Thursday, August 14, 2014

စားသုံးဖွယ်အသီးအနှံ အညွှန့်များကို ရဟန်းသံဃာတော်များ ဘုန်းပေးသုံးဆောင်နိုင်အောင် ပြုလုပ်ပေးနည်း


ရဟန်းသံဃာတော်များသည် သစ်ပင်များကို ခုတ်လှဲခြင်း မီးရှို့ခြင်း စသည်ဖြင့် မဖျက်စီးရပါ။ ဖျက်စီးလျှင် အာပတ်သင့်ခြင်း အပြစ်ရပါသည်။

ရဟန်းသံဃာတော်များသည် သစ်ပင်များကို ကိုယ်တိုင်ဖျက်စီးတာကို မဆိုထားနှင့် သူတစ်ပါးကို ခိုင်းသောအခါမှာပင် အပ်စပ်အောင် ခိုင်းရပါသည်။ မခိုင်းတတ်လျှင် အာပတ်သင့်ခြင်း အပြစ်ရပါသည်။

ဤသစ်ပင်ကိုဖြတ်စမ်း ခုတ်စမ်း လှဲစမ်း ချိုင်စမ်း၊ ဤအသီးကို ဆွတ်စမ်း၊ ငရုတ်သီးကိုထောင်းစမ်း၊ ကြက်သွန်ကိုထောင်းစမ်း၊ ကြံကိုဖြတ်စမ်း စသည်ဖြင့် မခိုင်းရပါ။

ဤသစ်ကိုင်းကြီး ပိုထွက်နေတယ်၊ ကပ္ပိစမ်း၊ ငရုတ်သီးနှင့် ကြက်သွန် အပ်စပ်အောင် ကပ္ပိစမ်း စသည်ဖြင့် ခိုင်းရပါသည်။ ကပ္ပိဟု ပြောရသည်။ ကပ္ပိဆိုသည်မှာ အပ်စပ်အောင်လုပ်ဟု ပြောခြင်းဖြစ်၏။

သစ်ပင်များသည် အမြစ်ဖြင့်အသက်ရှင်ခြင်း၊ အဆစ်မှအမြစ်ထွက်၍ အသက်ရှင်ခြင်း (ပိတောက်ပင်စသည်) အညွှန့်ဖြင့် အသက်ရှင်ခြင်း (ကန်စွန်းရွက်စသည်) အစေ့မှအပင်ပေါက်၍ အသက်ရှင်ခြင်း စသည်ဖြင့် ရပ်တည်နေကြပါသည်။

မျိုးစေ့ကိုဖြစ်စေ၊ သစ်ပင်ကိုဖြစ်စေ ရဟန်းသံဃာတော်များ ဖျက်စီးခွင့်မရှိသောကြောင့် ငရုတ်သီး၊ ကြက်သွန်၊ မာလကာသီး၊ ကြံစသည်တို့ကို ရဟန်းတော်များအား ကပ်လှူလိုပါက အပ်အပ်စပ်စပ် ဘုန်းပေးသုံးဆောင်ခွင့်ရအောင် အလှူရှင်ပုဂ္ဂိုလ်များက ပြုလုပ်ဆောင်ရွက်ပေးရပါသည်။
ငရုတ်သီးစိမ်းစသည်တို့ကို
၁။ မီးဖြင့်တိုက်ခြင်း၊ ကပ်ခြင်း
၂။ ဓါးဖြင့်ခုတ်ခြင်း၊ လှီးခြင်း။
၃။ လက်သည်းဖြင့်ဆိတ်ဖြတ်ထိုးဖောက်ခြင်း၊
၎။ အပင်မပေါက်နိုင်သော အစေ့အနုဖြစ်က အလိုအလျောက်
အပ်စပ်ခြင်း။
၅။ သရက်သီးမှည့် စသည်တွင် အပင်ပေါက်နိုင်သော အစေ့ကို ထုတ်ပစ်ခြင်း ဤငါးမျိုးတွင် တမျိုးမျိုးဖြင့် အပ်စပ်အောင်ပြုလုပ် ဆက်ကပ်ရသည်။ ငရုတ်သီး ကြက်သွန်တို့ကို ထောင်းခြင်း၊ မီးကင်ခြင်းပြုလုပ်ပြီးမှ ကပ်လှူပါက အထူးပြုလုပ်စရာမလိုတော့ပေ။

မထောင်း မကင် မပြုတ်ဘဲ ငရုတ်သီး ကြက်သွန် ကန်စွန်းရွက် စသည်တို့ကို ရဟန်းသံဃာတော်များအား ကပ်လှူလိုပါက အပ်စပ်အောင်ပြုလုပ်ပေးရပါသည်။ ရှင်သန်ပေါက်ရောက်နိုင်သော အရွက် အညွှန့် အသီးဖြစ်ပါက အပ်စပ်အောင် ပြုလုပ်ပေးရပါသည်။ အဆစ်တွေကို ပယ်ပစ်ပါက အထူးပြုလုပ်နေစရာ မလိုတော့ပေ။

အပ်စပ်အောင်ပြုလုပ်နည်း

ရှင်သန်ပေါက်ရောက်နေသော အရွက် အညွှန့် သီးနှံတို့ကို
ရဟန်းသံဃာတော်အား ကပ်လှူပါက ကပ်လှူခြင်းခံယူသော ရဟန်းက ယင်းပစ္စည်း ( ဥပမာ - ငရုတ်သီးကို) ကိုင်၍ ကပ္ပိယံ ကရောဟိ ဟုအသံထွက်အောင် ပြောဆိုလိုက်သောအခါ ကပ်လှူသောသူက ကပ္ပိယံဘန္တေပါဘုရားဟုဆိုလျက် ဆိတ်ပစ် သို့မဟုတ် ချိုးပစ်လိုက်ရပါသည်။

အဓိပ္ပါယ်
(က) ကပ္ပိယံ၊ အပ်စပ်အောင်။ ကရောတိ၊ ပြုလုပ်ပေးပါလော့။
(ခ) ဘန္တေ၊ အရှင်ဘုရား။ ကပ္ပိယံ၊ အပ်စပ်အောင် ပြုလုပ်ပြီးပါပြီ ဘုရားဟု ဆိုလိုသည်။

ဤသည်ကား ရဟန်းသံဃာများနှင့် ဆက်ဆံရာ၌ ဗုဒ္ဓဘာသာတို့ သိသင့်သော အချက်များဖြစ်ပေသည်။

ဗုဒ္ဓဘာသာကောင်းတစ်ယောက်

No comments:

Post a Comment