Monday, August 11, 2014

မေတ္တာကို စနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကို ရှာမယ်


★ ဘုန်းကြီးတို့တွေ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။ထိုအလိုမကျမှုဟာ ကြီးထွားလာရင် ပေါက်ကွဲတယ်။ ဒါကိုဒေါသ ဗျာပါဒ လို့ခေါ်တယ်။ ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့ စိတ်ကလေး ပျက်စီးလာတယ်။ စိတ်ရဲ့အလိုကျမှုကို တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်။ သို့မဟုတ် မကျေနပ်တဲ့သူကို အနိုင်ယူလိုက်တယ်။ အဲ့ဒီအနိုင်ယူလိုက်တာ စိတ်ရဲ့ ထွက်ပေါက်မဟုတ်ဘူး။ မြတ်စွာဘုရားက "နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ" တဲ့။ စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က
မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့။ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့။

★ မေတ္တာဆိုတဲ့နေရာမှာ မေတ္တာရဲ့စွမ်းရည်သတ္တိတွေဟာ အဆင့်ဆင့်ရှိတယ် ဆိုတာကို သတိထားဖို့လိုတယ်။ ဒီနေရာမှာ မေတ္တာနဲ့ပတ်သက်ပြီး လေ့ကျင့်နည်း အကျဉ်းလေးကို ပြောပြရယ်ဆိုရင် - ပထမလုပ်ရမှာက ကိုယ့်ရဲ့သန္တာန်မှာ မေတ္တာဆိုတဲ့အရာကို တွေအောင်ရှာဖို့လိုတယ်။ အရပ်ထဲမှာပြောတဲ့ တဏှာရာဂနဲ့ချစ်တဲ့မေတ္တာနဲ့ ရောထွေးသွားတတ်တယ်။ ဘာက၀င်ပြီး မေတ္တာယောင် ဆောင်တတ်သလဲဆိုတော့ ရာဂက၀င်ပြီး မေတ္တာယောင် ဆောင်တတ်တယ်။ လှည့်စားမှုလို့ခေါ်တယ်။
ပထမရွှေကျင် ဆရာတော်ဘုရားကြီးရေးတဲ့ “၀ဉ္ဇနာ ဒီပနီ” ကျမ်းထဲမှာ လှည့်စားမှုတွေကို ထင်ရှားစွာ ပြသထားတယ်။ မေတ္တာဆိုတာ
သူ့အကျိုးကို လိုလားတဲ့သဘော။ တဏှာဆိုတာ ကိုယ့်အကျိုးကို ဦးစားပေးတဲ့သဘော အင်မတန်မှ ကွဲပြားတယ်။ လူတွေက ဘယ်သူ့ကိုခင်ပါတယ် ချစ်ပါတယ်ပြောပြီး ဆန်းစစ်ကြည့်တော့ သူ့ကိုချစ်တာ မဟုတ်ဘူး။ သူ့ကိုမြင်ရင် ကိုယ်စိတ်ချမ်းသာတယ်။
ထိုစိတ်ချမ်းသာမှုလေးကို ချစ်တာနော်။ ဒါကိုလူတွေ မျက်စိလည်သွားကြတယ်။ ရှင်းအောင်ပြောရင် မေတ္တာဆိုတာ“မိတ္တဿ ဧသာ မေတ္တာ” မိတ်ဆွေသူငယ်ချင်းရဲ့ စိတ်နေစိတ်ထား အဲ့ဒါဟာမေတ္တာပဲ။

★ မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်ကိုယ်ကရှိနေပေမယ့် လေ့ကျင့်ပေးမှ အစွမ်းထက်မယ်။ မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။အဲ့ဒီတော့ မေတ္တာဆိုတဲ့ သဘောတရားကို ဘာနဲ့လေ့ကျင့်ရမလဲဆိုတော့ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ စိတ်တစ်ခုကို ထက်မြတ်လာအောင် လေ့ကျင့်ချင်ရင် အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ ၀ိသုဒ္ဓိမဂ် ကျမ်းကြီးထဲက လေ့ကျင့်ခန်းတစ်ခုက မေတ္တာလေ့ကျင့်ခန်း ၀င်ပြီဆိုတာနဲ့ Meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။ Meditation ပုံစံဖြင့် မေတ္တာကို အာရုံနဲ့လေ့ကျင့်ရမယ်။ ကောင်းပြီ.. လေ့ကျင့်မယ်ဆိုရင် ပုဂ္ဂိုလ်ကိုရွေးချယ်ရမယ်။ နံပါတ်(၁) အသက်ရှင်ဆဲပုဂ္ဂိုလ်၊ သေတဲ့ပုဂ္ဂိုလ်ဆိုပြီး နှစ်မျိုးရှိတဲ့အထဲမှ
သေသွားတဲ့ပုဂ္ဂိုလ်ကို မေတ္တာမပို့နဲ့။ ဘယ်တော့မှ မအောင်မြင်ဘူးတဲ့။မေတ္တာကိုလေ့ကျင့်ပြီး ယူချင်တယ်ဆိုရင် အသက်ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်ကိုပဲ ရွေးရမယ်။

★ အဲ့ဒီလိုရွေးတဲ့အခါမှာလည်းပဲ (၃)မျိုးလောက်ခွဲလိုက်။ တစ်ဦးက ကိုယ်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်၊ နောက်တစ်ဦးက ခင်လည်းမခင် မုန်းလည်းမမုန်းတဲ့ သာမန်ပုဂ္ဂိုလ်၊ နောက်တစ်ဦးက မုန်းတဲ့ ကိုယ့်ရဲ့ရန်သူ။ လူတိုင်းဟာ ယေဘူယျအားဖြင့် ဒီသုံးမျိုး
ရှိနေမှာပဲ။ အဲ့ဒီထဲမယ် ဘယ်ပုဂ္ဂိုလ်ကို ရွေးမလဲ။ မေတ္တာ စပျိုးတော့မယ်ဆိုရင် ကိုယ်နဲ့ ခင်လည်းမခင်၊ မုန်းလည်းမမုန်းတဲ့ ပုဂ္ဂိုလ်ကိုရွေးမယ်ဆိုရင် မေတ္တာပျိုးဖို့ ခက်မယ်။ ဘာလို့လဲဆိုတော့ သူအပေါ်မှာ ခင်လို့မှမရဘဲကို။ သူ့ကိုပထမအနေနဲ့ ရွေးလို့မရဘူး။ရန်သူကိုရွေးမလားဆိုတော့ ရန်သူကိုရွေးရင် ဒေါသဖြစ်မှာပဲ။ ရန်သူကိုလည်း မရွေးနဲ့။ အဲ့ဒီတော့ “ပိယပုဂ္ဂလ” ဆိုတာ ကိုယ်ခင်မင်တဲ့ ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးလိုက်ပါတဲ့။ရွေးထဲ့နေရာမှာ နောက်သတိထားရမှာက လိင်တူကိုပဲရွေးပါ။ လိင်ကွဲကို သွားမရွေးရဘူး။ အမျိုးသားဆို အမျိုးသားကိုရွေး အမျိုးသမီးဆို အမျိုးသမီးကိုရွေး။ လိင်မတူတာကိုရွေးရင် မေတ္တာဖြစ်မဲ့အစား တဏှာရာဂတွေ ဖြစ်လာတတ်တယ်။ အန္တရာယ်ရှိတယ်။ ဒါကြောင့် လိင်မတူတာ မရွေးရဘူး။

