Sunday, August 10, 2014

ရဟန်းသံဃာများနှင့် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရန်


စကားပြောနည်း

ရဟန်း သံဃာတော်များနှင့် ပြောဆိုဆက်ဆံရာ၌ မင်း၊ ငါ၊ ကျူပ်၊ ခင်ဗျား၊ ကျွန်တော်၊ ကျွန်မ စသည်ဖြင့်ပြောဆိုခြင်း မပြုရ။

မိမိကိုယ်ကိုပြောလျှင် တပည့်တော်၊ ဘုရားတပည့်တော်ဟု သုံးနှုန်းပြောဆိုရမည်။

မင်း၊ သင်၊ ခင်ဗျား အစား အရှင်ဘုရား ဟု သုံးနှုန်းပြောဆိုရမည်။ ခေါ်သောအခါမှာလည်း ကိုရင်ဘုရား၊ ဦးပဉ္ဇင်းဘုရား၊ ဆရာတော်ဘုရား၊ ဘုန်းဘုန်းဘုရား ဟု ခေါ်ဝေါ်သုံးနှုန်းရမည်။

ကိုရင်၊ ဦးဇင်း သံဃာတော်များကလည်း ကျုပ်၊ ခင်ဗျား၊ အစ်မ၊ အစ်ကို၊ ညီမ၊ နှမ၊ အမေ၊ အဖေ စသည်ဖြင့် ခေါ်ဝေါ်ခြင်းမပြုရပေ။ ဒကာမကြီး၊
ဒါယိကာမကြီး၊ ဒကာကြီး၊ ဒါယကာကြီး၊ ဒကာလေး၊ ဒါယကာလေး စသည်ဖြင့် သာသနာတော်သုံး စကားလုံးများဖြင့် ပြောဆိုကြရပေသည်။

ရဟန်းသံဃာတော်များကို လူပုဂ္ဂိုလ်များက ပြောဆိုလျှောက်ထားရာ၌ ထမင်းစားပါဘုရား၊ ဟင်းစားပါဘုရား စသည်ဖြင့် မပြောရ။ ဤသို့ပြောလျှင် ရဟန်းသံဃာတော်များမှာ ၀ိနည်းသိက္ခာပုဒ်အရ ဘုန်းပေးသုံးဆောင်ခွင့် မရှိတော့ပေ။

ထမင်းအစားဆွမ်းဟု သုံးနှုန်းရမည်။ ဆွမ်းဘုန်းပေးပါဦးဘုရား၊ ဆွမ်းဟင်းများ ပြည့်စုံပါသလားဘုရား စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။

ရဟန်းသံဃာတော်များ ခရီးသွားနေစဉ် မိမိက ခဏခတ္တရပ်တန့်စေပြီး စကားပြောလိုလျှင် ရပ်တော်မူပါဦးဘုရား စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။

ဆွမ်းခံကြွလာလျှင် လောင်းလှူလိုပါက ရပ်တော်မူပါဦးဘုရားဟု လျှောက်ထားပြီး ရိုသေစွာ ဆွမ်းနှင့်ဆွမ်းဟင်းများကို လောင်းလှူရသည်။

မလောင်းလှူနိုင်ပါကလည်း ကန်တော့ပါသေးရဲ့ဘုရား၊ ကန်တော့ဆွမ်းပါဘုရား စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။

လမ်းမှာ ခဏ ခတ္တရပ်၍ ရဟန်းသံဃာတော်များနှင့် စကားပြောဆိုပါက ရှေးဦးစွာ လက်အုပ်ကလေးချီ၍ ဦးညွှတ်လိုက်ပြီးမှ ဆက်လက်ပြီး စကားပြောရသည်။

ရဟန်းသံဃာတော်များထံသို့ သွားသောအခါ မိမိတွေ့ရှိသည့် ရဟန်းသံဃာတော်များအား ရှေးဦးစွာ ရှိခိုးဦးချရသည်။ ရုပ်ပွားဆင်းတုတော်များရှိသော နေရာဖြစ်ပါက ရှေးဦးစွာ ရုပ်ပွားဆင်းတုတော်များကို ရှိခိုးဦးချပြီးမှ ရဟန်းသံဃာတော်များကို ရှိခိုးဦးချရသည်။

စားသောက်ဖွယ်ရာများ ကပ်လှူနည်း

ရဟန်းသံဃာတော်များသည် စားသောက်ဖွယ်များကို မိမိဖာသာ မိမိကိုယ်တိုင်ယူ၍ ဘုန်းပေးသုံးဆောင်ခွင့်မရှိပါ။ ဘုန်းပေးသုံးဆောင်ခဲ့လျှင် ( စားလျှင် ) ၀ိနည်း သိက္ခာပုဒ်အရ အပြစ်သင့်ပါသည်။ ( အာပတ်သင့်သည်ဟု သုံးနှုန်း၏ )

