Sunday, August 17, 2014

ဝိနည်းနှင့်အညီ လှူတတ်စေ


အများအားဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တို့သည် အမိအဖတို့က ဗုဒ္ဓဘာသာကိုးကွယ်၍ မိမိတို့လည်း လိုက်ပါကိုးကွယ်ကြခြင်း ဖြစ်ပါသည်။ စင်စစ် ဤသည်မှာ သဘာဝကျပါ၏။ ငယ်နုစဉ်အရွယ် ကလေးသူငယ်ဘဝတွင် ဘာသာတရားကို မည်သို့ စိစစ်ရွေးချယ်နိုင်ပါမည်နည်း။ မိဘတို့ကိုးကွယ်သော ဘာသာတရားကိုပင် မိမိတို့လည်း လိုက်ပါကိုးကွယ်ကြခြင်း ဖြစ်ပါ၏။ ဤသည်ကိုပင် မိရိုးဖလာဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုကြသည်။

အားလုံးမှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်က စကြရသည်ချည်း ဖြစ်၏။ သို့တစေ အတန်အသင့် အရွယ်ရလာ စာဖတ်တတ်လာသော အရွယ်သို့ရောက်သောအခါ မိမိတို့ကိုးကွယ်ရာဘာသာတရားနှင့် စပ်လျဉ်း၍ သိသင့်သိထိုက် သိအပ်သည်တို့ကို လေ့လာသူများနှင့် ထိုသို့ လေ့လာရကောင်းမှန်းမသိသူများဟူ၍ အုပ်စုနှစ်အုပ်စု ခွဲထွက်လာသည်။ မိမိကိုးကွယ်ရာ ဘာသာတရားကို လေ့လာရကောင်းမှန်းမသိ လေ့လည်းမလေ့လာသူများသည် သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ မတက်လှမ်းနိုင်တော့ပေ။ အချို့သည် အမည်ခံ ဗုဒ္ဓဘာသာဝင်ဟု ဆိုရမတတ်ပင်။ ဘာသာရေးနှင့်ပတ်သက်၍ တန်ဖိုးထားရကောင်းမှန်း လေ့လာရကောင်းမှန်းမသိဘဲ စိမ်းဝေးနေကြပေသည်။

မိမိကိုးကွယ်ရာဘာသာတရားကို တကယ်တမ်းစိတ်ဝင်စားပြီး သိရှိလိုသူများကမူ ဓမ္မစာပေများကို ဖတ်ရှု၏။ ဆရာတော်ကြီးများ၏ တရားတော်များကို နာကြား၏။ ထိုသူတို့မှာ သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဆင့်မှ မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိရန် အားထုတ်နေသူများ ဖြစ်ပါ၏။

စင်စစ်သော် ကိုးကွယ်ရာဘာသာတရားဟူသည် လေ့လာအပ်သောအရာဖြစ်၏။ မိရိုးဖလာဘာသာဟုဆိုကာ ဝတ်ကျေတမ်းကျေ ကိုးကွယ်ရုံသက်သက် ကိုးကွယ်ရမည့် အရာမဟုတ်ပေ။ သဒ္ဓါနှင့် ပညာယှဉ်ပြီးမှ ဘာသာတရားတစ်ရပ်ကို နည်းမှန်လမ်းမှန် ကိုးကွယ်တတ်ပေလိမ့်မည်။ သဒ္ဓါတရားသက်သက်ချည်းမူ မလုံလောက်ပါ။ သဒ္ဓါတရားဟူသည်မှာလည်း ပညာနှင့်မယှဉ်လေသမျှ သဒ္ဓါအစစ် သဒ္ဓါအမှန်မဟုတ်ပါ။ ပညာနှင့်ယှဉ်မှသာ သဒ္ဓါစစ်သဒ္ဓါမှန် ဖြစ်နိုင်ပါသည်။ ပညာနှင့်ယှဉ်သော သဒ္ဓါစစ်သဒ္ဓါမှန်ဖြင့် ဆောင်ရွက်မှသာ ပြုလေသမျှ ဘာသာရေးကိစ္စများသည် အကျိုးရှိရှိ အရာထင်ထင် ဖြစ်ပေလိမ့်မည်။

ပညာဟူသည် သိသင့်သိအပ်သည်တို့ကို သိရှိခြင်းပင်ဖြစ်ပါသည်။ သိသင့်သိအပ်သော အသိကို အခြေမခံဘဲ ဒါနမှုပြုလျှင် ထိုဒါနမှာ အမြတ်စားဒါန မဖြစ်နိုင်။ ထို့အတူ သိသင့်သိအပ်သော အသိကို အခြေမခံဘဲ သီလဆောက်တည်လျှင်လည်း အမြတ်စားသီလ မဖြစ်နိုင်။ ဘာဝနာအားထုတ်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အား ဆီမီး ရေချမ်း ပန်း ဆက်ကပ်လှူဒါန်းလေ့ရှိပါသည်။ ဆွမ်း ဘောဇဉ် ခဲဖွယ်ချိုချဉ် အသီးအနှံတို့ကိုလည်း ကပ်လှူလေ့ရှိပါသည်။ ထိုသို့ ဆက်ကပ်လှူဒါန်းရာ၌ ရဟန်းတော်များကို ဝိနည်းနှင့်အညီ ဆက်ကပ်လှူဒါန်းသကဲ့သို့ ဆက်ကပ်လှူဒါန်းသင့်ပါသည်။

