Sunday, August 19, 2012

အစွမ်း နှင့် အစ တရားတော်

လူတိုင်းလူတိုင်းမှာ အားအစွမ်း (သို့) လုပ်နိုင်စွမ်းရည် ငါးမျိုးရှိတယ်။

၁) သဒ္ဓါဗလံ (ယုံကြည်ခြင်း ဆိုတဲ့ စွမ်းအား)

၂) ၀ီရိယဗလံ (ကြိုးစားအားထုတ်မှု စွမ်းအား)

၃) သတိဗလံ

၎) သမာဓိဗလံ (အာရုံထဲမှာ စိတ်က စူးစူးစိုက်စိုက် ကျရောက်နိုင်တာကို ခေါ်တယ်။)

၅) ပညာဗလံ (သိတတ်တဲ့ စွမ်းအား)

လူတိုင်းမှာ ဒီ ၅ မျိုးစလုံး ရှိကြပေမယ့် အချိုးအစားချင်းတော့ မတူညီကြဘူး။ သဒ္ဓါကောင်းပေမယ့် သတိမရှိတာလည်းရှိတယ်။ သတိကောင်းပေမယ့် ပညာမရှိတာမျိုး၊ ၀ီရိယကောင်းပေမယ့် သဒ္ဓါမရှိတာမျိုး… စသဖြင့် အချိုးအစားတွေ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။

စွမ်းအားချင်း မတူကြတဲ့ ပုဂ္ဂိုလ်တွေမှာ ဘယ်စွမ်းအားက သာရင် ဘာလုပ်ကြမလဲ ဆိုတာကို မြတ်စွာဘုရားက ဟောကြားထားခဲ့ပါတယ်။

*** ၁) သဒ္ဓါမှာ အဆင့် ၂ ဆင့် ရှိတယ်။

၁။ ယုံခြင်း လက္ခဏာ နှင့်

၂။ ကြည်လင်ခြင်း လက္ခဏာ။

အဲဒီ နှစ်မျိုးနဲ့ ပြည့်စုံမှ တကယ့်သဒ္ဓါအစစ်ဖြစ်မယ်။ ယုံရုံယုံတယ်။ မကြည်လာဘူးဆိုရင် သဒ္ဓါအစစ် (သို့) သဒ္ဓါအပြည့် မဟုတ်သေးဘူး။ ယုံတဲ့အတွက် လိုက်နာတဲ့အခါ ကြည်လင်အေးမြတဲ့ အရသာကိုပါ ခံစားလာရလိမ့်မယ်။ အဲဒီတော့မှ သဒ္ဓါအစစ် အပြည့်အ၀ ဖြစ်လာတာ။

သဒ္ဓါစွမ်းအားသာတဲ့ သူတွေဆိုရင် သောတာပန်ဖြစ်နိုင်တဲ့ အင်္ဂါ ၄ ပါးရှိတယ်။

၁။ ဘုရားကို မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း

၂) တရားကို မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း

၃) သံဃာကို မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း

၎) သီလငါးပါးကို မြဲခြင်း

သဒ္ဓါတရားရှိတဲ့သူဟာ ဒီသောတာပတ္တိအင်္ဂါ ၄ မျိုးကို လုပ်နိုင်ပါတယ် တဲ့။

သဒ္ဓါစွမ်းအားကောင်းရင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊ ဓမ္မာနုဿတိကမ္မဋ္ဌာန်း၊ သံဃာနုဿတိကမ္မဋ္ဌာန်း စတာတွေ ပွားများလိမ့်မယ်။ အဲဒီအလုပ်တွေက အစပြုလုပ်ကိုင်မယ်ဆိုရင် လောကီ၊ လောကုတ် အကျိုးတွေ ဖြစ်စေနိုင်တယ်။ မနက် ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လေ့ရှိတဲ့သူတွေကို သဒ္ဓါအားကောင်းတယ်လို့ ပြောနိုင်ပါတယ်။