လူပုဂ္ဂိုလ်များက ၀ိနည်းသိက္ခာပုဒ်နှင့် ညီညွတ်အောင်  ၏ကိုယ်ထိလက်ရောက် ကပ်လှူမှ ရဟန်းသံဃာတော်များက ဘုန်းပေးသုံးဆောင်ခွင့် စားခွင့် ရှိပါသည်။

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဆွမ်းစသော စားသောက်ဖွယ် ပစ္စည်းကို ရဟန်းသံဃာတော်၏ လက်သို့ထိအောင် ရောက်အောင် ပေးခြင်းကို ကပ်လှူသည်ဟုခေါ်၏။ ယင်းသို့ ကိုယ်ထိလက်ရောက် ပေးလှူခြင်းကို ကပ်သည်ဟုလည်း အတိုကောက်သုံးနှုန်း၏။

ယင်းသို့ကပ်လှူရာ၌ အင်္ဂါငါးမျိုးနှင့်ပြည့်စုံမှ ကပ်လှူမှု ထမြောက် အောင်မြင်ပါသည်။ အင်္ဂါငါးမျိုးနှင့်ပြည့်စုံအောင် ပေးလှူခြင်းကို အကပ်မြောက်သည်ဟု အတိုကောက် သုံးနှုန်း၏။

အကပ်မြောက် အင်္ဂါငါးမျိုး 

၁။ ကပ်လှူမည့်သူက ကပ်လှူခြင်းခံယူမည့် ရဟန်း၏လက်သို့ ရောက်အောင် ထိအောင် စားဖွယ်ပစ္စည်းကို ရှေးရှုဆောင်ပေးခြင်း။
မှတ်ချက် ။ ။ လက်ဖြင့် ရှေ့ထိုးပေးမှ ရှေးရှုဆောင်သည် မဟုတ်သေး။ ဦးခေါင်းပေါ်၌ရွက်ထားသော စားဖွယ်ခွက်ကို ပေးလှူလို၍ အနည်းငယ်စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ပေးရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာယူစားနိုင်၏။

၂။ ကပ်လှူမည့်သူသည် ကပ်လှူခြင်းခံယူမည့် ရဟန်း၏ နှစ်တောင့်ထွာအတွင်း ရောက်ရှိနေရခြင်း။

၃။ အားအလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီမယူနိုင်သော ပစ္စည်းဝတ္ထုဖြစ်စေရခြင်း။
မှတ်ချက် ။ ။ ဆွမ်းနှင့် ဆွမ်းဟင်းပန်းကန်များ တင်ထားသော စားပွဲခုံသည် ခွန်အားအလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီမ၍ ဆပ်ကပ်မှုမျိုးသည် အကပ်မြောက်ပါသည်။ အလှူရှင်များ အတူတကွ
မယူ ကပ်လှူနိုင်သည်။

၎။ ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက်စသည်ဖြင့်ဖြစ်စေ ပစ်၍ဖြစ်စေ ဤသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်လှူသူကပေးခြင်း။
မှတ်ချက် ။ ။ ပစ်၍ ပေးခြင်းမျိုးကိုကား ရိုင်းစိုင်းရာရောက်သောကြောင့် အကပ်မြောက်သော်လည်း ကပ်လှူလေ့မရှိပါ။

၅။ ကိုယ်၏အစိတ်အပိုင်း လက်စသည်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက် တုတ်စသည်ဖြင့် ခံ၍ ထိ၍ ဖြစ်စေ ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံရသော ရဟန်းက ခံယူခြင်း။
ဤငါးမျိုးဖြင့် ပြည့်စုံညီညွတ်အောင် ကပ်လှူမှသာ အကပ်မြောက်ပါသည်။

အကျဉ်းချုပ်

ရှေ့ရှုဆောင်ခြင်း။
နှစ်တောင့်ထွာအတွင်းဖြစ်ခြင်း။
တစ်ယောက် မနိုင်ခြင်း။
လက်ဖြင့်သို့မဟုတ် ပန်းကန်စသည်ဖြင့်ထည့်၍ ကပ်ခြင်း။
ရဟန်းက အကပ်ခံခြင်း။

ဤသို့ စားသောက်ဖွယ်များကို ရဟန်းသံဃာတော်များအား
ကပ်လှူရာ၌ အမျိုးသမီးဖြစ်ပါက ကြုံ့ကြုံကလေးထိုင်၍ အမျိုးသားဖြစ်ပါက ဒူးတုတ်ထိုင်ပြီး ဖော်ပြခဲ့ပြီးသော အင်္ဂါငါးမျိုးနှင့် ပြည့်စုံညီညွတ်အောင် ရိုသေလေးစားစွာ ကပ်လှူရပါမည်။ သက္ကစ္စဂါရ၀မြောက်ရမည်။ သို့မှသာ လူနတ်နိဗ္ဗာန်
သုံးတန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်၍ မွန်မြတ်သော
ကောင်းကျိုးကို ရရှိနိုင်မည်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ

No comments:

Post a Comment