Sunday, August 10, 2014

မှတ်သားထားသင့်သော ပုံပြင်တစ်ပုဒ်


လူ့ဘ၀လူ့ခန္ဓာကို အုတ် ကျောက် သဲ သံမဏိတွေနဲ့
တည်ဆောက်ထားတာ မဟုတ်ပါ။ အုတ်၊ ကျောက်၊ သဲ၊ သံမဏိတွေနဲ့ တည်ဆောက်ထားတဲ့ အရာဝတ္ထုတွေတောင် ပြိုကျပျက်စီးတတ်တယ်ဆိုရင် အလွယ်တကူ ပြိုကွဲပျက်စီးမယ့် ရုပ်နာမ်တွေနဲ့တည်ဆောက်ထားတဲ့ လူ့ဘ၀ လူ့ခန္ဓာရဲ့မတည်မြဲမှုကို လက်ခံရမှာပါ။ ဘ၀ရဲ့ဖြစ်ရပ်မှန်တွေကို လက်ခံနိုင်တဲ့နုလုံးသားဟာ အင်မတန်အင်အားကြီးမားပါတယ်။

ဘ၀မှာ ဘယ်အရာမှမတည်မြဲပါဘူး။ မမြဲဘူးဆိုတဲ့
အဲဒီသဘောတရားတစ်ခုသာ တည်မြဲနေတာပါ။ ဘ၀ရဲ့မတည်မြဲခြင်း အနိစ္စတရားကို ထိထိမိမိ ထွင်းဖောက်သိမြင်နိုင်တဲ့ဉာဏ်ဟာ ဘ၀ရဲ့မင်္ဂလာပါ။ အမြင့်မြတ်ဆုံးဂုဏ်ကျက်သရေပါ။ အဲဒီမင်္ဂလာတရားဟာ ထိခိုက်ကြေကွဲလွယ်တဲ့ လူ့နှလုံးသားကို ကျောက်သားကျောက်ဆိုင်ကြီးလို မာကျောခိုင်မာလာစေပါတယ်။

အဲဒီအခါ ဘ၀မှ မလွှဲသာ မရှောင်သာ တွေ့ကြုံရမြဲဖြစ်တဲ့ ကောင်းတစ်ခါဆိုးတစ်ချီ လူမှုရေးရာသီ အလီလီတွေကိုသာမက အကြောင်းအားလျော်စွာ ဆုံရတတ်တဲ့ ကံကြမ္မာမုန်တိုင်းနဲ့ လောကဓံလှိုင်းတွေကိုလည်း တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ ရင်ဆိုင်နိုင်တာဟာ အကောင်းဆုံး လူ့စွမ်းရည် အဖိုးတန်ဆုံး ဆုလာဘ် အမြင့်မြတ်ဆုံးရတနာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဘ၀ရဲ့ဖြစ်ရပ်မှန်တွေကို လက်မခံနိုင်ဘဲ ဥပါဒါန် အစွဲအလမ်းတွေ များနေမယ်ဆိုရင်တော့ သောကပွေ ရတက်ပွားရတတ်ပါတယ်။ ဖြစ်တည်လာတဲ့ အခြေအနေတွေနဲ့အညီ ဘ၀ကိုအလိုက်သင့် အလျားသင့် မနေနိုင်ခြင်းဟာ လောဘ ဒေါသတွေကြောင့် စိတ်နုလုံးဟာ ပူလောင်ရှုပ်ထွေး နောက်ကျိလာပြီး ဘ၀မှာတည်ငြိမ်အေးချမ်းတဲ့ အခြေအနေတွေဟာလည်း ပျောက်ကွယ်သွားပါတော့တယ်။

