Thursday, August 14, 2014

ရှင်ဥပဂုတ္တ ရှင်းတမ်း


(၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)

မေး။ ။ ရပ်ကွက်ဓမ္မာရုံကဖွင့်သော အလွန်နာမည်ကြီးသော ဆရာတော်ကြီးတစ်ပါး (ပျံလွန်ပြီး)၏ အရှင်ဥပဂုတ္တ ရဟန္တာဇာတ်တော်ကို နာကြားလိုက်မိသဖြင့် စိတ်ထဲမှာ မရှင်းလင်းသည့် အချက်များကို မေးချင်စိတ်ပေါ်ခဲ့ရပါသည်။

ထိုဆရာတော်ကြီးက အရှင်ဥပဂုတ္တသည် ယခုအထိ သက်ရှိထင်ရှား ရှိနေသေးကြောင်း၊ တောင်သမုဒ္ဒရာမှာ ကြေးပြာသာဒ်ဖြင့် သီတင်းသုံးနေကြောင်း၊ ပိယဒဿီခေါ် ကလေးငယ်အား အရှင်ဥပဂုတ္တအမည်ဖြင့် မာရ်နတ်ကို နှိမ်နင်းမည့်အကြောင်း
မြတ်စွာဘုရားကိုယ်တိုင် ဗျာဒိတ်တော် ထားခဲ့ကြောင်း အကျယ်တဝင့် ဟောပါသည်။

သို့သော် ကျွန်တော်ဖတ်ဖူးသော ဓမ္မစာပေများတွင် အရှင်ဥပဂုတ္တ ဆိုသည်မှာ မဟာယာနတို့ ဖန်တီးထားသော ဇာတ်ဝတ္ထုသာ ဖြစ်ကြောင်းလည်း အကိုးအကားများစွာဖြင့် ပြထားပါသည်။ သို့သော် ပိဋကတ်စာပေတတ်ကျွမ်းသော ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ကပင် အရှင်ဥပဂုတ္တ တကယ်ရှိကြောင်း ရေးကြပြောကြလေရာ ကျွန်တော်(တို့)မှာ မည်သည်ကို အတည်ယူရမည် မသိတော့ပါ။

ဖြေ။ ။ အရှင်ဥပဂုတ္တ ရှိကြောင်း ရေးသားသောစာပေပညာရှင်တို့၏ ကိုးကားရာ ကျမ်းစာများမှာ မဟာယာနကျမ်းများ ဖြစ်သောကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့် (ထိုမထေရ် တကယ်ရှိ မရှိ နောက်ထား)ထေရ၀ါဒ သင်္ဂါယနာတင် ပိဋကတ်တော်များ၌ ခိုင်ခိုင်မာမာ မပါရှိဟူသော အချက်ကို ရှေးဦးစွာ သိထားသင့်၏။

မြတ်ဗုဒ္ဓ၏ ဒေသနာတော်ကို လေ့လာရာ၌ ဘုရားရှင်၏ မူရင်းစကားတော်ဖြစ်သော ပါဠိတော်၊ ထိုပါဠိတော်၌ အသိခက်သော အနက်အဓိပ္ပာယ်တို့ကို ဖွင့်ပြသော အဋ္ဌကထာ၊ ထိုအဋ္ဌကထာကိုပင် ထပ်ဆင့်ဖွင့်သော ဋီကာဟု အဆင့်ဆင့်ရှိရာ ဋီကာဆရာ၏
မှတ်ချက်သည် ပါဠိတော်၊ အဋ္ဌကထာလောက် မခိုင်မာသည်မှာ ထင်ရှားပါသည်။

အရှင်ဥပဂုတ္တ အကြောင်းအရာသည် ပိဋကတ်စာပေတွင် ၀ဇီရဗုဒ္ဓိဟူသော ၀ိနည်းဋီကာကျမ်း တစ်ဆောင်ထဲ၌သာ တွေ့ရ၏။ (သဒ္ဒါကျမ်းကိုကား စာရင်းမသွင်းတော့ပါ။ တချို့ကား မိလိန္ဒပဉှာကျမ်းတွင် လည်း ပါသည်ဆို၏။ သို့ရာတွင် ဆဋ္ဌမူ၌ သူတို့ထုတ်ပြသော ပါဠိကို မတွေ့ရ။)

