"သကြားလုံးကို လက်တွင်း ဆေးလိပ်တိုလောက်မက်ရဲ့လား"
ဘုရားရှင် နှင့် အရိယာတို့သာ အဟုတ်ကောင်းအဖြစ် သိရှိပြီး ခံစားသုံးဆောင်တော်မူကြသည့် ဓမ္မရသ၊၀ိမုတ္တိရသ (တရား အရသာ၊ဖိုလ်ချမ်းသာ)နှစ်မျိုးတို့ကို...သင်သည်...
ထမင်းဆာသလောက် ဆာလောင်မှု ပြင်းရဲ့လား။
ကာမဘောဂီခေါ် ကာမဂုဏ်ခံစားမှုလောက် ဆန္ဒပြင်းထန်ရဲ့လား။
ဤစကားနှစ်ခွန်းဖြင့် ကိုယ့်ကိုကိုယ် မေးစမ်းကြည့်ပြီးမှသာ တရားစခမ်း ၀င်ပါလေ...။
"ရန်သူချင်း ချစ်တင်းမနှောနှင့်"
ပညတ်နယ်ပယ်အကြား သင့်စိတ်ကိုခေါ်ထား၍ ပျော်ပါးနေသော ကိလေသာကို နှိမ်နင်းရာ၌...
သင့်ဘက်က ညှာတာလျှင် သင်သာပင် နာရော့မည်။
သင့်ဘက်က လက်သပ်မွေး သင်သာလျှင် အကြွေးပေးရမည်။
သူ့ဘက်မှာကား သင်တစ်ချက်လစ် တစ်ချက်ညှစ်ဖို့ အဆင်သင့်ပင်...။
"မညှာနှင့်ညှာလျှင် နာတတ်သည်။အညှာမှာ အနာပါလာလျှင် ကြွေဖို့သာ ရှိချေသည်"
ကမ္မဌာန်းအလုပ် ဟုတ်ဟုတ်ငြားငြားလုပ်လိုလျှင်...
ကိုယ့်ကိုယ်ကိုလည်း မညှာလေနှင့်။
သူတစ်ပါးကိုလည်း မညှာလေနှင့်။
ထိုအညှာ သင့်မှာဝင်နေသော် ညှာသလောက် နစ်နာစေပြီး အရာမထင် ခရီးမတွင် ဖြစ်တတ်သည်။
"အကောင်းဆုံးရှာ၊အဖော်မပါစေနှင့်"
ဓါးပြတိုက်ခြင်း၊ခိုးခြင်းများ၌ အဖော်ပါလျှင် အဖော်ခံရတတ်သည်။
အဖော်ပါသဖြင့် ဝေစုခွဲပေးရ၍ အရလည်း နည်းတတ်သည်။
တရားရှုရာ၌လည်း အပြင်အဖော်ပါနေက အတွင်းဖော်မလာတော့ချေ။
အတွင်းအဖော်ရှိနေက အပြင်ဖော်လာလည်း ကိစ္စမရှိ။
အတွင်းအဖော်က ဖော်ပေးသွား၍ အမှုပေါ်နေပြီ ဖြစ်၍တည်း။
"ချိုသာတာ ညာတော့မလို့"
လောက၌ လူလူချင်းလှည့်ပတ်ချင်လျှင်
အချိုသာဆုံးစကားနှင့် အပျော့ပျောင်းဆုံး အသုံးကို ရွေးသုံးတတ်၏။
တရား၌လည်း သုခသည် အရှိတရားအမှန်
ဒုက္ခအခံကို ဖုံးကွယ်ရန်အတွက် ချမ်းသာမှုပြ လှည့်စားတတ်၏။
အကယ်တိ ယောဂီသည် ထိုချမ်းသာကို အကောင်းထင်ပြီး သာယာနေမိလျှင်
နိစ္စ-အတ္တတို့ ပူးတွဲ၍ ညာချေတော့မည် မုချတည်း။
"ချက်ဆားကို သကြားလိုချိုမှဝယ်"
အိပ်မှု၊ကာမမှု၊မစင်စွန့်မှု အညစ်သုံးမျိုးတို့ကား နေရာမရွေး ပြုကျင့်ရဲ၏။ကာမမှု-မစင်စွန့်မှုတို့ကား လူသာကွယ်စေ နေရာမရွေးပြီ။
သို့အတိုင်းသာ.....
