၁) ရန်သူလာရင် အသက်ပေးပြီး တိုက်ခိုက်ကာကွယ်ရတာနဲ့
၂) မိတ်ဆွေလာရင် အန္တရာယ်ကင်းစွာနဲ့ လိုရာရောက်အောင် ပို့ဆောင်ပေးရတာ။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အာရုံဝင်ရာ တံခါးပေါက်တွေကို အစိုးရတဲ့ က္ကုနြေ္ဒကို လွှတ်ထားမလား၊ ဒါမှမဟုတ် ထိန်းချုပ်ထားမလား၊ ဒါမှမဟုတ် သူတို့ကို စနစ်တကျအသုံးချမလား။ အာရုံတွေကို လွှတ်ထားပြီး ၀င်ချင်သလိုသာဝင်၊ အားလုံးကိုလက်ခံပြီး လိုက်ခံစားနေမယ်ဆိုရင် ကာမသုခလိကာနုယောဂေါ ဆိုတဲ့ ချောက်ကြီးထဲကို ကျမှာပါပဲ။ ဒီလိုမှမဟုတ်ပဲ အာရုံဝင်နိုင်တဲ့ ရှိသမျှ တံခါးပေါက်တွေကို လိုက်ပိတ်ပြီး ထိန်းချုပ်ထားလိုက်မယ်ဆိုရင်လည်း အတ္တကိလမထာနုယောဂေါ ဆိုတဲ့ အကျိုးမရှိဘဲ ဆင်းရဲခြင်းကို ခံစားရဦးမှာ။ နဂိုကတည်းက လူရယ်လို့ ပြောစရာဆိုလို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဒီဒွါရ ၆ မျိုးပဲရှိတာ။ အဲဒီ ၆ မျိုးလုံးကို လိုက်ပိတ်ပင်ထိန်းချုပ်လိုက်မယ်ဆိုရင် လူရယ်လို့တောင် ပြောစရာ၊ ပြစရာ ဘာမှ မရှိတော့ဘူးပေါ့။ အာရုံတွေကို လိုက်ခံစားခြင်းဖြင့်လည်း က္ကုနြေ္ဒတွေကို လွှတ်ထားလို့ မဖြစ်ဘူး။ လိုက်ထိန်းချုပ်ခြင်းအားဖြင့်လည်း အာရုံတွေမ၀င်အောင် ပိတ်ပင်တားဆီးနေစရာ မလိုဘူး။ ၀င်လာတဲ့အာရုံတွေကို စနစ်တကျအသုံးချပြီး ကိုယ်လိုရာကို သွားနိုင်ရမယ်။
အာရုံတွေကို လွှတ်ထားခြင်းက ဘာနဲ့ ဥပမာတူလဲဆိုရင် မြင်း ၆ ကောင်ကို သွားချင်ရာသွား လွှတ်ပေးထားတာနဲ့တူတယ်။ ရောက်တတ်ရာရာ သွားနေကြတော့ အန္တရာယ်များပါတယ်။ အာရုံတွေကို ပိတ်ပင်ထိန်းချုပ်ခြင်းကကျတော့ ဘာနဲ့ ဥပမာတူလဲဆိုရင် မြင်း ၆ ကောင်ကို မစီးဘဲ(အသုံးချစရာကို အသုံးမချဘဲ)နဲ့ ချည်နှောင်ထားတာနဲ့ တူပါတယ်။ ၀င်လာတဲ့အာရုံတွေကို စနစ်တကျအသုံးချနိုင်မှသာလျှင် ဒွါရနဲ့တူတဲ့ မြင်း ၆ ကောင်ကို စီးနင်းမောင်းနှင်ပြီး လိုရာခရီးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို အရောက်လှမ်းမျက်မှောက်ပြုနိုင်မှာပါ။
မျက်စိ ဆိုတဲ့ ရုပ် နဲ့ အဆင်း ဆိုတဲ့ ရုပ်တို့ တိုက်မိတဲ့အခါ မြင်သိစိတ်(နာမ်) ဆိုတာ ပေါ်လာပါတယ်။ မျက်စိနဲ့ ကြည့်လိုက်လို့ မြင်ရတဲ့အရာမှန်သမျှဟာ အဆင်းသက်သက်ပါပဲ။ ဒါပေမယ့်လည်း အဲဒီအဆင်းမှာ အရိပ်ကလေး ကပ်ပါလာတတ်ပါတယ်။ အဆင်းကို အဆင်းမျှသာလို့ မမြင်ဘဲ ယောကျာ်းရယ်၊ မိန်းမရယ်၊ သားရယ်၊ သမီးရယ်၊ ပန်းအိုးလေးရယ်၊ ကြောင်ကလေးရယ် စသဖြင့် အဆင်းကိုမှ အရိပ်တွေခွဲခြားပြီး လိုက်မြင်နေမိတတ်တယ်။ အဲဒီလို တကယ်မရှိတဲ့၊ တကယ်မဟုတ်တဲ့ အရိပ်တွေကို မြင်ပြီဆိုမှဖြင့် အထင်တွေလည်း ပါလာပြီပေါ့။ အဆင်းရုပ် သက်သက်မျှသာ မမြင်ဘဲ မိန်းမတစ်ယောက်ပဲလို့ဆိုပြီး အရိပ်သဏ္ဍာန် လိုက်ခွဲခြားလိုက်တော့ ချစ်စရာရယ်၊ မုန်းစရာရယ်လို့ ထင်ကုန်တာပေါ့။ ချစ်စရာလို့ ထင်လိုက်ပြီဆိုကတည်းက လောဘကိလေသာ ၀င်လာပါပြီ။ မုန်းစရာလို့ ထင်လိုက်ပြီဆိုရင်လည်း ဒေါသကိလေသာက ၀င်လာပါပြီ။ ကိလေသာတွေဆိုတာဟာ တကယ့်အရှိကို မူတည်ပြီး ဖြစ်နေတာ မဟုတ်ဘူး။ တကယ်မရှိတဲ့ အထင်တွေကမှတဆင့် ကိလေသာတွေ ဖြစ်ပေါ်လာနေတာပါ။ လူတွေကလည်း တကယ်ရှိနေတဲ့ အရာကိုတော့ မမြင်ဘူး။ သူတို့မြင်နေတဲ့ အရာတွေကျတော့လည်း တကယ်မရှိပြန်ဘူး။
အရှိ၊ အဖြစ်၊ အရိပ်၊ အထင်၊
အရှိတရား၊ ထင်ရှားသိမြင်။
အဖြစ်၊ အရိပ်၊ ခဲကျိတ်ပြုပြင်၊
အထင်ပစ်၊ အနှစ် နိဗ္ဗာန်ဝင်… တဲ့။
အဘိဓမ္မာသင်ဖူးတဲ့သူတွေဆို သိကြပါလိမ့်မယ်။ စိတ်ကလေးက ဒီအတိုင်းနေရင် အဖြူထည်လေးပါ။ အထင်တွေနဲ့ ပေါင်းလိုက်တော့မှ မသန့်ရှင်းတော့ဘူး ဖြစ်သွားတာ။ အဲဒီတော့ တကယ်မရှိတဲ့ အထင်ကလေးကို စွန့်လိုက်ရင် အားလုံးအေးငြိမ်းသွားတာပါပဲ။
ဓာတ်ပုံပြပွဲတစ်ခုမှာ အကောင်းဆုံးဓာတ်ပုံအနေနဲ့ ဆုရရှိသွားတဲ့ဓာတ်ပုံက ဘာပုံလဲဆိုတော့ ၀င်ခါနီးနေရောင်အောက်က တံတားအို ယိုင်နဲ့နဲ့ကြီးနားမှာ ခြောက်ကပ်နေတဲ့ သစ်ပင်အိုကြီးပုံပါ။ အဲဒီပုံထဲက ပါနေတဲ့အရာတစ်ခုချင်းစီကို လိုက်ကြည့်လိုက်ရင် ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အအိုအဟောင်းတွေချည်းပါပဲ။ ဒါပေမယ့်လည်း အဲဒီအဟောင်းအဆွေးတွေကို အားလုံးပေါင်းပြီး ကြည့်လိုက်တော့လည်း လှတယ်ဆိုပြီး ဖြစ်သွားတာပါပဲ။ အကယ်၍သာ… ကိုယ်သာ အဲဒီဓာတ်ပုံထဲက ၀င်ခါနီးနေလုံးကြီးသာ ဖြစ်ခဲ့ရင် သေခါနီးကြီးဖြစ်နေပြီမို့လို့ ဘယ်လိုမှ ပျော်နိုင်၊ လှနိုင်တော့မှာ မဟုတ်ပါဘူး။ ခြောက်ကပ်နေတဲ့ သစ်ပင်အိုကြီးက ကိုယ်သာဖြစ်ခဲ့မယ်ဆိုရင်လည်း ဒီလိုပါပဲ။ အိုမင်းမစွမ်းဖြစ်နေတဲ့၊ ဇရာထောင်းနေတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြီးဟာ ဘယ်လိုမှ ကြည့်ကောင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ကိုယ်သာ ယိုင်နဲ့နဲ့တံတားအိုကြီး ဖြစ်ခဲ့မယ်ဆိုရင် အိုမင်းရင့်ရော်ပြီး မသန်မစွမ်း ယိုင်နဲ့နဲ့ဖြစ်နေမှာပဲ။ အဲဒါဆိုရင်လည်း ဘယ်လိုမှ စိတ်ချမ်းသာနိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလို အမြင်မျိုးနဲ့ “ငါ” တပ်ပြီး ဓာတ်ပုံကို ကြည့်လိုက်ရင် အဲဒီဓာတ်ပုံထဲမှာ “ငါ” ဆိုတာကြီးကို လိုက်ထည့်ထည့်ပြီး စဉ်းစားမိနေတဲ့အတွက် အဲဒီပထမဆု ရရှိထားတဲ့ ဓာတ်ပုံဟာ ကိုယ့်အတွက်တော့ ဘယ်လိုမှ လှပနိုင်တော့မှာ မဟုတ်ပါဘူး။ သစ်ပင်အိုကြီးက ငါသာဆိုရင်၊ တံတားအိုကြီးက ငါသာဆိုရင် ဆိုပြီးတော့လေ။ ကိုယ်နဲ့လည်း မဆိုင်ဘဲနဲ့ “ငါ” ကြီး တပ်တပ်ပြီး