံးဝင်သည်။

ဝါဆိုလတွင် မိကျောင်းပန်းများ ဖွေးဖွေးလှုပ်ပွင့်ကြသဖြင့် “ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး မိုးအေးအေး” ဟု ရှေးတောင်သူဦးကြီးတို့ ဆိုခဲ့ကြသည်။ ဝါဆိုလတွင် မိုးများ သည်းထန်စွာရွာသွန်းလို့ လယ်ကွင်းပြင်တစ်ခုလုံး ရေတွေဖွေးနေသဖြင့် “ဝါဆို ဝါခေါင် ရေဖောင်ဖောင်” ဟုလည်း ဆိုခဲ့ကြသည်။

နေ့ ဝါဆို၊ ည ပြာသိုဆိုသည့်အတိုင်း ဝါဆိုလတွင် ညတာတို၍ နေ့တာရှည်သည်။ ဝါဆိုလ၌ မိန်းတည့်ချိန်တွင် လူရိပ်မထွက်။ နေပူတွင် ရပ်နေလျှင် လူရိပ်က လူ့အောက်မှာ ပျောက်နေသည်။ထို့ကြောင့် “ဝါဆို လူ့အောက်၊ အရိပ်ပျောက်” ဟု ဆိုကြသည်။

ပုဂံခေတ်က ဝါဆိုကို မလွတ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာဟု အမျိုးမျိုး ခေါ်ဝေါ်ရေးသားခဲ့ကြ၏။ အဓိပ္ပါယ်က လယ်မြေတိုင်းသောလ၊ မြေတိုင်းလ (မြွယ်= လယ်မြေ၊ တာ= တိုင်းတာသောလ). နွေရာသီလွန်ပြီးသောလ (နွေ= နွေရာသီ၊ တာ “အတီတာ= တာ” လွန်ပြီးသောကာလ)။ နွေရာသီ၏ အဆုံးဖြစ်သောလ (နွေ= နွေရာသီ၊ တာ “အန္တ= တာ” အဆုံးဖြစ်သောလ) ဟု အဓိပ္ပါယ်ထွက်သည်။

“ဝါဆို” ဟူသောဝေါဟာရသည် အင်းဝခေတ်ရောက်မှ တွင်ကျယ်လာသည်။ဝါဆိုဟူသည် ရဟန်းသံဃာတို့ ဝါဆိုဝါကပ်ပြုတော်မူသောလဟု ဝေါဟာရလီနတ္တ ဒီပနီကျမ်းက ဆိုသည်။ မြန်မာလအမည်များ စာအုပ်ကမူ ရဟန်းတော်များ မိုးသုံးလအတွင်း ကျောင်း၌နေပါမည်ဟု ရွတ်ဆိုသောလ (ဝါသ= နေခြင်း + ဆို= ရွတ်ဆိုခြင်း) ဟု ဆိုသည်။

မြန်မာ့ရိုးရာ ရာသီပွဲတော်များကျမ်းကတော့ ရဟန်းတော်များ မိုးသုံးလပတ်လုံး အခြားအရပ်သို့ ညဥ့်အိပ်မသွားဘဲ ဤကျောင်း၌နေပါမည်။
မိုးခိုပါမည်ဟု ရွတ်ဆိုသောလ၊ (ဝဿ= ဝါ= နေခြင်း= မိုးခိုခြင်း၊ ဆို= ရွတ်ဆိုသောလ) ဟု ဆိုသည်။ အချို့ပညာရှိတို့ကမူ ရဟန်းတော်များ
မိုးသုံးလအတွင်း မှီတင်းနေထိုင်သောလ၊ (ဝါသော= ဝါ+ ဆို= ရွတ်ဆိုသောလ) ဟု ဆိုကြသည်။

ရှေးပဒေသရာဇ်ခေတ်က ဝါဆိုလ၏ပွဲတော်သည် ပဉ္ဇင်းခံ ရှင်ပြုပွဲတော်ဖြစ်သည်။ဗုဒ္ဓသာသနာတော် တိုးတက်စည်းကား ပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားရေးတို့ကို ရည်ရွယ်၍ ရှေးဘုရင်များက အမြော်အမြင်ကြီးစွာ ကျင်းပခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် ပဒေသရာဇ်ခေတ်နှင့်အတူ ထိုရာသီပွဲတော် ကွယ်ပျောက်သွားပြီးနောက်ပိုင်း
ဝါဆိုပွဲတော်သည် ရာသီပွဲတော်အဖြစ် ရောက်ရှိလာခဲ့သည်။ ဝါဆိုပွဲတော်ဟူရာ၌ “သံဃာတော်များ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုဆွမ်း၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ သက်ကြီးပူဇော်ပွဲများ” ပါဝင်လေသည်။

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုသည့်အတိုင်း ဝါဆိုလပြည့်နေ့သည်-
❖ဘုရားအလောင်းတော် ပဋိသန္ဓေယူရာနေ့ဖြစ်သည်။
❖အလောင်းတော် တောထွက်တော်မူသော နေ့လည်း ဖြစ်သည်။
ဘုရားရှင် ဓမ္မစကြာတရားဦး ဟောတော်မူသော နေ့လည်း ဖြစ်သည်။
❖ဘုရားရှင် တန်ခိုးပြာဋိဟာ ပြတော်မူသော နေ့လည်း ဖြစ်သည်။
❖ရှေးဆရာများက ဝါဆိုလပြည့်နေ့ကို “ဓမ္မစကြာအခါတော်နေ့” အဖြစ် သတ်မှတ်ကြသည်။

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖွား ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်းကပ်လာ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့် စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို မိန့်မြွက်ထွေပြား ဟောဖော်ကြားသည်။ တရားနတ်စည် ရွမ်းတယ်ကိုး။

မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့် စနေနေ့ ညနေချမ်း နေဝင်လထွက်ချိန်တွင် ပဉ္စဝဂ္ဂီငါးဦး အမှူးရှိသော နတ်ဗြဟ္မာတို့အား ဓမ္မစကြာတရားဦး ဟောတော်မူခဲ့သည်။

သတ္တဝါတို့သည် သုံးဆယ့်တစ်ဘုံ သံသရာထဲ၌ အိုရ၊ နာရ၊ သေရ၊ စားရေးအတွက် ပူပန်ရ၊ ဝတ်ရေးအတွက် ပူပန်ရ၊ နေရေးထိုင်ရေးအတွက် ပူပန်ရ။ သားရေးသမီးရေးအတွက် ပူပန်ရ။ ထိုသို့ သောကပရိဒေဝ၊ ဒုက္ခဒေါမနဿတွေနှင့် လုံးလည်ချာလည် လိုက်နေတော့၏၊ အဘယ်ကြောင့် ထိုသို့ သောကတွေဗလဗွနှင့် ဒုက္ခရောက်နေကြရပါသနည်းဟု အကြောင်းမှန်ကို ရှာလိုက်တော့ အမှန်တရားကို မသိရှိခြင်း၊ အမှန်တရား ဖုံးကွယ်ခံထားရခြင်း၊ အမှန်တရား၏ ခံစားခွင့်အကျိုးထူးကို မခံစားရခြင်းကြောင့် ဖြစ်၏။

အမှန်တရားကို မည်သူက ဖုံးကွယ်ထားသနည်းဟု အကြောင်းအရင်းကို ရှာပြန်သော် “အဝိဇ္ဇာ” က ဖုံးကွယ်ထားခြင်းဖြစ်၏။

ဆရာကြီးဦးရွှေအောင်က အဝိဇ္ဇာသည် ဖုံးလည်း ဖုံးတတ်သည် ဖော်လည်းဖော်တတ်သည်ဟု ဆို၏။ အဝိဇ္ဇာက ဟုတ်တာ၊ မှန်တာကိုကျ ဖုံးထား၏။ မဟုတ်တာ၊ မမှန်တာကျ ဖော်ပြ၏။ မဟုတ်တာ မမှန်တာဟူသည် ပုဂ္ဂိုလ် သတ္တဝါ၊ ငါသူတစ်ပါး၊ အထီးအမ အကောင်အထည် ဒြပ်ဝတ္တုများ ဖြစ်၏။ ဘုရားရှင်သည် အဝိဇ္ဇာ အမှောင်ထုမှ ဦးစွာဖောက်ထွက်၍ ဝိဇ္ဇာအလင်းရောင်ထဲသို့ ဦးစွာရောက်ခဲ့၏။ သစ္စာဓမ္မအမှန်တရားကို ဦးစွာပထမ သိရှိခဲ့၏၊ အမှန်တရားကို သိရှိသဖြင့် ဗုဒ္ဓ ဟူသော အမည်
နာမကို ရရှိခဲ့၏၊ ထိုအမှန်တရားကို ထုတ်ဖော်တင်ပြ၊ ဟောပြပို့ချခြင်းကြောင့်လည်း “ဗုဒ္ဓ” ဟူသော အမည်ထူးကိုရ၏။

ဗုဒ္ဓသည် သူသိခဲ့သော အမှန်တရားကို ကျေးဇူးအရှိဆုံးသူ ပဉ္စဝဂ္ဂီတို့အား ဦးစွာပထမ ဦးစားပေး၍ ဟောကြားတော်မူ၏။ထိုတရားဦးကို ဓမ္မစကြာတရားဟုခေါ်သည်၊ ဓမ္မဆိုတာက သစ္စာလေးပါး အမှန်တရား
ဖြစ်သည်၊ စကြာဆိုတာက စကြာများလို အဆက်မပြတ် လည်ပတ်နေခြင်း ဖြစ်သည်။ သစ္စာလေးပါးကို လည်ပတ်အောင်လည်စေ၍၊ လှည့်၍ ဟောပြခြင်းကို ဓမ္မစကြာဟု ခေါ်သည်။

အမှန်တရားကို ရှာဖွေသူ၊ အမှန်တရားသို့ ချဉ်းကပ်သူသည် အစွန်းမရောက်ဖို့လို၏။ အစွန်းလွတ်ဖို့လို၏၊ ထို့ကြောင့် ဘုရားရှင်က သစ္စာတရားရှာဖွေသူသည် အစွန်းနှစ်ပါး ရှောင်ရှားရမည်ဟု မိန့်တော်မူခဲ့၏၊ စည်းစိမ်ခံခြင်း၊ ဇိမ်ခံခြင်းသည် အစွန်းတစ်ဖက် ဖြစ်၏၊ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့၊ ငတ်ငတ်ပြတ်ပြတ်နှင့် ကျင့်ခြင်းသည်လည်း အစွန်းတစ်ဖက် ဖြစ်၏၊ လောဘသည် သို့မဟုတ် အချစ်သည် အစွန်းတစ်ဖက် ဖြစ်၏၊
ဒေါသသည် သို့မဟုတ် အမုန်းသည် အစွန်းတစ်ဖက် ဖြစ်၏၊ အမှန်တရားကို ရှာဖွေသူ၊ အမှန်တရားသို့ ချဉ်းကပ်သူသည် လောဘနှင့်လည်း ရှာ၍မရ။ ဒေါသနှင့်လည်း ရှာ၍မရ။ အချစ်နှင့်လည်း ရှာ၍မရ။
အမုန်းနှင့်လည်း ရှာ၍မရ။ ထိုအစွန်းတွေ လွတ်အောင် ရှောင်နိုင်မှသာ
အမှန်တရားကို တွေ့ရှိမည်ဖြစ်၏။

ဘုရားရှင်သည် အစွန်းလွတ်သော ကျင့်စဉ်ကို ချပြတော်မူ၏။မဇ္ဈိမပဋိပဒါကျင့်စဉ်ဟု ခေါ်၏။ အလယ်အလတ်ကျင့်စဉ်ဟု အဓိပ္ပါယ်ရ၏။ ထိုကျင့်စဉ်သည် ဓမ္မရေး၌သာမက လောကရေး၌ပါ အလွန်အရေးပါလှ၏၊ လောကရေးဟူရာ၌ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးစသည့် လူနှင့်ဆိုင်သောအရေး အားလုံးအကျုံးဝင်၏။ မှန်မှန်လျှောက် ခရီးရောက်သည်။ အမှန်ကို အမြန်လိုက်မမီနိုင်ဟူသော ဆိုရိုးစကားတို့၌ မှန်မှန်၊ အမှန်ဟူသည် မဇ္ဈိမပဋိပဒါကျင့်စဉ်ဖြစ်၏။

မဇ္ဈိမပဋိပဒါကျင့်စဉ်နှင့်အညီ အရာရာကို မှန်မှန်လေး လုပ်ကိုင်ဆောင်ရွက်ခြင်းသည် လိုရာကိစ္စ ပြီးမြောက်ဖို့ သေချာ၏၊ အမြန်သမားနှင့် အမှန်သမားနှစ်ဦး ယှဉ်ပြိုင်လုပ်ကိုင်ရာ ရေရှည်မှာ အမှန်သမားက ပို၍ ခရီးရောက်သည်ကို တွေ့ရ၏။

လူမှုကိစ္စအရေးအပေါင်းများစွာ၌ အစွန်းမထွက်ဖို့လို၏။ အစွန်းမရောက်ဖို့လို၏။ အစွန်းလွတ်ဖို့လို၏။ အစွန်းကိုရှောင်၍ အလယ်လမ်း၊ အမှန်လမ်းက လျှောက်မှသာ အမှန်တရားကို တွေ့ရှိနိုင်၏။ တကယ်တမ်းကလည်း ချမ်းသာသုခဟူသည် အမှန်တရား၏ အရိပ်အာဝါသအောက်၌သာရှိ၏။ အမှန်တရား၏ ရိပ်မြုံ၌သာ ချမ်းသာသုခကို ရှာဖွေတွေ့ရှိနိုင်၏။ချမ်းသာချင်လျှင် အမှန်လမ်းကြောင်းကသာ လျှောက်ရ၏၊ အမှန်လမ်းကြောင်းပေါ် ရောက်ဖို့ လောဘစွန်းကလည်း မသွားနှင့်။
ဒေါသစွန်းကလည်း မလျှောက်နှင့်။ အချစ်လမ်းကြောင်းကလည်း မသွားနှင့်။ အမုန်းလမ်းကြောင်းကလည်း မသွားနှင့်။ လောဘစွန်း အချစ်လမ်းကြောင်း၏နောက်မှာ မနာလိုမှု ဣဿာ၊ ဝန်တိုမှု မစ္ဆရိယတို့ ပါဝင်၏။

