Sunday, August 10, 2014

သစ္စာ၏ သဘာဝကို လေ့လာခြင်း


သစ္စာ၏ အဓိပ္ပါယ်မှာ ဖြောင့်မှန်ခြင်းဖြစ်၏။ မှန်တာပြောသစ္စာဟူသည့် ဆိုရိုးရှိ၏ အမှန်ပြောခြင်းသည် ၀စီကံ၏သစ္စာဖြစ်၏။ ပြုမှုသည့်အတိုင်း ပြောရခြင်းဖြစ်သဖြင့် ကာယကံအားဖြင့်လည်း မှန်၏။ ကာယကံ ၀စီကံနှင့်အတူ အတွေးအကြံအားဖြင့် ဖြောင့်မှန်သော ရိုးသားသော သဘောရှိ၍ မနောကံအားဖြင့်လည်း မှန်ကန်ရ၏။ ထိုအခါ သစ္စာ၏ ဂုဏ်သည် ပေါ်လွင်လာ၏၊ အကြောင်းအရာတစ်ခု၌ ရိုးသားဖြောင့်မှန်သော အတွေးအကြံလည်း ရှိ၏။ ရှိသည့်အတိုင်း ပြု၏။
ပြုသည်ကို ပြောဆို၏။ ထိုအခါ ကံသုံးပါးနှင့် ပြည့်စုံသော သစ္စာတရားသည် ဖြစ်ထွန်းလာ၏။ သစ္စာ၏အစွမ်းကို ဘုရားရှင်ဟောကြားတော်မူသော ၀ဋ္ဋသုတ်တွင်တွေ့နိုင်၏။

လောက၌ သီလဂုဏ်သည်ရှိ၏။ မှန်ကန်သော သစ္စာတရားသည် ရှိ၏။ ကိုယ်နှုတ်စိတ်အားဖြင့် စင်ကြယ်ဖြောင့်မတ်မှုသည် ရှိ၏။ သတ္တ၀ါတို့အပေါ် သနားကြင်နာမှုသည် ရှိ၏။ ငါ့အား သစ္စာနှင့်တူသော တရားသည် မရှိ။ ဤသို့သစ္စာပြုခြင်းသည် ငါ၏ သစ္စာပါရမီပင်ဖြစ်၏။ 
(၀ဋ္ဋသုတ်)

ဘုရားရှင်၏ ငုံးမင်းဘ၀က သစ္စာပါရမီကြောင့် တောမီးသည် ၁၆ပယ်တိုင်သည်အထိ ငြိမ်းအေး ရပ်စဲရ၏။ ထင်းအဖြစ်ကို အကြောင်းပြု၍ ဘုရားရှင်သည် သစ္စာပါရမီကို ဟောတော်မူ၏။ ၀ဋ္ဋသုတ်တွင် ပါရှိသောအနက်ကို ကောက်ယူ၍ လောက၌ သစ္စာတရားပြုသူတို့သည် သီလရှိခြင်း မှန်ကန်ဖြောင့်မတ်ခြင်း ကံသုံးပါးစင်ကြယ်ခြင်း သနားကြင်နာမှုရှိခြင်းတို့၏ အရေးပါမှုကို ဆင်ခြင်နိုင်၏။ မီးဘေးမှ ကင်းဝေးလိုသူတို့သည် ၀ဋ္ဋသုတ်ကို ရွတ်ဆိုကြ၏။
စင်စစ်ဝဋ္ဋသုတ်သည် ဘုရားရှင်၏ သစ္စာဆိုမှုပင်ဖြစ်၏။ ထို့ကြောင့်ရွတ်ဆိုသူ အပေါင်းသည်လည်း မိမိ၏သစ္စာတရားနှင့် လျော်ညီသော အင်္ဂါရပ်များပြည့်စုံနေရန် အားထုတ်အပ်၏။ ဘုရားရှင်သည် အတွေးအကြံ (မနောကံ)၊ အပြောအဆို (၀စီကံ) အပြုအမှု (ကာယကံ) အားဖြင့် ဖြောင့်မှန်ညီညွှတ်တော်မူသဖြင့် သစ္စာတရားနှင့် ပြည့်စုံတော်မူ၏။ သစ္စာပါရမီသည် ဘုရားရှင်၏ ပါရမီတော် (၁၀)ပါးတွင် ပါဝင်၏။

