Monday, July 18, 2016

ဝါဆိုလပြည့် - ဓမ္မစကြာအခါတော်နေ့


ဝါဆိုလသည် နွေရာသီတစ်ဝက်၊ မိုးရာသီတစ်ဝက်လ ဖြစ်သည်။ ရှေ့လဆန်းဆယ့်ငါးရက်က နွေရာသီ၌ အကျုံးဝင်၍ နောက်လပြည့်ကျော် ဆယ့်ငါးရက်က မိုးရာသီတွင် အကျုံးဝင်သည်။

ဝါဆိုလတွင် မိကျောင်းပန်းများ ဖွေးဖွေးလှုပ်ပွင့်ကြသဖြင့် “ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး မိုးအေးအေး” ဟု ရှေးတောင်သူဦးကြီးတို့ ဆိုခဲ့ကြသည်။ ဝါဆိုလတွင် မိုးများ သည်းထန်စွာရွာသွန်းလို့ လယ်ကွင်းပြင်တစ်ခုလုံး ရေတွေဖွေးနေသဖြင့် “ဝါဆို ဝါခေါင် ရေဖောင်ဖောင်” ဟုလည်း ဆိုခဲ့ကြသည်။

နေ့ ဝါဆို၊ ည ပြာသိုဆိုသည့်အတိုင်း ဝါဆိုလတွင် ညတာတို၍ နေ့တာရှည်သည်။ ဝါဆိုလ၌ မိန်းတည့်ချိန်တွင် လူရိပ်မထွက်။ နေပူတွင် ရပ်နေလျှင် လူရိပ်က လူ့အောက်မှာ ပျောက်နေသည်။ထို့ကြောင့် “ဝါဆို လူ့အောက်၊ အရိပ်ပျောက်” ဟု ဆိုကြသည်။

ပုဂံခေတ်က ဝါဆိုကို မလွတ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာဟု အမျိုးမျိုး ခေါ်ဝေါ်ရေးသားခဲ့ကြ၏။ အဓိပ္ပါယ်က လယ်မြေတိုင်းသောလ၊ မြေတိုင်းလ (မြွယ်= လယ်မြေ၊ တာ= တိုင်းတာသောလ). နွေရာသီလွန်ပြီးသောလ (နွေ= နွေရာသီ၊ တာ “အတီတာ= တာ” လွန်ပြီးသောကာလ)။ နွေရာသီ၏ အဆုံးဖြစ်သောလ (နွေ= နွေရာသီ၊ တာ “အန္တ= တာ” အဆုံးဖြစ်သောလ) ဟု အဓိပ္ပါယ်ထွက်သည်။

“ဝါဆို” ဟူသောဝေါဟာရသည် အင်းဝခေတ်ရောက်မှ တွင်ကျယ်လာသည်။ဝါဆိုဟူသည် ရဟန်းသံဃာတို့ ဝါဆိုဝါကပ်ပြုတော်မူသောလဟု ဝေါဟာရလီနတ္တ ဒီပနီကျမ်းက ဆိုသည်။ မြန်မာလအမည်များ စာအုပ်ကမူ ရဟန်းတော်များ မိုးသုံးလအတွင်း ကျောင်း၌နေပါမည်ဟု ရွတ်ဆိုသောလ (ဝါသ= နေခြင်း + ဆို= ရွတ်ဆိုခြင်း) ဟု ဆိုသည်။

မြန်မာ့ရိုးရာ ရာသီပွဲတော်များကျမ်းကတော့ ရဟန်းတော်များ မိုးသုံးလပတ်လုံး အခြားအရပ်သို့ ညဥ့်အိပ်မသွားဘဲ ဤကျောင်း၌နေပါမည်။
မိုးခိုပါမည်ဟု ရွတ်ဆိုသောလ၊ (ဝဿ= ဝါ= နေခြင်း= မိုးခိုခြင်း၊ ဆို= ရွတ်ဆိုသောလ) ဟု ဆိုသည်။ အချို့ပညာရှိတို့ကမူ ရဟန်းတော်များ
မိုးသုံးလအတွင်း မှီတင်းနေထိုင်သောလ၊ (ဝါသော= ဝါ+ ဆို= ရွတ်ဆိုသောလ) ဟု ဆိုကြသည်။