အရှင်ဥပဂုတ္တဟူသော ရဟန္တာပုဂ္ဂိုလ်တစ်ပါးရှိခဲ့ မရှိခဲ့ကိစ္စကို မငြင်းလိုပါ။ ဗုဒ္ဓဘာသာဝင် မြန်မာလူထု လက်ခံထားသော အရှင်ဥပဂုတ္တနှင့် ပတ်သက်သော ယုံကြည်ချက် လက်ခံထားချက် တို့ကိုသာ ပါဠိတော် အဋ္ဌကထာနှင့် ဆန့်ကျင်မှုရှိ မရှိ စီစစ်ကြည့်လိုပါသည်။

(၁) ရှေးဦးစွာ စီစစ်ပြလိုသည်မှာ ”အရှင်ဥပဂုတ္တသည် ယခုတိုင်
အသက်ထက်ရှားရှိသေးလျက် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်၌ နေတော်မူ၏” ဟူသောအချက် ဖြစ်၏။
”မယှံ ဘိက္ခဝေ ဧတရဟိ အပ္ပကံ အာယုပ္ပမာဏံ ပရိတ္တံ လဟုကံ၊ ယော စီရံ ဇီဝတိ သော
ဝဿသတံ အပ္ပံ ဝါ ဘိယျော။”
”ဒီ။ ၂၊ ၃။သံ။၁၊ ၃၉၈။အံ။၂၊ ၅၀၃-စသည်)

ရဟန်းတို့ ယခုအခါ ငါဘုရား၏ အသက်အတိုင်းအရှည်သည် နည်းပါလှ၏။ တိုတောင်းလှ၏။ လျှင်မြန်လှ၏။ အသက်အရှည်ဆုံး သောသူသည် အနှစ်တစ်ရာသော်လည်း၊ အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော်လည်းကောင်း (အသက်ရှင်နေရ၏) 
(ဒီ။ မြန်။၂၊၁၁)

အပ္ပံ ဝါ ဘိယျောတိ ဝဿသတတော ဝါ ဥပရိ အပ္ပံ အညံ ဝဿသတံ အပတွာ ဝီသံ ဝါ တိံသံ ဝါ စတ္တာလီသံ ဝါ ပဏ္ဏာသံ ဝါ သဋ္ဌိ ဝါ ၀ဿာနိ ဇီဝတိ။ဧဝံ ဒီဃာယုကော ပန အတိဒုလ္လဘော အသုကော ကိရ ဧဝံ စိရံ ဇီဝတိ တတ္ထ တတ္ထ ဂန္တွာ ဒဋ္ဌဗ္ဗော ဟောတိ။ 
(ဒီ၊ဋ္ဌ။၂၊၆)

အနည်းငယ်ပိုလွန်၍သော်လည်းကောင်း-ဟူသည် အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော်လည်းကောင်းတည်း။ နောက်ထပ် အနှစ်တစ်ရာသို့ မရောက်မူ၍ အနှစ်နှစ်ဆယ်သော်လည်းကောင်း၊ သုံးဆယ်သော်လည်းကောင်း၊ လေးဆယ်သော်လည်းကောင်း၊
ငါးဆယ် သော်လည်းကောင်း၊ ခြောက်ဆယ်သော်လည်းကောင်း အသက်ရှင် တတ်၏။ သို့ရာတွင် `ဤသို့ အသက်ရှည်သူကား ရှားလှ၏။`ဤ သူသည် ဤမျှ ကြာမြင့်စွာ အသက်ရှင်သတတ်`ဟု ထိုထိုအရပ်သို့ (အထူးအဆန်းသဖွယ်) သွားရောက် ကြည့်ထိုက်၏။”

အထက်ပါ ပါဠိတော်အဋ္ဌကထာနှင့် မြန်မာပြန်ဆိုချက်များကို ထောက်ဆ၍ အရှင်ဥပဂုတ္တနှင့် ပတ်သက်သော ခံယူချက်ကို လက်ခံ လျှင် ဘုရားရှင် စကားကို လက်မခံရာရောက်၏။ ထေရ၀ါဒ ပိဋကတ်က မည်သူမဆို အသက်တစ်ရာတမ်းတွင် အသက်နှစ်ရာထက် မကျော်နိုင်ဟုဆို၏။ အရှင်ဥပဂုတ် လက်ခံသူတို့ကား
နောင်ဘုရားပွင့်သည်အထိ အသက်ရှည်မည့်ပုဂ္ဂိုလ်အဖြစ်ယူဆကြ၏။ ဤကား ပထမကွဲလွဲချက်တည်း။

