Sunday, August 17, 2014

ဒိဋ္ဌိ နှစ်ပါး


လူတစ်ဦးတစ်ယောက် ကွယ်လွန်သောအခါ ထိုသူ၏ သက်မဲ့ခန္ဓာကိုယ်မှ ဝိညာဉ်လိပ်ပြာကလေး ထွက်သွားသည်။ ထိုဝိညာဉ်လိပ်ပြာကလေးသည် ၇ ရက်မပြည့်မီ မိမိ၏ နေအိမ်တွင် ကျင်လည်သည်။ ၇ ရက်ပြည့်ပြီးမှ အခြားဘဝသစ်သို့ ကူး၏။ ခန္ဓာကိုယ်တစ်ခုထဲသို့ ဝင်စား၏ဟူသော အယူအဆ၌ သက်ဝင်ယုံကြည်သူတို့ များစွာရှိပါ၏။ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်လိပ်ပြာရှိသည် ဟူသောအယူသည် မှားယွင်းသော အယူဖြစ်ပါသည်။ ဝိညာဉ်လိပြာအနေဖြင့် ဘဝသစ်သို့ ကူးပြောင်းသည်ဟူသော အယူသည် မှားယွင်းသောအယူ(ဆက်မှား) ဖြစ်ပါ၏။ သဿတဒိဋ္ဌိ ဟုခေါ်ပါ၏။

အချို့ကမူ လူတစ်ဦးတစ်ယောက်သေလွန်လျှင် ဘဝပြတ်ပြီး သေသည်၏ နောက်၌ ဘာမှမဖြစ်တော့ဟူ၍ အယူရှိကြ၏။ ယင်းမှာလည်း မှားယွင်းသောအယူ (ပြတ်မှား) ဖြစ်ပါ၏။ ဥစ္ဆေဒဒိဋ္ဌိ ဟုခေါ်ပါ၏။

ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဤမှားယွင်းသော မိစ္ဆာဒိဋ္ဌိနှစ်ခုစလုံး ကင်းစင်မှသာ အယူစင်ကြယ်ဖြောင့်မတ်ပါလိမ့်မည်။ အယူစင်ကြယ် ဖြောင့်မတ်မှသာလျှင် တရားလမ်းဖြောင့်မည်ဖြစ်ကြောင်း -

သပိတ်အိုင်တောရဆရာတော်ကြီး ဦးကိတ္တိက ဤသို့သြဝါဒပေးတော်မူခဲ့ပါ၏။

** ဥပမာအားဖြင့် ယောက်ျားတစ်ယောက်သည် ဤရွာမှထွက်သွားပြီး ထိုရွာသို့ ဝင်လေဘိသကဲ့သို့ ထို့အတူ သေသောအခါ၌ ငါ၏ဝိညာဉ်စိတ်ကလေးသည် တစ်ပါးသော ခန္ဓာထဲသို့ ဝင်စားလေ၏ဟုယူသော် သဿတဒိဋ္ဌိအယူဖြစ်၏။ ဤကဲ့သို့ အယူမစင်ကြယ်သမျှ ကာလပတ်လုံး တရားလမ်းမဖြောင့် ငါ၏ ဝိညာဉ်စိတ်မဟုတ် သူ့ဘာသာသူဖြစ်သည်ဟု ယူပြန်သော် ဥစ္ဆေဒဒိဋ္ဌိ အယူဖြစ်ပြန်၏။ ခန္ဓာဟုဆိုအပ်သော ဝိညာဉ်စိတ်ကလေးသည် သေသည်မှနောက်၌ ဘာမှမဖြစ်။ ဖျောက်ဖျက်ပြတ်တောက်၍ သွားလေ၏ဟုယူသော် ဥစ္ဆေဒဒိဋ္ဌိအယူ ဖြစ်ပါ၏။ ဤကဲ့သို့ အယူမစင်ကြယ်လျှင်လည်း တရားလမ်းမဖြောင့်။ ထို့ကြောင့် ရုပ်နာမ်တို့အပေါ်၌ ဤဒိဋ္ဌိနှစ်ပါး အယူစင်ကြယ်ဖြောင့်မတ်ပါမှ တရားလမ်းဖြောင့်မည်။

ဤခန္ဓာကိုယ်မှဖြစ်သော ဝိညာဉ်စိတ်ကလေးသည် သေသည်မှနောင်၌ တစ်ပါးသော ခန္ဓာကိုယ်ထဲသို့ ဝင်သည်ဟူ၍လည်း မဆိုရာ။ တစ်ပါးသောခန္ဓာ၌လည်း အလိုလိုဖြစ်သည်ဟူ၍လည်း မဆိုရာ။ တစ်ဘဝနှင့် တစ်ဘဝ အကြောင်းမကင်းရုံမျှသာ ဖြစ်သည်။ ဤကဲ့သို့ ယူပါမှ သဿတဒိဋ္ဌိအယူနှင့် ဥစ္ဆေဒဒိဋ္ဌိအယူ နှစ်ပါး စင်ကြယ်၍ တရားလမ်းဖြောင့်ကြမည်။

******************************
*သပိတ်အိုင်တောရ ဆရာတော်ကြီး ဦးကိတ္တိ*
(မင်းနန်-မော်ကျွန်း)

No comments:

Post a Comment