Monday, August 11, 2014

ဝင်လေထွက်လေကို ဗဟိုပြု၍... အပိုင်း (၁)


★ အာနပါနကမ္မဋ္ဌာန်းကို မသိနားမလည်သူတွေက သမထကမ္မဋ္ဌာန်းလို့ ထင်မှတ်စွပ်စွဲကြပါတယ်။ အာနပါန ကမ္မဋ္ဌာန်းဟာသမထ ၀ိပဿနာ စွယ်စုံရတဲ့ကျမ်းကြီးပါ။ သမထလိုရှုရင် သမထဖြစ်ပြီး ၀ိပဿနာလိုရှုရင် ၀ိပဿနာဖြစ်ပါတယ်။ ၀င်လေထွက်လေ လေကြောင်းနောက်ကိုလိုက်၍ ပုံသဏ္ဌာန်နိမိတ် အရိပ်အယောင်တွေကိုရှုရင် သမထဖြစ်ပါတယ်။ လေနောက်ကို မလိုက်ဘဲ နှာသီးဝလေထိရာ တစ်နေရာတည်းကနေ ထိမှုသဘော သိမှုသဘော လှုပ်ရှားမှုသဘောကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါး ထင်ရှားလာအောင် ရှုနေရင် ၀ိပဿနာဖြစ်ပါတယ်။ဘုရားရှင်တိုင်းဟာ အာပါနကမ္မဋ္ဌာန်းကိုပဲ ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားရင်းနဲ့ ဘုရားဖြစ်တော်မူကြပါတယ်။တခြားပင်တိုင်ကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တာ တစ်ဆူမှ မရှိပါဘူး။ နောင်လည်းမရှိပါဘူး။ ဒီအချက်ဟာ အာနပါနကမ္မဋ္ဌာန်းဟာ ဘယ်လောက်ကြီးကျယ်မြင့်မြတ်တယ် ဆိုတာကို ဖော်ပြနေပါတယ်။

★ ၀င်လေကို အာန၊ ထွက်လေကို အပါန လို့ခေါ်တာမို့ -၀င်လေထွက်လေ ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းကို အာနာပါနကမ္မဋ္ဌာန်းလို့ ခေါ်တယ်။ နှာသီးဝ လေထိတဲ့နေရာလေးမှာ သတိကပ်ပြီးတော့ လေ၀င်လာရင် နှာသီးဝထိပြီးတော့ ၀င်သွားမယ်။
ဒီထိတဲ့နေရာလေးမှာ သတိကပ်၊ ထိတယ်ဆိုတာ တွန်းသွားတာ၊တိုက်သွားတာ ၊ကန်သွားတာ၊ ဒီသဘောပါပဲ။ နှာသီးဝ ထိသွားတဲ့ တစ်နေရာတည်းမှာပဲ စိတ်ကပ်ထားပြီးတော့၊ နှာသီးဝလို့ဆိုလိုတာက အများအတွက်ပေါ့နော်။ နှာခေါင်းရှည်တဲ့ ပုဂ္ဂိုလ်များက နှာသီးဝမှာထိပြီးတော့ ၀င်သွားမယ်။ နှာခေါင်းတိုတဲ့ ပုဂ္ဂိုလ်များကျတော့ အထက်နှုတ်ခမ်းလေးမှာ ထိပြီးတော့ ၀င်ထွက်သွားမယ်။ ဒီတော့ နှာသီးဝမှာ ၀င်ထွက်နေတဲ့ ပုဂ္ဂိုလ်ကလည်း နှာသီးဝမှာ စိတ်ကိုထား အထက်နှုတ်ခမ်းလေးမှာ ထိပြီးတော့ ၀င်ထွက်သွားနေတဲ့ ပုဂ္ဂိုလ်များကလည်း အထက်နှုတ်ခမ်းလေးမှာပဲ စိတ်ကိုကပ်ထား။
တခြားနေရာ မရွှေ့နဲ့တော့။

