ဓမ္မသုတကင်းမဲ့သော အန္ဓပုထုဇဉ်တို့သည် ရုပ်နာမ်ခန္ဓာ သင်္ခါရမျှသာဖြစ်သည်ကို ယထာဘူတဉာဏ်ဖြင့် ဟုတ်တိုင်းမှန်စွာ မသိမြင်သောကြောင့် ငါပဲ သူပဲ ယောက်ျား မိန်းမပဲစသည်ဖြင့်
အယူမှား၍ တဏှာပွားကြသောကြောင့် သံသရာ ရှည်လျားနေရခြင်းဖြစ်ပါသည်။
ပရမတ္တရုပ်နာမ်ကိုမျှ ပိုင်းခြားမသိဘဲ သက္ကာယဒိဋ္ဌိဟူသော မိစ္ဆာအယူကို ဖက်တွယ်လျက် အသက်ရှင်နေရခြင်းသည်ကား နှစ်တစ်ရာပင် ရှည်ကြာလင့်ကစား တန်ဖိုးမဲ့အချည်းအနှီးသာ
ဖြစ်ပါသည်။
ပြောင်းပြန်အားဖြင့် တန်ဖိုးမဲ့ အချည်းအနှီးအဖြစ်မခံလိုပါက သက္ကာယဒိဋ္ဌိကွာနိုင်သမျှကွာအောင် ကြိုးစားရပါမည်။
တရားအားမထုတ်ခင် ဒိဋ္ဌိကိုအရင်ခွါရမယ်။ ဒိဋ္ဌိတန်းလန်းနဲ့ အားထုတ်နေလို့ကတော့ ဘယ်နည်းနဲ့မှ မဂ်ဖိုလ်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဒါနကိုနောက်ထား၊ သီလကိုနောက်ထား၊ သမထကိုလည်း နောက်ထား၊ ၀ိပဿနာမလုပ်ခင် ဒိဋ္ဌိ အရင်ခွါပါဦး.။
ဤသည်ကား မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒဖြစ်ပါသည်။ ဒိဋ္ဌိကိုဦးစွာခွါနိုင်အောင်ကြိုးစားပြီးမှ ဒါန သီလ သမထ ၀ိပဿနာ ကုသိုလ်တို့ကို ပြုလုပ်ရန် ဆိုလိုရင်းဖြစ်ပါသည်။ ဒိဋ္ဌိအရင်ခွါဟူသော စကားမှာ အမှန်စင်စစ် ကျမ်းဂန်လာအတိုင်း ဒိဋ္ဌိဝိသုဒ္ဓိဖြစ်အောင် လုပ်ပါဟူ၍ ဆိုလိုရင်းဖြစ်ပါသည်။
သမာဟိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ
သမာဓိတရားကိုပွားများအပ်သော ပုဂ္ဂိုလ်သည် ဟုတ်တိုင်းမှန်စွာ သိ၏။
ပရမတ္ထတော ပန နာမရူပ မတ္တမေ၀ အတီတိ
ဧ၀ံ ပဿတော ဟိ ဒဿနံ နာမ ဟောတိ။
ပရမတ်အားဖြင့် ရုပ်နာမ်မျှသာရှိသည် ဟုမြင်သောသူသည် ဟုတ်တိုင်းမှန်စွာသိမြင်သည် မည်၏။
ရုပ်နာမ်ကို ဟုတ်တိုင်းမှန်စွာသိမြင်ခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သော ဉာဏ်အမြင်ဖြစ်ပါသည်။ ရုပ်နာမ်တို့၌ ငါပဲ သူပဲ ယောက်ျား မိန်းမပဲဟု အမြင်မှားခြင်းမှ စင်ကြယ်သွားလျှင် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပေသည်။ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ရန်မှာ
ရုပ်နာမ်မှတစ်ပါး အခြားဘာမျှမရှိ။ ရုပ်နှင့်နာမ်နှစ်ပါးသာရှိသည်ဟု သုတဉာဏ်ဖြင့် အဖန်ဖန်နှလုံးသွင်း ဆင်ခြင်ရပါမည်။ ဤသို့ နှလုံးသွင်းဆင်ခြင်သိမြင်လျှင် သက္ကာယဒိဋ္ဌိ အထိုက်အလျောက် စင်ပါသည်။ ဘာဝနာမယဉာဏ်ဖြင့်လည်း ရုပ်နာမ်ကို ပိုင်းခြား
ရှုနိုင်လျှင် သက္ကာယဒိဋ္ဌိအခိုက်အတန့်ကွာခြင်းကိုပင် ဒိဋ္ဌိဝိသုဒ္ဓိဟုဆိုပါသည်။