အဲ့ဒီလို ရွေးချယ်ပြီးပြီဆိုရင် အစပထမ ဘာလုပ်ဖို့လိုလဲ။ နှိုင်းယှဉ်မှုဟာ အင်မတန်မှ အရေးကြီးတယ်။ မြန်မာလိုပြောရင် ကိုယ်ချင်းစာတရား ကိုယ်ချင်းစာတရား ထားတတ်ဖို့အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံး မေတ္တာပို့လိုက်ဦး။ ကိုယ့်ကိုယ်မေတ္တာပို့တာက ဘာဝနာအတွက် မဟုတ်ဘူး။ လွယ်အောင် ပြင်ဆင်လိုက်တဲ့သဘောပဲ။

★ ဆိုပါဆို့ - မေတ္တာပို့တဲ့အခါမှာ ချမ်းသာပါစေလို့ ပြောချင်တာလား ကျန်းမာပါစေလို့ ပြောချင်တာလား။ အရာခပ်သိမ်း အဆင်ပြေပါစေလို့ပဲ ပြောပြောပေါ့။ အဲ့ဒီအတွေးလေးကို ထိုပုဂ္ဂိုလ်အပေါ်မှာ ပျိုးရမယ်။ ယောင်္ကျားလေးဆို ယောင်္ကျားလေးသူငယ်ချင်းပေါ့။ မိန်းကလေးဆို မိန်းကလေးသူငယ်ချင်းရွေးပြီး တစ်ယောက်ထဲရှိတဲ့အချိန် ထိုပုဂ္ဂိုလ်ရဲ့ မျက်နှာကို စိတ်ထဲမှာပေါ်လာအောင် ပုံဖော်လိုက်။ စိတ်ထဲမှာ ပုံဖော်လို့ရရင် စိတ်ထဲမှာပုံဖော်လိုက်။ သူ့ရဲ့ရွှင်ပြုံးတဲ့မျက်နှာ
ကြည်နူးတဲ့မျက်နှာလေးကို ကြည့်ပြီးတော့ “အစဉ်ထာဝရ ပြုံးနိုင်ပါစေ ချမ်းသာပါစေ ကျန်းမာပါစေ” ဆိုပြီး ကိုယ်လိုချင်တဲ့ စကားလုံးလေးတစ်ခုနဲ့ အသုံးချပြီးတော့ အဲ့ဒီစိတ်ကလေး ထပ်တလဲလဲဖြစ်နေအောင် Repeatation လုပ်နေတာလို့ခေါ်တယ်။ထပ်ထပ်ပြီးတော့ဖြစ်နေတာ တစ်ခါတည်းမဟုတ်ဘူး။ အဲ့ဒီတော့ မေတ္တာထပ်ကျော့နေရတယ် ဘယ်နှစ်ခါထပ်ကျော့ရမလဲဆိုတော့ တစ်နာရီလုပ်ရင် တစ်နာရီလုံးထပ်ကျော့ရမယ်။

★ အဲ့ဒီလိုဓားများသွေးတဲ့အခါ ကျောက်နဲ့ပွတ်နေသလို ဒီချမ်းသာပါစေဆိုတဲ့ စိတ်ကလေးနဲ့ ပိယပုဂ္ဂိုလ်ကို ပွတ်ပေးနေရတယ်။ အဲ့ဒါကို လေ့ကျင့်တာလို့ခေါ်တယ်။ အဲ့ဒီလို ပွတ်ပေးနေလိုက်တဲ့ အခါမှာ ဘယ်လိုအနေအထားထိအောင် ရောက်လာသလဲဆိုရင်
ဘယ်နေရာသွားသွား ဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲ မြင်နေမယ်။ မျက်စိထဲက ဒီပုဂ္ဂိုလ်ရဲ့မျက်နှာ မထွက်ဘူး။ အိပ်မယ်.. အိပ်မပျော်သေးခင် သူ့မျက်နှာပဲ မြင်ယောင်နေတယ်။ တခြားဟာ မမြင်တော့ဘူး။ စိတ်က အဲ့ဒီအပေါ်မှာပဲ ငြိမ်ကျလာတယ်ပေါ့။ အဲ့ဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ
မေတ္တာစိတ်ကလေးနဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နောက်ဆုံးမှာ သမာဓိစွမ်းအားတွေ ကောင်းလာလို့ရှိရင် ဈာန်တောင် ရနိုင်ပါတယ်။