(၂) အချို့ကလည်း `ရဟန်းတို့ မကြံသင့်သော ဈာန်ရပုဂ္ဂိုလ်၏ ဈာန်အရာကို မကြံအပ်၊ ယင်း(ဈာန်အရာ)ကို ကြံသူသည် ရူးသွပ်ရန်
ဆင်းရဲပင်းပန်းရန်သာဖြစ်၏။“ (အင်၊ မြန်။ ၄၊ ၁၀၃)ဟူသော ပါဠိတော်ကို ထောက်ဆ၍ တန်ခိုးအရာ မကြံသာသည်မဟုတ်ပါလော- ဟု မေးလိုကြပေလိမ့်မည်။

တန်ခိုးအရာ မကြံသာသည်မှာ မှန်ပါသည်။ သို့သော်လည်း တန်ခိုးသည် တန်ခိုးအရာ၌သာ စွမ်းနိုင်ပါသည်။ မျက်စိမည်မျှပင် ကောင်းကောင်း အသံကို မမြင်နိုင်ပါ။ နားမည်မျှပင်ကောင်းကောင်း အနံ့ကို မရှုနိုင်ပါ။ အလားတူပင် တန်ခိုးမည်မျှပင်ကြီးကြီး “ပျက်တတ်သော သဘောကို မပျက်အောင် မတားနိုင်ပါ၊
သေတတ်သော သဘောကို မသေအောင် မစွမ်းဆောင်နိုင်ပါ။”

အောက်ပါစကားရပ်မှာ မဟာပရိနိဗ္ဗာနသုတ်လာ ဘုရားရှင် မိန့်တော်မူချက်ဖြစ်၏။ “အာနန္ဒာ၊ မြတ်စွာဘုရားသည်ကား ပြီးစီးခြင်း၏အခြေခံ ဣဒ္ဓိပါဒ် တရားလေးပါးတို့ကို ပွားများထားပြီး ဖြစ်၏။ လေ့ကျင့်ထားပြီးဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီးဖြစ်၏။ ကောင်းစွာဆည်းပူးထားပြီး ဖြစ်၏။ ကောင်းစွာအားထုတ်ထားပြီး ဖြစ်၏။

အာနန္ဒာ- သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု (မိန့်တော်မူ၏)။” (ဒီ၊မြန်၊၂။၁၁၁)
ယင်းသုတ်အဋ္ဌကထာတွင် “ဧတ္ထ စ ကပ္ပန္တိ အာယုကပ္ပံ။ တသ္မိံ တသ္မိံ ကာလေ ယံ မနုဿာနံ  အာယုပ္ပမာဏံ ဟောတိ၊ တံ ပရိပုဏ္ဏံ ကရောန္တော တိဋ္ဌေယျ၊ ကပ္ပါဝသေသံ ဝါ တိ -“အပ္ပံ ဝါ ဘိယျော” တိ ဝုတ္တဝဿသတတော အတိရေကံ ဝါ။” (ဒီ၊ဋ္ဌ၊ ၂။၁၄၄)ဟု ဖွင့်ဆိုထား၏။

ဆိုလိုရင်းမှာ ဣဒ္ဓိပါဒ်လေးပါး ပွါးများထားသူသည် ကပ်ပတ်လုံးဖြစ်စေ
ကပ်ထက်လွန်၍ဖြစ်စေ တည်နိုင်ပေ၏-ဟူရာ၌ ကပ္ပ=ကပ်ဟူသော စကားအရ မဟာကပ်၊ ကပ်ကမ္ဘာစသည်ကို မယူရ၊ လူတို့၏ အသက်တမ်းဟူသော အာယုကပ်ကို ယူရမည်ဟု ဆိုလို၏။

အာယုကပ်ထက်လွန်၍ တည်နိုင်သည်ဟူရာ၌လည်း အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်ကာ နေနိုင်၏။ အနှစ်နှစ်ရာတိုင် အောင် မည်သူမျှ မနေနိုင်။ ဤသို့လျှင် ဘုရားရှင်သော်မှ အသက်နှစ်ရာကျော်အောင် မနေနိုင်ဘဲ ပရိနိဗ္ဗာန် ဝင်စံခဲ့ရပါလျက် အရှင်ဥပဂုတ္တက နေနိုင်သည်ဟု လက်ခံလျှင် အရှင်ဥပဂုတ္တသည်
ဘုရားရှင်ထက် တန်ခိုးကြီး၏ဟု ယူဆရပေတော့မည်။

