★ ၀င်လေထွက်လေကို ရှုမှတ်တဲ့ အာနာပါန ကမ္မဋ္ဌာန်းကို ပွားမယ်ဆိုရင် ပင်ကိုထိနေကျနေရာမှာပဲ စိတ်ကို ထားရမယ်။နှားသီးဝ(၀ါ) အထက်နှုတ်ခမ်း ဒီနှစ်နေရာထဲက ထင်ရှားရာတစ်ခုခုမှာ စိတ်ကိုထားရမယ်။ အာခေါင်ထဲမှာ ၀မ်းဗိုက်ထဲမှာ စိတ်ကိုမထားနဲ့။ ပင်ကိုထိနေကျနေရာ ပုံမှန်ထိနေကျနေရာ ခါတိုင်းထိနေကျနေရာ အများဆုံးထိနေကျနေရာ အဲ့ဒီနေရာမှာပဲ စိတ်ကိုထားရမယ်။
★ ၀င်လေရဲ့ အတွင်းထဲလိုက်သွားတော့ အတွင်းပျံ့လွင့်မှုဖြစ်တယ်။ထွက်လေရဲ့ အပြင်ဘက်လိုက်သွားတော့ အပြင်ပျံ့လွင့်မှုဖြစ်တယ်။ ဒါ့ကြောင့် ၀င်လေ ထွက်လေ မှတ်နေရင်းတန်းလန်းနဲ့ အတွင်းမှာလည်း မပျံ့လွင့်အောင်၊ အပြင်မှာလည်း မပျံ့လွင့်အောင် နှာသီးဝ(၀ါ) အထက်နှုတ်ခမ်း ပုံမှန်ထိနေကျနေရာလေးမှာပဲ စိတ်ကိုကပ်ပြီး ရှုမှတ်ရပါတယ်။ ဒါကတော့ အားထုတ်ခါစ ပုဂ္ဂိုလ်တွေနဲ့ ဉာဏ်နုသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ပြောတာနော်။ တကယ်လို့ သတိ သမာဓိ ဉာဏ်အားတွေ ရင့်ကျင်သွားပြီး ထက်မြတ်သွားပြီဆိုရင်တော့ အာခေါင်မှာပဲထားထား ၀မ်းဗိုက်မှာပဲထားထား ခန္ဓာကိုယ် အတွင်းပိုင်း တစ်လျှောက်လုံးမှာပဲထားထား ထားလို့ရပါတယ်။ ဘယ်နေရာမဆို လေထိတဲ့နေရာတိုင်းမှာ လိုက်သိလို့ ရပါတယ်။
★ နှာသီးဝတစ်နေရာထဲကိုမှ လေကထိတာမှ မဟုတ်ဘဲ။အာခေါင်ထဲလည်းထိတာပဲ။ ၀မ်းဗိုက်လည်းထိတာပဲ။ ဒီတော့ သတိ၊သမာဓိ ဉာဏ်အားတွေကောင်းသွားရင်တော့ ဘယ်နေရာမှာပဲ စိတ်ကိုထားထား ရပါပြီ။ အဲ့ဒီနေရာတွေလည်း ပိုပြီးထင်ရှားလာပါပြီ။
ရှုမှတ်မှုတွေ အားကောင်းလာပြီဆိုရင် အာခေါင်တွေ အေးလာတာ၊
ဝမ်းအေးလာတာ၊ လည်ချောင်းတစ်ခုလုံး အေးလာတာ၊ ၀မ်းဗိုက် အေးလာတာ၊ မျက်နှာနှင့်တကွ ခန္ဓာကိုယ်တစ်ခုလုံး အေးသွားတာ၊ အဲဒီလို အေးတဲ့သဘောတွေ ငြိမ်းတဲ့သဘောတွေ သိမ်မွေ့တဲ့ သဘောလေးတွေ ထင်ရှားတဲ့ ဘယ်နေရာမှာမဆို စိတ်ထားလို့ ရပါတယ်။ ပွားများလို့ ရပါတယ်။ အားထုတ်ခါစမှာတော့
