Monday, August 11, 2014

သူ့အကျိုးအတွက် မထင်မှတ်တဲ့ အပြုအမူလေးတစ်ခု


ဘုရားရှင်လက်ထက်က ရာဇဂြိုလ်မြို့ ပုဏ္ဏားကြီးတစ်ယောက်မှာ သမီးတစ်ယောက်ရှိပါတယ်။ နာမည်က "သုဘာ"တဲ့။ အဓိပ္ပာယ်က
"ရုပ်ရည်အဆင်း လှပတင့်တယ်သူ"လို့ အဓိပ္ပာယ်ရတယ်။ နာမည်နဲ့လူနဲ့ လိုက်အောင်လည်း သုဘာဟာ
လှပတင့်တယ် ချောမောလှသူပါ။ သူမရဲ့အလှတွေထဲမှာ
အဓိကအလှက မျက်လုံးပါတဲ့။ သူမရဲ့မျက်လုံးက
မြင်ရတဲ့သူကို သိပ်ဆွဲဆောင်မှု ရှိတာပါတဲ့။

သုဘာက အပျိုစင်ဘ၀ကတည်းက သဒ္ဓါတရားရှိတဲ့ အမျိုးသမီးလေးပါ။
သုဘာက သူ့မှာအလှတွေရှိပေမယ့် မတည်မြဲတဲ့ အလှရဲ့အပြစ်ကို မြင်ပြီး မဟာပဇာပတိ ဂေါတမီဆီမှာ ဘိက္ခုနီမပြုလိုက်တယ်။ ဘိက္ခုနီမပြုပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ အနာဂါမိဖိုလ်ကို ရသွားပါတယ်။ အရဟတ္တဖိုလ်တော့ မရသေးပါဘူး။

တစ်ရက်တော့ သူ့ဇာတိ ရာဇဂြိုလ်မြို့က ဇီဝကရဲ့ သရက်ဥယျာဉ်ကို တစ်ပါးတည်း ထွက်လာခဲ့တယ်။ တရားအားထုတ်ဖို့ပါပဲ။
လမ်းကျဉ်းတစ်နေရာရောက်တော့ ရာဇဂြိုလ်မြို့သားလည်းဖြစ်၊ ရွှေပန်းထိမ်သည်ရဲ့ သားလည်းဖြစ်တဲ့ လူငယ်တစ်ယောက်နဲ့
ရင်ဆိုင်တိုးပါတော့တယ်။ ရာဇဂြိုလ်မြို့သားလူငယ်က
သုဘာထေရီနဲ့ တွေ့လိုက်တာနဲ့ မျက်လုံးရဲ့အလှကလည်း
အထင်းသားပေါ်နေတာဆိုတော့ ချက်ချင်း ချစ်စိတ် ဖြစ်သွားသတဲ့။ ဒါကြောင့် လမ်းမဖယ်တော့ဘူး။

ရှေ့ကနေ ကာတားထားလိုက်တယ်။ သူဘာထေရီက တောင်းတောင်းပန်ပန်နဲ့ ဖယ်ခိုင်းပေမယ့် မဖယ်ပါဘူး။ မဖယ်ရုံတင်မကဘဲ "အို နှမငယ် သင်ဟာ ငယ်လည်း ငယ်တယ်။ ရုပ်ရည်အဆင်းလည်းလှတယ်။ အခုလိုငယ်တုန်းမှာ ဘာဖြစ်လို့ ရဟန်းပြုရတာလဲ၊ အဲ့ဒီသင်္ကန်းကြီးကိုဖယ်ပြီး ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ" လို့ ချစ်ရေးဆိုတယ်။