ဒါကြောင့်ဘ၀မှာ ဖြစ်တည်လာတဲ့ အခြေအနေတွေကို သဘာဝနိယာမတွေနဲ့အညီ အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ကောင်းတာတွေပဲဖြစ်ဖြစ် ဆိုးတာတွေပဲဖြစ်ဖြစ် သူတို့ဟာ ဘ၀မှာ တည်ငြိမ်ရပ်တန့်နေရိုးထုံးစံမရှိကြပါဘူး။ ခြေကျင်
ခရီးသွားတဲ့အခါ ဘယ်ခြေတစ်လှမ်းပြီးရင် ညာခြေ တစ်လှမ်းရောက်လာသလိုပဲ ဘ၀မှာသုခနဲ့ဒုက္ခဟာလည်း တစ်လှည့်စီဖြစ်ပေါ်နေတာပါ။ ဒါကြောင့်မို့ အကောင်းဆိုရင် ထာဝရဖက်တွယ်ထားချင်ပြီး မကောင်းဆိုရင်တော့ ခဏချင်းပစ်ပယ်လိုတဲ့ စိတ်၊ ဆန္ဒ၊ ဆုတောင်းမျိုးဟာ ဘယ်သောအခါမှ ပြည့်ဝလာနိုင်မှာ မဟုတ်ပါဘူး။

ပြီးတော့ လောကသဘာဝက မာယာသဘောမျိုး လှည့်ပတ်တတ်ပါတယ်။ ကောင်းမလိုလိုနဲ့ ဆိုးတတ်သလို ဆိုးမလိုလိုနဲ့လည်း ကောင်းတတ်ပါတယ်။ ဒါကြောင့် အကောင်းတစ်ခုကို တွေ့ကြုံရပြီဆိုရင် ချက်ချင်းဝမ်းမသာလိုက်ပါနဲ့။ အဲဒီ အကောင်းဟာဆိုးဖို့ ကောင်းလာတာလည်း ဖြစ်နိုင်တယ်။ ဒီလိုပဲ အဆိုးတစ်ခုနဲ့ ကြုံရပြီဆိုရင်လည်း ၀မ်းမနည်းလိုက်ပါနဲ့ဦး။ အဲဒီအဆိုးဟာ ကောင်းဖို့ ဆိုးပေးတာလည်း ဖြစ်တတ်ပါတယ်။

ဖြစ်ရပ်တစ်ခုအပေါ်မှာ အကောင်း(သို့) အဆိုးလို့ ပုံသေနာမည်တပ်ပြီး သတ်မှတ်ပေးဖို့ ခက်ပါတယ်။ ဒီအကြောင်းနဲ့စပ်ပြီး ဓမ္မပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ ဒီပုံပြင်ကလေးကို အင်္ဂလိပ်
ပုံပြင်ပေါင်းချုပ်စာအုပ်ထဲမှာ ဖတ်ရသလို ဆရာကြီးဦးအောင်သင်းက ဟောပြောပွဲတစ်ခုမှာ ထည့်ပြောတာကိုလည်း နားထောင်ရဖူးပါတယ်။

ရှေးရှေးတုန်းက တောင်ခြေက ရွာတစ်ရွာမှာ တောင်ယာလုပ်တဲ့ တရုပ်အဖိုးကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ အဲဒီအဘိုးကြီးမှာ ၁၅နှစ်၊ ၁၆နှစ်အရွယ် လူပျိုပေါက် သားတစ်ယောက်နဲ့ မြင်းပေါက်တစ်ကောင် ရှိသတဲ့။ အဘိုးကြီးက စိတ်သဘောထား ကောင်းပေမယ့် လူဖြောင့်စိတ်တို၊ ဘုဘောက် ပြောတတ်တာမို့ ရွာထဲက လူတော်တော်များများနဲ့ လေပေးမဖြောင့်ဘူးတဲ့။ တစ်နေ့တော့ အဘိုးကြီး မွေးထားတဲ့မြင်းဟာ စားကျက်မှာ လွှတ်ထားတုန်း တောထဲဝင်သွားပြီး အိမ်ပြန်မလာတော့ဘူးတဲ့။ အဘိုးကြီးမှာ ဒီမြင်းတစ်ကောင်တည်း ရှိတာမို့ မြင်းပျောက်သွားတာသိရတဲ့ ရွာသူရွာသားတွေက စိတ်မကောင်းကြဘူးတဲ့။