လောက၌ အမှန်ရှိသော တရား(၄)ပါးရှိ၏။ ထိုတရားကို သစ္စာလေးပါးတရားတော် ဟုခေါ်၏။ ဤလေက၌ ဆင်းရဲခြင်းသည် အမှန်ရှိ၏ (ဒုက္ခသစ္စာ)၊ ဆင်းရဲခြင်းကို ဖြစ်စေတတ်သောအကြောင်း (သမုဒယသစ္စာ) သည် အမှန်ရှိ၏၊ ဆင်းရဲမှလွတ်မြောက်သော ငြိမ်းချမ်းမှု (နိရောဓသစ္စာ) သည်အမှန်ရှိ၏။ ဆင်းရဲမှ အမှန်လွတ်ကြောင်း (မဂ္ဂသစ္စာ) တရားသည် ရှိ၏။ဤသစ္စာတရားလေးပါးသည် တရားတော်၏ အဆီအနှစ်ဖြစ်၏။ ၀ိပဿနာတရား၏ တရားကိုယ်သဘောဖြစ်၏။ အမှန်မြင်ခြင်းသည်
သစ္စာကိုမြင်ခြင်းဖြစ်၏။ သစ္စာကိုမြင်လျှင် ငြိမ်းအေးမှုကိုရ၏။ ဗုဒ္ဓဘာသာဝင်တိုင်း၏ ပန်းတိုင် နိဗ္ဗာန်တံခါး၏ မုခ်ဦးဖြစ်၏။ သံသရာမှ လွတ်မြောက်ရာလည်း ဖြစ်၏။ ထိုသို့ ဤသို့သိရုံမျှသည် သုတမယဉာဏ်မျှသာ ဖြစ်၏။ ထိုးထွင်းသိမြင်မှုမဟုတ်။ ဘာဝနာမယဉာဏ်သို့ ရောက်သည်အထိ အားထုတ်ရ၏။ ဘာဝနာမယဉာဏ်ဖြင့် သစ္စာကို ရှုမြင်နိုင်မှသာ ပြုဖွယ်ကိစ္စငြိမ်း၏၊ ထိုသို့ရှုမြင်နိုင်ရန်နည်းမှာ မဂ္ဂင်ရှစ်ပါးဖြစ်၏။ ယင်းသည်ဆင်းရဲမှ လွတ်မြောက်ကြောင်း တရားအမှန်ဖြစ်၏။

လောကတွင် ဓမ္မမှုနှင့်အဓမ္မမှုဟူ၍ရှိ၏။ ဓမ္မသည် ဖြောင့်မှတ်မှန်ကန်ခြင်းဖြစ်၍ အဓမ္မသည် မရိုးသားခြင်းဖြစ်၏။ လောက၌ ဓမ္မသည် အဓမ္မကို အနိုင်ရ၏။ ထိုသို့ဆိုသော်လည်း အကုသိုလ်တို့ စုစည်း အားကောင်း၍ ကုသိုလ်ကင်းဆိတ်သောအခါ အဓမ္မ ကအရေးသာသည်လည်း ရှိ၏။ မိမိ၏အကုသိုလ်တို့ စုစည်း အကြောင်းပြုသောအခါ ပစ္စုပ္ပန်ကာလ၌ မှန်ကန်ပါလျက် အရေးနိမ့်ပါးရသည် ရှိ၏။ ထိုအခါ ပုထုဇဉ်သဘာဝအရ ဓမ္မအပေါ်
သံသယရှိလာ၏။ ကံ ကံ၏အကျိုးပေးမှုကို အလုံးစုံနားမလည်နိုင်၍ ဖြစ်၏။ ကံ၏အရေးအရာသည်လည်း အစိန္တေယျ မကြံစည်အပ်သည်ဖြစ်၍ အလုံးစုံ နားမလည်သည်မှာလည်း သဘာဝကျ၏။ ပြည့်စုံနားလည်မှုသည် သူတော်ကောင်းတို့၏ အရာဖြစ်၏။ ထိုသို့ဆိုသော်လည်း ကံ၏အကျိုးပေးပုံကို သုတမယဉာဏ်မျှဖြင့် နားလည်စေရန် လေ့လာအပ်၏။ ပညာရှိ ရဟန်းသံဃာ လူပုဂ္ဂိုလ်တို့၏ သာသနာရေးဆိုင်ရာ ဆုံးမဟောပြောမှုကို နုလုံးသွင်းသင့်၏။ ထိုသို့နုလုံးသွင်းနိုင်လျှင်
ဓမ္မအပေါ် သံသယ၀င်ခြင်း လျော့ပါးနိုင်၏။ 

