Thursday, August 14, 2014

စားတက်ပါက ကုသိုလ်ရ


(၁) သီလဖြင့် စားခြင်း
(၂) သမထဖြင့် စားခြင်း
(၃) ဝိပဿနာဖြင့် စားခြင်း

(၁) သီလဖြင့်စားခြင်းဟူသည်-

စားဖွယ်သောက်ဖွယ်များ စားသောက်ရာတွင် ဤစားသောက်ဖွယ်များကို စားသောက်ရခြင်းသည် ကလေး သူငယ်များကဲ့သို့ မြူးတူးပျော်ပါး ကစားဖို့ရာ စားသည်မဟုတ်၊ အရေအဆင်း လှပတင့်တယ်ဖို့ရာ စားသည်မဟုတ်၊ အားမာန်တွေ တက်ကြွလာဖို့ရာ စားသည်မဟုတ်၊ ဤခန္ဓာကိုယ် မျှမျှတတရှိဖို့ရာ၊ ကျန်းကျန်းမာမာရှိဖို့ရာ၊ ဘာသာ သာသနာအတွက်၊ မိမိသူတစ်ပါးအတွက် အကျိုးရှိရာများကို ဆောင်ရွက်နိုင်ဖို့ရာ၊ အကျင့်ကောင်းအကျင့်မြတ်များကို ကျင့်ကြံအားထုတ်နိုင်ဖို့ရာစားခြင်းဖြစ်သည်ဟု ပညာဖြင့်နှလုံးသွင်းဆင်ခြင်၍ စားသုံးပါက သီလဖြင့်စားသုံးခြင်း ဖြစ်ပေသည်။ စားဖွယ်ပစ္စည်းကို အမှီပြု၍ သီလကုသိုလ်များကို ရရှိပါသည်။

ဆောင်ပုဒ်။ ။ ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ၊ စားတာသီလမည်။

(၂) သမထဖြင့် စားခြင်းဟူသည်

စားဖွယ်သောက်ဖွယ်များ စားသောက်ရာတွင် ဤစားသောက်ဖွယ်များကို ချက်ပြုတ်စီမံကြသော သူများ၊ ကျွေးမွေးထောက်ပံ့ခဲ့ဖူးသော မိဘဆရာသမားများ လာရောက်လှူဒါန်းကြသော အလှူရှင်များမှစ၍ အရပ်ဆယ်မျက်နှာရှိ အားလုံးသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟူ၍ မေတ္တာပွားကာစားသုံးပါက သမထဖြင့်စားခြင်း ဖြစ်ပေသည်။ မေတ္တာပွားများကာ စားခြင်းဖြင့် သမထကုသိုလ်များကို ရရှိပါသည်။

ဆောင်ပုဒ်။ ။မေတ္တာပွားကာ စားသုံးတာ မှန်စွာသမထမည်။

(၃) ဝိပဿနာဖြင့် စားခြင်း ဟူသည်

စားဖွယ်သောက်ဖွယ်များကို မြင်ရသောအခါမှ စ၍ စားသောက်သောအမူအရာများကို ရှုမှတ်၍ စားခြင်းပင် ဖြစ်ပေသည်။

စားဖွယ်သောက်ဖွယ်များကို မြင်ရသောအခါ မြင်တယ်မြင်တယ်ဟု မြင်ကာမျှ မတ္တမှာတည်အောင်ရှုမှတ်ရပါသည်။ ထမင်းပွဲဆီသို့ လှမ်းတော့ လှမ်းတယ် လှမ်းတယ်၊ ထမင်းနှင့် လက်နှင့်ထိတော့ ထိတယ်ထိတယ်၊ ထမင်းလုတ်ကို ပြင်တော့ ပြင်တယ် ပြင်တယ်၊ ထမင်းလုတ်ကို ယူတော့ ယူတယ် ယူတယ်၊ ခေါင်းငုံ့တော့ ငုံ့တယ် ငုံ့တယ်၊ ထမင်းလုတ်ကို ခွံ့တော့ ခွံ့တယ်ခွံ့တယ်၊ခေါင်းပြန်ထူတော့ ထူတယ်ထူတယ် ၊ ဝါးတော့ ဝါးတယ် ဝါးတယ်၊အရသာကိုသိတော့ သိတယ်သိတယ်၊ မျိုလိုက်တော့ မျိုတယ် မျိုတယ်ဟူ၍ စားသောအမူအရာများကို ရှုမှတ်၍ ဝိပဿနာဖြင့် စားခြင်း ဖြစ်ပေသည်။ ဝိပဿနာကုသိုလ်များကို ရရှိပါသည်။

ဆောင်ပုဒ်။ ။ စားသောက်မူရာ၊ ရှုမှတ်ကာ စားသာ ဝိပဿ နာမည်။

သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး

No comments:

Post a Comment