★ မြန်မာတွေက ဈာန်ဆိုရင် ကောင်းကင်ပျံတာချည်းပဲ အောက်မေ့နေတာ။ ဒါကောင်းကင်ပျံတာကို ပြောတာ မဟုတ်ဘူး။ဈာန်ရတယ်ဆိုတာ အဲ့ဒီအာရုံပေါ်ကို စူးစိုက်ပြီးတော့နေတဲ့ စွမ်းအားသတ္တိလေး ရလာတာကိုပြောတာ။ ပထမဈာန်ဆိုတာ အဲ့ဒီအာရုံပေါ်ကို စူးစိုက်ပြီးတော့နေတဲ့ စွမ်းအားသတ္တိလေး ရလာတာကိုပြောတာ။ ဈာန်ဆိုတာ ခုနက သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ စိတ်ကလေး အမြဲရောက်နေအောင် ပို့ပေးနေတဲ့ ၀ိတက်လို့ခေါ်တဲ့
သဘောတရား (Initial application)၊ စိတ်က ထိုမျက်နှာလေးပေါ်မှာ ခွာလို့မရလောက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။

★ “၀ိတက်” ဆိုတာ အာရုံပေါ် စိတ်ကလေးကို ပို့တင်ပေးနေရတာ။ “၀ိစာရ”ဆိုတာ အာရုံနဲ့စိတ်ကလေး ကွာမသွားအောင် လုပ်ဆောင်ပေးတဲ့သဘော၊ အဲ့ဒီအာရုံလေးနဲ့ စိတ်ကျေနပ်နေတာကို “ပီတိ”၊ စိတ်ကျေနပ်နေသလို စိတ်ထဲမှာငြိမ်းချမ်းနေတာက
“သုခ”၊ အဲ့ဒီအာရုံလေးကို စိတ်က ခွာလို့မရတာက “ဧကဂ္ဂ”၊ အဲ့ဒီ ၅ခု ဟန်ချက်ညီညီလုပ်နေပြီဆိုရင် ပထမဈာန်လို့ခေါ်တယ်။
ပထမဈာန်ရပီပေါ့။ ဒီထက် အစွမ်းမြင့်လိုက်တဲ့အခါကျတော့ တွေးနေစရာ မလိုတော့ဘူး။ “၀ိတက်” ဆိုတာ မလိုတော့ဘဲနဲ့ အာရုံလေးက ခွာလို့မရတာရယ် စိတ်ထဲကကျေနပ်တာရယ်
ချမ်းမြေ့တာရယ် တည်ငြိမ်နေတာရယ် - ဒီသဘော ၄ မျိုးနဲ့
ဖွဲ့စည်းလိုက်တာကျတော့ ဒုတိယဈာန်အဆင့်လို့ခေါ်တယ်။

★ နောက်တစ်ခါ ဒီထက်သမာဓိစွမ်းအားတွေ မြှင့်လိုက်တဲ့အခါကျတော့ အာရုံနဲ့စိတ် တွယ်ကပ်အောင် လုပ်စရာမလိုတော့ဘဲ ထိုအာရုံလေးအပေါ်မှာ ကျေနပ်နေတာရယ် နှစ်သက်နေတာရယ် တည်ငြိမ်နေတာရယ် ဒီအခြေအနေ သုံးရပ်ကလေးနဲ့
ထိုအာရုံပေါ်မှာ ရပ်တည်နေလို့ရှိရင် တတိယဈာန်လို့ခေါ်တယ်။ မေတ္တာပွားတဲ့သူဟာ အဲ့ဒီဈာန် ၃ဆင့်ထိအောင် ရနိုင်တယ်။ အဲ့ဒီဈာန် ၃ဆင့်ရသွားမှ “စေတောဝိမုတ္တိ” လို့ခေါ်တယ်။ “စေတောဝိမုတ္တိ”ဆိုတာ ဒီလုံးဝလွတ်မြောက်လာတဲ့ အနေအထား
တစ်ခုရောက်အောင် လေ့ကျင့်ယူထားတဲ့ မေတ္တာကိုပြောတာ။သာမန်မေတ္တာကို မေတ္တာလို့ပဲသုံးတယ်။ “စေတောဝိမုတ္တိ” ဆိုတဲ့စကားလေး ထည့်သုံးလိုက်ရင် ထိုမေတ္တာသည် ဈာန်အခြေအနေထိအောင် ရောက်နေတဲ့မေတ္တာကိုပြောတာ။