★ ၀င်လေထွက်လေ ထိသွားတဲ့ နှာသီးဝ (၀ါ) အထက်နှုတ်ခမ်း ဆိုတဲ့နေရာလေး တစ်နေရာတည်းမှာပဲ အပ်ဖျားတစ်ထောက်စာ လောက်မှာပဲ စိတ်ကိုကပ်ထားပြီးတော့ ၀င်သွားလို့ရှိရင် ‘၀င်တယ်’ ၊ထွက်သွားလို့ရှိရင် ‘ထွက်တယ်’။ ဒါလေးပဲ အေးအေးဆေးဆေး ရိုးရိုးလေးမှတ်နေယုံပါ။ ထိသွားတဲ့နေရာမှာ စိတ်ထားပြီး မှတ်နေတော့ ထိတဲ့သဘောလေး သိဖို့တော့လိုတယ်နော်။ ဆိုနေကျနှုတ်တက်နေလို့ စိတ်ကတော့ ၀င်တယ် ထွက်တယ် နဲ့ဆိုနေတယ်။ အာရုံကတခြား
ရောက်နေမယ်ဆိုရင် ကမ္မဋ္ဌာန်းတရားတိုးတက်မှာ မဟုတ်ပါဘူး။ဒါ့ကြောင့်အရေးကြီးတာက ထိတဲ့သဘောလေးကို သိနေဖို့ပါပဲ။ထိတာလေးကို သိနေပြီးဆိုရင် ရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ တဖြည်းဖြည်း ဘာတွေသိလာမလဲ။ ထိတယ်ဆိုတော့ တွန်းတိုက်သွားတဲ့ သဘောလေး ရှိနေတယ်။ ဒီတော့ ကြမ်းတဲ့သဘောလေး
မာတဲ့သဘောလေး ပျော့တဲ့သဘောလေး ဒါလေးတွေသိမယ်။

★ ရှုမှတ်ရင်းရှုမှတ်ရင်းနဲ့က လေ၀င်သွားရင် အပြင်ဘက်ကလေက ၀င်လာဆိုတော့ အေးနေတဲ့သဘောလေးကို သိမယ်။ အတွင်းထဲကနေ လေကပြန်ထွက်သွားပြီဆိုရင် နွေးတဲ့သဘောလေးသိမယ်။မာတဲ့သဘော၊ ပျော့တဲ့သဘော၊ နွေးတဲ့သဘော၊ အေးတဲ့သဘောတွေ သိပေမယ့် ကိုယ်က နွေးတာလေးထင်ရှားလို့ ‘နွေးတယ်’ ၊ အေးတာလေးထင်ရှားလို့ ‘အေးတယ်’ ဒီလိုပြောင်းပြီးမမှတ်နဲ့။
ရှုပ်ယှက်ခတ်သွားမယ်။ သိပဲသိနေပါ။ အေးတာ၊ နွေးတာ၊ ကြမ်းတာ၊ ပျော့တာ ဒါလေးတွေကိုပဲ သိရုံပဲသိနေပြီးတော့ မှတ်တဲ့အခါမှာတော့
ရိုးရိုးလေးအတိုင်းပဲ ‘၀င်တယ်၊ ထွက်တယ်’ မှတ်နေပါ။

★ တချို့ကမှတ်နေရင်းနဲ့ ၀င်လေထွက်လေက မထင်ရှားပဲ ဖြစ်တတ်တယ်။ ဒါသဘာဝပါပဲ။ ၀င်လေ ထွက်လေရဲ့သဘောဟာ တဖြည်းဖြည်းနဲ့သိမ်မွေ့ပြီး မထင်ရှားတဲ့အဆင့်ကို ရောက်မှာပဲ။ ဒါကိုမှတ်နေရင်းနဲ့ မထင်ရှားတော့ဘူးဆိုရင် အတင်းအားစိုက်ပြီးတော့
မထင်ရှား ထင်ရှားအောင် အတင်းအဓမ္မ အရှိန်မြှင့်ပြီး ရှူးရှဲရှူးရဲ လုပ်ရှူတတ်ကြပါတယ်။ ရှုမှတ်ရင်းနဲ့ အရှိန်ရလာလို့ လေက မထင်ရှားတော့ဘူးဆိုရင် လေမရှိတော့ဘူးလို့ ထင်နေကြတယ်။ကိုယ့်ရဲ့သမာဓိအားကောင်းလာတော့ လေကပိုပြီးသိမ်မွေ့သွားတယ်။လေးတွေထင်ရှား တယ်ဆိုတာ အမှန်တော့ စိတ်ကြမ်းလို့ပါပဲ။
တရားမမှတ်ခင် မိမိရဲ့စိတ်အစဉ်မှာ လောဘ ဒေါသ စတဲ့ နိဝရဏတရားတွေ၊ ကိလေသာတရားတွေက လွှမ်းမိုးနေတော့ ကိလေသာရှုတဲ့လေကကြမ်းတမ်းတယ်။ ရှုမှတ်ရင်းနဲ့ ‘၀င်တယ်’ တစ်ချက်မှတ် ၊ကိလေသာ တစ်ဖက်ကွာကျဆိုတော့၊ မှတ်နေရင်း မှတ်နေရင်းနဲ့ ကိလေသာအညစ်အကြေးတွေက တဖြည်းဖြည်းချင်း
နည်းနည်းလာတယ်။ပါးလာတယ်။