အလောင်းတော်သည် ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခြင်းဖြင့် လမ်းမှားသွားခဲ့၏။နောက်မှ လမ်းမှားမှန်းသိပြီး ပုံမှန်လမ်း၊ မဇ္ဈိမပဋိပဒါလမ်းပေါ် ပြန်တက်ပြီး လျှောက်မှသာ အမှန်တရားကို တွေ့ရှိတော့၏။ သူကိုယ်တိုင် အမှန်တရားကို တွေ့ရှိပြီးသောအခါ ကမ္ဘာလောကကြီးကို ကြည့်လိုက်တော့ ကမ္ဘာလောကကြီးတစ်ခုလုံး အဝိဇ္ဇာအမှောင်ထုကြီး လွှမ်းဖုံးပြီး အမှန်တရား ပျောက်ကွယ်နေတာကို တွေ့ရ၏။ သတ္တဝါအားလုံး အမှောင်လမ်းမှာ စမ်းတဝါးနှင့် ဒုက္ခတွေပင်လယ်ဝေနေတာကို တွေ့ရ၏။ ထို့ကြောင့် သစ္စာလေးပါး အမှန်တရား မီးရှုးတိုင်ကို ထွန်းညှိပြချင်လို့ ဦးစွာပထမ သစ္စာလေးပါး အမှန်တရားကို တရားဦးအနေနှင့်
ဟောတော်မူခဲ့သည်။

ဘုရှားရှင် အမှန်တရားကို ရှာဖွေတွေ့ရှိရာ၌ လျှောက်လမ်းခဲ့သော မဇ္ဈိမပဋိပဒါ အစွန်းလွတ်လမ်းစဉ်ဟူသည် မဂ္ဂင်ရှစ်ပါးဖြစ်၏။

❖သမ္မာဒိဋ္ဌိ- အမြင်မှန်ရမည်၊ အသိမှန်ရမည်။ အမှန်ကိုသိဖို့လိုသည်။
❖သမ္မာသင်္ကပ္ပ - အတွေးအခေါ် အယူအဆမှန်ရမည်။ အတွေးအခေါ် မှန်ဖို့လိုသည်၊ အယူအဆမှန်ဖို့လိုသည်။
❖သမ္မာဝါစာ - အပြောအဆို မှန်ရမည်၊ မှန်တာကို ပြောရမည်၊ ဘုရားရှင်က သစ္စံ ဟဝေ သာဓုတရံ ရသာနံ - အရသာအားလုံးထဲမှာ သစ္စာတရားသည် အရသာအရှိဆုံးဖြစ်သည်ဟု မိန့်သည်။ အနောက်တိုင်းပညာရှင်တို့က beauty is truth အလှအပဟူသည် သစ္စာတရားသာဖြစ်သည်ဟု ဆိုသည်။ အရာရာကို လှပစေဖို့ သစ္စာတရားကသာ
ပုံဖော်ပေးနိုင်သည်။

❖သမ္မာကမ္မန္တ - လုပ်ပုံကိုင်ပုံ၊ လုပ်နည်းလုပ်ဟန်တွေ မှန်ရမည်။
❖သမ္မာအာဇီဝ - မှန်ကန်သော၊ တရားမျှတသော အသက်မွေးမှု ရှိရမည်။
❖သမ္မာဝါယာမ - ကြောင့်ကြစိုက်တာ၊ အားထုတ်တာ မှန်ရမည်။
❖သမ္မာသတိ - စိတ်နေ မှန်ရမည်။
❖သမ္မာသမာဓိ - စိတ်ထား မှန်ရမည်။
ဤမဇ္ဈိမပဋိပဒါ အမှန်လမ်းကြောင်းကလျှောက်လျှင် ချမ်းသာဖို့သေချာ၏။

“ချမ်းသာသုခ တစ်ခုမျှ၌ လောကအထု အကုန်စု၏။ ပုပုရွရွ ဟူသမျှလည်း သုခအားကြီး လုံ့လသည်း၏” ဟု ဆိုသည်၊ လောကသားအားလုံး၏ ဆန္ဒသည် တစ်နေရာတည်းမှာ သွား၍စုမိကြသည်။ ထိုနေရာကား ချမ်းသာသုခဖြစ်သည်။ လယ်သမားလည်း ချမ်းသာချင်သည်။
ကုန်သည်ပွဲစားလည်း ချမ်းသာချင်သည်။ လခစားဝန်တမ်းများလည်း ချမ်းသာချင်သည်။ လူတိုင်းလူတိုင်း ချမ်းသာချင်သည်။ ချမ်းသာချင်လျှင်၊ ချမ်းသာစေချင်လျှင် မဇ္ဈိမပဋိပဒါ အလယ်လမ်းက လျှောက်ဖို့လို၏၊ ဘယ်ဘက်ကိုမှ အစွန်းမထွက်စေနှင့်၊ အစွန်းထွက်လျှင် ဒုက္ခရောက်လိမ့်မည်။

ပုထုဇဉ်သည် အတ္တကကြီးစိုးသဖြင့် အရာရာကို အတ္တဘက်ကသာ ကြည့်၏၊ အတ္တဘက်ကသာ တွေး၏၊ အတ္တဘက်ကို ဘက်လိုက်၏၊ ပုထုဇဉ်သည် အတ္တကို အရမ်းညှာလွန်းတော့ အတ္တကို ညာရ၏။ အတ္တကို ညာသူသည် ပရကိုလည်း ညာတော့၏။ ညာဟူသည် မုသားပင်ဖြစ်၏။
မုသားဟူသည် သစ္စာနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ သစ္စာကို ဆန့်ကျင်လျှင် အတ္တ သို့မဟုတ် ပရ၊ တစ်ဦးဦးတော့ ဒုက္ခရောက်မှာသေချာ၏။ အတ္တ ဒုက္ခရောက်ရခြင်းသည် အတ္တကြောင့်ချည်းမဟုတ်။ ပရကြောင့် ဒုက္ခရောက်ရတာတွေလည်း အများကြီးရှိသည်။ ပရကို ဒုက္ခပေးလျှင် ထိုဒုက္ခသည် နောက်ဆုံးတော့ အတ္တထံ မလွဲမသွေ ရောက်လာမှာသေချာ၏။
ချမ်းသာသုခဟူသည် သစ္စာနှင့်ယှဉ်မှသာ ရေရှည်ရရှိနိုင်၏။ မုသားနှင့်ယှဉ်၍ မရနိုင်၊ ချမ်းသာချင်လျှင်၊ ချမ်းသာစေချင်လျှင်တော့ သစ္စာတရားကို မြတ်နိုးမှ ဖြစ်မည်၊ အမှန်တရားနှင့် ရင်းနှီးယူမှရမည်။ ဒုက္ခတွေ့နေပြီဆိုလျှင် တစ်ခုခုတော့ မှားနေသည်မှာ သေချာ၏၊ ထိုအမှားကို တွေ့အောင်ရှာ၊ သိအောင်လုပ်။ အမှားကို အမှန်ဖြစ်အောင် ပြုပြင်၊ အမှားကို
အမှန်ဖြစ်အောင် ပြုပြင်ရဲသောသတ္တိသည်သာ သတ္တိအစစ်ဖြစ်၏။