★ ကဲကောင်းပြီ “ပိယပုဂ္ဂလ” လို့ခေါ်တဲ့ ကိုယ်ချစ်ရတဲ့ ပုဂ္ဂိုလ်နဲ့လေ့ကျင့်လိုက်လို့ အောင်မြင်သွားတဲ့မေတ္တာလေးကို ဒီတိုင်းမထားနဲ့ဦး။ မေတ္တာကိုဖြန့်ကျက်ဦး။ ထိုမေတ္တာလေးကို Transfer လုပ်ရမယ်။ ဘယ်သူ့အပေါ်မှာ Transfer လုပ်မလဲဆိုရင် ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ပြောင်းကြည့်လိုက်တဲ့။ ပြောင်းကြည့်လိုက်လို့ မေတ္တာတရားဟာ လျော့ကျသွားတယ်။ ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာထားတဲ့ စိတ်အခြေအနေဟာလည်း မုန်းလည်းမမုန်း ချစ်လည်းမချစ်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ သွားထားလိုက်လို့ အခြေအနေ ပြောင်းလဲသွားတယ်ဆိုရင် ဒီမှာပြန်လေ့ကျင့်ရမယ်။ မပြောင်းလဲဘူးဆိုရင် ဒါ ဒုတိယအဆင့်အနေနဲ့ အဆင်ပြေသွားပြီ။

★ ကဲ ပုဂ္ဂိုလ်နှစ်ယောက် ပြောင်းပြီးပြီနော်။ ပိယပုဂ္ဂလ နဲ့ မဇ္ဈတ္တ အလယ်အလတ်ပုဂ္ဂိုလ်ပေါ်မှာ ပြောင်းကြည့်လို့ အခြေအနေ မပြောင်းဘူးဆိုရင် နောက်တစ်ယောက်ပေါ်မှာ ပြောင်းကြည့်။ကိုယ်နဲ့မတည့်တဲ့ ရန်သူပုဂ္ဂိုလ်အပေါ် ပြောင်းကြည့်လိုက်လို့
ဒေါသဖြစ်လာလို့ရှိရင် မေတ္တာဟာ မကြံ့ခိုင်သေးဘူး။ ပြန်ပြီးတော့ မေတ္တာကိုလေ့ကျင့်ပါ။ ပြန်လေ့ကျင့်ပြီးရင် ပြန်စမ်းသပ်လိုက်။ ထားလို့ရသွားပြီဆိုရင် ဒီမေတ္တာဟာ တော်တော်ခိုင်သွားပြီလို့ ပြောရမယ်။ ဒါက စမ်းသပ်တဲ့နည်း။ အဲ့ဒီလိုနည်းနဲ့ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား။ နောက်ဆုံးမှာ လူ(၄)ယောက်... နံပါတ်(၁)က မိမိကိုယ်တိုင်၊
နံပါတ်(၂)က ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်၊ နံပါတ်(၃)က ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သာမန်ပုဂ္ဂိုလ်၊ နံပါတ်(၄)က ရန်သူ။ အဲ့ဒီလေးယောက်ကို ရန်သူလို့လဲ မမြင်တော့ဘူး ကိုယ့်ကိုယ်ကိုလည်း မမြင်တော့ဘူး။ ကိုယ့်မိတ်ဆွေလို့လဲ မမြင်တော့ဘူး။
ကိုယ့်ရန်သူလို့လဲ မမြင်တော့ဘူး။ အာလုံး ဒီလေးယောက်လုံးဟာ
တစ်မျိုးတည်းလို့ မြင်သွားပြီဆိုရင် အဲဒီလူရဲ့မေတ္တာဟာ အစွမ်းအထက်ဆုံး အဆင့်ကို ရောက်သွားပါပြီ။