လိုက်လိုက်စဉ်းစားနေမိတာ။ အကယ်၍ အဲဒီလို ဓာတ်ပုံထဲက အရာတစ်မျိုးချင်းစီထဲမှာ “ငါ” ကိုထည့်မစဉ်းစားဘဲ ငါမဟုတ်တဲ့၊ ငါမပါတဲ့ အမြင်မျိုးနဲ့သာ ကြည့်လိုက်မယ်ဆိုရင်တော့ အဲဒီဓာတ်ပုံလေးဟာ တကယ်ကို လှပတင့်တယ်စရာလေး ဖြစ်နေမှာ အသေအချာပါပဲ။ အဲဒါကြောင့်ပြောတာ… သူ့ဟာသူ ဖြစ်နေ၊ ပျက်နေတဲ့ ဒီခန္ဓာကြီးကလည်း သူ့ဟာသူ အိုမင်းရင့်ရော်လိုက်၊ ရောဂါထူပြောလိုက်၊ နာလိုက်၊ သေလိုက် သူ့ဟာသူ ဖြစ်နေတာကို “ငါ” သွားသွားတပ်ပြီး တကယ်မဟုတ်တဲ့ အထင်နဲ့ အာရုံအရိပ်တွေကို ခံစားမြင်ယောင်နေကြလို့သာ အကျည်းတန်ကုန်တာပါ။ ဓာတ်ပုံထဲက တံတားအိုကို ငါသာဆိုရင်လို့ တွေးသလိုပဲ… ခန္ဓာကိုယ်(ရုပ်)ကြီးထဲက မျက်လုံးလေးကို ငါ့မျက်လုံးလေးလို့၊ ပါးစပ်လေးကို ငါ့ပါးစပ်လေးလို့ လိုက်လိုက်တွေးနေတော့ အဲဒီမျက်လုံးတစ်ခုခုဖြစ်ရင် ငါ့မျက်လုံးလို့ စွဲယူထားတော့ ငါပါ မျက်လုံးနဲ့အတူ လိုက်လိုက်ပြီး ဒုက္ခတွေ ခံစားနေရတာ။ မျက်လုံးက အဆင်းနဲ့တိုက်ပြီး သိသွားတဲ့စိတ်ကလေးကိုလည်း ငါမြင်တယ်ဆိုပြီး ထင်လိုက်တော့ အဲဒီအထင်ကြေင့်ပဲ ကောင်းရင် သိမ်းပိုက်လိုစိတ်၊ မကောင်းရင် မကျေနပ်တဲ့စိတ်တွေပါ တပါတည်းလိုက်လာပြီး ဒုက္ခတွေများကုန်တာ။ တကယ်တမ်းသာ ဓာတ်ပုံထဲက ပါဝင်နေတဲ့ အရာတွေ(သစ်ပင်အို၊ တံတားအို၊ ၀င်ခါနီးနေလုံး)လိုမျိုးပုံစံတူတဲ့ အာရုံဒွါရ(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်)တွေထဲမှာ “ငါ” ဆိုတာကြီးကို ထည့်ထည့်ပြီး မတွေးရင်၊ မသတ်မှတ်ရင် ဓာတ်ပုံနဲ့တူတဲ့ ဒီခန္ဓာကိုယ်ကြီးကလည်း သူ့ဟာသူ ဖြစ်ပျက်နေတဲ့ ဓာတ်ပုံလေးတစ်ပုံလို လှပမြဲလှပနေမှာပါ။
---------- * ---------- * ---------- * ----------
ကံလမ်း နဲ့ ပါရမီလမ်း တို့ရဲ့ သဘောသဘာဝတွေအကြောင်း ပြောကြရအောင်…….
ဇင်ပုံပြင်တစ်ခုက ဒီလို…
ရဟန်းနှစ်ပါး ခရီးအတူတူထွက်လာကြရင်းနဲ့ ချောင်းတစ်ခုနား ရောက်လာကြတယ်။ အဲဒီမှာ ချောင်းကိုကူးဖို့ ကြံရာမရဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ကြတယ်။ ရဟန်းတစ်ပါးက သူတစ်ပါးတည်းပဲ ချောင်းကို ဖြတ်ကူးသွားတယ်။ နောက်ရဟန်းတစ်ပါးကတော့ ဒုက္ခရောက်နေတဲ့ မိန်းကလေးကို သူ့ကျောပေါ်ခေါ်တင်ပြီး ချောင်းကို ဖြတ်ကူးပေးလိုက်တယ်။ နောက်တော့ ရဟန်းနှစ်ပါး အတူတူ ကျောင်းကို ပြန်ကြတာပေါ့။ ကျောင်းဂိတ်ရောက်လို့ ၀င်ကြတော့မယ်ဆိုတော့ ပထမဆုံး တစ်ပါးတည်း ကူးဖြတ်သွားတဲ့ ရဟန်းက နောက်တစ်ပါးကို အရှင်ဘုရားက မိန်းကလေးကို ကျောပေါ်တင်ပြီး ချောင်းကိုဖြတ်လာတဲ့အတွက် မသန့်ရှင်းတော့ဘူး။ ဒီတော့ ကျောင်းထဲကို ၀င်လို့မရတော့ပါဘူး။ အတူတူယှဉ်တွဲပြီးလည်း မ၀င်ချင်ပါဘူး ဆိုပြီးတော့ ပြောတယ်တဲ့။ အဲဒါနဲ့ မိန်းကလေးကို စေတနာရင်းနဲ့ ကူညီပေးခဲ့တဲ့ ရဟန်းက ပြောတယ်… တပည့်တော်က မိန်းကလေးကို ဟိုဘက်ကမ်းကနေ ကူညီထမ်းပိုးပြီး ဒီဘက်ကမ်းကိုပဲ သယ်ဆောင်ပေးခဲ့တာပါ။ အရှင်ဘုရားကတော့ ဒီဘက်ကမ်းကနေစပြီး အခုကျောင်းရောက်တဲ့အထိ ဒီမိန်းကလေးကို ဆက်သယ်လာတာပါ လို့ ပြောလိုက်တယ်… တဲ့။ မိန်းကလေးလို့ အရိပ်သဏ္ဍာန်ကိုလိုက်ပြီး မြင်မိတဲ့အတွက် အထင်တွေပါ ပါလာရတာပါ။ အဲဒီအထင်တွေကပဲ ကိလေသာတို့ရဲ့ မြစ်ဖျားခံရာ ဖြစ်နေတာ။ အထင်တွေကို စွန့်လိုက်တော့မှပဲ အေးငြိမ်းချမ်းသာခွင့်ရကြမှာပါ။ ဒုက္ခရောက်နေသူကို တွေ့ရင် ကူညီရမှာပါ။ အဲဒီလိုကူညီတဲ့အခါ အထင်တွေကိုတော့ စွန့်ပစ်ထားရမှာပေါ့။ အရေးကြီးတာက အပြစ်ကို အပြစ်မှန်းသိဖို့ လိုပါတယ်။ အဲဒါမှ အပြစ်ကို ကုစားနိုင်မှာပါ။ သဘောပေါက်အောင် ထပ်ရှင်းပါမယ်…
လူ့လောကထဲမှာ နေနေရတဲ့အခါ တခါတရံ မလွှဲသာမရှောင်သာ အပြစ်လုပ်ရတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံဆုံရတတ်ပါတယ်။ ကိုယ်ကျိုးအတွက် အပြစ်လုပ်တာမဟုတ်ဘဲ အများအကျိုးအတွက် အပြစ်လုပ်ရတာတွေလည်း ရှိတတ်တယ်။ ဥပမာ… ကလေးလေးတွေ လမ်းပေါ်မှာ ဆော့ကစားနေကြတုန်း ခွေးရူးတစ်ကောင်က ကိုက်မလို့ ကလေးတွေဆီ ပြေးဝင်လာနေတာ တွေ့လိုက်ပြီဆိုရင် ဒီအတိုင်းကြည့်မနေသင့်တော့ပါဘူး။ ကလေးတွေဆီ ခွေးရူးပြေးမကိုက်ခင် တစ်နည်းနည်းနဲ့ မရရအောင်တော့ တားဆီးရပါလိမ့်မယ်။ အဲဒီလိုတားဆီးတဲ့အခါ ခွေးကို ဆက်မသွားအောင် ရိုက်တာ၊ နာကျင်ပြီး ပြန်လှည့်သွားအောင် လုပ်လိုက်ပြီဆိုရင်… ဒါမှမကဘဲ သတ်တောင် သတ်မိလိုက်ပြီဆိုရင်… အပြစ်ကတော့ ဖြစ်ကိုဖြစ်ပြီး အကုသိုလ်ကံတွေ မြောက်သွားပါပြီ။ ဒါပေမယ့်လည်း လူ့စည်းကမ်း၊ လူ့တာဝန်အရ ကလေးတွေကို ကာကွယ်ရမှာကလည်း ရှိနေပြန်တယ်။ အဲဒီလို အခြေအနေမျိုးမှာဆိုရင်… ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အများအကျိုးအတွက် အပြစ်အဖြစ်ခံ၊ အကုသိုလ်အဖြစ်ခံပြီး ကူညီသင့်ရင် ကူညီရပါမယ်။ အပေါ်က ရဟန်းနှစ်ပါး ဖြစ်ရပ်ကိုကြည့်မယ်ဆိုရင် မိန်းကလေးကို ကူညီပြီး ချောင်းကိုဖြတ်ကူးပေးရင် ရဟန်းအတွက် အပြစ်ဖြစ်ပါမယ်။ ဒါပေမယ့် ဒုက္ခရောက်နေတဲ့ လူသားတစ်ယောက်ကို ကူညီပေးနိုင်တဲ့ အခြေအနေရှိပါလျက်နဲ့ ဒီအတိုင်း မကူညီဘဲ ပစ်ထားခဲ့မယ်ဆိုရင် လူ့တာဝန်၊ လူ့ယဉ်ကျေးမှုကို ဖောက်ဖျက်ရာရောက်သလို အကြင်နာ၊ မေတ္တာမဲ့ရာလည်း ရောက်ပါလိမ့်မယ်။ ရဟန်းအနေနဲ့ မိန်းကလေးကို ကိုယ့်အမ၊ ညီမ၊ ဆွေမျိုးသားချင်းလို သဘောထားပြီး ကူညီပေးချင်တဲ့ စေတနာသက်သက်နဲ့ ဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။ ပိုသေချာသွားအောင် ထပ်ရှင်းပါမယ်…….