အဲဒါနဲ့ ရွာသားတစ်ယောက်ဟာ အဘိုးကြီးနဲ့  ရွာလယ်လမ်းမမှာတွေ့တုန်း မေးကြည့်သတဲ့။ ဟေ့ အဘိုး နင့်မြင်းပျောက်သွားတယ်ဆို။ အေးဟုတ်တယ်။ အေး ငါစိတ်မကောင်းပါဘူး။ အဘိုးမှာ ဒီမြင်းတစ်ကောင်ပဲရှိတာ ပျောက်သွားတယ်ဆိုတော့ နင်ကံဆိုးတာပဲ။ အဲဒီအခါမှာ အဘိုးကြီးက ဘာပြောတယ်ကွ၊ မြင်းပျောက်တာနဲ့ပဲ ကံဆိုးရမလားလို့ ဘု
တောလွှတ်လိုက်သတဲ့။

ဒါပေမယ့် (၂)ရက် (၃)ရက်လောက်ကြာတဲ့အခါ တောထဲဝင်သွားတဲ့ အဘိုးကြီးရဲ့မြင်းဟာ မြင်းပေါက်မကလေးတစ်ကောင်နှင့်အတူ အိမ်ကို ပြန်ရောက်လာသတဲ့။ အဲဒီအခါ ရွာသူရွာသားတွေက အဘိုးကြီးမှာ မြင်းပျောက်တာပြန်ရတဲ့အပြင် တောထဲက မြင်းရိုင်း တစ်ကောင်တောင် အဆစ်ပါလာတာမို့ ၀မ်းသာကြပြန်တယ်။ ဒါနဲ့ ရွာသားတစ်ယောက်က အဘိုးကြီးအိမ်ကိုသွားပြီး ဟေ့အဘိုး နင့်မြင်းပြန်ရောက်ပြီဆို။
အေး ဟုတ်တယ်။ နင့်မြင်းထီးကြီးက တောထဲက မြင်းရိုင်းမကလေးတစ်ကောင် အပါခေါ်ခဲ့တာဆိုတော့ နင်ဝမ်းသာမှာပေါ့။ မြင်းတစ်ကောင် အလကားရတယ်ဆိုတာ ကံကောင်းတာပေါ့လို့ ပြောတာပေါ့။ အဲဒီအခါ အဘိုးကြီးက ဘာပြောတယ်ကွ၊ မြင်းတစ်ကောင်ရတာနဲ့ပဲ ကံကောင်းရမလားလို့ ဘုတောလွှတ်လိုက်ပြန်သတဲ့။

ဒီလိုနဲ့(၂)ရက် (၃)ရက်ကြာတဲ့အခါ အဘိုးကြီးရဲ့သား လူပျိုကလေးက တောထဲကပါလာတဲ့ မြင်းရိုင်းမကလေးကို အယဉ်ဖြစ်အောင် အစီးသင်ရင်းနဲ့ မြင်းပေါ်ကလိမ့်ကျပြီး လက်ကျိုးသွားသတဲ့။ အဲဒီအခါမှာလည်း ရွာသူရွာသားတွေက အဘိုးကြီးမှာ သားတစ်ယောက်ပဲရှိတာ၊ အခု အဲဒီသားက လက်ကျိုးသွားတယ်ဆိုတော့ စိတ်မကောင်းဖြစ်ကြပြန်တယ်။ ဒါနဲ့ ရွာသားတစ်ယောက်က အဘိုးကြီးအိမ်ကိုသွားပြီး ဟေ့
အဘိုး နင့်သား မြင်းစီးရင်းလိမ့်ကျပြီး လက်ကျိုးတယ်ဆို။ အေး၊ ဟုတ်တယ်။ သနားစရာပဲ၊ အဘိုး နင့်မှာ ဒီသားတစ်ယောက်ပဲရှိတာ၊ အခု သူက လက်ကျိုးနေတယ်ဆိုတော့ ကံဆိုးတာပဲ လို့ပြောတာပေါ့။ အဲဒီအခါ အဘိုးကြီးက ဘာပြောတယ်ကွ၊ ဘာပြောတယ်ကွ လက်ကျိုးတာနဲ့ပဲ ကံဆိုးရမလားကွလို့ ဘုတောလွှတ်လိုက်ပြန်သတဲ့။

