Thursday, August 14, 2014

အကျွတ်တရား


ကိုဘအေးတစ်ယောက် လိုအပ်သော ပစ္စည်းတွေစုံပြီမို့ အိမ်က ထွက်မည်အလုပ် အိမ်ပေါက်ဝတွင် ဇနီးဖြစ်သူ မခင်အေးနှင့် လာဆုံနေတော့သည်။ သွားပြီ။ ဒီနေ့အဖို့ ကိုဘအေး လာဘ်ကောင်းမည်မဟုတ်။

အမှန်ပြောရလျှင် ကိုဘအေးနှင့် မခင်အေးသည် ဇနီးမောင်နှံဟု ဆိုသော်လည်း အကျင့်စရိုက်ချင်းက တခြားစီပင်ဖြစ်သည်။ ခုလည်းကြည့်ပါဦး။ ကိုဘအေးမှာက ၁၂ ဗို့ရှိသော ဘက်ထရီအိုးရယ် ၀ါယာကြိုးရယ် နောက်ပြီး ငါးကော်တဲ့သံဆန်ခါခွက်တစ်ခုရယ်၊ မခင်
အေးကတော့ လှူရန်လုပ်ဖို့ ကြက်သွန်ထည့်ထားတဲ့ လင်ပန်းရယ်၊ စိတ်ပုတီးရယ် လယ်ပင်းမှာပတ်ထားတဲ့  ယောဂီတဘက် အညိုလေးရယ်။

ကိုဘအေး၊ ဒီနေ့ဥပုသ်နေ့ကြီး သူများအသက် မသတ်ပါနဲ့တော်။

ဘာကွ၊ ငါ့မှာ ဥပုသ်နေ့လဲမရှိဘူး။ အဖိတ်နေ့လည်း မရှိဘူး။ ဒါကြောင့် မင်းနဲ့ မဆုံချင်တာ။ သွားသွား ကိုယ့်လမ်းကိုယ် သွား။ မခင်အေးက ကိုဘအေးကို စိတ်မသက်မသာကြည့်ရင်း ဘုန်းကြီးကျောင်းရှိရာ အရှေ့အရပ်သို့ ညင်သာစွာလျှောက်သွားတော့သည်။

တောက်။

ကိုဘအေးကလည်း မကျေမနပ်နှင့် တောက်တစ်ချက်ခေါက်ပြီး ငါးများကျက်စားရာ လယ်ကွင်းများရှိသည့် အနောက်အရပ်သို့ ဒေါသတကြီးလျှောက်လှမ်းသွားပါသည်။

ကိုဘအေးတစ်ယောက် တောက်ခေါက်ပြီးရင်း ခေါက်နေရသည်။ လျှပ်စစ်ဖြင့်လျှော့ရိုက်ပြီး ငါးရှာရသည်မှာ ဘက်ထရီတစ်လုံးသာ အားကုန်တော့မည်။ ငါးလေးငါးမွှားကလွှဲလို့ ငါးကြီးကြီးက ဟုတ်တိ
ပတ်တိ မရသေး။ တော်တော်လေး အချိန်ကြာလာတော့ ဘက်ထရီအားက ကုန်သလောက်လျော့နည်းသွားပြီ။ ငါးက ဖမ်းလို့မရတော့ပေ။ ထိုအခါမှ စိတ်ကို ဒုန်းဒုန်းချ၍ အိမ်သို့ပြန်လာခဲ့သည်။

သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြပါစေ။

တံခါးဝအရောက် မအေးအမျှဝေသံကြောင့် ကိုဘအေးတစ်ယောက် မျက်နှာကို မဲ့ရွဲ့လိုက်သည်။ ငါးဖမ်းခွက်ကို ကွပ်ပျစ်ပေါ်သို့ ဗုန်းကနဲပစ်ချရင်း ရွဲ့တိရွဲ့စောင်းနှင့် ပြန်အော်လိုက်သည်။