(၃) နောက်တစ်ချက် စိစစ်လိုသည်မှာ အရှင်ဥပဂုတ္တ တန်ခိုးပြသည့် ကိစ္စဖြစ်၏။ “န ဘိက္ခဝေ ဂိဟီနံ ဥတ္တရိမနုဿဓမ္မံ ဣဒ္ဓိပါဋိဟာရိယံ ဒေဿတဗ္ဗံ၊ ယော ဒေဿယျ၊  အာပတ္တိ ဒုက္ကဋဿ။” (ဝိ၊၄၊၂၄၇)
“ရဟန်းတို့၊ လူတို့၏ ကုသိုလ်ကမ္မပထ တရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို လူတို့အား မပြအပ်၊ ပြသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏။”
(ဝိ၊မြန်၊ ၄၊ ၂၇၈)
ဤကား ဘုရားရှင် ပညတ်တော်မူချက် ဖြစ်၏။

ယင်းအဋ္ဌကထာတွင် “ဣဒ္ဓပါဋိဟာရိယန္တိ ဧတ္ထ ဝိကုဗ္ဗနိဒ္ဓိပါဋိဟာရိယံ ပဋိက္ခိတ္တံ၊ အဓိဋ္ဌာနိဒ္ဓိ ပန အပဋိက္ခိတ္တာတိ ဝေဒိတဗ္ဗာ။” (ဝိ၊ဋ္ဌ၊၄၊ ၄၆) “တန်ခိုးပြာဋိဟာ -ဟူသော စကားရပ်၌ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးပြာဋိဟာကိုသာ ပယ်မြစ်ခြင်းဖြစ်၏။ အဓိဋ္ဌာန် တန်ခိုး ပြာဋိဟာကိုကား မပယ်မြစ်အပ်ဟု မှတ်အပ်၏။” ဟု ဖွင့်ပြထားပါသည်။

သို့ဆိုလျှင် ဘုရားရှင် ပယ်မြစ်တော်မူအပ်သော ဝိကုဗ္ဗနိဒ္ဓိ တန်ခိုး
ပြာဋိဟာဟူသည် အဘယ်နည်း။ “သာ ဟိ `ပကတိဝဏ္ဏံ ဝိဇဟိတွာ ကုမာရကဝဏ္ဏံ ဝါ ဒေဿတိ နာဂဝဏ္ဏံ ဝါ၊ ဝိဝိဓမ္ပိ သေနာဗျူဟံ ဒေဿတီတိ” ဧဝံ အာဂတာ ဣဒ္ဓိ ပကတိဝဏ္ဏဝိဇဟနဝိကာရဝသေန ပဝတ္တတ္တာ
ဝိကုဗ္ဗနိဒ္ဓိ နာမ။” (သာရတ္ထ၊၁။၁၃၉)ဟူသော ဋီကာအဖွင့်အရ ဝိကုဗ္ဗနိဒ္ဓိဟူသည် -တန်ခိုးရှင်သည် မိမိ၏ ပင်ကိုယ်အဆင်းကို စွန့်၍ မင်းသားသဏ္ဌာန်၊ နဂါးသဏ္ဌာန်ဖြစ်အောင် စီမံပြုလုပ်ကြောင်းဖြစ်သော တန်ခိုးပြာဋိဟာ မျိုး၊ အထူးထူး အပြားပြားသော စစ်ဆင်ဟန် စသည်ကို စီမံပြုလုပ်ကြောင်းဖြစ်သော တန်ခိုးပြာဋိဟာမျိုးတည်း။”

ပင်ကိုယ်အဆင်းကို မစွန့်ဘဲ မိမိကိုယ်ကိုပင် အဆင်းအမျိုးမျိုး၊
ပုံသဏ္ဌာန်အမျိုးမျိုး၊ အရေအတွက်အများအပြားဖြစ်အောင်
အဓိဋ္ဌာန်ကြောင်းဖြစ်သော အဓိဋ္ဌာနိဒ္ဓိကိုကား ပြကောင်း၏။
သို့ရာတွင် “မာရ်နတ်သားလည်း မိမိလွှတ်သော လက်နက် မရောက်သည်ကို မြင်လျှင် အမျက်ထွက်၍ ကြီးစွာသော နွားဥသဘအဟန် ဖန်ဆင်း၍ မီးကို ငြိမ်းစေခြင်းငှါ ပြေးလာ၏။ ရှင်ဥပဂုတ်လည်း ကျားအဟန် ဖန်ဆင်း၍ ကြောက်မက်ဖွယ်သော
အသံကိုမြည်လျက် လိုက်၏။ လူအပေါင်းတို့လည်း ကြည့်ကြကုန်၏။