★ ဒီတော့ကိုယ့်ရဲ့စိတ်အစဉ်မှာ ကိလေသာအညစ်အကြေး နည်းပါးသွားလို့ ၀င်လေ ထွက်လေ မထင်ရှားတာကို ကိုယ်က ထင်ရှားအာင် အတင်းလုပ်မယ်ဆိုရင် အဓိပ္ပာယ်က ဘယ်လို သက်ရောက်သွားသလဲဆိုတော့ ကိုယ့်စိတ်မှာ ကိလေသာ နည်းသွားတာကို သဘောမကျလို့ ကိလေသာများအောင် ထပ်လုပ်သလို ဖြစ်နေတယ်နော်။ ၀င်လေ ထွက်လေကို မထင်ရှား ထင်ရှားအောင် လုပ်တယ်ဆိုတာ တကယ်တော့ သိမ်မွေ့တဲ့ ဒေါသလေးပါ။ ဒေါသကိလေသာလေးပါပဲ။ ဒေါသကင်ချင်လို့ တရားအားထုတ်တာ ဒေါသဖြစ်နေတယ်ဆိုတော့ သဘာဝမကျတော့ဘူးနော်။ ကိုယ်ကလည်း မှတ်နေတဲ့ကြားထဲက ဘာလို့မထင်ရှားတော့တဲ့အတူတူ မထူးပါဘူးလေ ဂုဏ်တော်လေး
ပဲပွားနေတာ ကောင်းပါတယ်၊ မေတ္တာလေးပဲ ပို့နေတာ ကောင်းပါတယ်။ ပုတီးလေးပဲ စိတ်နေတာ ကောင်းပါတယ်ဆိုပြီးတော့ တချို့က ဒီလိုလည်းဖြစ်သွားတတ်တယ်။ လုပ်ငန်းခွင် ပြောင်းသွားတတ်တယ်။ ဒီလိုမဖြစ်ရဘူး။

★ တကယ်တော့ လေကမရှိတော့တာ မဟုတ်ပါဘူး။ ငါ့ရဲ့ သတိသမာဓိအားက သိမ်မွေ့တဲ့လေကို သိစွမ်းနိုင်လောက်အောင် အားမပြည့်သေးလို့သာ မသိသာတာပဲဆိုပြီး ကိုယ့်ရဲ့ သတိအား သမာဓိအားကို ပိုမြှင့်ပြီးတော့ သေသေချာချာစူးစိုက်ပါ။
လေက သိမ်သိမ်မွေ့မွေ့လေး ရှိနေပါတယ်။ အဲ့ဒီသိမ်သိမ်မွေ့မွေ့ ရှိနေတဲ့လေကိုပဲ သတိကပ်ပြီးတော့ ၀င်တယ် ထွက်တယ် လို့မှတ်ရပါမယ်။ရှုမှတ်အားကောင်းသွားရင် ယောကီပုဂ္ဂိုလ်များ အများအားဖြင့် အေးတဲ့သဘောလေးတွေ ထင်ရှားလာတာပဲ
များပါတယ်။ နှာသီးဝ လေထိတဲ့နေရာလေးမှာအေး၊ နှာခေါင်းတစ်ခု လုံးလည်းအေးလို့၊ အာခေါင်ထဲမှာလည်းအေးလို့၊ အဲ့ဒီအေးတဲ့ သဘောလေး တဖြည်းဖြည်းနဲ့ ပြန့်နှံ့သွားလိုက်တာ မျက်နှာပြင်တစ်ခုလုံးလည်း ပြန့် လည်ပင်းတွေပြန့် ခန္ဓာကိုယ်တစ်ခုလုံး
ခြုံပြီးတော့ အဲ့ဒီလို တစ်ကိုယ်လုံး အအေးတုံးကြီးလို ဖြစ်သွားတတ်ပါတယ်။

★ သတိအားသမာဓိအား ကောင်းလာပြီဆိုရင် ပဿဒ္ဓိလို့ခေါ်တဲ့ ငြိမ်းအေးမှုဆိုတာ ဖြစ်တတ်စမြဲပါ။ အဲ့ဒီလိုနှာသီးဝမှာလည်းအေး ပြီးတော့ အရသာရှိတဲ့ သဘောကို သာယာသွားလို့ရှိရင်လည်း သမာဓိပျက်သွားတတ်တယ်။ ကမ္မဋ္ဌာန်းပျက်သွားတတ်တယ်။
အဲ့ဒီတော့ မသာယာပဲ အေးနေလို့ရှိရင်လည်း အေးနေတဲ့ သဘောကိုပဲ သိနေပြီးတော့ ‘၀င်တယ်’ ‘ထွက်တယ်’ ပုံမှတ်ပဲ မှတ်နေပါ။
ဝင်လေထွက်လေဆိုတာကိုလည်း အရင်ပြောရဦးမယ်။ အာနပါနကို တချို့ကလည်း ထွက်လေ ၀င်လေလို့ပြောကြတယ်။ တော်တော်များများပဲ။ ဒီတော့ ကမ္မဋ္ဌာန်းအလုပ်ခွင်မှာ ၀င်လေကို ရှေ့ကထား ထွက်လေကိုနောက်ကထား ဒီလိုအစဉ်လေး
ထားရမယ်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ကျမ်းတွေမှာလည်း ဒီအတိုင်းပဲ ညွှန်ပြထားတယ်။

