Tuesday, August 26, 2014

သမ္မာဝါယာမ


“သမ္မာဝါယာမ” ဆိုတာ ဘာပြောတာတုန်းလို့ သမ္မာဝါယာမ အကြောင်းကို အရင်သင်လိုက်၊

“သမ္မာဝါယာမ”ဆိုတာ “လေးဘက်လေးတန်က
ကြိုးစားအားထုတ်မှု” ကို ခေါ်တယ်။

လေးဘက်လေးတန်က ကြိုးစားအားထုတ်မှုဆိုတာ ဘာလဲ။

(၁) အကုသိုလ် မဖြစ်ရအောင် ဆို့ပိတ်ရမယ်၊

(၂) မတော်တဆဖြစ်လာလို့ရှိရင် ဖယ်ရှားဖို့  ကြိုးစားရမယ်၊

(၃) ကုသိုလ်မဖြစ်သေးရင် ဖြစ်အောင် ကြိုးစားရမယ်၊

(၄) ဖြစ်လာတဲ့ ကုသိုလ်ကို ကြိုးစားတိုးတက်အောင် လုပ်ရမယ်။

အကုသိုလ်ကို ဆို့ပိတ်ထားရမယ်၊ မဝင်စေရဘူး။

လူတွေက ဆို့ပိတ်ပါတယ်၊ ခြင်တွေ မဝင်အောင်တော့ ခြင်ထောင် ချထားတယ်နော်၊ ခြင်ထောင်ချပြီး ခြင်ကို ဆို့ပိတ်တယ်၊ သူခိုးမဝင်အောင် အိမ်တံခါး သော့ခတ်ထားတယ်။

သို့သော်လည်း ------------------------------------

စိတ်တံခါးကျတော့ ဖွင့်ထားတယ်။

လောဘတွေ ဝင်ချင်တိုင်း ဝင်၊
ဒေါသတွေ ဝင်ချင်တိုင်း ဝင်၊
အကုသိုလ်တွေ ဝင်ချင်တိုင်း ဝင်၊ 

တံခါးပိတ်ရမှန်း မသိဘူး။

ပိတ်ရမယ်တဲ့၊ ဘာနဲ့ပိတ်ရမလဲဆိုတော့ “သတိ” ဆိုတဲ့ တံခါးနဲ့ ပိတ်ထား၊ အကုသိုလ်အဝင်မခံနဲ့တဲ့။

ကိုယ့်အချင်းချင်းထဲက ကြီးပွားတိုးတက်နေတာ မြင်လို့ရှိရင်
“ဣသာ” ဖြစ်တယ်။ “ဟာ ဒါ အကုသိုလ်ပဲ” ဆိုပြီး အဝင်မခံနဲ့ ။

အစထဲက Congratulation လုပ်နိုင်အောင် ထားရမယ်နော်။

လူတစ်ယောက် ကြီးပွားတိုးတက်လာလို့ရှိရင် ဣသာမဖြစ်စေရဘူး။

အဲဒီလိုလုပ်မှ “သမ္မာဝါယာမ”ဆိုတာ ဖြစ်တယ်။

မဖြစ်သေးတဲ့ အကုသိုလ် မဖြစ်ရအောင် ဆို့ပိတ်ထား၊
ဖြစ်လာလို့ရှိရင် ဖယ်ရှားပစ်။

ဆိုပါစို့။

စိတ်မဆိုးသေးရင် မဆိုးအောင် ထိန်းသိမ်းထား။

ဘယ်တော့မှ စိတ်မဆိုးအောင် နေ ။

မတော်တဆ ဆိုးလာလို့ ရှိရင် ဖယ်ရှားပစ်။

မေတ္တာဘာဝနာ မပွားရသေးဘူးဆို ပွား၊ ပွားပြီးပြီဆိုလို့ရှိရင်လည်း ဒီထက်တိုးတက်လာအောင် ကြိုးစား။

ဒါ “သမ္မာဝါယာမ”လို့ ခေါ်တယ်။

အဲဒီအတိုင်း ကျင့်သုံးလို့ရှိရင် “သမ္မာဝါယာမမဂ္ဂင်”
ကိုယ့်သန္တာန်မှာ ပြည့်စုံလာလိမ့်မယ်။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
“သာသနာပြု စွမ်းအားစု” မှ - 】

(စာရိုက်ပူဇော်သူ - ဒေါက်တာ ကောင်းမြတ်သူ)

No comments:

Post a Comment