သတ္တိအစစ်ကသာ ချမ်းသာသုခကို ဖန်ဆင်းနိုင်၏။ သတ္တိအစစ် မဟုတ်လျှင် မိုက်ရူးရဲသာဖြစ်မည်။ မိုက်ရူးရဲကတော့ ဆင်းရဲကောင်းရုံသာရှိမည်။

ဘုရားရှင်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်တွေ ဖြည့်ကျင့်ဆည်းပူးပြီး ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်ခဲ့ခြင်းသည် ဝေနေယျသတ္တဝါအများ ချမ်းသာစေဖို့ဖြစ်၏။

ချမ်းသာဖို့ဆိုလျှင် အမှန်တရားကို တွေ့မှ၊ မြင်မှ၊ ရရှိမှသာ ချမ်းသာနိုင်သဖြင့် သစ္စာလေးပါး အမှန်တရားကို ဦးစွာပထမ ဟောတော်မူခြင်းဖြစ်၏။ ပိဋကတ်သုံးပုံ၏ အဆီအနှစ်သည် သစ္စာလေးပါးပင်ဖြစ်၏။
ဘုရားရှင် လေးဆယ်ငါးနှစ်တိုင်တိုင် ဟောကြားခဲ့သော တရားအားလုံးသည် သစ္စာလေးပါးကို သိဖို့၊ မြင်ဖို့၊ ရရှိဖို့ပင်ဖြစ်၏၊ သစ္စာသိမှသာ သစ္စာရှိမည်။ သစ္စာသိမှသာ ကိစ္စအားလုံး ပြီးမြောက်မည်။ ထို့ကြောင့် ဘုရားရှင်က သစ္စာလေးပါးကို တရားဦးအနေနှင့် ဟောတော်မူခဲ့၏။

သစ္စာလေးပါး ဟူသည်.....

❖ဒုက္ခသစ္စာ - ဆင်းရဲခြင်းအမှန်တရား၊
❖သမုဒယသစ္စာ - ဆင်းရဲကြောင်းအမှန်တရား၊
❖နိရောဓသစ္စာ - ဆင်းရဲငြိမ်းရာ အမှန်တရား၊
❖မဂ္ဂသစ္စာ - ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း အမှန်တရားဟူ၍ ဖြစ်၏။

ထိုသစ္စာလေးပါးကို သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်သုံးပါးနှင့် လည်ပတ်သွားအောင် လှည့်လည်ပြခြင်းသည်ပင် ဓမ္မစက္က - ဓမ္မစကြာ တရားတော်မြတ်ဖြစ်၏။ ။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
-【ဆရာတော် အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ခ်ျများအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]

Tuesday, July 12, 2016

မလိုအပ်ဘဲ ဒေါသထွက်တတ်ခြင်း


စာပေမှာလာတဲ့ အဋ္ဌာနကောပဒေါသ အကြောင်းကိုဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်ဆင်ကြည်မိပါတယ်။ အဋ္ဌာနကောပဒေါသဆိုတာ တိုက်ရိုက်ကတော့ အရာမဟုတ်တဲ့အရာတွေမှာ ဒေါသထွက်တာကို ပြောတာပါ။ အလွယ်ပြောရရင်တော့ မလိုအပ်ဘဲ ဒေါသထွက်ခြင်းပါပဲ။ နေပူရင်လည်း နေပူလို့၊ မိုးရွာရင်လည်း မိုးရွာလို့၊ လေတိုက်ရင်လည်း တိုက်လို့၊ အေးရင်လည်း အေးလို့ စသဖြင့် အလိုလိုနေရင်း သဘာဝ ဓမ္မတွေအပေါ်မှာ၊ မခိုင်လုံတဲ့ အာရုံတွေအပေါ်မှာ အလိုမကျဖြစ်တာ၊ စိတ်ဆိုးစိတ်တိုတာ စတဲ့သဘောတွေကို စာလိုတော့ အဋ္ဌာနကောပဒေါသလို့ ပြောတာဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် လူအတော်များများဟာ တစ်ခါတလေ ဘာမဟုတ်တဲ့ အရာလေးတွေမှာလည်း အလိုမကျဖြစ်လိုက်၊ မကျေမနပ်ဖြစ်လိုက်၊ စိတ်ဆိုးစိတ်တိုဖြစ်လိုက်၊ စိတ်ကောက်လိုက် စတာတွေ ဖြစ်လေ့ရှိတတ်ကြပါတယ်။ သွေးဆူနေလို့ ကိုယ့်စိတ်ကို မသိလိုက်ပေမယ့် သွေးအေးသွားလို့ စဉ်းစားကြည့်လိုက်တဲ့အခါ “ဘာကြောင့် မကျေမနပ်ဖြစ်တယ်၊ စိတ်ဆိုးစိတ်တိုတယ်၊ စိတ်ကောက်တယ်”ဆိုတဲ့ အကြောင်းပြချက်က ရည်ရည်ရာရာ ရှာမရဘဲ ဖြစ်နေတတ်ပါတယ်။

ပိုးဆိုးတာက ဘယ်သူမှကိုယ့်ကို ဘာမှမလုပ်ရဘဲနဲ့ကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အလိုမကျဖြစ်နေတာ၊ စိတ်တိုင်းမကျ ဖြစ်နေတာပါပဲ။ နောက်တော့ ကိုယ့်အလိုမပြည့်ရာက မိုးကိုအပြစ်တင်လိုက်၊ နေကိုအပြစ်တင်လိုက်၊ လေကိုအပြစ်တင်လိုက် စတာတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ တစ်ခါတလေ ဘာမှမဆိုင်တဲ့သူအပေါ်မှာ ကိုယ့်အလိုမကျတာတွေက ဒေါသအဖြစ် ရောက်သွားတတ်တာတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ့်ဒေါသကြောင့် ဘာမှမသိဘဲ အိပ်နေတဲ့ ခွေးတွေ၊ကြောင်တွေတောင်မှ ခြေထောက်နဲ့ အကန်ခံလိုက်ရတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။

စိတ်ရဲ့ဆန်းကြယ်မှုက တစ်ခါတလေ ကိုယ့်အလိုမပြည့်တာက တခြားအာရုံတွေနောက် ရောက်သွားပြီး အဲဒီအာရုံအပေါ်မှာ ပေါက်ကွဲသွားတဲ့ သဘောတွေလည်း ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်အလိုမကျ ဖြစ်မှုတွေက တပည့်တွေအပေါ်ရောက်သွားပြီး တပည့်တွေရဲ့ ပုံမှန်အလေ့အကျင့်တွေအပေါ်မှာကိုပဲ အပြစ်တွေမြင်ပြီး ဒေါသအလျောက် ဆူမိတာ၊ ဒေါသအလျောက် ဆုံးမမိတာတွေ ဖြစ်ကုန်တော့တာပါ။ တစ်ချို့မိဘတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဒေါသနဲ့ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်ရာက အဲဒီ အလိုမကျမှုဟာ သားသမီးတွေ၊ တူတွေတူမတွေအပေါ်မှာ ကျရောက်စေတော့တာ ဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာလည်းအလားတူပါပဲ။ တစ်ခါတလေ ကိုယ့်အိမ်မှာအဆင်မပြေတာတွေက ဘာမှမဟုတ်ဘဲ သူငယ်ချင်းတွေအပေါ်မှာ သွားပြီးပေါက်ကွဲနေတတ်တဲ့ အဖြစ်တွေပါ။ အရင်းစစ်တော့ ဒါတွေဟာ အဋ္ဌာနကောပဒေါသရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဘာမှမဆိုင်တာတွေ အပေါ်မှာ လိုက်ပြီးစိတ်ဆိုးစိတ်တို အလိုမကျ မကျေမနပ် ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။