★ အဲ့ဒါကို ဥပမာလေးတစ်ခု ပေးထားတယ်။ ဒီပုဂ္ဂိုလ်လေးယောက်ကို ဆိုပါဆို့ ရှေးတုန်းက လူကိုသတ်ပြီး ယဇ်ပူဇော်တဲ့ အလေ့အထရှိတယ်။ တောထဲမှာ နေတဲ့ရဟန်းတွေ ဒီလိုပဲ ယဇ်ပူဇော်တာ ခံလိုက်ရတယ်။ အဲ့ဒီမှာ လာပြီးတောင်းမယ်။ ယဇ်ပူဇော်ဖို့အတွက် တစ်ယောက် လိုက်ခဲ့ပါ ဆိုလို့ရှိရင် အတူနေတာက မိမိကိုယ်တိုင်ရယ်၊ ကိုယ့်မိတ်ဆွေရယ်၊ သာမန်ပုဂ္ဂိုလ်ရယ်၊ ကိုယ့်ရန်သူရယ် ၄ယောက် ရှိတယ်။ အဲ့ဒီလေးယောက်ထဲက ဘယ်သူကိုပေးမလဲ? ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ။ တစ်ယောက်တော့ လိုက်ရမယ်။ ကိုယ့်စိတ်ထဲမှာ သြော်သူတို့ ၃ယောက်နေပါစေ။ ငါပဲ အနစ်နာခံလိုက်ပါ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုအပေါ်မှာ မေတ္တာပျက်ရာရောက်ပါတယ်။
သူ့မေတ္တာက မဟုတ်သေးဘူး။ မမျှတဘူးလို့ပြောရမယ်။အဲ့ဒီလိုမဟုတ်ဘဲ ငါနဲ့မတည့်တဲ့ကောင်လိုက်သွားဆိုရင် ရန်သူအပေါ်မှာ အမုန်းစိတ် မပျောက်သေးတာပဲ။ အဲ့ဒီလေးယောက်လုံးကို တစ်ယောက်မှမပေးဘူး။ အားလုံးဟာ အတူတူပဲ ဖြစ်နေတယ်။ ဘယ်သူ့ကိုမှ ရွေးလို့မရတော့ဘူး ဆိုရင် အဲ့ဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်သွားတဲ့ အင်မတန်ခိုင်ခံ့တဲ့ မေတ္တာတရား ဖြစ်သွားပြီ..တဲ့ ဒီလိုဆိုလိုတာ။

★ အဲ့ဒီလို လေ့ကျင့်ပြီးတဲ့အခါမှာ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေအပေါ်မှာ မေတ္တာတရားကို ဖြန့်ကျက်ပြီး နေမယ်ဆိုရင် ဒေါသ ဗျာပါဒတွေ လုံးဝလာတော့မှာ မဟုတ်ဘူး။ နောက်ဆုံးမှာ မေတ္တာကို အခြေခံပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ။ ထိုမေတ္တာ
စိတ်ဓာတ်မှာပါတဲ့ သဘာဝတရားတွေကို ရှုမှတ်ဆင်ခြင်ပြီး ၀ိပဿနာ ပွားများအားထုတ်ရတယ်။ မေတ္တာနဲ့ယှဉ်ပြီးဖြစ်လာတဲ့ စိတ်အခြေအနေတွေက နာမ်တရား။ ထိုမေတ္တာရဲ့တည်နေရာ နှလုံးသားက ရုပ်တရား။ ဟော.. ရုပ်နဲ့နာမ် နဲ့ ဒီနှစ်မျိုးရှိတယ်ဆိုတာကို သဘောပေါက်လာလို့ရှိရင် ဒါဝိပဿနာလမ်းကြောင်းထဲ စ ၀င်တာပဲ။
ဒါသမထကနေ ၀ိပဿနာပြောင်းတယ်လို့ခေါ်တယ်။