ဒီတော့ သုဘာထေရီက "အို အမျိုးသား စက်ဆုတ်ဖွယ် ရွံရှာဖွယ်တွေ ပြည့်နေတဲ့ သုသာန်မြေကို တိုးပွားစေတဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဒီခန္ဓာကိုယ်ကို သင်က ချစ်စရာလို့ ထင်မှတ်နေတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ပေါ်က ဘာကိုများ သင်နှစ်သက်နေတာလဲ " လို့ မေးလိုက်ပါတယ်။ လူငယ်ကလည်း ချက်ချင်းပဲ "သင့်ရဲ့မျက်လုံးလေးကို ချစ်တာ" လို့ပြန်ဖြေလိုက်တယ်။ လူငယ်ရဲ့အဖြေစကားကို ကြားရတော့
သုဘာထေရီမက သူရဲ့မျက်းလုံးတစ်ဘက်ကို လက်နဲ့ထုတ်ပြီး ပေးလိုက်တယ်။ စာထဲမှာတော့ မျက်လုံးလို့ပဲ သာမန်ပဲပြထားပါတယ်။
ဘယ်လားညာလား ဆိုတာ ခွဲပြမထားပါဘူး။

မထင်မှတ်တဲ့အပြုအမူနဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့ လူငယ်လည်း ကြောက်လန့်ပြီး တောင်းပန်ထွက်ခွာသွားပါတယ်။
ဒီနေရာမှာ သူဘာထေရီရဲ့ အပြုအမူကိုကြည့်ပြီး ရူးတာလို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သုဘာထေရီအနေနဲ့ ဒီတစ်ခုတည်းပဲ ရွေးချယ်စရာရှိလို့ပါ။ ပြီးတော့ ဒီလိုလုပ်မှလည်း လူငယ်အတွက် အဆင်ပြေမှာမို့ပါ။

တကယ်လို့ သုဘာထေရီ ဒီလိုမလုပ်ဘဲ နှုတ်နဲ့ပဲ တရားဟောနေမယ်ဆိုရင် လူငယ်က ကာယကံမြောက် ဗလက္ကာရ
ပြုတော့မှာပါ။ နေရာကလည်း လူသူ ကင်းမဲ့နေတာဆိုတော့ ပြုမူဖို့လည်း သိပ်လွယ်ပါတယ်။ ကာယကံမြောက် ကျူးလွန်သွားမိရင်တော့ လူငယ်အတွက် အ၀ီစိငရဲမှာ ကျတော့မှာပါ။သုဘာထေရီက လူငယ်ရဲ့အကျိုးကိုငဲ့ပြီး မပြုသင့်တဲ့ အပြုအမူတစ်ခုကို ပြုပေးလိုက်တာပါ။

သူဘာထေရီဟာ မျက်စိတစ်ဖက်တည်းနဲ့ မြတ်စွာဘုရား ရှိရာကို ထွက်ခွာခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကို ဖူးမြင်လိုက်တာနဲ့
ပျက်စီးသွားတဲ့ မျက်လုံးဟာ ပကတိအတိုင်း အကောင်း ပြန်ဖြစ်သွားပါတယ်။ မျက်လုံးက ဘုရားရှင်ရဲ့တန်ခိုးကြောင့်
ပြန်ကောင်းရတာဆိုတော့ ပီတိတွေ ဖြစ်လာတယ်။မြတ်စွာဘုရားရှင်ကလည်း သုဘာထေရီ ပီတိဖြစ်တာကို သိပါတယ်။
ဒါ့ကြောင့် အရဟတ္တဖိုလ်ကို ရဖို့အတွက် ကမ္မဋ္ဌာန်းနည်းကို ချက်ချင်းပေးလိုက်ပါတယ်။ သုဘာထေရီလည်း
မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်အတိုင်း ဖြစ်နေတဲ့ပီတိကို ခွာပြီး ခန္ဓာကိုယ်ကို ဉာဏ်စိုက်ရှု့လိုက်တာ အရဟတ္တဖိုလ်ကို ရသွားပါတယ်။
သုဘာထေရီဟာ လူငယ်လေး အကျိုးကြည့်ပြီး သူရဲ့မျက်လုံးကို စွန့်ပစ်လိုက်တဲ့ မထင်မှတ်တဲ့ အပြုအမူလေးဟာ.......

(ကျမ်းကိုး ထေရီအဋ္ဌကထာ၊ သုဘာထေရီဝတ္ထု)

{ဆရာတော်ရဝေနွယ်(အင်းမ)}
(အတွေးမျာနှင့်မိတ်ဖွဲ့ခြင်းစာအုပ်မှ ကောက်နှုတ်ချက်)

No comments:

Post a Comment