နောက်ထပ်ဥပမာတစ်ခုက… ရဟန်းတွေက သူတို့သီတင်းသုံးတဲ့ ကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ပင့်ကူတွေ၊ ချတွေကိုပါ လှည်းထုတ်ပစ်ရပါတယ်။ အဲဒီလို လှည်းလိုက်ရင် မသေတဲ့ ပင့်ကူ၊ မသေတဲ့ ချ ဆိုတာ ရှားပါလိမ့်မယ်။ တံမြက်စည်းနဲ့ လှည်းချလိုက်လို့ ပင့်ကူတွေ၊ ချတွေ သေကုန်ကြရင် အကုသိုလ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းကို သန့်ရှင်းရေးလုပ်ရမှာကလည်း ၀ိနည်းအရ လုပ်ဆောင်ရမယ့် အလုပ်တစ်ခုအနေနဲ့ မှန်ကန်နေပါတယ်။ ဒီတော့ လုပ်သင့်တာကို အထင်မစွဲတော့ဘဲ… ဆက်လုပ်သင့်ပါတယ်။ ဒီမှာ ရဟန်းတွေက ပင့်ကူတွေကို သတ်ဖြတ်လိုစိတ်နဲ့ သတ်ဖြတ်နေတာ မဟုတ်ပါဘူး။ ၀ိနည်းအရ အများအကျိုးအတွက် သန့်ရှင်းရေး လုပ်နေတာပါ။ ဇဝေဇ၀ါဖြစ်ကုန်ကြမယ်ဆိုရင် ထပ်ရှင်းပါမယ်……. ဥပမာတွေ အမျိုးမျိုးပေးပြီးပြီဆိုတော့ ကံလမ်း နဲ့ ပါရမီလမ်းတို့ရဲ့ သဘောသဘာဝကို စရှင်းပါတော့မယ်။
ဒီနေရာမှာ ပါရမီလမ်း နဲ့ ကံလမ်း အကြောင်း ပြောချင်ပါတယ်။ ကံလမ်းမှာတော့ လူ့ယဉ်ကျေးမှုရယ်၊ လူ့တာဝန်ဝတ္တရားရယ်၊ ကိုယ်ကျိုးအတွက်ရယ်၊ အများအကျိုးအတွက်ရယ်တွေဆိုပြီး ခွဲခြားပြီး ဖြစ်မနေပါဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းတဲ့ကံရမယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့ကံရမယ်။ ဒါကြောင့်လည်း မြတ်စွာဘုရား ပါရမီဖြည့်စဉ်ကာလတွေတုန်းက အများအကျိုးအတွက် အကုသိုလ်တွေ မဖြစ်မနေလုပ်ခဲ့ရတာတွေလည်း များစွာရှိပါတယ်နော်။ ဒါကြောင့်လည်း ကံလမ်းမှာဆိုရင်တော့ ကိုယ်ကျိုးတွေ၊ အများအကျိုးတွေ ခွဲမနေဘဲ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးအနေနဲ့ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀တွေကိုပဲ အကျိုးပေးပါတယ်။ ဒါကြောင့်လည်း ဘုရားဆုပန် ဘုရားလောင်းပင် ဖြစ်သော်လည်း ငရဲကျခဲ့ရတာတွေ၊ တိရစ္ဆာန်ဘ၀ ရောက်ခဲ့ရတာတွေလည်း မနည်းလှပါဘူး။ ကံလမ်းက သံသရာကျင်လည်စဉ်မှာ ဘယ်လိုဘ၀မျိုးတွေ ရမလဲဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ ပါရမီလမ်းကတော့ အဆင့်အတန်း အနိမ့်အမြင့်ကို အဆုံးအဖြတ်ပေးပြီး နိဗ္ဗာန်အထိ တက်ရောက်စေနိုင်ပါတယ်။ ဥပမာပြောရရင်… အရှင်ဒေ၀ဒတ်ဟာ ကောင်းတဲ့ကံက တွန်းအားပေးတော့ အမျိုးမြတ်တဲ့ဇာတ်မှာ လူလာဖြစ်ရပါတယ်။ ဒါပေမယ့် ပါရမီက မလုံလောက်တော့ သောတာပန်အဆင့် မြင့်တက်ခွင့်ရတဲ့ ကျွန်တွေလောက်တောင် အဆင့်အတန်းက မမြင့်နိုင်ရှာပါဘူး။ သောတာပန်ဆိုတာ ပုထုဇဉ်နဲ့ မယှဉ်သာအောင် အဆင့်အတန်း မြင့်မားပါတယ်။ ကံမကောင်းလို့ ကျွန်ဘ၀ရောက်ကြရပေမယ့် ပါရမီက ပြည့်နေတော့ သောတာပန်ဆိုတဲ့ အရိယာဖြစ်သည်အထိရောက်အောင် အဆင့်အတန်းမြင့်မားသွားရတာပါ။ ဒေ၀ဒတ်ကတော့ ကံကောင်းလို့ သခင်ဘ၀၊ အမျိုးမြတ်ဘ၀ ရောက်ရပေမယ့်လို့ ပါရမီမလုံလောက်တဲ့အတွက် အဆင့်အတန်းမြင့်တဲ့ အရိယာမဖြစ်နိုင်တာပါ။ ဒါဟာ ကံလမ်း နဲ့ ပါရမီလမ်းတို့ရဲ့ ကွာခြားချက်ပါပဲ။