ရှေးပဒေသရာဇ်ခေတ်က ဝါဆိုလ၏ပွဲတော်သည် ပဉ္ဇင်းခံ ရှင်ပြုပွဲတော်ဖြစ်သည်။ဗုဒ္ဓသာသနာတော် တိုးတက်စည်းကား ပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားရေးတို့ကို ရည်ရွယ်၍ ရှေးဘုရင်များက အမြော်အမြင်ကြီးစွာ ကျင်းပခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် ပဒေသရာဇ်ခေတ်နှင့်အတူ ထိုရာသီပွဲတော် ကွယ်ပျောက်သွားပြီးနောက်ပိုင်း
ဝါဆိုပွဲတော်သည် ရာသီပွဲတော်အဖြစ် ရောက်ရှိလာခဲ့သည်။ ဝါဆိုပွဲတော်ဟူရာ၌ “သံဃာတော်များ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုဆွမ်း၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ သက်ကြီးပူဇော်ပွဲများ” ပါဝင်လေသည်။

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုသည့်အတိုင်း ဝါဆိုလပြည့်နေ့သည်-
❖ဘုရားအလောင်းတော် ပဋိသန္ဓေယူရာနေ့ဖြစ်သည်။
❖အလောင်းတော် တောထွက်တော်မူသော နေ့လည်း ဖြစ်သည်။
ဘုရားရှင် ဓမ္မစကြာတရားဦး ဟောတော်မူသော နေ့လည်း ဖြစ်သည်။
❖ဘုရားရှင် တန်ခိုးပြာဋိဟာ ပြတော်မူသော နေ့လည်း ဖြစ်သည်။
❖ရှေးဆရာများက ဝါဆိုလပြည့်နေ့ကို “ဓမ္မစကြာအခါတော်နေ့” အဖြစ် သတ်မှတ်ကြသည်။

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖွား ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်းကပ်လာ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့် စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို မိန့်မြွက်ထွေပြား ဟောဖော်ကြားသည်။ တရားနတ်စည် ရွမ်းတယ်ကိုး။

မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့် စနေနေ့ ညနေချမ်း နေဝင်လထွက်ချိန်တွင် ပဉ္စဝဂ္ဂီငါးဦး အမှူးရှိသော နတ်ဗြဟ္မာတို့အား ဓမ္မစကြာတရားဦး ဟောတော်မူခဲ့သည်။

သတ္တဝါတို့သည် သုံးဆယ့်တစ်ဘုံ သံသရာထဲ၌ အိုရ၊ နာရ၊ သေရ၊ စားရေးအတွက် ပူပန်ရ၊ ဝတ်ရေးအတွက် ပူပန်ရ၊ နေရေးထိုင်ရေးအတွက် ပူပန်ရ။ သားရေးသမီးရေးအတွက် ပူပန်ရ။ ထိုသို့ သောကပရိဒေဝ၊ ဒုက္ခဒေါမနဿတွေနှင့် လုံးလည်ချာလည် လိုက်နေတော့၏၊ အဘယ်ကြောင့် ထိုသို့ သောကတွေဗလဗွနှင့် ဒုက္ခရောက်နေကြရပါသနည်းဟု အကြောင်းမှန်ကို ရှာလိုက်တော့ အမှန်တရားကို မသိရှိခြင်း၊ အမှန်တရား ဖုံးကွယ်ခံထားရခြင်း၊ အမှန်တရား၏ ခံစားခွင့်အကျိုးထူးကို မခံစားရခြင်းကြောင့် ဖြစ်၏။

အမှန်တရားကို မည်သူက ဖုံးကွယ်ထားသနည်းဟု အကြောင်းအရင်းကို ရှာပြန်သော် “အဝိဇ္ဇာ” က ဖုံးကွယ်ထားခြင်းဖြစ်၏။