မုဆိုးအလုပ်ပင် လုပ်နေပါစေ။ သဒ္ဓါရှိတဲ့အတွက် နိဗ္ဗာန်နဲ့ မတန်ဘူးလို့ မပြောပါနဲ့။ အဲဒီလို ပြောခဲ့မယ်ဆိုရင် ပြောတဲ့သူသာ ဓမ္မအန္တရယ် ထိုက်ပါတယ် တဲ့။ ဘယ်ဂါထာပိုကောင်းလဲမေးရင် ဓမ္မအပေါ် ပစ်မှားမှု ဖြစ်သွားတာပဲ။ ဘုရားဟောထားတာ မှန်သမျှ အကျိုးရှိတာတွေချည်းပါပဲ။ အဲဒီလိုသာ တကယ်ယုံကြည်မှုရှိမယ်ဆိုရင် ဒီဂါထာကောင်းတယ်၊ ဟိုဂါထာကောင်းတယ်တွေ ဖြစ်တော့မှာ မဟုတ်ဘူး။ အဲဒီလိုမှ မဟုတ်ဘဲ ဒီဂါထာကတော့ဖြင့် ရွတ်ပွားမယ်ဆိုရင် အကျိုးများလိုက်တာ လို့ ပြောလိုက်ရင် ဟိုဘုရားဟော ဂါထာက မကောင်းတော့သလို ဖြစ်သွားမယ်နော်…

နမောဗုဒ္ဓဿ ရဲ့ အဓိပ္ပါယ်ကို နားမလည်ဘဲ ရွတ်ပွားနေရုံနဲ့တောင် ဘီလူးတွေရဲ့ စားသောက်ခြင်းမှ ကင်းဝေးပြီး အပူဇော်ခံခဲ့ရတဲ့ ဗြဟ္မဏ ကလေးလေး ဇာတ်လမ်းကိုကြည့်ရင် ဘုရားဂုဏ်တော်တွေဟာ အဓိပ္ပါယ်နားမလည်ဘဲ ရွတ်ပွားတာတောင် အန္တရယ်အပေါင်း နဲ့ ကြောက်လန့်ခြင်းတို့မှ ကင်းဝေးပြီး အေးငြိမ်းချမ်းသာစွာ နေနိုင်တာကို နားလည်နိုင်ကြမှာပါ။

ဘာဝနာတစ်ခုခု အမြဲပွားများနေသင့်တယ်။ ဗုဒ္ဓဂုဏ်ပွားများခြင်း၊ သို့ မေတ္တာပွားများခြင်း၊ သို့ အနိစ္စလက္ခဏာ ခန္ဓာမှာတင်ပြီး ပွားများခြင်းတို့ကို ပြုသင့်ပါတယ်။