မာရ်နတ်သားလည်း နွားဥသဘအဖြစ်ကို စွန့်၍ ဦးခေါင်းခုနစ်လုံး ရှိသော နဂါးအဟန်ကို ဖန်ဆင်း၍ ကျားကို ကိုက်အံ့သောငှါ လိုက်၏။ ရှင်ဥပဂုတ်လည်း ကျားအသွင်ကို စွန့်၍ ဂဠုန်အဟန် ဖန်ဆင်းပြီး ဖမ်းလေ၏။” (ဇိနတ္ထ၊ ၇၉၃) စသည်ကို ထောက်ဆ၍ အရှင်ဥပဂုတ္တ၏ တန်ခိုးပြမှုမှာ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးဖြစ်ကြောင်း ထင်ရှား၏။

“အရိယာပုဂ္ဂိုလ်ဖြစ်သော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ ဟူသော
ပုဂ္ဂိုလ်နှစ်ယောက်တို့သည် စေတနာရှိသည်ဖြစ်၍ အာပတ်သို့ ရောက်ခြင်းငှါ မထိုက်ကုန်။” (ဝိ၊မြန်၊၅။ ၃၂၉) ဟူသော ပါဠိတော်စကားအရ အရှင်ဥပဂုတ္တသည် အရိယာပုဂ္ဂိုလ်သာမှန်လျှင် အာပတ်သင့်မှန်းသိလျက် ကျူးလွန်မည်မဟုတ်ပါ။

ဤသို့လျှင် အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိသည် ထေရဝါဒပိဋကတ် နှင့် ဆန့်ကျင်သော အရာများစွာရှိသောကြောင့် ဆရာအများက တကယ်မရှိဘဲ လုပ်ကြံဖန်တီးထားသော ဇာတ်ကောင်အဖြစ် မှတ်ယူကြပါသည်။
(၄) “ဧတ္ထာဟ - ကိံ ဘဂဝတော မာရာဝဋ္ဋနပဋိဃာတာယ သတ္တိ နတ္ထီတိ ? အတ္ထိ။ တထာပိဿ ပစ္ဆာ ဥပဂုတ္တကာလေ ပသာဒဟေတုတ္တာ အဓိဝါသေတိ။” (ဝဇီရ၊ ၆၃)

အထက်ပါ ပါဠိသည် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်ဖြစ်၏။ မြတ်စွာဘုရားရှင် ဝေရဉ္စာပြည်တွင် ဝါဆိုခိုက် မာရ်နတ်၏ လှည့်ပတ်မှု ကြောင့် တစ်ဝါတွင်လုံး မြင်းကုန်သည်တို့၏ မြင်းဝိုင်းတို့၌ ဆွမ်းခံကာ မြင်းစာဖြစ်သော မုယောဆန်တို့ကို ထောင်းကာ ဘုဉ်းပေးကြရသည်ကို အများသိပြီးဖြစ်၏။

အဋ္ဌကထာတွင် ဘုရားရှင်သည် ဝေရဉ္စာပြည်၌ ဝါကပ်တော်မူရန် ပင့်ဖိတ်ထားသော ဝေရဉ္စသူဋ္ဌေးကြီးနှင့် ဝေရဉ္စပြည်သူတို့ မာရ်နတ်လှည့်ပတ်သဖြင့် ဆွမ်းလောင်းဖို့ မေ့လျော့ကြမည်ကို သိပါလျက် မြင်းကုန်သည်တို့အား ချီးမြှောက်တော်မူလို၍ ဝေရဉ္စာပြည် ၌ပင် ဝါကပ်တော်မူခဲ့ကြောင်း -စသည်ဖြင့် အချက်အလက်များစွာကို ဖွင့်ပြထား၏။