‘ပကတိဖုဋ္ဌောကာသေ’ လို့ခေါ်တဲ့ ပုံမှန်ထိနေကျနေရာမှာပဲ စိတ်ကိုထားပြီး ရှု့မှတ်ပါ။
★ လယ်သမားတစ်ယောက် လယ်ထွန်ရင်းနဲ့ မောပန်းလာလို့ ခဏနားတယ်။ နွားတွေကို ထွန်တုံးကနေ ဖြုတ်လိုက်တယ်။နွားတွေကို စားကျက်ကို ပို့တယ်။ လယ်သမားကတော့ နွားတွေကို စားကျက်ကိုပို့ပြီး သစ်ပင်ရိပ်မှာ အနားယူ အပန်းဖြေတယ်။ အပန်းဖြေပြီးတော့ နွားတွေ ပြန်ရောက်မလာသေးဘူး ရှာရဦးမယ်။ နွားတွေကလည်း စားကျက်လည်း လွတ်လိုက်ရော တောထဲဝင်ပြီး အစာတွေ လိုက်ရှာပြီးတော့ စားကြတယ်။ နွားတွေကို ပြန်ရှာမဲ့ လယ်သမားဟာ ကျွမ်းကျင်တဲ့ လယ်သမား၊ ဉာဏ်ရှိတဲ့ လယ်သမားဆိုရင် တောထဲဝင်သွားတဲ့ နွားတွေရဲ့ခြေရာနောက်ကို လိုက်ပြီး နေရာအနှံ့ နွားပျောက်မရှာပါဘူး။
★ နွားတွေနေ့စဉ် စားကျက်မှာစားပြီးရင် ရေဆိပ်လေးတစ်ခုမှာ ရေသောက်တယ်။ ဒါကိုသိတော့ လယ်သမားက သူတို့သောက်နေကျ ရေဆိပ်လေးမှာပဲ သွားထိုင်စောင့်တယ်။ နွားတွေကလည်း အစာစားသောက်ပြီး ရေဆိပ်မှာ ရေသောက်ကြတယ်။ အဲ့ဒီမှာ
လယ်သမားက အလွယ်တကူ ကြိုးနဲ့ချည် နှင်တံလေးနဲ့ တို့ပြီးတော့ နွားတွေကို ခေါ်လာတယ်။ ကျွမ်းကျင်တဲ့ လယ်သမားဟာ နွားတွေကို
ခြေရာနောက် တောက်လျှောက် လိုက်မဖမ်းဘဲ နောက်ဆုံး နားနေရာမှာပဲ အေးအေးဆေးဆေး ထိုင်ပြီးတော့ ဖမ်းယူသလို ယောဂီများဟာလည်း ၀င်လေထွက်လေရဲ့ အတွင်းအပြင်၊ ၀င်လေထွက်လေ ပျံ့နှံရာနေရာတိုင်းကို လျှောက်မလိုက်ဘဲ
အများဆုံထင်ရှားတဲ့ ပုံမှန်ဖြစ်နေတဲ့ နှာသီးဝနဲ့ အထက်နှုတ်ခမ်း နေရာလေးမှာပဲ စိတ်ကိုကပ်ထားပြီးတော့ ရှု့မှတ်ကြရမယ်။ ဒါမှ မိမိရဲ့ကမ္မဋ္ဌာန်းဟာ ပြည့်စုံနိုင်ပါတယ်။