ဖြူစင်စေမှု တရားမြတ်ကိုလည်း ပြုကျင့်နိုင်မည် ဆိုလျှင်ကား အကျိုးထူးလည်း အချိန်နေရာမရွေးပြီ။
"ချစ်သူမို့ညှာ မုန်းသူ့အစာဖြစ်သွားမည်"
သင်သည် သင့်ခန္ဓာအား သင့်ဥစ္စာအမှတ်ဖြင့် ညှာတာနေချေသော် ကိလေသာ၏လက် ၀ကွက်အပ်နေသည်နှင့် အတူတူပင်။
အဘယ်ကြောင့်ဆိုသော် အခြံအရံအား ပရိယာယ်အား များပြားလှသော ကိလေသာသည်
သင့်စိတ်အကြောင်းကောင်းကောင်းကြီး သိနေချေရာ
အငြိမ်မနေတတ်သော သင့်စိတ် ကိလေသာ၏ ချိတ်ဆွဲဆွဲခြင်းကို ခံရမည်ဖြစ်သောကြောင့်တည်း။
"ရှိတုန်းရှာထား၊ရှားတော့ မရှားပါးပြီ"
အကယ်၍ ရှိတုန်းပေါထားလျှင် ရှားတော့မရှိဖြစ်တတ်သည်။
ပစ္စည်းဥစ္စာတို့မည်သည် ပေါတုန်းသာများတတ်ပြီး ရှားလျှင် ပါးနေတတ်သည်။
ရှိတုန်းက ရှိတိုင်းမသုံးဘဲ ခြိုးခြံချွေတာမှု ပြုထားလျှင် စိတ်သည်ရမ္မက်ကို ထိန်းပြီး ဖြစ်နေတော့၍ ရှားသောအခါ မတုန်လှုပ်။
အကယ်၍ ရှိတုန်း ကြိုက်သလောက်သုံးမိလျှင် မရှိသောအခါ အိမ်မြှောင်အမြှီးပြတ် ဖြစ်တတ်၏။
အထည်ကြီးပျက်သည် ဆင်းရဲသူပျက်သည်ထက် နှာတဖျားသာ၏။
ပစ္စည်းဥစ္စာ ပေါများခြင်းသည် ကံအလှည့်ကြုံခိုက်၌သာ ဖြစ်ထွန်းလေ့ရှိ၏။
ထိုအခါ မလိုချင်ပါဟု ခေါင်းခါလေလေ တိုးပွားလေလေ။
အကယ်၍ ကံအလှည့်ပြတ်၍ စက်ရပ်သွားသောအခါတွင်ကား သွားတောင်းလျှင်တောင်မှ ကျောပေးနေတတ်၏။
"အကောင်းကြိုက်လျှင် အကောင်းကိုချည်း ရွေးလုပ်"
သင်သည် အကောင်းကြိုက်သမားဆိုတာ တကယ်မှန်သလား။
အကောင်းကြိုက်သမားတို့မည်သည် ကောင်းသော စကားတို့ကိုသာ ပြောဆိုတတ်ခြင်း။
ကောင်းသောမှန်သောအလုပ်ကိုသာ လုပ်ကိုင်တတ်ခြင်း။
ကောင်းသောမှန်သောအကြံကိုသာ ကြံစည်ခြင်း ပြုလုပ်တတ်ချေ၏။
အကယ်၍ ထိုမှ ပြောင်းပြန် မကောင်းကြံ၊မကောင်းပြော၊မကောင်းသော အလုပ်မျိုးလုပ်နေရင်းက ကောင်းစားချင်သည်ဆိုလေရာ
"ငါးပိပုပ်-တယ်ကောင်း"ဆိုသည့် စကားကဲ့သို့ ရှေ့နောက်နှစ်ပါး တစ်သားတည်း ကျမည်မဟုတ်။
"ကိုယ်ကြိုက်တာ ကိုယ်လုပ်"
သူတစ်ပါးစော်ကားသည်ကို သင်ကြိုက်သလား။သင်မှ မကြိုက်လျှင် ထိုသူကော ကြိုက်မတဲ့လား။
သူတစ်ပါးကူညီသည်ကို သင်မကြိုက်ဘူးလား။သင်တောင်ကြိုက်နေမှ သူကော မကြိုက်ဘူးလား။
ကိုယ်ကြိုက်တာကိုယ်လုပ်မှုသည် ကိုယ်ချင်းစာသမားများ၏ လုပ်ငန်းစဉ်များတည်း။
ကိုယ်ချင်းစာတရား ထွန်းကားသော် အချင်းချင်း မေတ္တာသက်ဝင် ချစ်ကြင်လျက်ရှိကြပြီး ကမ္ဘာလောကကြီးဖြစ်မှာ သေချာပြီ.....။
Shared from Ma Waing Chit
No comments:
Post a Comment