သို့ရာတွင် မာရ်နတ်လှည့်ပတ်ခြင်းကို ဘုရားရှင် တားနိုင်/မတားနိုင်
ပြဆိုဆွေးနွေးထားခြင်း မရှိ။ ဝဇီရဗုဒ္ဓိဋီကာတွင်သာ အထက်၌ ထုတ်ပြထားသော ပါဠိအတိုင်း အမေးအဖြေပုံစံဖြင့် ဖွင့်ပြထား၏။
ထိုပါဠိရပ်၏ အဓိပ္ပါယ်မှာ “ဘုရားရှင်အား မာရ်နတ်လှည့်ပတ်ခြင်း ကို
တားမြတ်နိုင်သော အစွမ်းသတ္တိ မရှိသလော? ရှိပါ၏။ ထိုသို့ရှိသော်လည်း နောင်အခါ အရှင်ဥပဂုတ္တလက်ထက်၌ ထိုမာရ်နတ်၏ ကြည်ညိုခြင်း၏ အကြောင်းဖြစ်သောကြောင့် သည်းခံတော်မူ၏။” ဟု ဖြစ်၏။

ထိုစကားရပ်သည် အဋ္ဌကထာ၌ မပါသလို ဝဇီရဗုဒ္ဓိဋီကာ၏ နောက်မှရေးသော အလားတူ ဝိနည်းအဋ္ဌကထာဖွင့် ဋီကာကြီးနှစ်စောင် ဖြစ်သော သာရတ္ထဒီပနီဋီကာနှင့် ဝိမတိဝိနောဒနီ ဋီကာတို့တွင်လည်း အရိပ်အမြွက်မျှပင် ထောက်ခံရေးသားမှုကို မတွေ့ရခြင်း၊ ဘုရားရှင်သည် ဝါတွင်းသုံးလပတ်လုံး မုယောဆွမ်းကို ဘုဉ်းပေးရခြင်းမှာ ဝိပါက်တော်ကြောင့် ဖြစ်၏။

မည်သူမျှတားမရသော ကံအကျိုးကို ဘုရားရှင် ရှောင်လွှဲတော်မူလေ့ မရှိခြင်း၊ မာရ်နတ်ကိုလည်း သည်းညည်းမခံ တုန့်ပြန် တားမြစ်လေ့မရှိခြင်း စသောအကြောင်းများ ကြောင့် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်သည် အားနည်းနေသည်ကို တွေ့ရ၏။ ထို့ကြောင့် ဆရာအများက ပမာဏမြောက်သော အကိုးအကားအဖြစ်
မမှတ်ယူကြခြင်း ဖြစ်ပေမည်။

မေး။ ။ (၂) ကျွန်တော့်မိတ်ဆွေတစ်ယောက်ကမူ ရှင်ဥပဂုတ္တကို
ယုံကြည်ကိုးကွယ်သူ ဖြစ်နေရာ “တကယ်ရှိရှိ မရှိရှိ ကိုယ်စိတ်ထဲမှာ
ရဟန္တာအနေနဲ့ ကြည်ညိုကိုးကွယ်တာပဲ အကျိုးရှိပါတယ်” ဟု ချေပပါ သည်။ ထို့ကြောင့် အမှန်တရားတစ်ခုကို ကိုင်စွဲလိုပါသောကြောင့် စာပေပညာရှင်များက ဉာဏ်အလင်းပြပေးတော်မူကြပါရန်။

ဖြေ။ ။ (၂) အရှင်ဥပဂုတ္တ တကယ်ရှိရှိ မရှိရှိ ကိုယ့်စိတ်ထဲတွင်
ရဟန္တာအမှတ်ဖြင့် ကြည်ညိုကိုးကွယ်နိုင်လျှင် အကျိုးရှိသည် မှန်ပါသည်။ ရဟန္တာဟု အမှတ်ရှိပါလျက် မိုးတားပေးဖို့ အစောင့်ချသလို ဆက်ဆံလျှင်လည်း အပြစ်ဖြစ်နိုင်ပါသည်။

ဤတွင် ထေရဝါဒကိုးကွယ်မှု အရိုအသေပေးမှု အစဉ်အလာ တစ်ခုကို ဖော်ပြလိုပါသည်။ မိမိတို့စိတ်တွင် ကြည်ညိုစိတ်ဖြစ်ကာ အရိုအသေပေးရာ အလေးအမြတ်ပြုရာတွင် သီလ-သမာဓိ-ပညာစသော ဂုဏ်ကို အာရုံပြုရသည်လည်း ရှိ၏။ မိမိအပေါ်
ကျေးဇူးများမှုဟူသော ဂုဏ်ကို အာရုံပြုရသည်လည်း ရှိ၏။