အချို့သည် ဘုရားကျောင်းဆောင်တွင် ဘုရားရှင်အား သစ်သီးများကို အလုံးလိုက် နေ့ညမရွေး ဆက်ကပ်လှူဒါန်း ထားလေ့ရှိပါသည်။ အမြင်ပသာဒ လှပရေးကိုသာ ပဓာနထားပြီး မိမိ၏ လှူဒါန်းမှုသည် ဝိနည်းနှင့် လျော်ညီခြင်းရှိ မရှိ စဉ်းငယ်မျှပင် စဉ်းစားမှုမပြု။ အချို့ကလည်း သာသနာပွဲဟုဆိုကာ အုန်းသီး ငှက်ပျောသီးစိမ်းများကို ဘုရားရှင်အား ထာဝစဉ် ဆက်ကပ်ထားလေ့ရှိ၏။ အချို့ကမုန့်များကို အထုပ်လိုက် ဆက်ကပ်တတ်ပြီး အချို့က အချိုရည်ပုလင်းများကို ပုလင်းမဖွင့်ဘဲ ဆက်ကပ်ထားလေ့ရှိ၏။ ဤသည်မှာ ဆွမ်းခဲဖွယ်ဘောဇဉ်ဆိုင်ရာ ဝိနည်းကို နားမလည်ရုံမျှမက ဘုရားရှင်ကို သက်ရှိထင်ရှားသဘောထားပြီး ကိုးကွယ်မှု မပြုတတ်သောကြောင့် ဖြစ်ပါ၏။

ဥပမာအားဖြင့် မိမိ၏နေအိမ်သို့ သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းခဲဖွယ်လှူဒါန်း၏။ သစ်တော်သီး ပန်းသီး စသည်တို့ကို မခွဲခြမ်းမစိတ်မဖြာဘဲ အလုံးလိုက်ဆက်ကပ်မည်လော။ အချိုရည်ပုလင်းကို ဘူးအဖုံးမဖွင့်ဘဲ ဆက်ကပ်မည်လော။ မုန့်အထုပ်ကို မဖွင့်ဖောက်ဘဲ အထုပ်လိုက် ဆက်ကပ်မည်လော။ မိမိတို့ကိုးကွယ်ရာ သံဃာတော်အရှင်မြတ်ကိုပင်လျှင် ထိုသို့ ဆက်ကပ်လှူဒါန်း၍ မဖြစ်နိုင်ပါလျက် ဘုရားရှင်ကိုမူ သစ်သီးအလုံးလိုက် ဖျော်ရည်ပုလင်းလိုက် မုန့်အထုပ်လိုက် ဆက်ကပ်ထားခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်ပါ၏လော။

ဘုရားရှင်အား သစ်သီးဆွမ်းစသော ဆက်ကပ်လှူဒါန်းရာတွင် ဝိနည်းနှင့်အညီ လှူတတ်စေခြင်းငှာ ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးက လမ်းညွှန်သွန်သင်တော်မူခဲ့ပါ၏။

& ဖျော်ရည်ကပ်မူကိုပါ တစ်ဆက်တည်းဆိုရလျှင် ဖျော်ရည်ပုလင်းကိုဖောက်၍ ယင့်ကဲ့သို့သော ဖန်ခွက်ကြီးဖြင့်ပင် ထည့်ကပ်သင့်သည်။ ရဟန်းတော်များပင်လျှင် မဖောက်ဘဲ ပုလင်းကိုကပ်လျှင် မဘုဉ်းပေးကြ။

ဘုရားရှင်ကား ပိုမိုဣနြေ္ဒကြီးသူ ဖြစ်တော်မူရကား မည်သည့်နည်းနှင့်မျှ ပုလင်းလိုက်ဘုဉ်းပေးမည် မဟုတ်ပါ။ သစ်သီးများကိုလည်း အခွံနွှာစိတ်ပြီးမှသာ ကပ်သင့်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်သည် ရဟန်းတော်များအား ထမင်းကို လုံးဆုပ်၍ မစားသောက်ရဟု ပညတ်ထား၏။ ထို့ကြောင့် ဝိနည်းဂရုထားသောရဟန်းတော်များပင် စားဖွယ်ရာများကို ကိုက်ဖြတ်ဘုဉ်းပေးမှု မပြုကြပေ။ ဆရာသခင်ဘုရားကား မည်သည့်နည်းနှင့်မျှ အလုံးလိုက်ကပ်သော သစ်သီးများကို ကိုယ်တော်တိုင် ခွဲစိတ်ဘုဉ်းပေးလိမ့်မည် မဟုတ်ပေ။

ထို့ပြင် အချို့အသီးအနှံများကို လူသာမဏေတို့ ကပ္ပိပေးမှ စားရသည်လည်းရှိ၏။ ထို့ကြောင့် သစ်သီးဆိုလျှင် ခွဲစိတ်၍ မုန့်ထုပ်ဆိုလျှင် ဖောက်ပြီး ပန်းကန်ထဲထည့်လျက်သာ ကပ်သင့်ပေသည်။ အလုံးလိုက် အထုပ်လိုက်ကပ်ခြင်းကား လူမြင်ကောင်းရုံ မရိုမသေပြုခြင်းသာ ဖြစ်ပေသည်။ ထို့ပြင်ရဟန်းတော်တို့အား လူတို့ ညနေဘက်စားသောက်သော စားဖွယ်ရာများကို နေမွန်းလွဲပြီး နောက်ပိုင်း၌ လက်ဖြင့်မကိုင်တွယ် မသုံးသပ်ရဟု ပညတ်ထားသောကြောင့် ညဘက်၌ သစ်သီးစသော စားဖွယ်ရာများတင်ထားသည်မှာ လုံးဝမသင့်လျော်ပါပေ။
--------------------------------------
အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး
မင်းနန်-မော်ကျွန်း

No comments:

Post a Comment