မစိုးရိမ်ဆရာတော် ရဲ့ အတ္ထုပတ္တိမှာပါတဲ့ ဆန်စက်ပိုင်ရှင် အရဟံဦးစိန် အကြောင်းကိုလည်း သိကြမှာပါ။ အရင်က ဆင်းရဲမွဲတေလွန်းလို့ ၀တ်စရာတောင် အနိုင်နိုင်။ ဆရာတော်က ချမ်းသာချင်ရင် အရဟံ ပဲ ပုတီးစိတ်ဆိုပြီး ပုတီးပါ ပေးလိုက်တာ။ နောက်နှစ်ရောက်တော့ တပည့်တော် ဘာမှ မထူးခြားသေးဘူး ဆိုပြီးတော့ ဆရာတော်ကို လျှောက်တယ်။ အဲဒါနဲ့ ဆရာတော်လည်း သူ့ကို ရုတ်တရက် တစ်ချက်ရိုက်လိုက်တာ လန့်ပြီးအော်တာက “အမယ်လေး” တဲ့။ အဲဒါနဲ့ ဆရာတော်ကလည်း မင်းလိုသေးတယ်။ ပုတီးဆက်စိပ်ဦးလို့ပဲ ပြောလိုက်တယ်။ နောက်သုံးနှစ်နေတော့လည်း ဘာမှ မထူးသေးဘူးလို့ လျှောက်လာပြန်တယ်။ အဲဒါနဲ့ ဆရာတော်က ထပ်စမ်းတဲ့အနေနဲ့ ရုတ်တရက် တစ်ချက်ရိုက်လိုက်ပြန်တယ်။ အဲဒီအခါမှာတော့ “အရဟံ အရဟံ အရဟံ” ဆိုပြီး ယောင်ပြီးအော်လိုက်တယ် တဲ့။ အဲဒါနဲ့ ဆရာတော်လည်း နင့်ရင်ထဲ ဘုရားရောက်နေပြီ။ ထူးတော့မယ်ဆိုပြီး ပြောလိုက်တယ် တဲ့။ တကယ်ပဲ နောက်ပိုင်း စစ်တွေဖြစ်တော့ အိန္ဒိယပြန်သွားတဲ့ ဆန်စက်ပိုင်ရှင်တွေက စိတ်ချရတဲ့သူကို အပ်ခဲ့မယ်ဆိုပြီး မောင်စိန်ကို ဆန်စက်လွှဲထားခဲ့တာပါပဲ။ နောက်ပိုင်းတော့ မောင်စိန်လည်း တကယ်ပဲ ချမ်းသာလာခဲ့ပါတယ်။ ဘုရားဂုဏ်တော်တွေကို ရင်ထဲရောက်သည်အထိ ပွားများခဲ့တဲ့ အကျိုးလေးပါပဲ။

*** ၂) ၀ီရိယ အားကောင်းရင် ဒီတရား ၄ ပါးက စအားထုတ်ရပါမယ်။

၁။ မဖြစ်သေးတဲ့ အကုသိုလ်မဖြစ်အောင်

၂။ မဖြစ်သေးတဲ့ ကုသိုလ်ဖြစ်အောင်

၃။ ဖြစ်ပြီးတဲ့ အကုသိုလ်ပယ်ရှောင်ရေး

၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တိုးပွားရေး။

* လောဘ၊ ဒေါသ က နာမည်ဆိုးတော့ မကောင်းမှန်း၊ အကုသိုလ်မှန်းသိတော့ သိပ်မလုပ်ရဲကြဘူး။ နာမည်မဆိုးတဲ့ ထိနမိဒ္ဓက အဆိုးဆုံးပဲ။ အကုသိုလ်မှန်းလည်း မသိကြတော့ ပိုဆိုးတယ်။ အရပ်ထဲမှာဆိုရင်တော့ ထိနမိဒ္ဓဆိုတာ သူတော်ကောင်းယောင်ဆောင်တဲ့ လူဆိုးကြီးပါပဲ။ ဘယ်သူမှ အပြစ်မပြောတော့ ပြုပြင်ရကောင်းမှန်းလည်း မသိတော့ဘူး။

* အကုသိုလ်ကို အကြွေးလို့ သတ်မှတ်လိုက်ပါ။ ကုသိုလ်ကို ငွေရှာတာလို့ သတ်မှတ်လိုက်ပါ။ ကိုယ့်မှာက အကုသိုလ်တွေက အများကြီးဆိုတော့ အကြွေးတွေလည်း အများကြီးပေါ့။ အကြွေးတွေ အများကြီးရှိနေတဲ့ သူတစ်ယောက်က ငွေကို သာမန်ထက် ပိုရှာမှပဲ အကြွေးတွေကို ဆပ်နိုင်မှာလေ။ အဲဒီတော့ အကြွေးနဲ့တူတဲ့ အကုသိုလ်တွေကို ပယ်ရှားချင်ရင် ငွေရှာတာနဲ့တူတဲ့ ကုသိုလ်တွေကို များများပိုပြီးရှာရမယ်။ အဲဒါမှ မီးများမီးနိုင်၊ ရေများရေနိုင် ဆိုသလို အကုသိုလ်တွေကို ကုသိုလ်တွေက နိုင်သွားမှာ။