ဒီလိုနဲ့ (၁၅)ရက်လောက် ကြာတဲ့အခါ အဲဒီနယ်ဘက်ကို စစ်ပွဲတွေရောက်လာသတဲ့။ အဲဒီအခါတုန်းက အမြဲတမ်းစစ်တပ်ဆိုတာ မရှိသေးတော့ စစ်ဖြစ်ပြန်ပြီဆိုရင် ကျန်းမာရေးကောင်းပြီး ကိုယ်လက်အင်္ဂါ မချွတ်ယွင်းတဲ့ယောက်ျားမှန်သမျှ တပ်ထဲဝင်ပြီး စစ်မှုထမ်းရတယ်။ အဲဒီအခါ အဘိုးကြီးရဲ့သား လူပျိုဟာ လက်ကျိုးနေလို့ စစ်ထဲမလိုက်ရဘူးတဲ့။ အဲဒီတော့ ရွာသူရွာသားတွေက အဘိုးကြီးရဲ့သားဟာ လက်ကျိုးနေတာနဲ့ စစ်ထဲမလိုက်ရဘူး။ ကံကောင်းတာပဲလို့ ပြောကြပြန်တာပေါ့။ အဲဒါနဲ့ ရွာသားတစ်ယောက်က အဘိုးကြီးရဲ့အိမ်ကို သွားပြီး ဟေ့ အဘိုး နင့်သား စစ်ထဲမလိုက်ရဘူးဆို၊ ကံကောင်းတာပဲလို့ ပြောတာပေါ့။
အဲဒီအခါ အဖိုးကြီးက ဘာပြောတယ်ကွ၊ စစ်ထဲမလိုက်ရတာနဲ့ ကံကောင်းရမလားကွလို့ ဘုတောလွှတ်လိုက်ပြန်သတဲ့။

ပုံပြင်ကလေးကိုတော့ ဒီနေရာမှာပဲ ရပ်ထားလိုက်ပါတယ်။ ဒီပုံပြင်ကပေးတဲ့ အတွေးစကလေးဟာ ရိုးပေမယ့် အင်မတန်လှပါတယ်။ ပုံပြင်ထဲမှာ ပြန်ကြည့်လိုက်ရင် ဘယ်အဖြစ်အပျက်ကိုမှ ကံကောင်းတယ် (ဒါမှမဟုတ်) ကံဆိုးတယ်လို့ ပုံသေပြောပြလို့မရတာ တွေ့ရပါလိမ့်မယ်။

ဒါကြောင့်ဘ၀မှာ ဘယ်လိုအဖြစ်အပျက်တွေနဲ့ ကြုံရဆုံရ ငါ့မှာတော့ အကောင်းတွေနဲ့ တွေ့နေရလို့ဆိုပြီး ၀မ်းသာမေ့မျောနေဖို့ မဟုတ်သလို
ငါ့မှာတော့ ကံဆိုးမိုးမှောင်ကျနေပြီလို့လည်း စိတ်ပျက်အားငယ်ဖွယ်ရာ မလိုပါဘူး။ ဒါဟာ ဒီဓမ္မပုံပြင်ကလေးက ပေးလိုတဲ့ အဓိကအချက်ပါပဲ။