ဆရာကြီးဦးရွှေအောင်က အဝိဇ္ဇာသည် ဖုံးလည်း ဖုံးတတ်သည် ဖော်လည်းဖော်တတ်သည်ဟု ဆို၏။ အဝိဇ္ဇာက ဟုတ်တာ၊ မှန်တာကိုကျ ဖုံးထား၏။ မဟုတ်တာ၊ မမှန်တာကျ ဖော်ပြ၏။ မဟုတ်တာ မမှန်တာဟူသည် ပုဂ္ဂိုလ် သတ္တဝါ၊ ငါသူတစ်ပါး၊ အထီးအမ အကောင်အထည် ဒြပ်ဝတ္တုများ ဖြစ်၏။ ဘုရားရှင်သည် အဝိဇ္ဇာ အမှောင်ထုမှ ဦးစွာဖောက်ထွက်၍ ဝိဇ္ဇာအလင်းရောင်ထဲသို့ ဦးစွာရောက်ခဲ့၏။ သစ္စာဓမ္မအမှန်တရားကို ဦးစွာပထမ သိရှိခဲ့၏၊ အမှန်တရားကို သိရှိသဖြင့် ဗုဒ္ဓ ဟူသော အမည်
နာမကို ရရှိခဲ့၏၊ ထိုအမှန်တရားကို ထုတ်ဖော်တင်ပြ၊ ဟောပြပို့ချခြင်းကြောင့်လည်း “ဗုဒ္ဓ” ဟူသော အမည်ထူးကိုရ၏။

ဗုဒ္ဓသည် သူသိခဲ့သော အမှန်တရားကို ကျေးဇူးအရှိဆုံးသူ ပဉ္စဝဂ္ဂီတို့အား ဦးစွာပထမ ဦးစားပေး၍ ဟောကြားတော်မူ၏။ထိုတရားဦးကို ဓမ္မစကြာတရားဟုခေါ်သည်၊ ဓမ္မဆိုတာက သစ္စာလေးပါး အမှန်တရား
ဖြစ်သည်၊ စကြာဆိုတာက စကြာများလို အဆက်မပြတ် လည်ပတ်နေခြင်း ဖြစ်သည်။ သစ္စာလေးပါးကို လည်ပတ်အောင်လည်စေ၍၊ လှည့်၍ ဟောပြခြင်းကို ဓမ္မစကြာဟု ခေါ်သည်။

အမှန်တရားကို ရှာဖွေသူ၊ အမှန်တရားသို့ ချဉ်းကပ်သူသည် အစွန်းမရောက်ဖို့လို၏။ အစွန်းလွတ်ဖို့လို၏၊ ထို့ကြောင့် ဘုရားရှင်က သစ္စာတရားရှာဖွေသူသည် အစွန်းနှစ်ပါး ရှောင်ရှားရမည်ဟု မိန့်တော်မူခဲ့၏၊ စည်းစိမ်ခံခြင်း၊ ဇိမ်ခံခြင်းသည် အစွန်းတစ်ဖက် ဖြစ်၏၊ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့၊ ငတ်ငတ်ပြတ်ပြတ်နှင့် ကျင့်ခြင်းသည်လည်း အစွန်းတစ်ဖက် ဖြစ်၏၊ လောဘသည် သို့မဟုတ် အချစ်သည် အစွန်းတစ်ဖက် ဖြစ်၏၊
ဒေါသသည် သို့မဟုတ် အမုန်းသည် အစွန်းတစ်ဖက် ဖြစ်၏၊ အမှန်တရားကို ရှာဖွေသူ၊ အမှန်တရားသို့ ချဉ်းကပ်သူသည် လောဘနှင့်လည်း ရှာ၍မရ။ ဒေါသနှင့်လည်း ရှာ၍မရ။ အချစ်နှင့်လည်း ရှာ၍မရ။
အမုန်းနှင့်လည်း ရှာ၍မရ။ ထိုအစွန်းတွေ လွတ်အောင် ရှောင်နိုင်မှသာ
အမှန်တရားကို တွေ့ရှိမည်ဖြစ်၏။