မကောင်းမှု အကုသိုလ်အပြစ်ဖြစ်ပေမယ့်လည်း အများအကျိုးအတွက် လုပ်ဆောင်ပေးတာဆိုရင် အဲဒါဟာ ပါရမီကိုဖြစ်စေပါတယ်။ ဒါပေမယ့် ကံလမ်းအရ ကြည့်ရင်တော့ အကုသိုလ်တစ်ခုကို ဘာအကြောင်းကြောင့်ပဲလုပ်လုပ် အကုသိုလ်က အကုသိုလ်မို့လို့ ဆိုးကျိုးကိုပဲ ပေးမှာပါ။ ကိုယ်ကျိုးကြောင့် အပြစ်လုပ်တာမို့လို့ ဆိုးကျိုးပေးမယ်။ အများအကျိုးအတွက် မဖြစ်မနေ လုပ်လိုက်ရတဲ့အပြစ်မျိုးမို့လို့ ကောင်းကျိုးပေးမယ်ရယ်လို့ လုံးဝမရှိပါဘူး။ အပြစ်လုပ်ရင် ဘာကြောင့်ပဲလုပ်လုပ် ဆိုးကျိုးပေးပါတယ်။ ဒါပေမယ့် ပါရမီလမ်းအရ ကြည့်မယ်ဆိုရင်တော့ ကိုယ်ကျိုးအတွက်လုပ်တဲ့ ကောင်းမှုပဲဖြစ်ဖြစ်၊ ဆိုးမှုပဲဖြစ်ဖြစ် ပါရမီမမြောက်ပါဘူး။ အများအကျိုးအတွက်လုပ်တဲ့ ကိစ္စမှန်သမျှကတော့ အပြစ်ပင် ဖြစ်သွားလင့်ကစား ပါရမီကိုဖြစ်စေနိုင်ပါတယ်။ ပါရမီဆိုတာကတော့ ကံလမ်းကို ကျော်လွန်ပြီး အဆုံးစွန်သောရလာဒ်အဖြစ် နိဗ္ဗာန်ကိုတောင် မျက်မှောက်ပြုစေနိုင်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြထားခဲ့တဲ့ ဥပမာတွေကို ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်…
မိန်းကလေးကို ကျောမှာချီပိုးပြီး ချောင်းတစ်ဖက်ကမ်းကိုရောက်အောင် ကူညီပေးခဲ့တဲ့ ရဟန်းအနေနဲ့ ၀ိနည်းအရ အပြစ်ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး အပြစ်အဖြစ်ခံပြီး ကူညီကယ်တင်ပေးခဲ့တဲ့အတွက် ဒါဟာ ပါရမီလမ်းအတွက်တော့ အထောက်အကူရစေပါလိမ့်မယ်။ လောကထဲမှာနေရင် လူ့တာဝန်၊ လူ့ယဉ်ကျေးမှုတွေအရ အများအတွက် တခါတရံမှာ မဖြစ်မနေ အပြစ်လုပ်ရတတ်တာတွေ ရှိပါတယ်။ ဂိုဏ်းသင့်စေတဲ့ ပဉ္စာနံန္ဒြိယကံကြီးတွေမှလွဲ၍ တခြားအကုသိုလ်ကံတွေကိုတော့ အနည်းအများအပေါ် မူတည်ပြီး……. အကုသိုလ် ဂျီးများ၊ ဂျီးတက်နေတာလောက်တော့ နေ့စဉ်ဘုရားဝတ်ပြုရှိခိုးခြင်းဆိုတဲ့ ရေချိုးပေးတာလောက် လုပ်နိုင်ရင်ကို ပြေပျောက်စေနိုင်ပါတယ်။ အကယ်၍ အကုသိုလ်က အကြီးကြီးလုပ်မိလိုက်လို့ ဥပမာ..အနာတွေဖြစ်တဲ့အဆင့်မျိုးလောက်အထိ ရောက်ပြီဆိုရင်တော့ ၀ိပဿနာတရားတွေ အားထုတ်သင့်ရင် အားထုတ်ပြီးတော့ အပြစ်ကို ကုစားကြရပါလိမ့်မယ်။ အကျဉ်းချုပ်ဆိုလိုချင်တာကတော့ အပြစ်တွေကို (သို့) အကုသိုလ်ဆိုးကျိုးတွေကို လိုက်လျောညီထွေဖြစ်တဲ့ ထိုက်တန်တဲ့ ကောင်းမှု..ကုသိုလ်အားတွေနဲ့ ကုစားလိုက်မယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။ မီးများမီးနိုင်၊ ရေများရေနိုင် ဆိုသလိုပေါ့။ ပါရမီဖြစ်ဖို့အတွက်ဆိုရင်တော့ ကုသိုလ်၊ အကုသိုလ်တွေဖြစ်တဲ့ ကံလမ်းအဆင့်ကို ဖြတ်သန်းကျော်လွန်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး ကူညီလုပ်ဆောင်ပေးလိုက်ပါတဲ့။ အများအကျိုးထမ်းဆောင်တဲ့ လုပ်ရပ်မှန်သမျှဟာ အများအကျိုးအတွက်သာ မှန်ပါစေ… အဲဒါဟာ ပါရမီပါပဲ… တဲ့။