တကယ်တော့ လောကဓံတရားတွေအပေါ်မှာ အမျှော် အကြောက်ကင်းပြီး စိတ်ရှင်းရှင်း ထားလိုသူတွေဟာ ကိုယ့်စိတ်ကိုယ် ကောင်းကင်ပြင်ကြီးလိုတုပပြီး ကျင့်ကြံကြရမှာပါ။ ကောင်းကင်ပြင်ကြီးကို လေ့လာကြည့်ရင် ကြည်လင်နေတဲ့
ကောင်းကင်ပြင်မှာ တစ်ခါတစ်ခါ မိုးသားတိမ်လိပ်တွေ တက်လာတယ်။ မိုးတွေရွာချတယ်။ ပြီးရင်နေသာလာကာ ပြန်ကြည်လင်လာတာ
ပါပဲ။ တစ်ခါတစ်ခါကျတော့ လေမုန်တိုင်းဆင်ပြီး ကောင်းကင်ပြင်ကြီးတစ်ခုလုံး နီရဲလာတယ်။ လေပြင်းတွေတိုက်တယ်။ ပြီးရင်လေပြည်လေညှင်းကလေးနဲ့အတူ ကောင်းကင်ကြီး ပြန်ကြည်လင်လာတာပါပဲ။

ဒီတော့ ကောင်းကင်ပြင်ကြီးနဲ့ ကောင်းကင်ပြင်ပေါ်မှာ ဖြစ်ပေါ်လာတာတွေကို ရောထွေးမမြင်မိဖို့ အရေးကြီးပါတယ်။ ဖြူစင်ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးက သတ်သတ်ပါ။ တိမ်ညိုတိမ်မဲတွေ လေမုန်တိုင်းတွေက သတ်သတ်ပါ။
တိမ်ညိုတိမ်မဲတွေနဲ့ လေမုန်တိုင်းတွေဆိုတာ ကောင်းကင်ပြင်ပေါ်မှာ ခေတ္တခဏ ဖြစ်ပေါ်လာတဲ့ အရာတွေပါ။ ကောင်းကင်ပြင်ကြီးက ဒီအရာတွေကို မဖက်မတွယ် မပစ်ပယ်ပဲ လွတ်လပ်စွာ
ရပ်တည်နေတာပါ။

တိမ်ညိုတိမ်မည်းတွေ တက်လာလို့လည်း ကောင်းကင်ပြင်ကြီးက ၀မ်းနည်းမနေပါ။ နေရောင်ခြည်တွေ ဖြာနေလို့လည်း ကောင်းကင်ပြင်ကြီးက ၀မ်းသာမနေပါ။ သူ့အပေါ်မှာ ဖြစ်တည်လာတာတွေကြောင့် သူ့ဘ၀ပြောင်းလဲမသွားဘူး။ သူ့သဘာဝ ကြည်လင်ဖြူစင်နေခြင်းပါ။

လောကဓံတရားတွေနဲ့ ပတ်သတ်လာရင် မိမိတို့ရဲ့စိတ်ကို ကောင်းကင်ပြင်ကြီးလို သဘောထားရမှာပါ။ ဘ၀ထဲမှာ အခိုက်အတန့်မျှ ဖြစ်ပေါ်လာတဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ဘ၀နဲ့ ရောထွေးမပစ်လိုက်မိဖို့ အရေးကြီးပါတယ်။ ဘ၀ထဲမှာဖြစ်ပေါ်လာတဲ့ ကောင်းခြင်းဆိုးခြင်းတွေဟာ ဘ၀မဟုတ်ပါဘူး။ ကောင်းကင်ပေါ်မှာ ခေတ္တခဏဖြစ်ပေါ်လာတဲ့ မိုးသားတိမ်လိပ်လိုပဲ ဖြစ်ပေါ်ပြီးရင် ပျောက်ကွယ်သွားမှာပါ။
ကိုယ့်စိတ်က အဲဒီအကောင်းအဆိုးတွေကို မတွယ်တာ မဖယ်ခွါဘဲ ကောင်းကင်ပြင်ကြီးလို ကြည်လင်ဖြူစင်နေဖို့သာ အရေးကြီးပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒဓမ္မပုံပြင်များ

No comments:

Post a Comment