★ မေတ္တာစိတ်ဓာတ်ကို ရှုတာဟာ နာမ်တရားကိုရှုတာ။ ထိုမေတ္တာစိတ်ဓာတ်ရဲ့ တည်နေရာ နှလုံးသားကို ရုပ်တရားကို ရှုတာက ရုပ်ကိုရှုတာ။ ဒီလိုရုပ်နဲ့နာမ်နဲ့ ကွာသွားပြီလို့ဆိုရင် နာမရူပပရိစ္ဆေဒဉာဏ်။ အဲ့ဒီရုပ်နာမ်နှစ်ခု ခွဲခြားသိပြီးတဲ့အခါမှာ ဒီရုပ်ဒီနာမ်တွေဟာ ဘာ့ကြောင့်ဖြစ်တာတုန်းလို့ အကြောင်းတရားကို လေ့လာသုံးသပ်တဲ့ အသိဉာဏ်တစ်မျိုး ထပ်ဆင့်ရလာပြီဆိုရင် ပစ္စယပရိဂ္ဂဟဉာဏ်။ အဲ့ဒီဉာဏ်နှစ်ပါးကို အခြေခံပြီး ဒီရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ မမြဲတဲ့သဘောတွေ တွေ့လာတယ်။ ဖြစ်ပြီးပျက်သွားတဲ့ သဘောတွေ တွေ့လာတယ်။ မဖြစ်ရအောင် မပျက်ရအောင် ကိုယ့်မှာစွမ်းအင်သတ္တိတွေ မရှိဘူးဆိုတာ သိလာတယ်။ ကိုယ့်ဆန္ဒအတိုင်း မဖြစ်ဘူးဆိုတာ သိလာတယ်။ အနတ္တသဘောတွေ ပေါ်လာတယ်။

★ ဒီလိုမေတ္တာနဲ့ ပတ်သက်ပြီး ရုပ်နာမ်တွေအပေါ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုလာနိုင်တယ်။ ဒီလိုရှုလာနိုင်တာ သမ္မသနဉာဏ်လို့ခေါ်တယ်။ အဲ့ဒီကနေဆက်ပြီးတော့ ဖြစ်တာပျက်တာလေးတွေကိုပဲ အာရုံစိုက်မိတဲ့အခါ ဥဒယဗ္ဗယဉာဏ်၊ ထို ဥဒယဗ္ဗဉာဏ်ရင့်သန်လာတဲ့အခါ ဖြစ်တယ်ဆိုတာကို အာရုံမပြုတော့ဘူး။ ပျက်တာတွေက မြန်လွန်းအားကြီးတဲ့အတွက်ကြောင့် အပျက် အပျက်မြင်နေတာကို ဘင်္ဂဉာဏ် လို့ခေါ်တယ်တဲ့။ အဲ့ဒီလိုပျက်တာချည်းပဲ မြင်နေသည့်အတွက် ဉာဏ်ထဲမှာ ဘာပေါ်လာသလဲဆိုတော့ ပျက်တာဟာ ကြောက်စရာကြီးပါလားလို့ တွေးလာတယ်။ အဲ့ဒါ ဘယဉာဏ်လို့ခေါ်တယ်။ ကြောက်စရာလို့ မြင်လာတဲ့အခါ ဖြစ်ပျက်မှုတွေက နှိပ်စက်လို့ စိတ်ပျက်စရာ ငြီးငွေ့စရာချည်း ပါလားဆိုပြီး အပြစ်တွေမြင်လာတယ်။ ပျက်နေတဲ့ အရာကြီးတွယ်တာစရာ ကောင်းဘူးလို့ အပြစ်တွေကို မြင်လာတယ်။ ဒါက အာဒီန၀ဉာဏ်။