ဥပမာ-ဘုရားရှင်နှင့် သာဝကများရှိရာတွင် ဘုရားရှင်ကိုသာ အရိုအသေပြုရ၏။ အခြားသာဝကများအား ဘုရားရှင်နှင့် ထပ်တူမပြုရ။ ဘုရင်ကြွလာလျှင်လည်း ဘုရားရှင်ကို ကျောပေးကာ ဘုရင်ကို အရိုအသေမပြုရ။ “မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီးသော် သင့်၍ ထင်ရှားရှိတော်မူ စဉ် မသင့်သောအာပတ်သည် ရှိ၏။”ဟု ပရိဝါပါဠိတော်တွင် လာရှိ၏။

အဘယ်ကြောင့် အဘယ်အာပတ်သင့်သနည်းဟူမူ မိမိထက် ဝါကြီးသော ရဟန်းကို ဘန္တေ= (အရှင်ဘုရား)ဟု ခေါ်ရမည့်အစား အာဝုသော= (ငါ့ရှင်)ဟု အငယ်ကို ခေါ်သည့် အာလုပ်ပုဒ်ဖြင့် ခေါ်ခြင်းကြောင့် ဒုက္ကဋ်အာပတ် သင့်ခြင်းဖြစ်၏။ သို့ရာတွင်
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကမူ မိမိထက် မည်မျှပင် ဝါကြီးစေကာမူ ဘန္တေ-ဟု မခေါ်ရ။ အာဝုသော-ဟုပင် ခေါ်ရ၏။ ဘုရားရှင်ကိုလည်း ဘန္တေ၊ ရဟန်းအချင်းချင်းလည်း ဘန္တေ-ဟု ခေါ်လျှင် ဘုရားရှင်နှင့် ရဟန်းများကို တန်းတူထားရာရောက်၏။

သီလ သမာဓိ ပညာစသော ဂုဏ်ရည်အားဖြင့် များစွာမကွာခြားသော ပုဂ္ဂိုလ်အများကို ဆည်းကပ်ရာ အရိုအသေ ပေးရာ၌ကား အသက်သိက္ခာကြီးသူကို ရှေးဦးစွာ ဆည်းကပ်ရ၊ အရိုအသေပေးရ၏။ ထိုပုဂ္ဂိုလ်အပေါင်းတွင် မိမိအား အထူးကျေးဇူးများ သော ပုဂ္ဂိုလ်ကို အထူးဆည်းကပ်မှု ၊ အထူးအရိုအသေပေးမှု ပြုနိုင်၏။
အခြားပုဂ္ဂိုလ်များအား မထီလေးစား ပြုရာမရောက်။

အိမ်တစ်အိမ်တွင် အသက်သိက္ခာကြီးမားသော ဒေါ်ကြီး ဒေါ်လေးများ ရှိသော်လည်း မိမိအပေါ် အထူးကျေးဇူးများသော မိခင်ကိုသာ (အဒေါ်ကိုကျော်၍) အထူးဆည်းကပ်မှု အထူးအရိုအသေ ပေးမှု ပြုနိုင်၏။ ဂုဏ်သိက္ခာချင်းတူပါလျက် မိခင်ကိုကျော်၍ အဒေါ်ကိုသာ (တစ်ခုခု ပေးလိမ့်မည်အထင်ဖြင့်) ကပ်ဖားသမှု အထူး အရိုအသေပြုနေလျှင်ကား မိခင်ကို စော်ကားရာ အလေးမထားရာ ရောက်၏။

သီလ-သမာဓိ-ပညာ စသောဂုဏ်ဖြင့်ပင်ယှဉ်ယှဉ်၊ မိမိတို့အပေါ် (သာသနာတော်အပေါ်) ကျေးဇူးများသည့်ဂုဏ်ဖြင့်ပင် ယှဉ်ယှဉ် အရှင်ဥပဂုတ္တသည် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် စသော ပုဂ္ဂိုလ်များထက် မသာလွန်ပါ။ ဤသို့ မသာပါသည်ကို သာသည်ဆိုပြီး ပိုမိုကာ အလေးအမြတ်ထားပါလျှင် “အမေကိုကျော်ကာ ဒွေးတော်
လွမ်းခြင်း” သာ ဖြစ်ပါလိမ့်မည်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် စသည်တို့ကို စော်ကားရာ အလေးမထားရာ ရောက်ပါလိမ့်မည်။