ထိုသို့ အမှန်တရား လက်ကိုင်ပြုပါလျက် နိမ့်ပါးရသောအခါ အားကိုးရာရှာရ၏။ ထိုအခါ မိမိ၏သီလကို မင်သည်လည်းရှိ၏။ ဒါနကို
မြင်သည်လည်းရှိ၏။ ဘာဝနာကို နှလုံးသွင်းသည်လည်း ရှိ၏။ အဓိကအားဖြင့် ကုသိုလ်တရားသည်သာ အားထားရာဖြစ်၏။ ထိုအခါ မိမိကောင်းမှုကို အကြောင်းပြုတိုင်တည်ရ၏။ ထိုစကားသည် သစ္စာစကားဖြစ်လာ၏။ အသံထွက်သည်ဖြစ်စေ အသံမထွက်သည်ဖြစ်စေ သစ္စာ၏သဘောသည် အတူတူပင်ဖြစ်၏။ သစ္စာတိုင်တည်ခြင်း၏ အကျိုးပေးမှုများကို ဘုရားရှင်၏ဗုဒ္ဓ၀င်များ၌ အထင်အရှားမြင်တွေ့နိုင်၏။ ဇာတ်တော်များတွင်လည်း အထင်အရှားတွေ့နိုင်၏။

သစ္စာတရား၏အစွမ်းထက်မှုမှာ ကိုယ်တွေ့ဖြစ်ပါ၏။ စာရေးသူ၏မိခင်ကြီး နာမကျန်းဖြစ်စဉ်က သစ္စာပြုတိုင်တည်ခြင်းဖြင့် အနာရောဂါသက်သာခဲ့၏။ မိခင်ကြီး၏ စွဲကပ်သောအနာမှာ ၄လက်မအကျယ် ၁လက်မခန့်ရှိပြီး အတွင်းအသား၌ မည်မျှနက်ရှိုင်းသည် မသိသော အနာဖြစ်၏။ နာကျင်၏။အလိုအလျောက် ပေါ်ပေါက်ခြင်းဖြစ်၍ ဆရာဝန်က ကင်ဆာဖြစ်နေမည်ဟု သံသယရှိ၏။ အသက်အရွယ် အားဖြင့်လည်းကောင်း ငွေကြေးအခြေအနေ အားဖြင့်လည်းကောင်း မြို့ကြီးများရှိ သမားတော်များသို့ သွားရောက်ပြသရန်လည်း မဖြစ်နိုင်။ ဤမျှကြီးမားသောအနာကြောင့် လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ရောက်၏။ နောက်ဆုံးတွင် စာရေးသူသည် မိမိကိုးစားရာ သစ္စာပြုတိုင်တည်ရပါ၏။

မိမိသည် စွမ်းနိုင်သည့်အသက်အရွယ်မှစ၍ မိဘနှစ်ပါးကို လုပ်ကျွေးခဲ့ပါ၏။ ဤသစ္စာစကား မှန်ကန်ပါ၏။ မိဘကို လုပ်ကျွေးသောအမှုသည် မင်္ဂလာမည်၏ဟု ဘုရားရှင်ဟောတော်မူ၏။ ဤသစ္စာစကား မှန်ပါ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့်
မိခင်ကြီးခံစားနေရသော အနာရောဂါ ပျောက်ကင်းပါစေသတည်း။