*** ၃) သတိအားကောင်းရင်တော့ ဘာမှအထူးပြောစရာ မလိုတော့ပါဘူး။ နိဗ္ဗာန်ကို တိုက်ရိုက်တောင် ရောက်စေနိုင်ပါတယ်။ သတိပဋ္ဌာန်တရားတွေ ပွားများပေးပါ။ သတိစွမ်းအားကောင်းရင် သတိထားပြီး လုပ်ရတဲ့ ၀ိပဿနာကနေ စလုပ်ပါ။

*** ၄) သမာဓိအာကောင်းရင် ဈာန်အလုပ်ကနေ စလုပ်သင့်ပါတယ်။

*** ၅) ပညာစွမ်းအားကောင်းရင် သို့မဟုတ် ဥာဏ်ပညာထက်မြက်ရင် သစ္စာ ၄ ပါးကို တိုက်ရိုက်ရှုသင့်ပါတယ်။ အနိစ္စကိုမြင်ရင် ဖြစ်ပျက်သဘောကို မြင်ပါတယ်။ ဒုက္ခသစ္စာကို ခန္ဓာမှာ စရှုပါ။ ဘေးမကင်းတဲ့ သဘောကို ဒုက္ခလို့ ခေါ်ပါတယ်။

ဟင်းချက်နေရင်းနဲ့ တရားရှုပွားလိုက်တာ သောတာပန် ဖြစ်သွားတယ်တို့ ဘာတို့ ကြားဖူးကြမှာပါ။ ဟင်းချက်နေရင်းနဲ့ အရွက်တွေက လန်းရာကနေ နွမ်းသွားတဲ့ အနိစ္စသဘောကို သံဝေဂဥပမာယူပြီး အဓိက ကတော့ ခန္ဓာထဲက အနိစ္စကိုမြင်မှ တရားရတာပါ။

---------- * ---------- * ---------- * ----------

မြတ်စွာဘုရားကို ရေချမ်းကပ်၊ ဆွမ်းကပ်၊ ပန်းကပ်တွေ လုပ်ဖြစ်တယ်ဆိုရင် ငါဟာ သဒ္ဓါတရားရှိတဲ့ သူတစ်ယောက်ပဲလို့ ကိုယ်လုပ်ဖြစ်တဲ့အလုပ်ကို ကြည့်ပြီးတော့လည်း ကိုယ့်ကိုယ်ကို ဘယ်အမျိုးအစားထဲပါလဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ အစွမ်းနဲ့အစမှာ စွမ်းရာက စရပါမယ်။ ကောင်းမှုလုပ်တဲ့အခါ စွမ်းတဲ့အလုပ်ကစရင် တခြားကုသိုလ်တွေပါ နောက်က ကပ်ပါလာပါလိမ့်မယ်။ သန်ရာက ဦးဆောင်ပေမယ့် ကျန်တဲ့စွမ်းအားတွေကပါ လိုက်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ဖြည့်၊ ပြည့်လာတော့မှ သူ့စွမ်းအားသူ လုပ်နိုင်လာမယ်။