ဆုတောင်းကတော့ ပြည့်သဟေ့။

ထို့နောက် မီးဖိုထဲဝင်သွားပြီး အသင့်ချက်ထားသော ထမင်းကို ခူးခပ်စားသည်။ ရလာသော ငါးအနည်းငယ်ကို ကျွတ်ကျွတ်အိပ်ထဲ ထည့်၍ တစ်ခါပြန်ထွက်သွားပြန်သည်။ ဒီတစ်ခါ ကိုဘအေး ထွက်သွားသောနေရာမှာ ရွာတောင်ဘက်ရှိ ကိုသာလှ ထန်းတောသို့ဖြစ်သည်။ ယူသွားသော ငါးများမှာ ထန်းရည်နှင့် လဲသောက်ရန်(သို့) အမည်းလုပ်ရန်ဖြစ်သည်။

ထန်းတောကို ရောက်တော့ ငါးရောင်းရာက ပြန်လာသော ကိုသာလှ၏ဇနီး မတောကိုတွေ့လိုက်ရသည်။

အံမယ်၊ မတော ဒီနေ့နင့်မျက်နှာက မှိုရသလိုပဲ၊ တော်တော်လေး နေ့တွက် ကိုက်ခဲ့တယ်ထင်တယ်။

ဟုတ်တယ် ကိုဘအေးရေ၊ ဒီနေ့ကိုရင်သာလှ တစ်ပိဿာလောက် ရခဲ့တယ်။ ကိုဘအေး မတောကိုကြည့်ပြီး အားကျမိသည်။ လင်ရယ် မယားရယ်ဆို ဒီလိုမှပေါ့။ ယောက်ျားကငါးရှာ၊ မိန်းမက ငါးရောင်း၊ တက်ညီလက်ညီနဲ့ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတာ
ဒါမျိုးကိုခေါ်တာ။ သူ့မှာသာ ရှေ့ပိုင်းက ဖတ်ဖတ်မောအောင် ငါးရှာ။ သူ့မိန်းမ မခင်အေးကတော့ နောက်က တရားထိုင်၊ ပုတီးစိပ်။ တစ်ခါတစ်ခါကျတော့လည်း ကိုသာလှနှင့် မတောကိုကြည့်ပြီး ကိုဘအေးတစ်ယောက် သူ့ဘ၀ကို စိတ်ပျက်အားငယ်မိသလို ဖြစ်လာသည်။ ကိုသာလှနှင့်ထန်းရည်သောက်နေစဉ် အင်းတောင်ဘက်က လယ်ကွင်းတွေထဲမှာ ငါးပေါကြောင်းသိရ၍ မနက်ဖြန်ကိုသာလှနှင့်အတူ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ကိုဘအေးရောက်တော့ ကိုသာလှတောင် အဆင်သင့်ဖြစ်နေပြီ။ နှစ်ယောက်စလုံး ၁၂ ဗို့ ဘက်ထရီအိုးကြီးတွေကို ကော်ပုံးထဲထည့်ပြီး စလွယ်သိုင်းလွယ်ထားသည်။ အင်းတောင်ဘက်က လယ်ကွက်တွေထဲ ရောက်တော့ ပါလာသည့် ၀ါယာကြိုးတစ်စကို ငါးဖမ်းတံထိပ်မှာ တပ်ထားသော သံဆန်ခါခွက်၌ တပ်လိုက်သည်။ ကျန်တစ်စကို ဘက်ထရီအိုးမှာ ညှပ်နှင့် ညှပ်လိုက်သည်။ ထိုအခါ လျှပ်စစ်ဓါတ်တွေ သံဆန်ကာခွက်မှာ စီးဝင်နေတော့သည်။

ထို့နောက် နှစ်ယောက်သား ငါးဖမ်းတံကို ရေထဲသို့ထိုးရင်း ငါးရှော့ရိုက်တော့သည်။ ထိုအခါ ငါးဖမ်းတံနှင့်နီးသော ရေထဲက ငါးတို့သည် ဓါတ်လိုက်၍ ရေထဲတွင် ပေါလောပေါ်လာသည်။ ထိုအခါ ဆန်ခါခွက်ကလေးနှင့်ကော်၍ အပေါ်သို့မြှောက်လိုက်ပြီး လက်ဖြင့်ဖမ်း၍ ပလိုင်းထဲသို့ ထည့်သည်။ ကိုဘအေးရော ကိုသာလှရော ကိုယ့်အာရုံနှင့်ကိုယ်မို့ တစ်ယောက်ကိုတစ်ယောက် သတိမထားနိုင်ကြပေ။