တစ်နည်းအားဖြင့် ပုဂ္ဂိုလ် သတ္တ၀ါ ငါသူတစ်ပါး ယောက်ျား မိန်းမဟူသည် အန္ဓပုထုဇဉ်တို့၏ မှားယွင်းသော မျက်မြင်သဘောသာဖြစ်သည်။ ဉာဏ်မြင်သဘော အစစ်ကား ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်သတ္တ၀ါဟူသည် အရှိတရားမဟုတ်။ အမှန်ထင်ရှားသော တရားကား
ပထ၀ီဓါတ်နှင့် ခက်မာ နှုးညံ့မှုဟူသော ယင်းဓါတ်၏ သဘောသတ္တိ။
အာပေါဓါတ်နှင့် ယိုစီး ဖွဲ့စည်းမှုဟူသော ယင်းဓါတ်၏ သဘောသတ္တိ။
တေဇောဓါတ်နှင့် ပူမှု အေးမှုဟူသော ယင်းဓါတ်၏ သဘောသတ္တိ။
ဝါယောဓါတ်နှင့် တွန်းကန် ပင့်မ လှုပ်ရှားဟူသော ယင်းဓါတ်၏ သဘောသတ္တိ။
ထိုထိုသဘာဝတရားအစုတို့သည် ဖောက်ပြန်ခြင်း သဘောသာလျှင် ရှိသောကြောင့် ရုပ်မည်၏။ ထိုရုပ်ရှိ ၀တ္ထုရုပ်ကိုမှီ၍ဖြစ်သော စိတ်စေတသိက်တို့သည် အာရုံသို့ ညွှတ်တတ်ခြင်း သဘောရှိသောကြောင့် နာမ်မည်၏။
ဖောက်ပြန်တတ်သော ရုပ်သည် ရူပက္ခန္ဓာဖြစ်သည်။ ခံစားတတ်သော ဝေဒနာသည် ဝေဒနက္ခန္ဓာဖြစ်သည်။ မှတ်သားတတ်သော သညာသည် သညာက္ခန္ဓာဖြစ်သည်။ ပြုပြင်တတ်သော သင်္ခါရသည် သင်္ခါရက္ခန္ဓာဖြစ်သည်။ သိတတ်သော ၀ိညာဏ်သည် ၀ိညာဏက္ခန္ဓာဖြစ်သည်။
ထို့ကြောင့် ရုပ်ခန္ဓာတစ်ပါးနှင့် နာမ်ခန္ဓာ ၄ ပါးပေါင်း၊ ခန္ဓာငါးပါးမှလွဲ၍ အကောင်အထည်ကိုယ်ပုဂ္ဂိုလ်စသည် မရှိ။ အတ္တငါသည်လည်းမရှိ။ ထိုသို့ရှင်းလင်းပြတ်သား အမြင်ကွဲပြားလျှင် အတ္တငါစွဲလမ်းခြင်းမှ ကင်းဝေးစင်ကြယ်ကာ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပါသည်။
ရုပ်နာမ်သဘာဝဓမ္မသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသောတရား၊ ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတစ်ပါး စသည်တို့မှာ ပညတ်မျှသာဖြစ်၍ တင်ရှားမရှိသောတရားဟူ၍ ခွဲခြားကာ ဉာဏ်မြင်တတ်ဖို့ လိုအပ်ပါသည်။
ပုဂ္ဂိုလ်သတ္တ၀ါဟူသော အမြင်ရှိနေသေးလျှင် သက္ကာယဒိဋ္ဌိ မစင်သေး။ သက္ကာယဒိဋ္ဌိမစင်သေးလျှင် ဒိဋ္ဌိဝိသုဒ္ဓိ မဖြစ်နိုင်သေးပေ။
ပညတ်နှင့်ပရမတ်ကို တပ်အပ်သေချာ ခွဲခြားနိုင်ကာ ဉာဏ်မြင် ထင်ရှားပြီဆိုပါလျှင် သမုတိအားဖြင့် ယောက်ျား မိန်းမ သူ ငါ သတ္တ၀ါ စသည်သုံးစွဲသည့်တိုင် သက္ကာယဒိဋ္ဌိ မဖြစ်တော့ပေ။ အယူအမြင်မှန်ဖို့သာ ပဓာနဖြစ်ပါသည်။ သမ္မာဒိဋ္ဌိ အယူမှန်ရှိပါက ပညတ်အခေါ်အဝေါ်များ ပြောဆိုသုံးစွဲစေကာမူ ဒိဋ္ဌိဝိသုဒ္ဓိမပျက်ဟု ယူမှတ်အပ်ပါသည်။
မလေးငြိမ်
သစ္စဉာဏ်၌ဦးတိုက်ခြင်း
No comments:
Post a Comment