အမှန်တော့ ပုထုဇဉ် သဘာဝ ဒေါသကတော့ ရှိနေကြတာ ဖြစ်ပေမယ့် တစ်ချို့ဒေါသတွေဟာ အကြောင်းပြ မခိုင်လုံဘဲ ထွက်နေတဲ့ သဘောတွေ အများကြီးရှိနေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ထွက်သင့်တဲ့ ဒေါသကို ထွက်ဖို့ပြောတာ မဟုတ်ပါဘူး။ ဒေါသဆိုတာကတော့ ထိန်းနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပေမယ့် မထိန်းနိုင်လို့ ဒေါသတွေ ဖြစ်ကြမယ်ဆိုရင်လည်း အကြောင်းခိုင်လုံမှ ထွက်တာက ဖြေမယ်ဆိုရင် ရှာကြံပြီး ဖြေလို့ရသေးတာပေါ့။ ဘာမှမဟုတ်ဘဲ ထစ်ခနဲဆို စိတ်ဆိုးလိုက်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ဟိုဟာလည်းအလိုမကျ၊ ဒါလည်းအလိုမကျ၊ ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ်၊ ဟိုလူလုပ်လည်း အဆင်မပြေ၊ ဒီလူလုပ်လည်း အဆင်မပြေ အလိုလိုနေရင်း မကျေမနပ် ဖြစ်နေတာတွေကတော့ ဒါဟာ အဋ္ဌာနကောပဒေါသပဲ ဖြစ်ပါတယ်။

တစ်ဖက်ကလည်း ဒီလိုဒေါသမျိုးတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်တာတွေက စတာတွေပါပဲ။ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေ၊ တရားမရှိမှုတွေ၊ သတိမကပ်တာတွေက မလိုအပ်ဘဲ ထွက်ပေါ်တတ်တဲ့ ဒေါသတွေအဖြစ် ပုံပေါ်လာကြခြင်းပဲ ဖြစ်ပါတယ်။ အဓိကကတော့ သတိမကပ်မိကြလို့ပါပဲ။ သတိမရှိတော့ စိတ်ကိုမသိတော့ဘဲ အဲဒီမသိမှုက ကာယကံမြောက်၊ ဝစီကံမြောက်၊ မနောကံမြောက် ကျူးလွန်တဲ့အထိ ရောက်သွားစေတော့တာ ဖြစ်ပါတယ်။ သတိပျောက်တော့ အသိပါပျောက်ပြီး မသိတာတွေ ရောက်လာရာက မရှိရင်လည်း ဒေါသဖြစ်၊ မကြည်ရင်လည်း ဒေါသဖြစ်၊ မကောင်းရင်လည်း ဒေါသဖြစ်၊ မပြောင်းရင်လည်း ဒေါသဖြစ်၊ မလိုရင်လည်း ဒေါသဖြစ်၊ လိုတာမရရင်လည်း ဒေါသဖြစ် စသဖြင့် ကာလ၊ ဒေါသ၊ ပုဂ္ဂလနဲ့ သဘာဝတွေပါမကျန် အားလုံးအပေါ်မှာ အဋ္ဌာနကောပဒေါသတွေ ဖြစ်နေကြတော့တာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ပုထုဇဉ်သဘာဝ ဒေါသထွက်တာတော့ ရှိကြတာ ဖြစ်ပေမယ့် အဲဒီဒေါသတွေကို ဘာပဲဖြစ်ဖြစ် ထွက်နေတတ်တဲ့ ဒေါသမျိုးမဖြစ်ရအောင် ကိုယ့်ကိုယ်ကို သတိလေးကပ်ပြီး ဆင်ခြင်တတ်၊ ကိုယ့်စိတ်ကို သတိလေးနဲ့ ထိန်းတတ်တဲ့ အကျင့်တွေရှိဖို့ လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ရာမှာလည်း တရားအသိတွေ ရှိလာအောင်၊ ကုသိုလ်တရားတွေမှာ ပျော်မွေ့လာအောင်၊ ကောင်းတဲ့အလုပ်တွေမှာ လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ကြည့်ရမှာ ဖြစ်ပါတယ်။

စိတ်ကိုဆင်ခြင်မှုအပိုင်းမှာ တရားတော်အပေါ် အခြေခံပြီး ဆင်ခြင်မှုဟာ အပြစ်ကင်းပြီး မှန်ကန်တဲ့ ဆင်ခြင်မှုပဲ ဖြစ်တဲ့အတွက် ဖိအားတွေများ၊ အသိတရားတွေပါးပြီး မတရားအားတွေ များလာတဲ့အခါတွေမှာ တခြားအရာတွေကို အားပြုတာထက် တရားတော်ကိုအားပြုပြီး တရားနဲ့ဆင်ခြင်နိုင်အောင် လေ့ကျင့်ကြည့်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်ဆိုတာ လုပ်ချင်လည်းမလုပ် မလုပ်ချင်လည်း လုပ်ရမှာ ဖြစ်တဲ့အတွက် တရားတော်နဲ့ပတ်သက်ပြီးလည်း မနာချင်လည်းနာ၊ မကြိုက်လည်းနာ၊ မကျင့်ချင်လည်းကျင့်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ် တရားအသိတွေ တိုးလာအောင် လုပ်ရမှာ ဖြစ်ပါတယ်။

တရားအသိတွေ များလာလို့ရှိရင် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်မှာ ယုံကြည်မှု သဒ္ဓါတရားတွေ တိုးလာပြီး သတိတရားတွေလည်း များလာမှာဖြစ်ပါတယ်။ သတိများရင် အသိများလာမှာဖြစ်ပြီး အသိများရင် အမှားလည်းနည်းလာမှာဖြစ်ကာ အမှားနည်းလာခြင်းဟာ မလိုအပ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အလိုမကျမှု ဒေါသတွေအထိ အမှန်ညှိသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ သတိရှိနေခြင်းရဲ့ သက်ရောက်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒေါသဆိုရင် ဘယ်လိုဒေါသမျိုးမှ ကောင်းကျိုးပြုတာ မရှိပေမယ့် အကြောင်းအကျိုး သဘောနဲ့ ဖြစ်ပေါ်လာတဲ့ ဒေါသမျိုးဆိုရင် အဆိုးထဲက အကောင်းအနေနဲ့ အကြောင်းပြလို့ မဆိုးလှတာ ဖြစ်တဲ့အတွက် ဘာမှမဟုတ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အဋ္ဌာနကောပ ဒေါသလို ဒေါသမျိုး မဖြစ်အောင်တော့ ကိုယ့်ကိုကိုယ် ဓမ္မကို အခြေခံတဲ့ သတိတရားမျိုး၊ အသိတရားမျိုးနဲ့ ဆင်ခြင်ရင်း တရားဆိုရင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နာယူမှတ်သား သင်ယူလေ့ကျင့်နိုင်အောင် ကြိုးစားကြပြီး အဲဒီတရားအသိနဲ့ပဲ ဘဝမှာ မလိုအပ်တဲ့ အရာတွေမှာ ဖြေဆည်ရာရနိုင်အောင် လေ့ကျင့်နေထိုင်ကျင့်သုံးကြရမှာ ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ အသိပေးတိုက်တွန်းလိုက်ရပါတယ်။

(မနာပဒါယီ ဆရာတော်အရှင်ဝိစိတ္တ)

Monday, July 11, 2016

အအေးဓာတ်ပိုင်ချင်ရင် အအေးဓာတ်ပိုင်ရှင်ကို သတိရပါ.......


မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်းဟူသော ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ ထည့်ထား၊ စိတ်ထားတဲ့ နှလုံးသားဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။ တစ်နည်းပြောရင်တော့ ဂုဏ်ေတာ်နှလုံးသား”ဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။ စာသံပေသံနဲ့ပြောရင်တော့ ဗုဒ္ဓါနုဿတိနှလုံးသား”ဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။

ဒါကလည်းပဲ လိုရာဆွဲပြီး ပြောခြင်း မဟုတ်ပါဘူး။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် နူတ်တော်ကနေ တိုက်ရိုက်ဟောကြားထားတဲ့ စကားအတိုင်း ပြောတာ ဖြစ်ပါတယ်။

ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊ ဘာဝနာနမနုတ္တရံ။
ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿတိ မာနသံ။

ချစ်သား ချစ်သမီးတို့၊ သမထကမ္မဋ္ဌာန်းတွေထဲမှာ အမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများကြပါ။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများကြမယ်ဆိုရင် သင်တို့ရဲ့ စိတ်ကြံစည်မူ မှန်သမျှ ပြည့်ဝလာပါလိမ့်မယ်”လို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် တိုက်ရိုက် ဟောကြားထားတာ ဖြစ်ပါတယ်။

ဗုဒ္ဓါနုဿတိနဲ့ ထုံမွမ်ထားတဲ့ ချစ်သား၊ ချစ်သမီးတို့ရဲ့ နှလုံးသားဟာ လိုတရနှလုံးသားပါပဲ”လို့ ဆိုလိုပါတယ်။ ပူရယိဿတိ မာနသံ”ဆိုတဲ့ ပါဠိကိုပဲ ခေါင်းစဉ်ယူပြီးတော့ လိုတရနှလုံးသားလို့ နာမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဆန်းထွင်ပြီးတော့ နာမည်ပေးထားခြင်း မဟုတ်ပါဘူး။

ကံ၊ ဉာဏ်၊ ၀ီ ရိယ”သုံးမျိုးပြည့်စုံမှ လောကီလိုတတွေ ပြည့်စုံနိုင်တာမို့ လောကီလိုတတွေ ရချင်ရင် ဗုဒ္ဓါနုဿတိနဲ့ တစ်ဖက်က ကံကောင်းအောင် ကြိုးစားရင် တစ်ဖက်ကလည်း ဉာဏ်ဝီရိယနဲ့ လုပ်သင့် လုပ်ထိုက်တဲ့အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်နေရမှာပေါ့။

ဝိပဿနာဉာဏ်” ရင့်သန်မှ လောကုတ္တရာလိုတတွေ ပြည့်စုံနိုင်တာမို့ လောကုတ္တရာလိုတတွေ ရချင်ရင် ဗုဒ္ဓါနုဿတိနဲ့ တစ်ဖက်က စိတ်ကြည်လင်အောင်၊ စိတ်ငြိမ်းအေးအောင် ကြိုးစားရင် တစ်ဖက်ကလည်း သတိပဋ္ဌာန်းနည်းလမ်းအတိုင်း ၀ိပဿနာအလုပ်တွေကို ဉာဏ်ရင့်သထက်ရင့်အောင် အားထုတ်နေရမှာပေါ့။

ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက လိုတရနှလုံးသား” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

Credit to: ဗုဒ္ဓါနုဿတိ အတုမရှိ အနှိုင်းမဲ့ ဂုဏ်တော်

Thursday, July 7, 2016

အတွေးအခေါ်လေးတစ်ခု မတူတာလောက်နဲ့ပဲ...


ကိုယ်နဲ့ အတွေးအခေါ်၊ အယူအဆ မတူတိုင်းသာ အန်ဖရန့်လုပ်ရမယ်၊ ဘလော့ရမယ်ဆိုရင် တစ်နေ့နေ့ရောက်ခဲ့ရင် ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တော့မယ်ထင်တယ်... :P

ပေါ်ပင် လတ်တလော ဖြစ်နေတဲ့ သတင်းတွေ၊ အဖြစ်အပျက်တွေအပေါ်မှာ အတွေးအခေါ်အယူအဆ မတူညီတိုင်းသာ လိုက်လိုက်ပြီးတော့ ဘလော့ရမယ်ဆိုရင် friend list ထက် block list က ဆယ်ဆမက ပိုများလာမလားပဲ...
ပြဿနာတစ်ခု ဖြစ်လာရင် အမှန်အတိုင်း ဆုံးဖြတ်နိုင်ဖို့က လုံလောက်တဲ့ အချက်အလက်တွေ အစုံအလင် သိထားမှပဲ မှန်မှန်ကန်ကန် မြင်နိုင်မယ်လို့ထင်တယ်။ ကိုယ်က ဒီကိစ္စကို မှန်တယ်ထင်နေတဲ့အချိန်မှာ တခြားတစ်ယောက်က မှားတယ်လို့ ထင်နေတယ်ဆိုရင် သူဘာလို့ မှားတယ်ထင်တာလဲဆိုတာကို နားထောင်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ တစ်ဘက်ဘက်က လုံလောက်တဲ့ အချက်အလက် မရထားတာလဲ ဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ်နဲ့ အတွေးအခေါ်မတူတဲ့ သူတွေရဲ့ အချက်အလက်တွေ၊ အတွေးအခေါ်တွေကို နားထောင်ရမယ်ဆိုရင် တခါတရံမှာ ကိုယ်မမြင်မိတဲ့ ရှုထောင့်ကနေလဲ ကြည့်တတ်သွားစေတယ်။

ဒီကိစ္စလေးတစ်ခုအတွက် ကိုယ်နဲ့ အတွေးအခေါ်မတူတဲ့ သူတွေကို လက်လှမ်းမှီသလောက် ဘလော့လိုက်လို့ လောလောဆယ် မျက်စိအေး၊ နာအေးဖြစ်သွားပေမယ့်... နောက် ပေါ်ပင်ပြဿနာတစ်ခု ပေါ်လာတဲ့အခါ အရင်ပြဿနာတုန်းက သဘောထားတူခဲ့သူတွေထဲကပဲ အခုပြဿနာမှာ မတူတာတွေ ဖြစ်လာပြန်ရော၊ အဲဒီအခါ ထပ်ပြီး ဘလော့ရပြန်ရော။ လောလောဆယ် အေးသွားပြန်ရော... နောက်ပြဿနာတစ်ခု ပေါ်လာတော့ အတွေးအခေါ်မတူတဲ့သူတွေ ထပ်တွေ့ပြန်ရော... ဘလော့ရပြန်ရော... အဲဒါတွေနဲ့ပဲ သံသရာလည်နေတယ်... :)