လူတွေမှာရှိတဲ့ ဒီအစွမ်း ငါးခုကို သူငယ်ချင်းကောင်း ငါးယောက်နဲ့ တူပါတယ်တဲ့။ အဋ္ဌကထာဆရာက ပြောပြပါတယ်။ သူဋ္ဌေးသား ၄ ဦး နဲ့ ဘုရင့်သား ၁ ယောက်တို့ဟာ ဒိုးတူဘောင်ဘက် ခင်မင်ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ၁ နှစ် ၁ ခါ နက္ခတ်သဘင် ဆင်နွှဲကြပါတယ်။ မြန်မာလိုဆိုရင်တော့ တန်ဆောင်မုန်းလ၊ တန်ဆောင်တိုင်ပွဲလို ဖြစ်မှာပေါ့။ ခင်မင်တဲ့အိမ်တွေဆို အပြန်အလှန်ဖိတ်ကြားပြီး စားကြ၊ သောက်ကြပါတယ်။ သူငယ်ချင်း ငါးယောက်တို့ကလည်း တစ်နှစ်ကို တစ်ယောက်ကျစီ ဦးဆောင်ပြီး တစ်ယောက်ရဲ့အိမ်မှာ အတူတူချက်ပြုတ် စားသောက်ကြပါတယ်။ ပထမဆုံး သူဋ္ဌေးသား တစ်ယောက် အိမ်ရောက်ရင် သူဦးဆောင်ပြီးတော့ သူသန်ရာသန်ရာ အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်ကြပါတယ်။ ကျန်တဲ့ သူငယ်ချင်း ၄ ယောက်တို့ကတော့ ၀ိုင်းကူညီလုပ်ကိုင်ပေးကြတာပေါ့။ အားလုံး ချက်ပြုတ်ပြင်ဆင်ပြီးလို့ စားသောက်ပျော်ပါးကြတော့ အိမ်ရှင်သူဋ္ဌေးသား တစ်ဦးတည်း ပျော်ပါးစားသောက်တာ မဟုတ်ပါဘူး။ သူငယ်ချင်း ငါးယောက်စလုံး အားလုံးအတူတူ စားသောက်ပျော်ပါးကြတာပါ။

သူငယ်ချင်း ငါးယောက်ထဲက ဘုရင့်သားကတော့ အာဏာအရှိဆုံးမို့လို့ အစွမ်းငါးခုထဲကမှ ပညာနဲ့ တူပါတယ်တဲ့။ ကျန် ၄ ယောက်ကတော့ သူဋ္ဌေးသား ၄ ဦးနဲ့ တူပါတယ်။ စဉ်းစားကြည့်ရင် ဒီအစွမ်း ၄ ခုကို လုပ်ရင် ချမ်းသာနိုင်တဲ့အတွက်ပါပဲ။ သဒ္ဓါဆိုတဲ့ သူဋ္ဌေးသားက အိမ်ရှင်လုပ်ပြီး သူသန်ရာ အစားအသောက်ကို ဦးဆောင်ချက်ပြုတ်တဲ့အခါ ကျန် ၄ ဦးဖြစ်တဲ့ အစွမ်း ၄ မျိုးကလည်း ၀ိုင်းဝန်းကူညီထောက်ပံ့ပေးကြပါတယ်။ ဟင်းတွေအားလုံးကျက်လို့ စားကြသောက်ကြတော့မယ့် အချိန်ရောက်လာတယ်ဆိုတာ စွမ်းရည် ငါးမျိုးစလုံး ပြည့်စုံသွားတာနဲ့ တူပါတယ်။ အားလုံးပျော်ပျော်ပါးပါး စားသောက်တာကျတော့ စွမ်းရည်တွေအားလုံးပြည့်ပြီး တရားရသွားတာနဲ့တူပါတယ်။

သဒ္ဓါက ဦးဆောင်တယ်ဆိုရင် ရတနာသုံးပါးမှာ ယုံကြည်မယ်။ သီလတွေ ခိုင်မြဲမယ်။ သီလခိုင်မြဲဖို့အတွက် သတိက ကူညီပေးပါတယ်။ ခန္ဓာမှာ ရုပ်၊ နာမ် ပေါ်အောင် ပညာကလည်း ကူညီပေးပါတယ်။ အင်အားပြည့်ပြီဆိုတော့ သဒ္ဓါက သဒ္ဓါနဲ့ဆိုင်တဲ့ သူသန်ရာ အလုပ်ကနေစလုပ်ပြီး ဦးဆောင်တယ်ဆိုပေမယ့် အချိန်တန်တဲ့အခါ စွမ်းရည်ငါးမျိုးစလုံး ပြည့်ဝသွားတာပါ။

