Thursday, July 28, 2016

ဘုရားအလောင်း ငရဲကျသည်မှာ အဘယ်ကြောင့်နည်း


( ပုထုဇဉ်များ မိမိဝစီကံကို ဆင်ခြင်ဖွယ်)

နိယတဗျာဒိတ်ရပြီးတဲ့ ဘုရားအလောင်းသည် အဝီစိငရဲနှင့် လောကန္တရိက်ငရဲတို့၌ မဖြစ်တော့ စေကာမူ သာမာန်ငရဲတို့၌မူ ဖြစ်တတ်, ကျတတ်ပါတယ်။ ကိလေသာ မကင်းသေး၍ မကောင်းမှုတွေ ပြုမိသောကြောင့် သာမာန် ငရဲကျရပါတယ်။ ဘုရားအလောင်းရဲ့ ငရဲ၌ ဆင်းရဲခံစားခဲ့ရတဲ့ ဝတ္ထုဇာတ်လမ်း များစွာ ရှိပါတယ်။

ကဿပဘုရားရှင်ကို ဘုရားအလောင်း ဇောတိပါလလုလင်က “ဦးပြည်းရဟန်းအား အဘယ်မှာ သဗ္ဗညုတ ဉာဏ်ကို ရပါ့မလဲ? သဗ္ဗညုတဉာဏ်ဆိုတာ အလွန်ရခဲတဲ့ တရားဖြစ်တယ်”လို့ နှိမ့်ချပြောဆိုခဲ့တဲ့မကောင်းမှုကံကြောင့် အရာမက ဘဝများစွာ ငရဲဆင်းရဲအစရှိသည်တို့ကို ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော်, ယင်းအဋ္ဌကထာ(ခု၊ ၃၊ ၃၄၉။ အပဒါန်၊ ဋ္ဌ၊ ၁၊ ၁၂၈)တို့၌ လည်းကောင်း,

လွန်လေပြီးတဲ့ ဘဝတစ်ခု၌ ဘုရားအလောင်းတော်ဟာ သေသောက်ကြူးဖြစ်၍ သဗ္ဗာဘိဘူ ဘုရားရှင်ရဲ့ တပည့် နန္ဒအမည်ရှိတဲ့ တပည့်ရဟန်းတော်အား “ဤရဟန်းသည် သီလမရှိ, ယုတ်မာတဲ့အကျင့်ရှိတယ်" စသည် ဖြင့် စွပ်စွဲ ပြော ဆိုမိတဲ့ အကုသိုလ်ကံကြောင့် အနှစ် တစ်သောင်းတို့ပတ်လုံး ငရဲ၌ ခံရကြောင်း အပဒါန်ပါဠိတော် (ခု၊ ၃၊ အပဒါန၊ ၃၄၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မုနာဠိအမည်ရှိ အရက်သမားဖြစ်၍ သုရဘိ အမည်ရှိတော်မူတဲ့ ပစ္စေကဗုဒ္ဓါအား “ဤရဟန်းသည် ဒုဿီလဘဲ၊ ယုတ်မာတဲ့အကျင့်ရှိတယ်" လို့ ဆဲရေးမိတဲ့ အကုသိုလ်ဝစီကံကြောင့် များစွာသော နှစ်အထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇), အပဒါန်အဋ္ဌကထာ (၁၊ ၁၃၃) တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပုဏ္ဏားမျိုး၌ဖြစ်၍ ရသေ့ပြုလုပ်ကာ တပည့်များကို မန္တန်ပို့ချနေစဉ် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးနှင့်ပြည့်စုံတဲ့ ရသေ့တစ်ပါးအပေါ်မှာ မနာလို ဣဿာပွါးလျက် “ဤရသေ့သည် ကာမဂုဏ်ခံစားနေသူဘဲ" ဟု စွပ်စွဲပြောဆိုမိတဲ့ အကုသိုလ်ကံအကျိုးအားဖြင့် အနှစ်တစ်ထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရ ကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇-၃၄၈)နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၄)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဘတူမိကွဲ ညီငယ်ကို ကျောက်ဖြင့် ထုသတ်ခဲ့တဲ့ မကောင်းမှု အကျိုးအားဖြင့် ငရဲစသည်တို့၌ အထောင်မကသောနှစ်တို့ပတ်လုံး ဆင်းရဲ ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၈) နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၅)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ ဖြစ်၍ ငယ်ရွယ်စဉ်က လမ်းမပေါ်ဝယ် ကစားနေတုန်း ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓါကို မြင်၍ “ဤဦးပြည်းရဟန်းက အဘယ်သို့ သွားမည်နည်း?” လို့ ပြောဆိုကာ ကျောက်စရစ်ခဲဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ ခြေဖမိုး၌ ပစ်ခဲ့တယ်၊ ခြေဖမိုးအရေ ဖြတ်ခွဲ၍ သွေးထွက်ခဲ့တယ်၊ ထိုမကောင်းမှုကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကြီးစွာဒုက္ခ ခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၆-၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဆင်ထိန်းဖြစ်စဉ် ဆင်စီးလျက် လာသောအခါ ခရီးလမ်းမ၌ ပစ္စေကဗုဒ္ဓြွါကို တွေ့မြင်၍ “ဤဦးပြည်းကား အဘယ်မှ လာသနည်း?”လို့ ထိပါးလိုစိတ် ရှိသည်ဖြစ်၍ ဆင်ဖြင့် ထိပါးခဲ့တဲ့ မကောင်းမှုကြောင့် အပါယ်တို့၌ အထောင်မကသော နှစ်တို့ ပတ်လုံး ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပစ္စန္တရစ်မင်းဖြစ်၍ သူယုတ်မာတို့နှင့် ပေါင်းဖော်မိ သဖြင့် တစ်နေ့မှာ သန်လျက်လက်စွဲလျက် မြို့တွင်း၌လှည့်လည်ကာ အပြစ်မဲ့သူတွေကို သံလျက်ဖြင့် သတ်ခဲ့တယ်၊ ထိုမကောင်းမှု အကျိုးအားဖြင့် ထောင်ပေါင်းများစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၉)နှင့် အပဒါန် အဋ္ဌကထာ (၁၊ ၁၃၈)တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ တံငါမျိုး၌ ဖြစ်၍ တစ်နေ့မှာ အခြားတံငါသည်တွေနှင့် အတူ ငါးများသတ်ဖြတ်ရာဌာနသွားရာ ငါးတွေ သတ်နေတာကို မြင်တဲ့အခါ ဝမ်းမြောက်ခြင်း ဖြစ်မိတယ်၊ ထိုအကုသိုလ်ကံ ကြောင့် အပါယ်လေးဘုံ၌ ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၈-၁၃၉)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ဖြစ်၍ မိုက်မဲသည့်အလျောက် ဖုဿဘုရားရှင်ရဲ့ တပည့်ရဟန်းတော်များ, ကောင်းမြတ်တဲ့ ဆွမ်း, အဖျော်, သလေးဘောဇဉ် စသည်များကို ဘုဉ်း ပေးနေသည်တို့ကို မြင်ရလျှင် “ဟယ် ဦးပြည်းရဟန်းတို့ မယောကြမ်းကို စားကြကုန်လော့, သလေးဘောဇဉ်ကို မစားကြနဲ့" လို့ ဆဲရေးမိခဲ့တယ်၊ ထိုအကုသိုလ်ကံကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး အပါယ်လေးပါး၌ ဆင်းရဲခံစားရကြောင်း အပဒါန် အဋ္ဌကထာ (၁၊ ၁၃၉)၌ လည်းကောင်း လာရှိပါတယ်။