ရုပ်တု ရုပ်ပွား ထုလုပ်ကိုးကွယ်သူတို့၏ မူလရည်ရွယ်ချက်မှာ
ရုပ်ပွားတော်ရှေ့တွင် ထိုင်၍ ထိုရုပ်ပွားရှင်၏ ဂုဏ်ကို လွယ်ကူလျင်မြန်စွာ အာရုံပြုနိုင်ဖို့သာ ဖြစ်ပါသည်။ တနည်းအားဖြင့် မိမိတို့သန္တာန်တွင် သဒ္ဓါ-သတိစသော တရားကောင်းများ အလွယ်တကူ ဖြစ်ပွားနိုင်ဖို့သာ ဖြစ်ပါသည်။

ထိုသဒ္ဓါ၊ သတိ-စသော ကုသိုလ်တရားကောင်းများ မိမိတို့ သန္တာန်၌
ဖြစ်ပွားအားကောင်းလာသောအခါ ထိုကုသိုလ်တရားကောင်း တို့၏ စွမ်းအင်ကြောင့် အကျိုးပေးရန် အလှည့်စောင့်နေသော အကုသိုလ်ကံတို့ မှေးမှိန်၍ ကုသိုလ်ကံတို့ အကျိုးပေးခွင့်သာသဖြင့် ကောင်းကျိုးဖြစ်ပွားတတ်သည်လည်း ရှိ၏။
ထိုသူတော်ကောင်းကို နတ်ကောင်းတို့ စောင်မသည့်အခါလည်း ရှိ၏။

သို့ရာတွင် ထိုပုဂ္ဂိုလ်သည် ထိုသဘောတရားတို့ကို မသိမမြင်နိုင်ရကား
မိမိကိုးကွယ်သော ရုပ်ပွားက မိမိကို စောင်မကယ်တင်သည်ဟု ထင်လာ၏။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို အကြောင်းပြု၍ ရုပ်တုထုစရာ အရာဝတ္ထုသည် အမျိုးမျိုးအစားစား ကွဲပြားလာ၏။ ယင်း၏ ဂုဏ်သတ္တိလည်း ထူးခြားလာ၏။ တဖန် ရုပ်တု၏ ပုံသဏ္ဌာန်လည်း ကွဲပြားလာပြန်၏။ ဘုရားရှင်ကို ဆင်စီးစေ၏။ မြင်းစီးစေ၏။ မကိုဋ် စလွယ်တပ်ပေး၏။

ရတနာမျိုးစုံ စီခြယ်ပေး၏။ ပုံသဏ္ဌာန် အမျိုးမျိုးအလိုက် တန်ခိုးစွမ်းရည်
အမျိုးမျိုး ကွဲပြားကြောင်း လုပ်ကြံဖန်တီးကြ၏။ ဤသို့ဖြင့် ကိုးကွယ်ဆည်းကပ်ရာတွင် အကျိုးရမှုသည် ကိုးကွယ်ဆည်းကပ်သူ၏
အဇ္ဈတ္တသန္တာန်၌ဖြစ်သော သဒ္ဓါ၊ သတိစသော ကုသိုလ်တရားတို့နှင့် မဆိုင်တော့ပဲ ဗဟိဒ္ဓသန္တာန်၌ရှိ သော အကိုးကွယ်ခံ ရုပ်တုပုံသဏ္ဌာန်နှင့် ဆိုင်လာ၏။

ဤသို့ဖြင့် ကောင်းနိုးရာရာ လက်ခံကိုးကွယ်လာခဲ့ကြရာ အပြစ်မဆိုသာသော ရှင်သီဝလိ၊ ရှင်ဥပဂုတ်တို့မှ အစပြု၍ သူရဿတီ နှင့် ကာဠီမယ်တော်လည်း ရောက်လာခဲ့၏။ ယခုအခါ ဥတည်ပွားနှင့် ကွမ်ယင်မယ်တော်လည်း ရောက်လာခဲ့ပြီဖြစ်၏။

ဤသို့ဖြင့် “သိပ်အရေးမကြီးပါဘူး၊ စာတတ်ပေတတ် ဆရာတော် ကြီးတွေတောင်မှ ဘာမှမပြောပဲ ကိုယ်ကရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပါဘူး” စသည်ဖြင့် လျစ်လျူရှုတတ်ကြရာ မကြာမီ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားစင်တွင် ရှီဝ၏ လိင်ရုပ်ကိုပါ ဖူးတွေ့ရတော့ မည်ဖြစ်သည်။

အရှင်ကောဝိဒ (ယော)
(ရှင်ဥပဂုတ္တ ရှင်းတမ်း)
http://www.myatpanyagon.com/

No comments:

Post a Comment