ဝီရိယ သူဋ္ဌေးသားဆီရောက်ရင် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်တဲ့အလုပ်ကို စွမ်းတော့ အဲဒါကို စီမံလုပ်ဆောင်ပေးပါလိမ့်မယ်။ သတိက မကောင်းမှုတွေရှောင်နိုင်အောင်၊ ကောင်းမှုတွေဆောင်နိုင်အောင် ကူညီပေးမယ်။ သမာဓိက အာရုံမှာ စူးစိုက်နေအောင် ကူညီလိမ့်မယ်။ အားလုံးပြည့်စုံသွားတော့ အတူတူ စားကြ၊ သောက်ကြသလိုပါပဲ။ စွမ်းရည် ငါးမျိုးစလုံး ပြည့်သွားတာပါ။

အကျဉ်းချုပ်ပြန်ပြောရရင်… လူတိုင်းမှာ သဒ္ဓါ၊ သတိ၊ ၀ီရိယ၊ သမာဓိ၊ ပညာ လို့ခေါ်တဲ့ အစွမ်း ငါးမျိုး ပါရှိကြပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပါရှိတဲ့ အစွမ်းငါးမျိုးရဲ့ အချိုးအစားချင်းကတော့ မတူညီကြပါဘူး။ ငါးမျိုးလုံးကတော့ လူတိုင်းမှာ ပါရှိပေမယ့် တချို့က သဒ္ဓါအားကြီးမယ်။ ၀ီရိယကျတော့ နည်းချင် နည်းနေမယ်။ တချို့က သတိအားကောင်းမယ်။ ဒါပေမယ့် ပညာကျတော့ အားနည်းချင်နည်းနေမယ်။ ဒီအစွမ်းငါးမျိုးစလုံးက ကောင်းသောစွမ်းရည်တွေဖြစ်လို့ ဘယ်ကနေပဲစလုပ်လုပ် အစွမ်းတစ်ခုခုက ဦးဆောင်ပြီး လုပ်တဲ့အခါ ကျန်လေးမျိုးက လိုက်ပါကူညီနေကြတာပါပဲ။ တစ်ခုအားကြီးပြီး ကျန်တာတွေ အားနည်းနေပေမယ့် အားကြီးတဲ့ တစ်ခုကို စလုပ်ရင်းနဲ့ ကျန်တာတွေပါ တဖြည်းဖြည်း အားကြီးလာကြလိမ့်မယ်။ အဲဒီလိုနဲ့ပဲ ကိုယ်စွမ်းရာ၊ သန်ရာကနေပဲ အစပြုပြီး ကြိုးစားအားထုတ်ကြရတာပါပဲ။ ဒီလိုနဲ့ ကိုယ်ကျွမ်းကျင်လိမ္မာတဲ့ အစွမ်းတစ်မျိုးကနေ အစပြုဦးဆောင်ပြီး လုပ်ဆောင်အားထုတ်နေရင်းကနေ စွမ်းရည်ငါးမျိုးလုံး တဖြည်းဖြည်းဖြည့်ဆည်းရင်း ပြည့်လာတဲ့ အချိန်တစ်ခုကို ရောက်တဲ့အခါ တရားတွေလည်း ရလာနိုင်ပါလိမ့်မယ်။