★ လယ်သမားဟာ နွားတွေကိုကြိုးနဲ့ချည် နှင်တံနဲ့တို့ပြီး ခေါ်လာသလိုပဲ၊ တရားနာပရိတ်သတ်များကလည်း ၀င်လေထွက်လေတည်းဟူသော နွားတစ်ကောင်ကို သတိတည်းဟူသော ကြိုးနဲ့ချည်။ ပညာတည်းဟူသော နှင်တံနဲ့တို့ပြီးတော့ ခေါ်သွားရပါမယ်။ ယောဂီမျာရဲ့စိတ်ဟာလည်း ပုံမှန်ဆိုရင်တော့ ဟိုအကြောင်းတွေးလိုက် ဒီအကြောင်းတွေးလိုက် ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ပျံ့လွှင့်ပြီးတော့နေတယ်။လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် မာနဖြစ်လိုက် ကိလေသာအမျိုးမျိုး ဖြစ်နေတယ်။ စိတ်ဟာ နွားရိုင်းလေးနဲ့ တူပါတယ်။
★ နွားရိုင်းနဲ့တူတဲ့ စိတ်ကို ယဉ်ကျေးအောင် ဆုံးမတော့မယ် ဆိုရင်တော့ ချည်တိုင်က ဘယ်မှာလဲ၊ နာသီးဝလေထိတဲ့ နေရာမှာနော်။ ကြိုးကဘာလဲ သတိ။ သတိတည်းဟူသော ကြိုးကလေးနဲ့ နှာသီးဝတည်းဟူသော ချည်တိုင်မှာ စိတ်တည်းဟူသော နွားရိုင်းလေးကို ခိုင်မြဲအောင် ချည်ထားပြီးတော့ ထားရမယ်။
★ ထိနေကျ နေရာကနေ စောင့်ဖမ်းရင်းဖမ်းရင်းနဲ့ ၀င်လေထွက်လေဟာ ထင်ရှားလာပါတယ်။ ဒီတော့ ထိတာကိုမိဖို့ သိပ်အရေးကြီးပါတယ်။ ‘ထိ’ တာကို ‘မိ’ မှပဲ ‘သိ’ နိုင်တာပါ။
‘မိ’ ဆိုတာဟာ ထိတဲ့သဘောလေး မိမိရဲ့စိတ်အစဉ်မှာ ထင်ရှားပြီးတော့နေတာကို ပြောတာပါ။ ထိတိုင်းထိတိုင်း မိနေပြီဆိုရင် ရုပ်နဲ့နာမ်ရဲ့သဘောကို ပထမဆုံးသိမယ်။ ထိနေတဲ့သဘောလေးက ရုပ်တရား၊ထိတာကိုသိနေတဲ့ သဘောလေးက နာမ်တရားလို့ ထင်ထင်ရှားရှား ဉာဏ်ထဲမှာ ကွဲသွားတယ်။ ထိတယ်ဆိုတာ သိတာနဲ့တပြိုင်နက် ဓာတ်ကြီးလေးပါး ထင်ရှားသွားတာပါပဲ။ထိတယ်ဆိုတဲ့နေရာမှာ အဓိကအားဖြင့် ဓာတ်သုံးပါး ထင်ရှားပါတယ်။ပထ၀ီဆိုတာ မာတဲ့သဘော ပျော့တဲ့သဘော၊ ကြမ်းတဲ့သဘော ချောတဲ့သဘော လေးတဲ့သဘော ပေါ့တဲ့သဘော။ အာပေါဆိုတာက ဖွဲ့စည်းတဲ့သဘော ယိုစီးတဲ့သဘော။ တေဇောဆိုတာ ပူတဲ့သဘော နွေးတဲ့သဘော။ ၀ါယောဆိုတာက တောင့်တင်းတဲ့သဘော တွန်းကန်တဲ့သဘော။