သံသရာဆိုတာ ထောက်တည်ရာ၊ ဆွဲကိုင်မှီခိုရာ မရှိတဲ့အတွက် ရေပြင်ကျယ်နဲ့လည်း ခိုင်းနှိုင်းကြပါတယ်။ အဲဒီလို သံသရာရေပြင်ကျယ်ကြီးထဲကို ရောက်နေတဲ့အခါ ကောင်းတဲ့ကံတွေ အများကြီးပြုထားခဲ့မယ်ဆိုရင် သစ်တုံးလေးတစ်တုံး ရထားတာနဲ့တူပါတယ်။ ဒီထက်ပိုကောင်းတဲ့ကံတွေ ပြုထားခဲ့မယ်ဆိုရင်တော့ ရေပြင်ကျယ်ကြီးထဲမှာ ဖောင်ကလေးတစ်စင်းနဲ့ ရှိနေသလိုပါပဲ။ ဒီထက်ပိုပြီး ကောင်းကံတွေ အများကြီး ရှိရင်တော့ သဘောင်္ကြီးနဲ့ ရေထဲရောက်နေရသလိုပဲပေါ့။ ကောင်းကံတွေပြုထားလို့ ကုသိုလ်ကောင်းရင် ကောင်းသလို သံသရာရေပြင်ကျယ်ကြီးမှာ ကူးခတ်မျောနေရတာ သက်တောင့်သက်သာ ရှိလေပါပဲ။ ဒါပေမယ့်လည်း ဒီလောက်ကျယ်တဲ့ ရေပြင်ကြီးမှာ သစ်တုံးလေးတစ်တုံး ရထားရုံနဲ့ ကျေနပ်နေပြီးတော့ မျောနေမယ်ဆိုရင် စိတ်မချရသေးပါဘူး။ သစ်တုံးက ရေထဲမှာ ဆွေးသွားနိုင်မှုကြောင့်တစ်ကြောင်း၊ ကိုယ်ကိုတိုင်က ထောက်တည်မှီခိုရာ အစစ်အမှန် မရရှိသေးတာကတစ်ကြောင်း မကြာခင်မြုပ်ရတော့မှာပါ။ သံသရာဆိုတဲ့ သမုဒ္ဒရာ ရေပြင်ကျယ်ကြီးမှာ ဘာယာဉ်၊ ဘာသဘောင်္၊ အထောက်အပံ့မျိုးပဲရနေပါစေ… ကြာရှည်နေလို့မှမရတာ။ လိုရာခရီးကိုရောက်အောင် ကိုယ်ရထားတဲ့ ရေပေါ်မှာပေါ်နေတဲ့ အရာလေးကိုအသုံးပြုပြီး တစ်ဖက်ကမ်းကို အမြန်ဆုံး ရောက်အောင်ကူးခတ်သွားရမှာပါပဲ။ နောက်မို့ဆိုရင် သမုဒ္ဒရာထဲက အန္တရယ်မျိုးစုံတို့ကြောင့် အချိန်မရွေး ရေအောက်အနက်ကြီးထဲကို နစ်မြုပ်သွားနိုင်ပါတယ်။ အမြန်ဆုံးရောက်အောင် ရထားတဲ့ပစ္စည်းလေးတွေကို အသုံးချပြီး ကူးခတ်သွားရမှာပါ။
အကုသိုလ်ကံတွေများလို့ မကောင်းကံတွေ အကျိုးပေးရင်တော့ ခွေးသေကောင်ပုပ်နဲ့ ရေပြင်ကျယ်မှာ မျောနေရတာနဲ့ တူပါလိမ့်မယ်။ ကံဆိုးရင်ဆိုးသလို မသက်မသာနဲ့ ရေပြင်ထဲမှာ မျောကြရမှာပါ။ ကံဆိုးလို့ ခွေးသေကောင်ပုပ်ကြီးနဲ့ သမုဒ္ဒရာထဲရောက်နေလို့ မကူးခတ်နိုင်ဘူးရယ်တော့ မရှိပါဘူး။ ပဋ္ဌာန်းအရပြောရရင် ဥပနိဿရပစ္စည်းနဲ့ အကျိုးပြုပြီး ကံဆိုးပေမယ့် ပါရမီဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဆိုလိုချင်တာက ခွေးသေကောင်ပုပ်ပင် ဖြစ်သော်လည်း ရေပေါ်မှာ ပေါ်နေသေးတာဆိုတော့ သူ့ကိုအသုံးချပြီး ကူးခတ်လို့တော့ ရပါသေးတယ်။ အကျဉ်းချုပ်ပြောရရင် ကံလမ်းဆိုတာက သံသရာရေပြင်ကျယ်ကြီးမှာ မျောနေ၊ ကူးခတ်နေဖို့အတွက် ပစ္စည်းတစ်ခုခုပေးထားရုံပါပဲ။ ကံကောင်းရင် သက်တောင့်သက်သာဖြစ်မယ့် လှေတို့၊ ဖောင်တို့၊ သစ်တုံးတို့လို ပစ္စည်းတွေနဲ့ ရေပြင်မှာ ကူးခတ်နိုင်ပြီး ကံဆိုးရင်တော့ ခွေးသေကောင်ပုပ်လို မကောင်းတဲ့ပစ္စည်းတွေနဲ့ ရေပြင်မှာ မသက်မသာ ကူးခတ်ရမှာပါ။ ပါရမီလမ်းဆိုတာကတော့ ဘာပစ္စည်းတွေနဲ့ပဲ ရေထဲမှာ ကူးခတ်နေ၊ ကူးခတ်နေ… အဓိက က ဟိုတစ်ဖက်ကမ်းကို အရောက်သွားနိုင်ဖို့ပါပဲ။