အဲဒီ အပဒါန်ပါဠိတော် ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန်,အဋ္ဌကထာ ဗုဒ္ဓအပဒါန်အဖွင့်တို့၌ လာရှိ သောကြောင့် နိယတဗျာဒိတ်ရ ဘုရားအလောင်းပင် ငရဲကျကြောင်းကို သိရပါတယ်။ ပုထုဇဉ် သာမာန်ဖြစ်သော မိမိတို့မှာမူ ငရဲ၌ ဘယ်နှစ်ခါ ကျခဲ့ဘူးတယ်-ဆိုတာ ပြောဖို့ မလွယ်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ

မှတ်ချက် ။ ။ July 23 တွင်တင်လိုက်သော ဗျာဒိတ်ရပြီးဘုရားအလောင်းတို့မဖြစ်ရာဌာန(၁၈)ပါး

၁။ ပဋိသန္ဓေကန်း မဖြစ်ခြင်း။
၂။ နားပင်းသူ မဖြစ်ခြင်း။
၃။ သွားရေမကျခြင်း။
၎။ အရှုးမဖြစ်ခြင်း။
၅။ လူရိုင်းမဖြစ်ခြင်း။
၆။ ကျွန်မျိုးမဖြစ်ခြင်း။
၇။ နိယတမိစ္ဆာဒိဋ္ဌိမဖြစ်ခြင်း။
၈။ ပဉ္စာနန္တရိယကံမကျူးလွန်ခြင်း။
၉။ အသညသတ်ဗြဟ္မာမဖြစ်ခြင်း။
၁၁။ ငုံးအောက်မငယ် ဆင်ထက်မကြီးတိရစ္ဆာန်ဖြစ်ခြင်း။
၁၂။ နူနာရောဂါမဖြစ်ခြင်း။
၁၃။ စကြာဝဠာတစ်ပါး၌မဖြစ်ခြင်း။
၁၄။ သုဒ္ဓါဝါသဘုံ၌မဖြစ်ခြင်း။
၁၅။ အပါယ်ငရဲမကျခြင်း။
၁၆။ မာရ်နတ်မဖြစ်ခြင်း။
၁၇။ ပြိတ္တာမျိုး၌မဖြစ်ခြင်း။
၁၈။ လိင်ပြန်ရိုးမရှိခြင်း။

တက္ကသိုလ်သျှင်သီရိ(ဓမ္မာစရိယ-ဘီအေ)
ရင်နှစ်သည်းချာသားလိမ္မာမှ

ထိုထဲတွင်ပါသော အပါယ်ငရဲမကျခြင်းဆိုသည်ကို အဝီစိငရဲနှင့် လောကန္တရိက်ငရဲသို့ မကျရောက်ခြင်းဟု မှတ်ယူကြပါကုန်။

Shared from ဓမ္မ စာပေများ

No comments:

Post a Comment