အနာရှိတဲ့လက်နဲ့ ဆားအိုးထဲကို နှိုက်ရင် စပ်တတ်တယ်။ လက်မှာ အနာမရှိရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ အနာလက်နဲ့ ဆားနှိုက်လို့ စပ်တဲ့အခါ ဆားအိုးကို ဒေါသဖြစ်၊ အပြစ်တင်နေလို့ ကိုယ်ပဲ ရူးရာကျမယ်။ ကိုယ့်အနာကိုယ် အရင်လုံအောင်၊ သက်သာအောင် လုပ်ဖို့ စဉ်းစားတတ်မှသာ သင့်တင့်လျောက်ပတ်တဲ့၊ မှန်ကန်တဲ့ အတွေးအမြင်၊ အသိဥာဏ်ဖြစ်မယ်။
ဒီဥပမာလိုပဲ ကိုယ့်စိတ်သန္တာန်မှာ ကိလေသာဆိုးတွေ အမြစ်တွယ်နေလို့ ပြင်ပက အာရုံဆိုးတွေနဲ့ တွေ့တဲ့အခါ စပ်စပ်လူးပြီး ခံရခက်တတ်ကြတယ်။ အဲဒီလိုဖြစ်တဲ့အခါ ပြင်ပကလာတဲ့ အာရုံဆိုးကိုပဲ အပြစ်မြင်ပြီး ကိုယ့်ရဲ့ အတွင်းသန္တာန်မှာ အမြစ်တွယ်နေတဲ့ ကိလေသာကိုတော့ အပြစ်မြင်ဖို့ မပြောနဲ့၊ (ဖြစ်နေတဲ့အချိန်ဆို) ရှိမှန်းတောင် မေ့နေတတ်ကြတယ်။
လောဘဖြစ်စရာအာရုံနဲ့ ကိုယ့်အတွင်းထဲက လောဘစိတ်နဲ့ တိုက်မိတဲ့အခါ လောဘတွေ ဖြစ်လာတယ်။ ဒေါသဖြစ်စရာအာရုံနဲ့ ကိုယ့်အတွင်းထဲက ဒေါသစိတ်နဲ့ ထိတွေ့မိတဲ့အခါ ဒေါသတွေ ဖြစ်လာတယ်။ ဒီနေရာမှာ လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ ပြင်ပအာရုံတွေကတော့ ဆားအိုးပေါ့။ ကိုယ့်အတွင်းသန္တာန်မှာ အမြစ်သဖွယ် ကိန်းအောင်းနေတဲ့ လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာတွေကတော့ ပွင့်ဟနေတဲ့ အရေပြားပေါ်က အနာကြီးတွေပေါ့။ ဒါကြောင့် ဒီနှစ်ခု ထိတိုက်မိတဲ့အခါ ခံရခက်အောင် စပ်ကုန်၊ နာကုန်ကြတာ။
အာရုံကောင်းလေးတွေ (သို့) လောကဓံကောင်းလေးတွေနဲ့ ကြုံဆုံနေရတဲ့အချိန် ပုံမှန်စိတ်ထားရှိတဲ့ လူတစ်ယောက်က ပြုံးလို့၊ ရွှင်လို့၊ စေတနာ၊ မေတ္တာတွေ ဝေဖြာလို့ နေနေတိုင်း သူဟာ သူတော်ကောင်းကြီးပါလို့ ယတိပြတ် မှတ်ချက်ချလို့ မရနိုင်သေးဘူး။ အာရုံဆိုးတွေ၊ အခံရခက်တဲ့ လောကဓံဆိုးတွေနဲ့ ပေးတွေ့ကြည့်လိုက်လို့ စပ်စပ်တွေလူးကုန်ပြီဆိုရင် သူ့ရင်ထဲက ခဏငြိမ်ဝပ်နေတဲ့ ကိလေသာဆိုးတွေ ပြန်ပေါ်လာတဲ့သဘောပဲ။ ဒေါသအားနည်းပြီး လောဘအားကြီးသူတစ်ယောက်ကို ဒေါသဖြစ်စရာအာရုံနဲ့ တွေ့ပေးလိုက်လို့ ဒေါသမဖြစ်တိုင်း သူဟာ အေးချမ်းနေတဲ့၊ ကိလေသာတွေနည်းနေတဲ့ ပုဂ္ဂိုလ်လို့ မှတ်ယူလို့ မရသေးဘူး။ သူ့ကို လောဘဖြစ်စရာအာရုံနဲ့ ပေးတွေ့လိုက်တဲ့အခါ ကိုယ်ထင်ထားခဲ့တာတွေ မှားသွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒေါသနည်းပြီး လောဘကြီးတဲ့သူ ဖြစ်နေလို့ပဲ။ ဒါကြောင့် လူတွေဟာ ကိုယ်အားကြီးတဲ့ ကိလေသာအမျိုးအစားနဲ့ ပြင်ပက သက်ဆိုင်ရာ အာရုံမျိုးတွေ ထိတွေ့လိုက်မိတဲ့အခါ မခံနိုင်အောင်ပဲ ဖြစ်ကြရတယ်။ ဒီအချိန်ရောက်မှသာ ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်၊ အပြင်လူတွေကပဲဖြစ်ဖြစ် ဒီလူတစ်ယောက်ရဲ့ ကိလေသာအနည်းအများကို နည်းနည်းပါးပါး တီးမိခေါက်မိတော့တယ်။