★ ထိတဲ့သဘောလေးကို သတိမိလာရင် မိတိုင်းမိတိုင်း မာတဲ့သဘော၊ ပျော့တဲ့သဘော၊ လေးတဲ့သဘော ချောတဲ့သဘော ကြမ်းတဲ့သဘော ပေါ့တဲ့သဘောလေးတွေလည်း တွဲပြီးတော့ သိလာတာပါပဲ။ပထ၀ီဓာတ်ကို သိသွားတာ။ ထိတယ်ဆိုတာ ဖောဋ္ဌဗ္ဗရုပ်၊ ဖောဋ္ဌဗ္ဗရုပ်ဆိုတာ အာပေါဓာတ်မပါဘူး။ တေဇောဓာတ်က ပိုထင်ရှားတယ်။ လေ၀င်သွားရင် အေးတဲ့သဘော ထွက်သွားရင် နွေးတဲ့သဘော လေပိုထင်ရှားတယ်။ ဒါ တေဇောဓာတ်ကိုသိတာ။ဝါယောဆိုတာ အထူးပြောစရာ မလိုဘူး။ တိုက်တွန်းပြီးတော့ ၀င်သွားတာ၊ ရွေ့လျားသွားတာ ရုန်းကန်သွားတာ ဒါတွေဟာ ၀ါယောဓာတ်ကို သိတာပဲ။ ကိုယ်က ဒါပထ၀ီ ဒါတေဇောလို့ နာမည်မတပ်တာပဲရှိတယ်။ ၀င်လေထွက်လေ မှတ်ရင်း ထိတိုင်းသိနေပြီဆိုရင် ဒီသဘော(၃)မျိုး သိသွားတာပါပဲ။ မှတ်တာကတော့ ၀င်လေထွက်လေပဲ မှတ်နေရမယ်။
★ ထိခြင်းဆိုတဲ့သဘောတရားကို ပါဠိလို ဖောဋ္ဌဗ္ဗရုပ်လို့ခေါ်တယ်။အာရုံအနေနဲ့ပြောမယ်ဆိုရင် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ဓမ္မရုံဆိုတဲ့အထဲက ဖောဋ္ဌဗ္ဗာရုံကိုပြောတာ။ ဖောဋ္ဌာဗ္ဗာရုံဆိုတာ ‘အာပေါဓာတုဝိ၀ဇ္ဇိတံ ဘူတတ္တယသင်္ခါတံ ဖောဋ္ဌဗ္ဗံ’
ဆိုတဲ့အတိုင်း အာပေါဓာတ်မပါတဲ့ ပထ၀ီ၊ တေဇော၊ ၀ါယော ဓာတ်သုံးမျိုးကို ဖောဋ္ဌဗ္ဗရုပ်လို့ခေါ်တယ်။ သို့သော်လည်းပဲ အာပေါကတော့ ပါတော့ ပါနေပါတယ်။ သူ့ချည်းသက်သက်ကတော့ မထင်ရှားဘူး။ ပထ၀ီရဲ့ မာတဲ့ ပျော့တဲ့သဘောကို သိနိုင်တာလည်း အာပေါရဲ့ဖွဲ့စည်းမှုလေးပါလို့ သိတာပါ။ ၀ါယောရဲ့ တောင့်တင်းမှု လှုပ်ရှားမှုသဘောတွေကို သိတာလည်း အာပေါဓာတ်ရဲ့
ဖွဲ့စည်းထားတဲ့ သဘောလေးပါလို့ပါ။ ဒီတော့ ပထ၀ီ၊ တေဇော၊၀ါယောဓာတ် သုံးမျိုးသိရင် အာပေါဓာတ်ကို သိခြင်းကိစ္စအလိုလို ပြီးပြီးသားပါ။ သုံးမျိုးသိရင် လေးမျိုးသိတယ်လို့ ဆိုနိုင်တာပါပဲ။ဓာတ်ကြီးလေးပါးရဲ့ သဘောကိုသိပြီဆိုရင် တခြားတခြားသော
ရုပ်တရားတွေရဲ့ သဘောကိုလည်း အလိုလိုသိပြီးသား ဖြစ်သွားတာပါပဲ။
★ ဘာဟင်းချက်လဲမေးရင် ကြက်သားဆိုပြီး အဓိကကျတဲ့ဟင်းကို ခေါင်းစဉ်တပ်ပြီး ပြောပါတယ်။ တကယ်စားရတော့ ကြက်သားတစ်မျိုးတည်း မဟုတ်ပါဘူး။ အရံဟင်းတွေပါ ပါသေးတယ်။ဒီလိုပါပဲ ဓာတ်ကြီးလေးပါးရဲ့ သဘောကိုသိသွားရင် ဒီဓာတ်ကြီးလေးပါးကို မှီပြီး ဖြစ်နေတဲ့ တခြားရုပ်တွေရဲ့ သဘောကိုလည်း သိသွားတာပါပဲ။ တကယ်ရှု့မှတ်တဲ့အခါ