ဘုရားရှင်သည် အစွန်းလွတ်သော ကျင့်စဉ်ကို ချပြတော်မူ၏။မဇ္ဈိမပဋိပဒါကျင့်စဉ်ဟု ခေါ်၏။ အလယ်အလတ်ကျင့်စဉ်ဟု အဓိပ္ပါယ်ရ၏။ ထိုကျင့်စဉ်သည် ဓမ္မရေး၌သာမက လောကရေး၌ပါ အလွန်အရေးပါလှ၏၊ လောကရေးဟူရာ၌ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးစသည့် လူနှင့်ဆိုင်သောအရေး အားလုံးအကျုံးဝင်၏။ မှန်မှန်လျှောက် ခရီးရောက်သည်။ အမှန်ကို အမြန်လိုက်မမီနိုင်ဟူသော ဆိုရိုးစကားတို့၌ မှန်မှန်၊ အမှန်ဟူသည် မဇ္ဈိမပဋိပဒါကျင့်စဉ်ဖြစ်၏။

မဇ္ဈိမပဋိပဒါကျင့်စဉ်နှင့်အညီ အရာရာကို မှန်မှန်လေး လုပ်ကိုင်ဆောင်ရွက်ခြင်းသည် လိုရာကိစ္စ ပြီးမြောက်ဖို့ သေချာ၏၊ အမြန်သမားနှင့် အမှန်သမားနှစ်ဦး ယှဉ်ပြိုင်လုပ်ကိုင်ရာ ရေရှည်မှာ အမှန်သမားက ပို၍ ခရီးရောက်သည်ကို တွေ့ရ၏။

လူမှုကိစ္စအရေးအပေါင်းများစွာ၌ အစွန်းမထွက်ဖို့လို၏။ အစွန်းမရောက်ဖို့လို၏။ အစွန်းလွတ်ဖို့လို၏။ အစွန်းကိုရှောင်၍ အလယ်လမ်း၊ အမှန်လမ်းက လျှောက်မှသာ အမှန်တရားကို တွေ့ရှိနိုင်၏။ တကယ်တမ်းကလည်း ချမ်းသာသုခဟူသည် အမှန်တရား၏ အရိပ်အာဝါသအောက်၌သာရှိ၏။ အမှန်တရား၏ ရိပ်မြုံ၌သာ ချမ်းသာသုခကို ရှာဖွေတွေ့ရှိနိုင်၏။ချမ်းသာချင်လျှင် အမှန်လမ်းကြောင်းကသာ လျှောက်ရ၏၊ အမှန်လမ်းကြောင်းပေါ် ရောက်ဖို့ လောဘစွန်းကလည်း မသွားနှင့်။
ဒေါသစွန်းကလည်း မလျှောက်နှင့်။ အချစ်လမ်းကြောင်းကလည်း မသွားနှင့်။ အမုန်းလမ်းကြောင်းကလည်း မသွားနှင့်။ လောဘစွန်း အချစ်လမ်းကြောင်း၏နောက်မှာ မနာလိုမှု ဣဿာ၊ ဝန်တိုမှု မစ္ဆရိယတို့ ပါဝင်၏။

အလောင်းတော်သည် ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခြင်းဖြင့် လမ်းမှားသွားခဲ့၏။နောက်မှ လမ်းမှားမှန်းသိပြီး ပုံမှန်လမ်း၊ မဇ္ဈိမပဋိပဒါလမ်းပေါ် ပြန်တက်ပြီး လျှောက်မှသာ အမှန်တရားကို တွေ့ရှိတော့၏။ သူကိုယ်တိုင် အမှန်တရားကို တွေ့ရှိပြီးသောအခါ ကမ္ဘာလောကကြီးကို ကြည့်လိုက်တော့ ကမ္ဘာလောကကြီးတစ်ခုလုံး အဝိဇ္ဇာအမှောင်ထုကြီး လွှမ်းဖုံးပြီး အမှန်တရား ပျောက်ကွယ်နေတာကို တွေ့ရ၏။ သတ္တဝါအားလုံး အမှောင်လမ်းမှာ စမ်းတဝါးနှင့် ဒုက္ခတွေပင်လယ်ဝေနေတာကို တွေ့ရ၏။ ထို့ကြောင့် သစ္စာလေးပါး အမှန်တရား မီးရှုးတိုင်ကို ထွန်းညှိပြချင်လို့ ဦးစွာပထမ သစ္စာလေးပါး အမှန်တရားကို တရားဦးအနေနှင့်
ဟောတော်မူခဲ့သည်။