ဒါကြောင့် အာရုံအဆိုးအကောင်းတွေနဲ့ ကြုံတဲ့အခါ အဲဒီအာရုံတွေကို အပြစ်မမြင်ဘဲ ကိုယ့်ရဲ့ အကုသိုလ်/ကုသိုလ်ဝိပါက်(အကုသိုလ်/ကုသိုလ်အကျိုး) တွေလို့သာ အမှန်အတိုင်း သဘောထားသင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ရင်ထဲမှာ အမြစ်တွယ်နေတဲ့ ကိလေသာတွေ ရှိနေလို့သာ ပြင်ပက အာရုံတွေနဲ့ ထိတွေ့မိတဲ့အခါ အဲဒီရင်ထဲက အတွင်းကိလေသာတွေ ထကြွလာကြပြီး ကိုယ့်စိတ်ကို မခံနိုင်အောင် ဒုက္ခပေးကြတော့တာပါလား… လို့ တရားသဘောနဲ့ ဆင်ခြင်သင့်ပါတယ်။ ပြင်ပကအာရုံတွေဖြစ်တဲ့ အခြေအနေ၊ အကြောင်းအရာ၊ လူပုဂ္ဂိုလ် အစရှိတဲ့ အမျိုးမျိုးသော အတိုက်ဓာတ်တွေကို တရားသဘောနဲ့ အမှန်အတိုင်း မြင်လိုက်ပြီးတော့ … ဒီအရာတွေက (ဆားအိုးလိုပဲ) ငါ့ကို တကယ် ဒုက္ခပေးနိုင်တာမှ မဟုတ်တာ။ ငါ့ရဲ့ ရင်ထဲမှာ အမြစ်သဖွယ်ကိန်းအောင်နေတဲ့ ကိလေသာဆိုးတွေကသာ (အနာရှိနေတဲ့လက်လိုပဲ) ငါ့ကို တကယ်တမ်း ဒုက္ခပေးနေတာပါလားလို့… ယောနိသောမနသိကာရ ဆိုတဲ့ တရားသဘော အမြင်မှန်လေးအတိုင်း ပြတ်ပြတ်သားသားဆင်ခြင်ပြီးတော့ ကိုယ်ကိုယ်တိုင်ရဲ့ အတွင်းကိလေသာတွေကိုသာ အဓိကပစ်မှတ်ထား ချေဖျက်သင့်တယ်ဆိုတာကို နားလည်သဘောပေါက်နိုင်ကြပြီး ဒီဘ၀၊ ဒီခန္ဓာ မဆုံးခင်မှာပဲ အပါယ်တံခါးပိတ်စေတဲ့ အကျင့်တရားတွေကို ကျင့်ကြံပွားများ ရရှိနိုင်ကြပါစေလို့ နိဗ္ဗာန်အကျိုးမျှော်၍ မှတ်သားမိသမျှ တရားဗဟုသုတလေးတွေကို စုပေါင်းကာ လက်တွေ့ဆင်ခြင် ကျင့်သုံးနည်းလေးတစ်ခုအဖြစ် မျှဝေလိုက်ရပါတယ်။
(စာကြွင်း… စာရေးသူက ဒီလိုရေးတော့ စာရေးသူရော ဘယ်လောက်အထိ ဒီအကျင့်ကို ကျင့်သုံးနေနိုင်ပြီလဲလို့ မေးလာရင်တော့ … အဖြေက… ကိုယ်နာခဲ့ဖူးတဲ့၊ ဖတ်ခဲ့ဖူးတဲ့ တရားတွေကို လက်တွေ့ဘ၀နဲ့ ဆက်စပ်စဉ်းစားပြီး ဒီလိုသဘောလေးပါလားလို့ ခံစားတွေးတောမိလို့ အတွေးအခေါ် ဒဿနလေးတစ်ခုကို သံသရာခရီးသွားဖော်အချင်းချင်း ပြန်လည် ဖောက်သည်ချချင်တဲ့သဘောနဲ့ ဝေငှခြင်းသက်သက်မျှသာ ဖြစ်ပါတယ်။ စာရေးသူလဲ အစပြုကျင့်သုံးနေဆဲပါပဲလို့ ဖြေပေးလိုက်ပါတယ်…း)
မေတ္တာဖြင့်
ခိုင်ခိုင်
Aug 26, 2014 (Tue)
No comments:
Post a Comment