Wednesday, August 27, 2014

အထုပ်တစ်ထုပ်က ပေးတဲ့သင်ခန်းစာ


အာရုံတက်ပြီဖြစ်၍ဆွမ်းခံသွားရပါမည်။ ထို့ကြောင့်ယောဂီသည် သပိတ်သင်္ကန်းကို သတိ သမ္ပဇဉ်ဖြင့် ပြင်ဆင်ပါသည်။ ဆွမ်းခံရွာကားအိမ်ခြေနည်း၍ လူဦးရေလည်း မထူထပ်ပါ။ တောရကျောင်းမှ အသွားအပြန် တစ်နာရီခရီး ဖြစ်သဖြင့် ယောဂီအတွက် ဂေါစရသပ္ပါယ မျှတပေသည်။
နေ့စဉ်ဆွမ်းခံရွာအသွာူအပြန်တောလမ်းနှင့် လယ်ကန်သင်း ရိုးသည်ကားယောဂီ၏ နိစ္စဒူဝစင်္ကြန်ကမ္မဌါန်း ရှုပွားရာ လမ်းပင် ဖြစ်ပေသည်။
စင်္ကြန်လမ်းတစ်လျောက်၌ နေ့စဉ်နေ့တိုင်းပင် ယောဂီသည် လမ်းလျောက်စဉ်ဖြစ်ပေါ်နေသည့် မိမိခန္ဓာကိုယ်တစ်ခုလုံးမှ ပြောင်းလဲဖြစ်ပေါ် နေသည်များကိုသိရင်းဤလမ်းအား လျောက်နေခဲ့ သည်မှာ နေ့ပေါင်းများစွာရှိခဲ့ပါပြီ။

တစ်နေ့ဆွမ်းခံအပြန်လမ်းခုလတ်လယ်ကွင်း တစ်ခု၏ ကံပေါင်ရိုးပေါ်အရောက်၌ ပံ့သကူ သင်္ကန်းတစ်ထုပ်ကို ရရှိခဲ့လေသည်။
အပ်စပ်သော ပံ့သကူ သင်္ကန်းထုပ်ဖြစ်၍ ယောဂီကောက်ယူခဲ့မိပါသည်။
ထိုအထုပ်ကောက်ယူပြီးသည့်နောက် ဆွမ်းခံအပြန်လမ်း တွင်ကား အထုပ်ကို အကြောင်းပြု၍ ယောဂီသဏ္ဌန်၌ အတွေးများ စတင်ဝင်ရောက်နေရာယူလာပါ တော့သည်။
"ထိုသင်္ကန်းအရောင် မည်သို့နည်း...
ထိုသင်္ကန်းတိုက်က အသို့နည်း…
နည်း…နည်း…နည်း..…………

ထိုသင်္ကန်းသည်ပိတ်သင်္ကန်းလော…
ထိုသင်္ကန်းသည် စီဝိုင်စီ သင်္ကန်းလော…
ထိုသင်္ကန်းသည် ဖြတ်ချုပ်လော… ထိုသင်္ကန်းသည် ထပ်ချုပ်လော…
လော…လော…လော………

ထိုသင်္ကန်းသည် မိမိလက်ရှိသင်္ကန်းထက် ပို၍ ကောင်းမည် ထင်သည်။ အသားထူလျင်ဆောင်းတွင်းမှာ ပို၍ အဆင်ပြေစွာ
အသုံးပြု နိုင်လိမ့်မည်ထင်သည်။ သန့်ရှင်းသွားအောင် မရုံခင် တစ်ခါတော့ လျှော်ဖွတ်ရလိမ့်အုံးမည် ထင်သည်။
ထင် သည်…ထင် သည်…ထင် သည်…

ဤသို့မေးခွန်းများစွာ ထင်မြင်ယူဆချက်များစွာဖြင့် ယောဂီ၏ ကမ္မဌါန်းအာရုံ လွတ်သွားပါသည်။ လယ်နှစ်ကွက်ခြားသွားပါသည်။
လယ်သမားသည် လယ်ထွန်နေပါသည်။ ထိုလယ်သမား၏ ခွေမြီးတိုတစ်ကောင်သည် လယ်ကန်သင်း ပေါင်ပေါ်၌ထိုင်နေပါသည်။ ထိုလယ်ကန်သင်းသည် ယောဂီ၏ နေ့စဉ် တောရကျောင်းသို့ သွားရာလမ်းဖြစ်ပါသည်။ ထိုအချိန်၌ ဖြတ်ကူးနေကျဖြစ်ပါသည်။

လယ်ကွင်း၏ ကန်ပေါင်ရိုး အလယ်လောက် အရောက်တွင် အထုပ်ထဲ၌ ပါလာသော နာရီမှ နာရီနှိုးစက်သံ မည်လာပါသည်။ ထိုအခါလယ်သမားသည် ထွန်ထိုးနေသည်ကို နား၍ ယောဂီကိုကြည့်ပါသည်။ ခွေးသည် ရုတ်တရက် ထိုင်နေရာမှထ၍ ဟောင်ပါသည်။ ယောဂီ၌နာရီမရှိပါ။
"ဒီအထုပ်ထဲမှာသင်္ကန်းသာမက နာရီလည်း ပါသေးတာကိုး…နောက်ထပ်ဘာတွေပါ အုံးမလဲ…ဓာတ်ခဲနာရီလား…စက်နာရီလား…
ခါးပိုက်ဆောင် နာရီလား…စားပွဲတင် နာရီလား… "
သတိသမ္ပဇဉ်မဲ့စွာ လျှောက်နေသော ယောဂီ၏ ခြေလှမ်းများကို သိနေ၍လားမသိ။
ခွေးသည် အဆက်မပြတ် ဟောင်မြဲဟောင်နေ ပါသည်။