★ လောကီကျမ်းတွေမှာ အမိဝမ်းထဲက ကလေးတစ်ယောက် ကျွတ်လွတ်ထွက်မြောက်လာတဲ့အခါမှာ ကမ္မဇလေက လှုပ်လိုက်လို့ အမိဝမ်းရဲ့အပြင်ဘက် ထွက်လာတဲ့အခါ ကလေးရဲ့ ၀မ်းအတွင်းမှာ ရှိနေတဲ့လေတွေက ထွက်သွားမယ်။ ပြီးမှအပြင်ကလေတွေက
ကလေးရဲ့ဝမ်းထဲကိုဝင်မယ်။ ဒါ့ကြောင့် လောကီးကျမ်းတွေမှာ အမိဝမ်းထဲမှာ သန္ဓေတည်ပြီးမွေးဖွားလာတဲ့ သတ္တ၀ါတွေဟာ ထွက်လေကစတဲ့ အတွက်ကြောင့် အာနပါနဆိုတဲ့အထဲမှာ ‘အာန’ ဆိုတာကို ‘ထွက်လေ’ လို့ယူဆတယ်။ ၀င်လေကိုနောက်မှ
ဖြစ်တယ်လို့ ယူဆတယ်။ ဒါကြောင့် ပါနကို ၀င်လေ လို့ ယူဆပြီးပြောတယ်။ တချို့ပိဋကတ်ကျမ်းတွေမှာလည်း ထွက်လေ
ဝင်လေလို့ ရှိတော့ရှိပါတယ်။ သာသနာတော်ကျမ်းအလို ပဋိပတ်ကျင့်စဉ်အလိုအားဖြင့် ပြောမယ်ဆိုရင်တော့ ၀င်လေက စတာပဲပေါ့။ လူတစ်ယောက် အသက်ရှုလုပ်ငန်းတစ်ခုကို စစမ်းဟေ့ဆိုရင် ဘယ်ကစတုံး ၀င်လေကပဲ စမယ်။ ကိုယ့်ဟာကိုယ် ထွက်လေကစပြီး လုပ်ကြည့်ပေါ့။ တခါတည်း အားကုန်သွားသလို အားလျော့သွားသလိုပဲ။ ဒါ့ကြောင့် လေကိုဝအောင် ရှုပြီးတော့မှ ၀င်လေမှ ထွက်လေ ဆက်သွားတယ်။ ဒါ့ကြောင့် အာနပါနဆိုရင် ၀င်လေ ထွက်လေဆိုတဲ့ စကားလုံးလေးပဲ သုံးပါနော်။

အမိဝမ်းကထွက်ထွက်ချင်း ထွက်လေကပဲစစ ၀င်လေကပဲစစ စချင်တာစ အရေးမကြီးပါဘူး။ လောလောဆယ် လက်တွေ့ဘ၀မှာ ၀င်လေကို အရင်ရှုသွင်းပြီးမှ ထွက်လေကို ရှိုက်ထုတ်ပစ်တာဖြစ်တယ်။ဒါ့ကြောင့် လက်တွေ့ဘ၀နဲ့ တသားတည်းဖြစ်အောင်
‘၀င်လေ၊ ထွက်လေ’ လို့ပဲသုံးတာ အကောင်းဆုံးပေါ့နော်။

{ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}
(၀င်လေထွက်လေကို ဗဟိုပြု၍ တရားတော်မှကောက်နှုတ်ချက်)
အပိုင်း(၂)အား ဆက်လက်ကူးယူဖော်ပြပါမည်။

ဓမ္မမိတ်ဆွေများ အာနာပါနကမ္မဋ္ဌာန်းပွားများပြီး သံသရာတဖက်ကမ်းကို လွယ်ကူစွာ ကူးခတ်နိုင်ကြပါစေဗျာ။

_/\\_ _/\\_ _/\\_
Shared from Pay Thoe (FB)

No comments:

Post a Comment