ဒါကြောင့် ပေါ်လာတဲ့ ပြဿနာတိုင်းမှာ အတွေးအခေါ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ... တင်ချင်တဲ့ပို့စ်ကို တင်ချင်သလို စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တင်ကြပါ။ ကိုယ်ထင်တာတွေလည်း ထင်သလို ရေးချင်သလို ရေးကြပါ... ခိုင့်အတွက်တော့ အရင်ကတည်းက ခင်ထားပြီးသား သူငယ်ချင်း၊ မိတ်ဆွေတွေအားလုံးကို ဘယ်ကိစ္စမှာမဆို သဘောထား တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ... အခင်အမင် မပျက်ပါဘူး... လို့... :)

ပေါ်ပင် ကိစ္စတစ်ခုခု ပေါ်လာတိုင်းမှာ... "ဒီကိစ္စအပေါ် ဒီလိုမြင်ရင်၊ ဒီလိုအတွေးအခေါ်ရှိရင် ငါ့ကို အန်ဖရန့်လုပ်ကြပါ၊ ဘလော့သွားကြပါ၊ အန်ဖရန့် လုပ်ပြစ်မယ်၊ ဘလော့ပြစ်မယ်..." ဆိုတဲ့ status တွေကို ပေါ်ပင် ပြဿနာတွေပေါ်ပေါ်လာတိုင်း မကြာခဏ တွေ့တွေ့နေရတာ စိတ်မကောင်းလို့ ဥာဏ်မှီသလောက်လေး ရေးလိုက်တာပါ...
အမှားပါခဲ့ရင်လည်း နားလည်ပေးကြပါ... :)

ခိုင်

-------

Shared from Khine Khine
Favorite Collections
https://www.facebook.com/Favorite-Collections-273212476167679/

Sunday, July 3, 2016

ကံနှင့် တမလွန်အကြောင်း လေ့လာချက် အပိုင်း(၁)


၁။ နိဒါန်း

တမလွန် ပြဿနာ။ ။ ကံနှင့် ကံ၏အကျိုးတရား။ ကံနှင့် တမလွန်ဘ၀ လူတိုင်း သိလိုကြ။ ကံနှင့် ကံအကျိုးပေး ဘယ်လို ဆက်သွယ်မှုရှိသလဲ။ သေပြီးနောက် ဘ၀ဖြစ်သေးသလား၊ မဖြစ်ဘူးလား။ စဉ်းစားကြရင်း ကံအကြောင်း၊ တမလွန်ဘ၀အကြောင်း ပြဿနာ စဖြစ်လာ၏။

ဘ၀ရှိသည်ဟု ယူဆ။ ။ အမြဲရှင်လိုသူများက သေပြီးနောက် ပြန်ရှင်လိုကြ၏။ ထိုသူများက တနည်းတဖုံအားဖြင့် နောက်ဘ၀ရှိသည်ဟု ယူဆခဲ့ကြ၏။ ဤသည်ကို ဘ၀တဏှာဟု ခေါ်၏။

ဝါဒ ၂-မျိုး။ ။ လောက၌ အယူဝါဒ အုပ်စုနှစ်ခုရှိ၏။ တစ်စုမှာ မပျက်စီးဘဲ အမြဲတည်သော အတ္တ၊ အသက်၊ ၀ိညာဏ် ရှိသည်ဟု ယူဆသော အတ္တ၀ါဒ။ အခြားတစ်စုမှာ အမြဲတည်သည့် အတ္တမရှိသည့် အနတ္တ၀ါဒ။ ဗုဒ္ဓ၀ါဒမှတပါးသော ၀ါဒများသည် အတ္တ၀ါဒချည်း ဖြစ်၏။

အတ္တ၀ါဒီတို့၏ တမလွန်။ ။
အတ္တ၀ါဒီတို့၏ တမလွန်ဘ၀သည် အတ္တ၊ ၀ိညာဏ်ကို အခြေခံ၏။ လူသေသော်လည်း အတ္တက မသေ၊ နောက်ခန္ဓာအသစ်ပြောင်း၍ တည်၏။ ဤနည်းဖြင့် တမလွန်ဘ၀ဖြစ်၏။ (ဗုဒ္ဓတရားတော်အရ တည်မြဲအယူမှား သဿတဒိဋ္ဌိ ဟုခေါ်၏။)
အချို့က အတ္တ၊ ၀ိညာဏ်သည် တဘ၀သာ တည်၏။ သေလျှင် ပျက်စီးသွား၏။ ဘာမျှ မကျန်တော့။ ဘာမျှ မဖြစ်တော့။ တဘ၀တည်းဖြင့် အဆုံးသတ်သွား၏။ (ပြတ်စဲအယူမှား ဥစ္ဆေဒဒိဋ္ဌိ)

အနတ္တ၀ါဒီတို့ တမလွန်။ ။
ကြောင်းကျိုး နိယာမကို အခြေခံ၏။ လက်ရှိဘ၀ ပြုလုပ်မှု ကောင်း+မကောင်းကံများက ဖြစ်စဉ်အရှိန်အဟုန်ဖြင့် နောက်ဘ၀ ရုပ်နာမ်အသစ်များကို ထုတ်လုပ်၏။

တမလွန်ဘ၀။ ။ အနောက်တိုင်းက တမလွန်ဘ၀ကို Reincarnation ဟု သုံးကြ။ အဓိပ္ပါယ်က “Soul ဟုခေါ်သော ၀ိညာဉ်က အခြားခန္ဓာကိုယ်တစ်ခုထဲ ပြန်ပြီး နောက်တစ်ဘ၀ဖြစ်ခြင်း” ဟု အဓိပ္ပါယ်ရ၏။ ဗုဒ္ဓဘာသာမှာတော့ Rebirth ဟု သုံး၏။ ပြန်လည်မွေးဖွားခြင်း-ဖြစ်ခြင်း ဟု အဓိပ္ပါယ်ရှိ၏။

ပါရမီရှင်လေးများ


ဗီသိုဗင်။  ။ ဂျာမဏီက ဗီသိုဗင်ဟာ ၃-နှစ်မှာ သီချင်းစပ်၊ ၆-နှစ်မှာ အော်ခက်စတြာတီးဝိုင်းကြီးကို ဦးစီးကာ တီးနေပြီ။ ဒီဘ၀မှာ အကြောင်း သင်ကြားမှု မရှိသေးဘဲနဲ့ ဒီလောက် နက်နဲတဲ့ သီချင်းတွေ တီးလုံးတွေကို ဘယ်လိုလုပ်တတ်သလဲ။ သူမမွေးဖွားမီ တချိန်ချိန်မှာ သင်ကြားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေ၏။

ကိုးရီးယားက အန်းယောင်း။ ။ ရူပဗေဒ ပါမောက္ခ ကင်ဆူဆန်းရဲ့သား အန်းယောင်းဟာ ရက်တစ်ရာပြည့်တဲ့နေ့ သွား ၁၉-ချောင်း ပေါက်၏။ နောက်နေ့ကစ စကားပြော၏။ ၁၃-လသားမှာ အင်္ဂလိပ်စကား ပြော၏။ ၁၄-လသားမှာ ဂျာမန်နှင့် ပြင်သစ်စကားတွေ ပြော၏။ ၁-နှစ်ခွဲမှာ တရုတ်စာကို ရေးတတ်၏။ ၂-နှစ်နှင့် ၄-လသားတွင် ကိုယ်ပိုင် မှတ်တမ်းရေးနေ၏။