နေအိမ်သို့ မေတ္တာစေတနာဖြင့် လာရောက် ကုသပေးနေသော ဆရာဝန်မှာ တစ်ပတ်အတွင်း အံ့သြစရာပျောက်ကင်းသွားသော
ဝေဒနာအတွက် အလွန်တွေးရခက်စေ၏။ ဤအမှုသည် သစ္စာ၏တန်ခိုးဟုပင် သံသယမရှိ ယုံကြည်ပါ၏။

ဘုရားရှင်၏ သုတ်တော်များတွင်လည်း ဤသို့သစ္စာပြု တိုင်တည်ထားသည်ကိုလည်း တွေ့နိုင်၏။ ရတနာသုံးပါး၏ ဂုဏ်ကို ပြဆို၍ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ဟူသော ရတနာ့သုတ်၏ အနက်မှာလည်း ဤမှန်သော သစ္စာစကားကြောင့် သတ္တ၀ါတွေ ချမ်းသာပါစေသတည်းဟု သစ္စာဆိုထားခြင်းပင်ဖြစ်၏။ ထို့အတူ ဗောဇ္ဈင်္ဂသုတ်၌လည်း သစ္စာပြုပုံတွေ့နိုင်၏။ ဗောဇ္ဈင်္ဂသုတ်မှာ သံယုတ္တနိကာယ် မဟာဝဂ်ပါဠိတော်၌ ဟောကြားချက်များကို ပညာရှင်တို့ စီမံထားခြင်းဖြစ်၍ ဘုရားရှင်၏ တိုက်ရိုက်
ဟောကြားချက်ကား မဟုတ်။ သို့သော် ဘုရားရှင် အလိုတော်ရှိရာ အချက်များကို ဂါထာဖွဲ့စီမံထားခြင်းဖြစ်၏။ ဗောဇ္ဈင်္ဂသုတ်၌ ဗောဇ္ဈင်(၇)ပါးသည် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် သစ္စာလေးပါးသိမြင်ရန်၊ မဂ်ဉာဏ်ရရှိရန် ဖြစ်ကုန်၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်းချမ်းသာခြင်း ဖြစ်ပါစေ စသည်ဖြင့် ဧတေန သစ္စ ၀ဇ္ဇေန သေတ္ထိ တေ ဟောတု သဗ္ဗဒါ ဟု သစ္စာဆိုထားခြင်းပင်ဖြစ်၏။ ထို့ကြောင့် သစ္စာတရား၏ ထက်မြက်ပုံကို သာသနာတော်၌ အထင်အရှားပင် တွေ့နိုင်၏။

သစ္စာစကားနှင့်စပ်လျဉ်း၍ ကောင်းမှုနှင့်ယှဉ်သောသစ္စာသည် အမြတ်ဆုံးဖြစ်၏။ ထိုသို့ဆိုသဖြင့် မကောင်းမှုနှင့်ယှဉ်သော သစ္စာလည်းရှိကြောင်း သိနိုင်၏။ မိမိအားငွေကြေးပေး၍ ပျော်ပါးသူများအား တူမျှသောတုံ့ပြန်မှုပြုခဲ့ကြောင်း သစ္စာဆိုသည့် ပြည့်တန်ဆာမ၏ သစ္စာဆိုခြင်း၊ မိမိသည် ဤလင်အပေါ်
လုံးဝမေတ္တာမရှိကြောင်း သစ္စာဆိုသည့် မယား၏ သစ္စာဆိုခြင်း၊ ကျွန်ုပ်သည် ရသေ့ဖြစ်သော်လည်း တရားအားထုတ်မှု လုံးဝမရှိကြောင်း သစ္စာဆိုသည့် ရသေ့၏ သစ္စာဆိုခြင်း၊ စသည့်ဇာတ်ကြောင်းများကို ဖတ်ရှုမိကြမည် ထင်ပါ၏။ ထိုသို့ သစ္စာပြုချက်များမှာ မှန်ကန်မှုအပေါ် အခြေပြုသော်လည်း အတုယူဖွယ် မဟုတ်ပါ။ ကျွန်ုပ်သည် လူသတ် ဓားပြတိုက် မကောင်းမှုအမြဲပြုသူ မှန်ပါ၏။ ဤမှန်သော သစ္စာစကားကြောင့် ကုဋေကြွယ်သူဋ္ဌေးကြီး ဖြစ်ပါစေသတည်း ဟူသော သစ္စာဆိုခြင်းမှာ သစ္စာတရား၏ လှပမှုဂုဏ်အင်ကို များစွာပျက်စီးစေပါသည်။ မှန်တာပြောသစ္စာဟု ဆိုသော်ငြားလည်း
သစ္စာတရားအား အခြားသောကောင်းမှု ကုသိုလ်များ ထောက်ပံ့မှုလည်း လိုအပ်လှပါသည်။