★ အပြစ်တွေမြင်လာတော့ မလိုချင်တော့ဘူး။ စွန့်လွတ်ချင်လာတယ်- နိဗ္ဗိဒါဉာဏ်၊ ငြီးငွေ့လာတဲ့အခါ လွတ်ချင်လာတယ် -မုစ္စိတုကမျတာဉာဏ် ၊ လွတ်ဖို့ရာ အတွက် လွတ်ရာလွတ်ကြောင်းကို ပြန်ဆင်ခြင်စဉ်းစားတာ -ပဋိသင်္ခါဉာဏ်၊ ပြန်လည် စဉ်းစားရင်းက သင်္ခါရတရားတွေရဲ့ သဘာဝပေါ်မှာ နေသားတကျ ဖြစ်သွားပြီး၊ စိတ်လှုပ်ရှားမှုတွေ နည်းသွားပြီး တည်ငြိမ်မှုတွေရလာပြီး အသိဉာဏ်တွေ လွှမ်းမိုးလာပြီဆိုရင် သင်္ခါရုပေက္ခာဉာဏ်လို့ခေါ်တယ်။ အဲ့ဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်သွားပြီဆိုရင် ဗျာပါဒ ဆိုတဲ့ သဘာဝတရားကို အဆင့်ဆင့် ပယ်ရှားသွားနိုင်တဲ့ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ် သကဒါဂါမိဖိုလ် အနာဂါမ်မဂ် ဆိုတာလည်း ပေါ်လိုက်ရော။ ဒေါသဗျာပါဒ ဆိုတာတွေ ဘယ်တော့မှ ပြန်မလာတဲ့လမ်း ရောက်သွားတယ်။ အမုန်းတရားတွေ နှလုံးသားထဲမှာ လက်ကျန်မရှိတော့ဘူး။ အနာဂါမိမဂ် ရသွားတာနဲ့ တစ်ပြိုင်နက် ဒေါသက လုံးဝမရှိတော့ဘူး။ မေတ္တာတရားကို အခြေခံတဲ့ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဟာ ဒေါသရဲ့ လုံးဝထွက်ပေါက် ဖြစ်ပါတယ်။ ဒေါသဆိုတာ လာချင်လို့တောင် မလာတော့ဘူး။

★ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက “ယဒိယံ မေတ္တာ စေတော့ ၀ိမုတ္တိ” စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့ ဒီမေတ္တာတရားဟာ ဗျာပါဒဿစိတ်ထဲမှာ အလိုမကျနေတဲ့ ဒေါသရဲ့၊ နိဿရဏံ- ထွက်ပေါက်ပါပဲတဲ့။ဒီနည်းနဲ့သာလျှင် စိတ်ရဲ့ထွက်ပေါက်ကို ရနိုင်တယ်။
ဒေါသဆိုတဲ့ အမုန်းတရား စိတ်ထဲမှာ လုံးဝမကျန်အောင် ဖြေရှင်းပစ်လိုက်တာ... ဒါဟာ ဒေါသဆိုတဲ့ စိတ်ရဲ့ ထွက်ပေါက်အစစ်ပေါ့။

(ပါချုပ်ဆရာတော်ဘုရားကြီး)
(စိတ်ရဲ့ထွက်ပေါက်များတရားတော်မှ ကောက်နှုတ်ချက်)

ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေဗျာ
_/\\_ _/\\_ _/\\_
Shared from Pay Thoe (FB)

No comments:

Post a Comment