လောက သဘာဝအရ မဖြစ်နိုင်ပေ။ ဒီဘ၀မသင်ရဘဲ တတ်နေရင် ဘယ်တုန်းက သင်ခဲ့သလဲ။ အရင်ဘ၀က ဒီပညာရပ်တွေကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့၍ ဒီဘက်ဘ၀မှာ မသင်ရဘဲ တတ်နေသည်ဟု အဓိပ္ပါယ်ရနေ၏။

လူဝင်စား ဖြစ်ရပ်ဆန်းများ


ဗာဂျီးနီးယား တက္ကသိုလ် Psychiatrist Prof. Ian Stevenson က Twenty Cases Suggestive of Reincarnation (1966) စာအုပ်ထဲတွင် လူဝင်စားများအကြောင်း လေ့လာ၍ ရေးထား၏။

ဘရာဇီးက ပေါလို။ ။ ပေါလို မွေးပြီး ၄-နှစ်မှာ ဘယ်သူမှ မသင်ရဘဲ သူဖာသူ စက်ချုပ်တတ်နေ၏။ သာမန်မဟုတ်ပေ။ စက်နှင့် ဖောင်းကြွများပါ ထိုးနိုင်၏။ ဒီဘ၀ ဘာမှ မသင်ရသေးဘဲ ဘယ်လိုတတ်သလဲ။ အကျိုးတစ်ခုရဖို့ အကြောင်းရှိရမည်။ ယခုဘ၀ သင်ကြားခြင်း အကြောင်းမရှိသေးလျှင် ဘယ်တုန်းက သင်ခဲ့သနည်း။ သည်မတိုင်မီ အရင်ဘ၀က စက်ချုပ်ပညာကို ကျွမ်းကျင်စွာ တတ်ခဲ့ပေလိမ့်မည်။

အလာစကာမှ ၀ီလျံဂျော့။ ။ အလာစကာမှ တံငါသည် တလင်းဂျစ်လူမျိုး ၀ီလျံဂျော့ဟာ တနေ့မှာ သူ့သား ရယ်ဂျီနယ်ဂျော့ကို “ငါသေရင် မင်းဆီမှာ ပြန်ဝင်စားမယ်။ ရော့ ဒီရွှေနာရီသိမ်းထား” ဟု ဆိုကာ ပေးခဲ့၏။ သူ့ကိုယ်မှ အမှတ်သားများကိုလည်း ပြထား၏။ ဒီနာရီကို သူ့မိန်းမ ဆူဇန်ကို ပေးထား၏။ သူသေပြီး ကိုးလကျော်လောက်တွင် ဆူဇန်၌ သားလေးမွေး၏။ မွေးလာသည့် ကလေးတွင် ၀ီလျံဂျော့၏ အမှတ်အသားများ ပါလာ၏။ တနေ့ ဆူဇန်က ကိစ္စရှိ၍ လက်ဝတ်ရတနာများ စစ်နေစဉ် သူ့သားရောက်လာပြီး “ဒါ ငါ့နာရီ” ဆိုပြီး ရွှေနာရီကို ကောက်ယူသွားသတဲ့။ ဒီပြင် အပြောအဆို အမူအယာ ကြိုက်၊ မကြိုက်တွေအားလုံးလဲ ၀ီလျံဂျော့နဲ့ အားလုံးတူသည် ဆို၏။ ထို့ကြောင့် ရယ်ဂျီနယ်ဂျော့တို့ လင်မယားက ၀ီလျံဂျော့ဟု ဆုံးဖြတ်လိုက်ကြ၏။

ငညိုရဲ့ ဆန်တစ်စလယ်။ ။ တောင်တွင်း အနောက်မြောက်ဘက်က ချောင်းရိုးရွာမှာ ဘဆိုင်နဲ့ ငညို သူငယ်ချင်းနှစ်ယောက် ကွမ်းထမ်းရောင်းစားကြ၏။ တနေ့မှာ ဘဆိုင်ဆန်ကုန်နေ၍ ငညိုထံတွင် တစ်စလယ်ချေးပြီး ချက်စား၏။ ထိုညတွင်ပင် မြွေထိ၍ ဘဆိုင် ဆုံးသွား၏။

ဘဆိုင်သေပြီး ငညိုအိမ်တွင် တိုက်ကြက်ဖြစ်၏။ တစ်နေ့ သူထက်ကြီးသောကြက်နဲ့ ခွပ်သောအခါ ငညိုက စိတ်ဆိုးပြီး ခြေထောက်ကိုင် မြေကြီးမှာ ရိုက်လိုက်သဖြင့် မူးမေ့သွား၏။ အိမ်ရောက်တော့ ရေအိုးစင်နား ချထားရာ အိမ်က နွားမကြီးက သေခါနီးလေးမှာ လာနမ်းသွား၏။ သေပြီး ထိုနွားမထံဝင်စားပြီး နွားကလေး မွေးလာ၏။ အရွယ်ရောက်သောအခါ သူငယ်ချင်းများ လာဝယ်၍ ရောင်းပြီးး သတ်စားလိုက်ကြ၏။ သတ်နေစဉ် တောင်တွင်းကြီးက စာရေးကြီးလင်မယား ရောက်လာပြီး “ငါ့နွားသာဆို မသတ်ရက်ပါဘူး” ဟု ပြော၏။ နောက် စာရေးကြီးကတော်ထံ ၀င်စား၏။ မွေးပြီး ၇-နှစ်တိုင်အောင် စကားမပြော။ နောက် အဖေက ချော့ပြောမှ “ငညို့ ဆန်တစလယ်” ဟု ပြော၏။ “ဆန်တစလယ်မကဘူး တစ်အိတ်ဆပ်မယ်” ပြောသောအခါ၊ သားက “ဒါဆို ဆန်အိတ် လှည်းပေါ်တင်” ဟု ပြော၏။ ၄င်းနောက် သူပြောသည့်အတိုင်း သွားသောအခါ ငညိုအိမ်သို့ ရောက်၏။ တွေ့တွေ့ချင်း “ဟေ့ ငညို၊ မင်း ငါ့ကို မှတ်မိသေးလား” ဟု မေး၏။ သူ့အဖေလောက်ရှိသူကို ငညိုဟု ခေါ်ရမလားဆိုပြီး ငညို စိတ်ဆိုး၏။ နောက် အကြောင်းစုံ အကုန်ပြန်ပြောပြမှ လည်ပင်းဖက်ကာ ငိုကြလေသတဲ့။

(မဟာစည်ဆရာတော်၊ ဓမ္မစကြာတရားတော်၊ ၂၈၉-၂၉၃။)


နောက်အပတ် ဆက်ရန်…

Photo Credit: Original Uploader
မေတ္တာဖြင့်

Favorite Collections မှ စာရိုက်ပူဇော် မျှဝေပါသည်။ 
https://www.facebook.com/Favorite-Collections-273212476167679/
July 3, 2016 (Sun)


.