ခါတိုင်းယောဂီသည် တောင်ခြေ၌ ခေတ္တနားသည်။ ထို့နောက်ခြေထောက်ဆေးသည်။ ပြီးမှတောင်ပေါ်ကျောင်းသို့ တက်ပါသည်။
ယနေ့ ယောဂီသည် တောင်ပေါ်ရောက်မှ ခြေထောက်မဆေးပဲ တက်လာမိသည်ကို သတိရလိုက်မိသည်။
တောင်ခြေ၌မနားခဲ့ရသဖြင့် မောနေသော မိမိ၏ အဖြစ်ကို ယောဂီမသိလိုက်တော့ပါပြီ။ ယောဂီသည်တောရ ကျောင်းသို့ယနေ့ ကမ္မဌါန်း သတိဖြင့် ရောက်မလာဘဲအထုပ် ဖြင့်ရောက်လာခဲ့ ပေပြီ။
အထုပ်ရလာသည့်အချိန် မှစ၍ ကမ္မဌါန်းလွတ်ကာ ကိလေသာ တို့ဖြင့် ပြီးသော၊ လိုချင်သည့် လောဘ တို့ဖြင့် ထုံမွှန်းသည့် အတွေးပေါင်းစုံဖြင့် သတိ လက်လွတ် ဖြစ်ခဲ့ရပါသည်။

ယောဂီဆင်ခြင်မိပါပြီ။ လိုချင်သည့်စိတ် မဖြစ်ပေါ်ခြင်းမှာ လိုချင်စရာအာရုံနှင့် ပက်ပင်း မတွေ့သေး၍သာ ဖြစ်ပါသည်။
ထို့အတူ ဒေါသ မာန ဣသာ မစ္ဆရိယ အစရှိ သောမိမိ၌ အနုသယအနေဖြင့် ကိန်းနေသော ကိလေသာအပေါင်း သည်လည်း ဖြစ်ပေါ်စရာအာရုံ ဖြစ်စရာအကြောင်းနှင့် မဆုံ၍သာ မဖြစ်ပေါ်သေး သည်သာဖြစ်ကြောင်း။ သတိတစ်ချက်လွတ်လိုက်သည်နှင့်အချိန်မရွေး ဖြစ်နိုင် သောကိလေသာ၏သဘာဝကို အထုပ်ကို အကြောင်းပြု၍ နားလည်ခွင့်ရခဲ့ပါသည်။

ယောဂီခြေ ထောက်ကိုဆေးပြီးနောက် ကမ္မဌါန်း ကျောင်း အတွင်းသို့ဝင်ပါသည်။
ပုခုံးပေါ်မှ သားရေနွယ်ကို ကြမ်းပြင်၌ ခင်းလိုက် ပါသည်။တင်ပလ္လင်ခွေထိုင်၍ အနားယူသကဲ့သို့ မိမိကိုယ်ကို သက်တောင့်သက်သာ ဖြေလျှော့ လိုက်ပါသည်။
ကိလေသာအရှိန်တို့ဖြင့် မငြိမ်မသက် ဖြစ်နေသော မိမိ၏စိတ်အား ယောဂီဂရုပြုမိလိုက်သည်။ ပြောင်းလည်းလှုပ်ရှားနေသော စိတ်၏ သဘာဝကို ယောဂီစိတ်ဝင်တစား လေ့လာနေမိသည်။ သုတေသနပြုနေသကဲ့သို့ ကမ္မဌါန်းအာရုံကို စဉ်ဆက်မပြတ်သိနေရင်း ကမ္မဌါန်းအားထုတ်သော ဖြစ်စဉ်တစ်ခု စတင်အသက်ဝင်လာခဲ့ပါသည်။

နောက်တစ်နေ့၌ စွန့်ပစ်မည်ဖြစ်သော ပံ့သကူသင်္ကန်း အထုပ်သည် ဖွင့်မည့်သူမရှိဘဲ အခန်းတောင့်တွင် ငြိမ်သက်စွာရှိနေပါတော့သည်။

အလွန်သိမ်မွေ့၍ မြင်နိုင်ခဲသော၊ အလိုရှိရာ အာရုံ၌ ကျရောက်လေ့ရှိသောစိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင်ရှောက်ထားသောစိတ်သည် ချမ်းသာကို ဆောင်ပေး တတ်၏။
(စိတ္တာဝဂ်-ဓမ္မပဒ)

အရှင်ခေမာနန္ဒ(ရန်ကင်းတောရ ) {ဆရာတော်၏ ဤခရီးနီးလာပါသည် စာအုပ်မှ ကောက်နှုတ် ကူးယူပူဇော်ပါသည်။}
မိတ်ဆွေများတရားအသိတိုးနိုင်ကြပါစေ။

မေတ္တာဖြင့်
ဆရာတော် အရှင်ခေမာနန္ဒ-ရန်ကင်းတောရ
Shared from Dr Pe Thet Tun (FB)

No comments:

Post a Comment