ထိတာကရုပ် သိတာကနာမ်လို့ ၊ ဒီလိုဆင်ခြင်စရာ မလိုတော့ဘူးနော်။ ၀င်တယ်ထွက်တယ် လို့ရှုမှတ် နေရုံနဲ့ ထိတဲ့သဘောကို ခိုင်ခိုင်မြဲမြဲကြီး မိလာပြီဆိုရင် အဲ့ဒီရုပ် နာမ်သဘောကို အလိုလိုသိလာတော့တာပဲ။ထိတဲ့သဘောက တခြား၊ သိတဲ့သဘောက တခြား၊ တခြားစီ ကွဲပြီးတော့ လာတာပဲ။ ပူတာက တခြား၊ ပူတာကို သိနေတာက တခြား။
★ ထိတဲ့သဘောလေးထဲမှာလည်း ငါမပါဘူး။ သိတဲ့ သဘောထဲမှာလည်း ငါမပါဘူး။ ထိတဲ့သဘောနဲ့ သိတဲ့သဘောလေး ဒီသဘောနှစ်မျိုးပဲ အစုံလိုက် အစုံလိုက် ဆက်ကာဆက်ကာ ဖြစ်ပျက်နေတာပဲဆိုတာ ဉာဏ်ထဲမှာ ထင်ရှားလာတော့
‘ငါ’ ဆိုတဲ့ သဘောလည်း ပျောက်သွားတယ်။ ပုဂ္ဂိုလ် သတ္တ၀ါ ယောင်္ကျား မိန်းမ ဆိုတဲ့ အစွဲတွေ ပျောက်ကုန်တယ်။ အဲ့ဒီလို တဖြည်းဖြည်းနဲ့ သတိ သမာဓိ ဉာဏ်တွေ ရင့်သန်လာပြီးဆိုရင် အကြောင်းနဲ့အကျိုးကိုပါ ခွဲခြားပြီးတော့ သိလာတယ်။ ထိတဲ့သဘောလေးရှိလို့ ထိတာကိုသိနေတဲ့ သဘောလေး ဖြစ်နေတာပါလား။ ရှူချင်တဲ့စိတ်လေးရှိလို့ ရှူရတာပါလား။ ရှိုက်ချင်တဲ့ စိတ်ကလေးရှိလို့ ရှိုက်ရတာပါလား။ ရှိုက်တယ်ဆိုတာ ထွက်လေထုတ်တာကို ပြောတာပါပဲ။
★ ဒီတော့ ၀င်လေရှူချင်တဲ့ စိတ်ကလေးရှိလို့ ၀င်လေဖြစ်လာတယ်။ထွက်လေ ရှုက်ချင်တဲ့ စိတ်ကလေးရှိလို့ ထွက်လေဖြစ်လာတယ်။
စိတ်ကအကြောင်းတရား ဖြစ်နေတယ်။ ၀င်လေ ထွက်လေက အကျိုးတရား ဖြစ်နေတယ်။ အကြောင်းအကျိုးဆိုတာ တခါတရံမှာ စိတ်ကအကြောင်းဖြစ်လိုက်၊ ရုပ်ကအကျိုးဖြစ်လိုက်၊ တခါတရံမှာ ရုပ်ကအကြောင်းဖြစ်လိုက် စိတ်ကအကျိုးဖြစ်လိုက်
ဒီလိုသွားနေကြတယ်။ ပြီးတော့ ခန္ဓာကိုယ်ရယ်၊ နှာခေါင်းရယ် စိတ်ရယ် ဒီအကြောင်းသုံးပါးရှိလို့သာ ၀င်လေထွက်လေ တွေဖြစ်နေတာ။