လောကမှာ အကြီးကျယ်ဆုံးတွေဆိုတာ အသေးလေးတွေက စရတာပဲ။ ဒါဆို နိဗ္ဗာန်က မဝေးပါဘူး။ ကုသိုလ်သေးသေးလေးတွေလုပ်ရင်း အများအကျိုးစွန့်တယ်ဆိုတဲ့ ကုသိုလ်တွေလုပ်နိုင်လာတာပါ။ ဘယ်ကုသိုလ်မှ နိဗ္ဗာန်နဲ့ မဝေးပါဘူး။ ဒါပေမယ့် လုပ်သမျှကုသိုလ်ကို နိဗ္ဗာနဿ ပစ္စယောဟောတု၊ နိဗ္ဗာန်ကို ရည်စူးပြီး လုပ်ဖို့တော့လိုတယ်။ ဥပမာ- ဘုရားကို ကြည်ညိုဖို့၊ ရှိခိုးဖို့အတွက် ဘုရားစေတီတွေ တည်ထားကိုးကွယ်ကြတာ။ အဓိက က နှလုံးသားထဲကို ဘုရားကိန်းဖို့ပါပဲ။ ဘုရားဆင်းတုတော်တွေက အကျိုးပေးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နှလုံးသားထဲထိ ရောက်အောင် ဘုရားကိုကြည်ညိုတဲ့ သဒ္ဓါစိတ်ကသာ အကျိုးတကယ်ပေးနိုင်တာပါ။ စဉ်းစားကြည့်ရင် သိသာပါတယ်။ အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်ကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိသလို တကယ်သတ်မှတ်ထားရဲ့လားဆိုတာ။ မြတ်စွာဘုရား မပြောနဲ့။ ရဟန်းသံဃာတစ်ပါး မပြောနဲ့ဦး။ ကိုယ်လေးစားရိုသေရတဲ့ သာမန်လူတစ်ယောက် ကိုယ့်အိမ်မှာ ရောက်နေရင်တောင် မကောင်းမှုတို့၊ မကောင်းတဲ့ အပြောအဆိုတို့ကို သူတို့အရှေ့မှာ မလုပ်ရဲပါဘူး။ ရဟန်းသံဃာတစ်ပါး ကိုယ့်အိမ်ကို ကြွရောက်လာတဲ့အခါမှာလည်း အပြောအဆို၊ အနေအထိုင်ကအစ ရိုရိုသေသေ လေးလေးစားစား နေရ၊ ထိုင်ရပါတယ်။ ဒါဆို ကိုယ့်အိမ်မှာ ကိုးကွယ်ဆည်းကပ်ထားတဲ့ မြတ်စွာဘုရား ဆင်းတုတော်ကိုရော… တကယ်သက်တော်ထင်ရှား မြတ်စွာဘုရားလို သဘောထားရဲ့လား။ တကယ်သာ သက်ရှိထင်ရှားရှိသလို သဘောထားခဲ့မယ်ဆိုရင် မြတ်စွာဘုရားရှေ့မှာ နေချင်သလိုနေ၊ ပြောချင်သလိုပြော၊ ကြံစည်ချင်သလို ကြံစည်ရဲဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီဥပမာကိုကြည့်ရင် သိသာပါတယ်နော်။ မြတ်စွာဘုရားဆင်းတုတော်သာ အိမ်မှာကိုးကွယ်ထားတာ။ တကယ့်ဘုရားအစစ်လို့ နှလုံးသားထဲမှာ မသတ်မှတ်တော့ ဘုရားရှေ့မှာလည်း ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တာပါပဲ။ ဆရာတော် အဲဒီလိုဟောတော့ ခိုင်အရင်က တင်ဖူးတဲ့ ဆွမ်းကပ်လှူတဲ့အကျိုး နုတ်စ်လေးကို သတိရပါတယ်။ အဲဒီထဲက အမျိုးသမီးကြီးက အိမ်မှာကိုးကွယ်ထားတဲ့ဘုရားကို တကယ့်သက်ရှိထင်ရှားရှိတဲ့ မြတ်စွာဘုရားလို သဘောထားပြီး ကိုးကွယ်တဲ့အတွက် သူ့ရဲ့အကျိုးပေးက မသေခင်တောင် နတ်ပြည်မှာ ဗိမာန်ပေါက်ရလောက်တဲ့အထိ အကျိုးပေးခဲ့တာပါ။ ဒါကြောင့် ဘုရားဆင်းတုတော် အမျိုးအစားတွေ၊ အရွယ်အစားတွေ၊ ပုံသဏ္ဍာန်တွေက အကျိုးပေးတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ရင်ထဲက ဘုရားကို သက်ရှိထင်ရှားရှိသလို ရိုသေလေးစားပြီး ကြည်ညိုနိုင်တဲ့ သဒ္ဓါစွမ်းရည် အနည်းအများကသာ အကျိုးပေးအနည်းအများကို ဖြစ်စေတာ။ ဘုရားဆင်းတုတော် အရွယ်ကြီးလို့၊ ကျောက်တွေနဲ့ စီချယ်ထားလို့ ဆုတောင်းပြည့်ဘုရားလို့ နာမည်ပေးထားလို့ ဆုတောင်းတွေပြည့်ပြီး ကုသိုလ်တွေပိုရနေတာ မဟုတ်ပါဘူး။ ကိုယ့်ရင်ထဲက ကြည်ညိုတဲ့သဒ္ဓါတရားကသာ အကျိုးတရားတွေကို ဖြစ်စေတာပါ။