ထိုစဉ် အော်သံတစ်ခုနှင့်အတူ ရေထဲသို့ တစ်စုံတစ်ခု ပြိုကျသံကြောင့် ကိုဘအေးတစ်ယောက် ကမန်းကတန်း လှည့်ကြည့်လိုက်ရာ ကိုသာလှ
အဖြစ်ကို ထိတ်လန့်စွာ မြင်တွေ့လိုက်ရသည်။
ဖြစ်ပုံမှာ ကိုသာလှတစ်ယောက် မှောက်လျက်လဲကျရာတွင် ငါးဖမ်းခွက်ပေါ်သို့ တည့်တည့်ကျသွားမိခြင်းဖြစ်သည်။ ကိုသာလှ ကိုယ်လုံးကြီးကို လျှပ်စစ်ဓါတ်များစီးဝင်၍ တဆက်ဆက် တုန်ယင်နေတော့သည်။
------------------------------------
ဒီနေ့ ဥပုသ်နေ့မို့ ထုံးစံအတိုင်း မခင်အေး ဘုန်းကြီးကျောင်း ထွက်လာတော့ ကိုဘအေးနှင့် တံခါးဝတွင် လာဆုံနေသည်။ ဒီနေ့တော့ ကိုဘအေးသည် ဘာပစ္စည်းမှမပါဘဲ တံခါးဝတွင် ငူငူကြီးရပ်နေသည်။

ခုတစ်လော ကိုဘအေးတစ်ယောက် ငြိမ်ချက်သားကောင်းနေသည်ကို မခင်အေး သတိပြုမိတာကြာပြီ။ ခါတိုင်းလိုငါးရှာမထွက်။ တစ်ခုခုကို စဉ်းစားနေသလို တွေတွေဝေေ၀ကြီး ဖြစ်နေသည်။ အတိအကျပြောရလျှင် ကိုသာလှဆုံးပြီးကတည်းက ငြိမ်သွားခြင်းသည် ဒီနေ့အထိပဲဖြစ်သည်။

မခင်အေး၊ ဒီနေ့ဥပုသ်နေ့နော်။

အလို ထူးထူးဆန်းဆန်း ကိုဘအေးပါးစပ်က ဥပုသ်နေ့တွေ ဘာတွေပြောလို့။ မခင်အေးတစ်ယောက် သူ့နားကိုသူ မယုံချင်။

ဟုတ်တယ်လေ။ ကိုဘအေးရဲ့။

အဲဒါ ငါ ဟို ဟို။

ဘာလဲတော့ တော့ဟာက တဟိုဟိုနဲ့။

ဟိုမင်းနဲ့အတူ ဘုန်းကြီးကျောင်းလိုက်ချင်လို့။

ဟင်။

မခင်အေးတစ်ကိုယ်လုံး ကြက်သီးပင် တဖြန်းဖြန်း ထသွားရသည်။

ရှင်တကယ်ပြောတာလား ကိုဘအေး။ ကိုဘအေး ညင်သာစွာ ခေါင်းညိတ်ပြသည်။

အို ဒါဆို ဘာမှစဉ်းစားမနေနဲ့တော့။ ကျုပ်နဲ့သာ တစ်ခါတည်း လိုက်ခဲ့ လာ။

ကိုဘအေးတစ်ယောက် မခင်အေးနောက်ကနေ ဘုန်းကြီးကျောင်းရှိရာ အရှေ့အရပ်သို့ လိုက်လာခဲ့တော့သည်။ ခါတိုင်း ကိုဘအေးသွားနေကျ
အနောက်အရပ်သည် ဆန့်ကျင်ဘက်၌ တရွေ့ရွေ့ ဝေး၍ဝေး၍။

ရင်ခွင်ဦး (ဟံဇား)
မြတ်မင်္ဂလာ
၂၀၀၁၊ စက်တင်ဘာလ။

No comments:

Post a Comment