Thursday, August 21, 2014

အက်ဆီးဒင့်နဲ့ မသေရအောင် ဗုဒ္ဓါနုဿတိ ဆောင်


ခုတလော Facebookမှာ ကားမှောက်လိုက်၊ ဆိုင်ကယ်မှောက်လိုက်၊ သဘောင်္မှောက်လိုက်၊ လေယာဉ်ပျောက်လိုက် သတင်းတွေကလည်း ပလူပျံနေပါတယ်။
မနေ့ကလည်း အသက်(၂၁)နှစ်အရွယ် ဒကာလေးတစ်ယောက် ဆိုင်ကယ်မှောက်လို့ ဆုံးသွားပါတယ်။ ဆုံးတဲ့အချိန်မှာ အံကျိတ်ထားတာ ဖြည်လို့တောင်မရတော့ပါဘူး။ သူ ဝေဒနာတွေကို အံကျိတ်ခံရင်း ဆုံးသွားရှာပါတယ်။ အဲဒါကို တပည့်လေးကမေးတယ်။ အရှင်ဘုရား အံကျိတ်ပြီးသေရင် ဘယ်ရောက်မလဲတဲ့။
မြတ်စွာဘုရားက လောဘနဲ့သေ ပြိတ္တာပြည်၊ ဒေါသနဲ့သေငရဲပြည်၊ မောဟနဲ့သေ တိရိစ္ဆာန်ပြည် လို့ အတိအကျ ဟောပြထားပါတယ်။
ဥပစ္ဆေဒကကံ (အက်ဆီးဒင့်ဖြစ်ခြင်းကြောင့်)နဲ့ သေတဲ့သူဟာ တရားပါးမ၀ထားဘူးဆိုရင် တော်ရုံတန်ရုံနဲ့ ဝေဒနာကို ကျော်လွှားဖို့ရာ မလွယ်ပါဘူး။ ဒါကြောင့် ထိခိုက်ဒဏ်ရာဖြစ်ပြီးသေခါနီးမှာ ကောင်းတဲ့အာရုံမရဘဲ လောဘ ဒေါသ မောဟတွေဖြစ်ပြီး သေခဲ့မယ်ဆိုရင် အပါယ်လားဖို့ပဲ ရှိရဦးမယ်။
အသေဆိုးနဲ့လည်းသေရမယ်။ အပါယ်လည်း လားရဦးမယ် ဆိုရင်တော့ လူဖြစ်ကျိုး မနပ်တော့အောင်ကို အဖြစ်က ဆိုးလွန်းလှပါတယ်။
ဒါကြောင့် ဥပစ္ဆေဒကကံနဲ့ မသေရအောင် ကံတွေကို ပြင်လို့ရပါတယ်။ ဘာနဲ့ပြင်မလဲဆိုတော့ ဗုဒါနုဿတိနဲ့ ပြင်ရမှာပါ။
ဘယ်သွားသွား ဘာလုပ်လုပ် မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို (၉)ပါးလုံးပဲဖြစ်ဖြစ် တပါးပဲဖြစ်ဖြစ် ပွားနေမယ်ဆိုရင်
ဥပစ္ဆေဒကကံကနေ လွတ်နိုင်သလို ဘယ်တော့မှလည်း သေချင်းဆိုးနဲ့လည်း မသေနိုင်တော့ပါဘူး။

လူငယ်တွေမသိသေးရင်တော့ အလွယ်ဆုံး ဗုဒ္ဓါနုဿတိပွားနည်းကို Screen Shot ဖမ်းလို့ တစ်ထိုင်တည်း ကျက်ထားလိုက်ပါ။

အလွယ်ဆုံး ဗုဒ္ဓါနုဿတိပွားနည်း
""အရဟံ- ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား။
အရဟံ- ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသောမြတ်စွာဘုရား။
အရဟံ- ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။""

မေတ္တာဖြင့်
@@@သာသနာနွယ်

ဖတ်ပြီးရင်တော့ နောက်လူတွေ သိရအောင် Share ပေးလိုက်ကြပါ။

No comments:

Post a Comment