ရန်ကုန်မှာဆို လူတွေယတြာချေရင် အသွားအများဆုံးဘုရားတစ်ဆူက ရွေဘုန်းပွင့်လေ။ ဘုန်းတွေပွင့်တဲ့ဓာတ် ရအောင်ဆိုပြီးတော့ ဗေဒင်ဆရာတွေကလည်း ရွှေဘုန်းပွင့်ဘုရားမှာ ယတြာသွားချေခိုင်းတာများတယ်။ ဘုန်းပွင့်တဲ့ဓာတ်ရချင်လို့ ရွှေဘုန်းပွင့်ဘုရားသွားဖူးတာဆိုရင် ရည်ရွယ်ချက်က ဘုန်းပွင့်ချင်တာ ဖြစ်သွားပြီ။ နိဗ္ဗာန်ကိုရည်စူးတဲ့ ကုသိုလ် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အဲဒါဆိုရင် အကျိုးပေးကလည်း ညံ့သွားပြီ။ သံသရာမှလွတ်မြောက်ကြောင်းအတွက် စွမ်းရည်ဖြည့်ရတဲ့ ကုသိုလ်ပါရမီမျိုးလည်း မဖြစ်နိုင်တော့ဘူးနော်။ ဒါကြောင့် သံသရာမှလွတ်ဖို့ တရားအားထုတ်တဲ့အခါ ကိုယ်စွမ်းရာကနေ စပြီး အားထုတ်တယ်ဆိုပေမယ့် နိဗ္ဗာန်ကို ရည်စူးပြီးလုပ်တာတော့ ဖြစ်ရမယ်။ အဲဒါမှသာ နိဗ္ဗာန်နဲ့ တဖြည်းဖြည်းနီးလာမှာပါ။

ရခဲလှတဲ့ ဒုလ္လဘတရား ၄ ပါး (လူဖြစ်နေပြီ၊ သာသနာနဲ့ကြုံနေပြီ၊ တရားကိုလည်း ယုံကြည်နေပြီ၊ သံသရာမှ လွတ်မြောက်ကြောင်းတရားတွေလည်း ကြားနာခွင့်ရနေပြီ) နဲ့လည်း ကြုံဆုံခွင့်ရနေကြတုန်း သံသရာမှ လွတ်မြောက်အောင် ကိုယ်စွမ်းတဲ့ အလုပ်ကနေ အစပြုပြီး အားထုတ်သင့်ကြပါတယ်။

စွမ်းရာကစ၍ နောက်ဆုံး နိဗ္ဗာန်တိုင်အောင် မျက်မှောက်ပြုနိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြပါစေကုန်သတည်း…….

သာဓု၊ သာဓု၊ သာဓု…….

တောင်စွန်း ဓမ္မဘေရီဆရာတော် ဟောကြားတော်မူသော အစွမ်းနှင့်အစ တရားတော်ကို ဓမ္မမိတ်ဆွေများအတွက် တရားဗဟုသုတ တိုးပွားစေခြင်းအလို့ငှာ မှတ်မိသမျှ ရေးသားမျှဝေပါတယ်။ အမှားများရှိရင်လည်း ပြင်ဆင်ပေးနိုင်ပါတယ်။

ဆွမ်းကပ်လှူတဲ့အကျိုး နုတ်စ်ရဲ့ လင့်ခ်လေးပါ…
http://greenkstar.blogspot.com/2011/05/blog-post_3883.html

မေတ္တာဖြင့်
ခိုင်ခိုင်
(August 19, 2012)

No comments:

Post a Comment