Wednesday, August 27, 2014

ကွယ် သုံး ကွယ်


ရှေးရှေးဆရာတော်ကြီများက
၁။ ဘုရားကို စေတီကွယ်
၂။ တရားကို စာအုပ်ကွယ်
၃။ သံဃာကို ရဟန်းကွယ် တတ်သည်ဟု ဆုံးမခဲ့ပေသည်။

ထိုတွင်
၁။ မိမိတို့သည် တန်ခိုးကြီးဘုရားကိုမှ ရွှေရှိသောဘုရားကိုမှ
ရွှေတိဂုံမှ မဟာမြတ်မုနိမှစသည်ဖြင့် ဘုရားဟုမှတ်ထင်ကာ ရှိခိုးကိုးကွယ်ကြမည်ဆိုလျှင် ဘုရားကို စေတီကွယ်သည်မည်၏။

အမှန်မှာ ထိုသို့မဖြစ်စေရန် မည်သည့် စေတီပုထိုး ဆင်းတုတော်ကိုဖြစ်စေ ရှိခိုးကိုးကွယ်သည့်အခါ ပုံတော်ကိုကြည့်ကာ မြတ်စွာဘုရား၏ အရဟံစသော ဂုဏ်တော်တို့ကို အာရုံပြုကာ ရှိခိုးကိုးကွယ်တတ်ဖို့ လိုပေသည်။

၂။ ဘယ်စာအုပ်ထဲမှာတော့ ဘယ်လိုရေးထားတယ် ဘယ်ဆရာတော်က ဘယ်အခွေထဲမှာ ဘယ်လိုဟောထားတယ် စသည်ဖြင့် မလိုက်နာ မကျင့်သုံးဘဲ ပြောရုံသာ ပြောနေမည်ဆိုလျှင်
တရားကို စာအုပ်တွေ စီဒီတွေက ကွယ်သည်မည်၏။

ထိုသို့မဖြစ်စေဖို့ တရားရှာ ကိုယ်မှာတွေ့ ဆိုသည့်အတိုင်း မိမိတို့စရိုက် အကြိုက်အားလျော်စွာ သမထ ဝိပဿနာ ဒါန သီလ ဘာဝနာ တစ်ခုခုကို လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ် ကြရပေမည်။

၃။ မိမိတို့သည် ဘယ်ကိုယ်တော်ကိုမှ လှူမည်။ ဘယ်ကိုယ်တော်မှ ကြည်ညိုမည် စသည်ဖြင့် ပုဂ္ဂိုလ်စွဲကာ လှူကြ၊ ကြည်ညိုကြလျှင် သူ၏သန္တာန်၌ သူကြည်ညိုရာ ကိုယ်တော်က သံဃာကို
ကွယ်နေလေသည်။

ထိုသို့မကွယ်စေရန် မည်သည့် ကိုယ်တော် မည်သည့် ရဟန်းသာမဏေကိုဖြစ်စေ လှူသောအခါ ပုဂ္ဂိုလ်ကို ကျော်ကာ
သံဃာတော်အများကို အာရုံပြုကာ လှူဒါန်းတတ်ရပေမည်။
မိမိတို့ တစ်ခုခုလှူတိုင်း ဆရာတော်ကြီးများက သံဃဿ ဒေမ သံဃာတော်အား လှူပါ၏..စသည်ဖြင့် တိုင်တည်ပေးခြင်းသည်လည်း ထိုသို့မကွယ်စေရန် သံဃာတော်အပေါင်းကို အာရုံပြုတတ်စေရန် ဖြစ်ပေသည်။

လောက၌ တဦးတယောက်၏ ဆုံးဖြတ်ချက်ထက် အဖွဲ့အစည်း၏
ဆုံးဖြတ်ချက်က ပိုအားကောင်းသကဲ့သို့ တစုံတယောက်၏ အားအစွမ်းသည် အဖွဲ့အစည်းတခု၏ အားအစွမ်းကို မမှီသကဲ့သို့ ပုဂ္ဂိုလ်ကို အာရုံပြု လှူသည်ထက် သံဃာကို အာရုံပြုလှူသည်က ပိုမိုအစွမ်းထက်ကြောင်း အကျိုး များကြောင်း သဘောပေါက်ကြရပေမည်။

အချုပ်အားဖြင့် မိမိတို့သည် မိမိတို့သန္တာန်၌ ကွယ်နေသော
အရာများကို ဖယ်ကာ အတွင်းသားထိရောက်အောင် ကြည့်တတ်မြင်တတ်ပြီး ရှိခိုးတတ် ကျင့်ကြံတတ် ကြည်ညို
လှူတန်းတတ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါရစေ။

Shared from ဓမ္မစက်ဝန်း (FB)

No comments:

Post a Comment