ပါရမီဖြစ်အောင် အားထုတ်တာက နှစ်မျိုးရှိပါတယ်။
၁) ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံပြီး ပါရမီဖြည့်ခြင်း
၂) လောကထဲမှာ တွယ်တာစရာအာရုံတွေကို စွန့်လွှတ်နိုင်အောင် လေ့ကျင့်ပြီး ပါရမီဖြည့်ခြင်း တို့ပါပဲ။
ကံဖြစ်၊ မဖြစ်ဆိုတာ သူများထိခိုက်နစ်နာမှု ရှိ၊ မရှိနဲ့ တိုင်းရတယ်။ ပါရမီ ဖြစ်၊ မဖြစ်ဆိုတာကတော့ အများအကျိုးအတွက် ကိုယ်ကျိုး စွန့်၊ မစွန့်ပေါ် မူတည်ပါတယ်။ မကောင်းတာပင် ဖြစ်သော်လည်းပဲ အများအကျိုးအတွက် လုပ်တာဆိုရင် ပါရမီဖြစ်တာပါပဲ။ ကောင်းတာလုပ်လို့ ကောင်းကံတွေ ရစေပေမယ့် အများအကျိုးအတွက် လုပ်တာမဟုတ်ရင် ပါရမီမမြောက်ပါဘူး။ အထက်မှာ ပြောခဲ့ပြီးသလိုပဲ… ကံက ဘုံဘ၀ကို အဆုံးအဖြတ်ပေးပြီး ပါရမီက အဆင့်အတန်းကို အဆုံးအဖြတ်ပေးပါတယ်။ မြတ်စွာဘုရား အလောင်းအလျာတုန်းက အများအကျိုးအတွက် မကောင်းမှုတွေ လုပ်ခဲ့ဖူးလို့ တိရစ္ဆာန်ဘ၀တွေ ရရတာပါ။ ဒါပေမယ့် အနိမ့်ဆုံး ငုံးထက်ငယ်တဲ့ သတ္တ၀ါတော့ မဖြစ်ပါဘူး..တဲ့။ အများအကျိုးအတွက် ရည်စူးပြီး ပါရမီတွေ ဖြည့်ထားတဲ့အတွက် အများနဲ့ယှဉ်လိုက်ရင် ဘယ်ဘ၀ရောက်ရောက် အဆင့်အတန်းပိုမြင့်ပါတယ်။ ဒါကြောင့်မို့လို့ ငုံးဖြစ်ရင်လည်း ငုံးမင်း၊ မျောက်ဖြစ်ရင်လည်း မျောက်မင်း… ဖြစ်ရပါတယ်။
ကံလမ်း နဲ့ ပါရမီလမ်းတို့ရဲ့ ကွာခြားချက်ကို သဘောပေါက်လောက်ပါပြီ။ ကံလမ်းအတွက်က အကြီးလေးဆုံးဖြစ်တဲ့ ပဉ္စာနံန္ဒြိယကံကိုတော့ မကျူးလွန်မိအောင် သတိထားရပါမယ်။ အဲဒီကံကြီး ထိုက်ရင်တော့ ကုစားနိုင်စရာက မရှိတော့ပါဘူး။ မနေ့ကပြောခဲ့တဲ့ အပြစ်ဖြေဖျောက်နည်းနဲ့တော့ သက်သာအောင်ပဲ လုပ်နိုင်ပါတော့မယ်။ ကုစားလို့မရတဲ့ ကင်ဆာရောဂါကြီး၊ အေအိုင်ဒီအက်စ်ရောဂါကြီးတွေ ရသွားသလိုပါပဲ။ ဒါကြောင့် အဲဒီဂိုဏ်းသင့်တဲ့ ကံမျိုးကိုတော့ မကျူးလွန်မိအောင် သတိထားဖို့ အလွန်အရေးကြီးတယ်။ ကျန်တဲ့မကောင်းကံတွေ အတွက်ကတော့ အပြစ်လုပ်ထားမိတယ်ဆိုရင် အပြစ်မှန်းသိဖို့က အရေးအကြီးဆုံးပဲ။ ဒါပေမယ့် လုပ်စရာရှိတာ၊ လုပ်သင့်တာကိုတော့ ဆက်လုပ်ရမှာပဲ။ ဂျီးလောက်ရှိတဲ့ အကုသိုလ်လောက်ကတော့ ဘုရားနေ့စဉ်ရှိခိုးမှုဆိုတဲ့ ရေချိုးရုံလောက်နဲ့ ပျောက်ပါတယ်။ အနာလောက်ရှိတဲ့ အကုသိုလ်ဆိုရင်တော့ ၀ိပဿနာဆေး စားသုံးလိုက်ရင် ပျောက်ကင်းနိုင်ပါတယ်။
ကျန်တဲ့အပိုင်းတွေကိုတော့ ဖြည်းဖြည်းချင်း ရေးသားပူဇော်ပါ့မယ်။ မှားတာရှိရင်လည်း ပြင်ပေးနိုင်ပါတယ်။
ဓမ္မဘေရီဆရာတော် သာမညဖလသုတ်သင်တန်း တတိယနေ့ နဲ့ စတုတ္ထနေ့မှာ ဟောသွားခဲ့တဲ့ တရားတော်ထဲမှာမှ မှတ်မိသလောက် ပြန်လည်စဉ်းစားရေးသားပြီး တရားဗဟုသုတ တိုးပွားစေခြင်းအလို့ငှာ ဓမ္မဒါန မျှဝေပါတယ်။
ခိုင်ခိုင်
(August 11, 2012)
No comments:
Post a Comment