ဒီသုံးမျိုးသာမရှိဘူးဆိုရင် ၀င်လေထွက်လေဆိုတာ ရှိမှာ မဟုတ်ဘူးလို့ ၀င်လေထွက်လေ ဖြစ်ခြင်းရဲ့ အကြောင်းတရားကိုရော၊ ချုပ်ခြင်းရဲ့အကြောင်းတရားကိုပါ သိသွားပါတယ်။
★ ရှုမှတ်လိုက်တိုင်း ၀င်လေချုပ်သွားလိုက် ထွက်လေပြန်ဖြစ်လာလိုက်၊ ထွက်လေချုပ်သွားလိုက် ၀င်လေပြန်ဖြစ်လာလိုက် ဖြစ်လိုက်ပျက်လိုက်နဲ့ ပျက်စီးတဲ့သဘောကိုလည်း မြင်လာတယ်။ ဒီထက်ပိုပြီးတော့ အသေးစိပ်မယ်ဆိုရင်တော့ ၀င်နေတဲ့တချိန်ထဲမှာပဲ
ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် အဆင့်ဆင့်ပါပဲ။ အစ အလယ် အဆုံးလို့ ပြောထားတဲ့အထဲမှာ စထိတော့အစ၊
တုံးသွားတော့ အဆုံး၊ အစနဲ့ အဆုံးကို မြင်တယ်ဆိုရင်ပဲ ၀င်လေတစ်ခုတည်းမှာ ဖြစ်တာပျက်တာ နှစ်ခုမြင်နေရပြီ။ ၀င်လေ မဆုံးခင်မှာ မဆုံးမချင်း ဆက်တိုက်ထိနေတဲ့ သဘောလေးကို သိနေရင်လည်းပဲ မဆုံးမချင်း တစ်ခုဖြစ်လိုက် တစ်ခုပျက်လိုက်နဲ့ အဆင့်ဆင့် ဆယ်ချက် ဆယ့်ငါးချက် ဖြစ်ပျက်တွေ အများကြီး မြင်နိုင်ပါတယ်။
★ သတိ သမာဓိ အားကောင်းလာပြီဆိုရင် ၀င်လေတစ်ခုတည်းမှာပဲ အကြိမ်ပေါင်းများစွာ ဖြစ်လိုက်ပျက်လိုက်၊ ထွက်လေမှာလည်း ဒီအတိုင်းပဲ အကြိမ်များစွာ ဖြစ်လိုက်ပျက်လိုက် အဲ့ဒီလိုမြင်လာတယ်။ ဘယ်လိုဖြစ်မှ သိလဲဆိုတော့ ထိတိုင်း မိမှ သိတယ်နော်။ ထိတာကို မမိရင်တော့ မသိပါဘူး။ ဒါ့ကြောင့် ရိုးရိုးရှင်းရှင်းလေး ‘ထိတာကို မိလာရင် သိပါလိမ့်မယ်’ လို့မှတ်ထားရမယ်။
ဆောင်ပုဒ်လေးနဲ့ မှတ်ချင်သပဆိုရင်လည်း ဆိုကြည့်ပေါ့။
"ထိတိုင်း မိတော့ သိတာပေါ့၊ သွားရော့ နိဗ္ဗာန်ပြည်"
အပ္ပမာဒေန သမ္ပာဒေထ
{ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}
(၀င်လေထွက်လေကို ဗဟိုပြု၍ တရားတော်မှကောက်နှုတ်ချက်)
ဓမ္မမိတ်ဆွေများ အာနာပါနကမ္မဋ္ဌာန်းပွားများပြီး သံသရာတဖက်ကမ်းကို
လွယ်ကူစွာကူးခတ်နိုင် ကြပါစေဗျာ။
_/\\_ _/\\_ _/\\_
Shared from Pay Thoe (FB)
No comments:
Post a Comment