ဘုရှားရှင် အမှန်တရားကို ရှာဖွေတွေ့ရှိရာ၌ လျှောက်လမ်းခဲ့သော မဇ္ဈိမပဋိပဒါ အစွန်းလွတ်လမ်းစဉ်ဟူသည် မဂ္ဂင်ရှစ်ပါးဖြစ်၏။

❖သမ္မာဒိဋ္ဌိ- အမြင်မှန်ရမည်၊ အသိမှန်ရမည်။ အမှန်ကိုသိဖို့လိုသည်။
❖သမ္မာသင်္ကပ္ပ - အတွေးအခေါ် အယူအဆမှန်ရမည်။ အတွေးအခေါ် မှန်ဖို့လိုသည်၊ အယူအဆမှန်ဖို့လိုသည်။
❖သမ္မာဝါစာ - အပြောအဆို မှန်ရမည်၊ မှန်တာကို ပြောရမည်၊ ဘုရားရှင်က သစ္စံ ဟဝေ သာဓုတရံ ရသာနံ - အရသာအားလုံးထဲမှာ သစ္စာတရားသည် အရသာအရှိဆုံးဖြစ်သည်ဟု မိန့်သည်။ အနောက်တိုင်းပညာရှင်တို့က beauty is truth အလှအပဟူသည် သစ္စာတရားသာဖြစ်သည်ဟု ဆိုသည်။ အရာရာကို လှပစေဖို့ သစ္စာတရားကသာ
ပုံဖော်ပေးနိုင်သည်။

❖သမ္မာကမ္မန္တ - လုပ်ပုံကိုင်ပုံ၊ လုပ်နည်းလုပ်ဟန်တွေ မှန်ရမည်။
❖သမ္မာအာဇီဝ - မှန်ကန်သော၊ တရားမျှတသော အသက်မွေးမှု ရှိရမည်။
❖သမ္မာဝါယာမ - ကြောင့်ကြစိုက်တာ၊ အားထုတ်တာ မှန်ရမည်။
❖သမ္မာသတိ - စိတ်နေ မှန်ရမည်။
❖သမ္မာသမာဓိ - စိတ်ထား မှန်ရမည်။
ဤမဇ္ဈိမပဋိပဒါ အမှန်လမ်းကြောင်းကလျှောက်လျှင် ချမ်းသာဖို့သေချာ၏။

“ချမ်းသာသုခ တစ်ခုမျှ၌ လောကအထု အကုန်စု၏။ ပုပုရွရွ ဟူသမျှလည်း သုခအားကြီး လုံ့လသည်း၏” ဟု ဆိုသည်၊ လောကသားအားလုံး၏ ဆန္ဒသည် တစ်နေရာတည်းမှာ သွား၍စုမိကြသည်။ ထိုနေရာကား ချမ်းသာသုခဖြစ်သည်။ လယ်သမားလည်း ချမ်းသာချင်သည်။
ကုန်သည်ပွဲစားလည်း ချမ်းသာချင်သည်။ လခစားဝန်တမ်းများလည်း ချမ်းသာချင်သည်။ လူတိုင်းလူတိုင်း ချမ်းသာချင်သည်။ ချမ်းသာချင်လျှင်၊ ချမ်းသာစေချင်လျှင် မဇ္ဈိမပဋိပဒါ အလယ်လမ်းက လျှောက်ဖို့လို၏၊ ဘယ်ဘက်ကိုမှ အစွန်းမထွက်စေနှင့်၊ အစွန်းထွက်လျှင် ဒုက္ခရောက်လိမ့်မည်။