လူသားစား ပေါရိသာဒမင်းထံ မိမိကတိသစ္စာအတိုင်း နောက်တစ်နေ့ လာရောက်၍ အသက်အပ်နှံခဲ့သည့် မဟာသုတသောမမင်းသည်
မိမိ သစ္စာတရားအပေါ်၌ အသက်စွန့်၍ လှူဒါန်းခြင်း(ဒါန)၊ အဓမ္မကို အသုံးမပြုခြင်း(သီလ) မျှော်ကိုးမှုမပါ သောတာဝန်(နေက္ခမ္မ)၊ ပေါရိသာဒ၏အလိုကို ဉာဏ်ဖြင့် ဆင်ခြင်ခြင်း(ပညာ)၊ အခက်အခဲများကို သည်းခံခြင်း(ခန္တီ)၊ ယဉ်ကျေးစေရန် ဆုံးမလိုခြင်း(၀ီရိယ)၊ ဆုံးဖြတ်ချက်ကို မလျှော့ခြင်း(အဓိဋ္ဌာန်)၊
တိုး၍တိုး၍ ထားရှိသော(မေတ္တာ)၊ ရပ်တန့်မနေ အကျိုးအပြစ်ကို လစ်လျူရှုကာ ရပ်တည်နိုင်ခြင်း(ဥပေက္ခာ) စသော သူတော်ကောင်း
ပါရမီများက ပါဝင်ပံ့ပိုးမှုကြောင့် ပေါရိသာဒအပေါ် အောင်မြင်နိုင်သော သစ္စာတရား ဖြစ်လာပါသည်။ ထိုသို့ သစ္စာတရားသည်သာ
လောကအပေါ် အောင်နိုင်ခြင်း ဖြစ်ပါသည်။ အတုယူဖွယ် မြတ်နိုးဖွယ် ဖြစ်ပါသည်။

သို့ပါ၍ လောကီ လောကုတ္တရာ နှစ်ဖြာသော ချမ်းသာရရှိ၍ နိဗ္ဗာန်မဂ်ဖိုလ် မျက်မှောက်ပြုနိုင်ရန်အလို့ငှါ ဘုရားရှင်အစရှိသော သူတော်ကောင်းတို့ ချီးမွှန်းအပ်သည့် သစ္စာတရားကို လက်ကိုင်ထားလျက် အားကိုးဆောင်ရွက် နိုင်ကြပါစေရန် ဂါရ၀မေတ္တာဖြင့် တင်ပြအပ်ပါသည်။

ရည်ညွှန်း
၁။ ဆရာကြီးဦးရွှေအောင်၏ ဗုဒ္ဓမဟာလူသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
၂။ ဓမ္မာစရိယဦးမောင်မောင်လေး၏ မြစ်မခ ပရိတ်ကြီးလက်စွဲ

ကောင်းသုခ
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၁၃၊ ဧပြီလ

No comments:

Post a Comment