ပုထုဇဉ်သည် အတ္တကကြီးစိုးသဖြင့် အရာရာကို အတ္တဘက်ကသာ ကြည့်၏၊ အတ္တဘက်ကသာ တွေး၏၊ အတ္တဘက်ကို ဘက်လိုက်၏၊ ပုထုဇဉ်သည် အတ္တကို အရမ်းညှာလွန်းတော့ အတ္တကို ညာရ၏။ အတ္တကို ညာသူသည် ပရကိုလည်း ညာတော့၏။ ညာဟူသည် မုသားပင်ဖြစ်၏။
မုသားဟူသည် သစ္စာနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ သစ္စာကို ဆန့်ကျင်လျှင် အတ္တ သို့မဟုတ် ပရ၊ တစ်ဦးဦးတော့ ဒုက္ခရောက်မှာသေချာ၏။ အတ္တ ဒုက္ခရောက်ရခြင်းသည် အတ္တကြောင့်ချည်းမဟုတ်။ ပရကြောင့် ဒုက္ခရောက်ရတာတွေလည်း အများကြီးရှိသည်။ ပရကို ဒုက္ခပေးလျှင် ထိုဒုက္ခသည် နောက်ဆုံးတော့ အတ္တထံ မလွဲမသွေ ရောက်လာမှာသေချာ၏။
ချမ်းသာသုခဟူသည် သစ္စာနှင့်ယှဉ်မှသာ ရေရှည်ရရှိနိုင်၏။ မုသားနှင့်ယှဉ်၍ မရနိုင်၊ ချမ်းသာချင်လျှင်၊ ချမ်းသာစေချင်လျှင်တော့ သစ္စာတရားကို မြတ်နိုးမှ ဖြစ်မည်၊ အမှန်တရားနှင့် ရင်းနှီးယူမှရမည်။ ဒုက္ခတွေ့နေပြီဆိုလျှင် တစ်ခုခုတော့ မှားနေသည်မှာ သေချာ၏၊ ထိုအမှားကို တွေ့အောင်ရှာ၊ သိအောင်လုပ်။ အမှားကို အမှန်ဖြစ်အောင် ပြုပြင်၊ အမှားကို
အမှန်ဖြစ်အောင် ပြုပြင်ရဲသောသတ္တိသည်သာ သတ္တိအစစ်ဖြစ်၏။

သတ္တိအစစ်ကသာ ချမ်းသာသုခကို ဖန်ဆင်းနိုင်၏။ သတ္တိအစစ် မဟုတ်လျှင် မိုက်ရူးရဲသာဖြစ်မည်။ မိုက်ရူးရဲကတော့ ဆင်းရဲကောင်းရုံသာရှိမည်။

ဘုရားရှင်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်တွေ ဖြည့်ကျင့်ဆည်းပူးပြီး ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်ခဲ့ခြင်းသည် ဝေနေယျသတ္တဝါအများ ချမ်းသာစေဖို့ဖြစ်၏။

ချမ်းသာဖို့ဆိုလျှင် အမှန်တရားကို တွေ့မှ၊ မြင်မှ၊ ရရှိမှသာ ချမ်းသာနိုင်သဖြင့် သစ္စာလေးပါး အမှန်တရားကို ဦးစွာပထမ ဟောတော်မူခြင်းဖြစ်၏။ ပိဋကတ်သုံးပုံ၏ အဆီအနှစ်သည် သစ္စာလေးပါးပင်ဖြစ်၏။
ဘုရားရှင် လေးဆယ်ငါးနှစ်တိုင်တိုင် ဟောကြားခဲ့သော တရားအားလုံးသည် သစ္စာလေးပါးကို သိဖို့၊ မြင်ဖို့၊ ရရှိဖို့ပင်ဖြစ်၏၊ သစ္စာသိမှသာ သစ္စာရှိမည်။ သစ္စာသိမှသာ ကိစ္စအားလုံး ပြီးမြောက်မည်။ ထို့ကြောင့် ဘုရားရှင်က သစ္စာလေးပါးကို တရားဦးအနေနှင့် ဟောတော်မူခဲ့၏။

သစ္စာလေးပါး ဟူသည်.....

❖ဒုက္ခသစ္စာ - ဆင်းရဲခြင်းအမှန်တရား၊
❖သမုဒယသစ္စာ - ဆင်းရဲကြောင်းအမှန်တရား၊
❖နိရောဓသစ္စာ - ဆင်းရဲငြိမ်းရာ အမှန်တရား၊
❖မဂ္ဂသစ္စာ - ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း အမှန်တရားဟူ၍ ဖြစ်၏။

ထိုသစ္စာလေးပါးကို သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်သုံးပါးနှင့် လည်ပတ်သွားအောင် လှည့်လည်ပြခြင်းသည်ပင် ဓမ္မစက္က - ဓမ္မစကြာ တရားတော်မြတ်ဖြစ်၏။ ။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
-【ဆရာတော် အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ခ်ျများအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]

No comments:

Post a Comment