Monday, August 13, 2012

*** သာမညဖလသုတ် *** မိခင်အတု၏ရင်ခွင်မှ မိခင်အရင်း၏ရင်ခွင်သို့ ကူးသွားခြင်း... *ကံလမ်းအလွန်* (၃)

သီလပိုင်းမှာတုန်းက မကောင်းမှုရှောင်၊ ကောင်းမှုဆောင် နိုင်ရင် သီလမဂ္ဂင်တွေအတွက် ပြည့်စုံသွားပြီ။ ပညာပိုင်းရောက်လာရင်တော့ မကောင်းတာရော၊ ကောင်းတာရောကို ကျော်လွန်ပြီးသွားရမှာ။ မကောင်းတာရော၊ ကောင်းတာရောကို ပယ်ရမှာတော့မဟုတ်၊ ကျော်လွန်အောင်သာ လုပ်ရမှာ။ ကုသိုလ်ကံတွေ ကောင်းနေရင်တောင် ကျေနပ်နေလို့မရဘူး။ ကုသိုလ်တွေကို ဖောင်လိုသဘောထားရမယ်။ ဖောင်ဆိုတာ ကူးဖို့ပဲ။ ဖက်တွယ်ထားဖို့ မဟုတ်ဘူး။ ရေထဲမှာ ရှိနေတဲ့အတွက် ဖောင်ဆိုတာကလည်း ကြာလာရင် တစ်နေ့နေ့မှာ ဆွေးမြေ့သွားမှာပဲ။ အဲဒီလို ဖောင် ဆွေးမြေ့ပျက်စီးသွားတဲ့အခါ ရေပြင်ကျယ်မှာ မျောနေရတဲ့သူအဖို့ ရေနစ်မှာ အသေအချာပဲ။ ဒါကြောင့် ဖောင်နဲ့တူတဲ့ ကုသိုလ်တွေကိုလည်း ဘေးကင်းပြီဆိုပြီး… ဖက်တွယ်ထားပြီး ကျေနပ်အားရနေလို့ မရသေးဘူး။ အသုံးချပြီး ဟိုဖက်ကမ်းရောက်အောင် ကူးသွားရမယ်။

လောကဥပမာထဲကိုပဲ အရင်စဉ်းစားကြည့်ပါ။ ကိုယ်သွားလိုတဲ့ မြစ်တစ်ဖက်ကမ်း ရောက်ပြီဆိုရင် ကိုယ်ကူးခတ်ဖို့ အသုံးချလာတဲ့ ခွေးသေကောင်ပုပ်တင်မကဘူး၊ ဖောင်ကိုပါ စွန့်သွားရမှာ။ ငါက မြစ်ကူးလာတာ ဖောင်အကောင်းစားလေးနဲ့မို့လို့ ကမ်းပေါ်ရောက်သွားပေမယ့်လို့ ဖောင်လေးကို နှမြောပါတယ်။ ကုန်းပေါ်ရောက်လည်းပဲ ဖောင်လေးကို ငါ ထမ်းသယ်သွားဦးမယ်ဆိုပြီးတော့ ဘယ်သူမှ အရူးထပြီး ရေထဲကဖောင်ကြီးကို ကုန်းပေါ်အထိ ထမ်းမသယ်သွားပါဘူး။ ကုန်းပေါ်ရောက်တာနဲ့ တပြိုင်နက် ရေထဲက တစ်ဖက်ကမ်းရောက်အောင် အသုံးချခဲ့တဲ့ ဖောင်တွေ၊ လှေတွေကို ရေထဲမှာပဲ ချန်ထားခဲ့ရတာပါပဲ။ ထိုနည်းလည်းကောင်းပဲ ကောင်းလှပါတယ်လို့ပြောတဲ့ အရာတွေကိုတောင်၊ ကုသိုလ်ကံအကောင်းစားတွေကိုတောင် ဟိုတစ်ဖက်ကမ်းရောက်ဖို့အတွက်ဆိုရင် တပ်မက်တွယ်တာမနေတော့ဘဲ စွန့်ခွာသွားနိုင်ရပါမယ်။ လောလောလတ်လတ်ကလေး ဘ၀မှာ ကံတွေကောင်းလွန်းနေတာကို ကျေနပ်ကြည်နူးနေလို့ မဖြစ်သေးဘူး။ ကောင်းတဲ့ကံတွေ ရထားတာကို အသုံးချပြီး နိဗ္ဗာန်အထိရောက်အောင် ဆက်သွားနိုင်ရမယ်။

နိဗ္ဗာန်ဆိုတာ ကောင်းကျိုး၊ ဆိုးကျိုး မဟုတ်ဘူး။ အဲဒါတွေကို ကျော်လွန်လာတာ။ အသေရပ်ချင်ရင် ကံရဲ့နယ်ပယ်ကို ကျော်သွားရမယ်။ ကံသာအမိ၊ ကံသာအဖ လုပ်နေလို့ မရဘူး။ ဥာဏ်မိခင်ရဲ့ရင်ခွင်ကို ကူးသွားကြရမယ်။ စဉ်းစားကြည့်လေ….. မိခင်၊ ဖခင်တွေဆိုတာ ကိုယ့်သားသမီး ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ဘူး။ အမြဲတမ်း ကိုယ့်သားသမီးလေးတွေ ကောင်းစားရေးကိုပဲ အစွမ်းကုန် လုပ်ဆောင်ပေးနေကြတာ။ ကံကသာ မိဘအရင်းတွေ ဖြစ်ကြမယ်ဆိုရင် ကိုယ့်ဘ၀မှာ ကံဆိုးမိုးမှောင်ကျတယ်ဆိုတာတွေ၊ ဒုက္ခရောက်တယ်ဆိုတာတွေ၊ ပြဿနာတွေမျိုးစုံကြုံကြရတယ် ဆိုတာတွေ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ အမြဲတမ်း ကောင်းတဲ့ကံတွေကိုပဲ ခံစားစံစားကြရမှာ။ အခုတော့ ဟုတ်လို့လား?? ကံဆိုတာကြီးက မိဘလို့သာပြောတယ်။ ကြုံလိုက်ရတဲ့ ကံဆိုးမှုတွေ၊ ကြုံလိုက်ရတဲ့ စိတ်ဆင်းရဲသောကရောက်မှုတွေ၊ ကြုံလိုက်ရတဲ့ ပြဿနာဆိုးတွေ… အသက်ရှင်နေသ၍ မကုန်နိုင်ဘူးနော်။

ဥာဏ် ဆိုတာကတော့ ကိုယ့်ကို ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ဘူး။ အဆိုးရွားဆုံး၊ အခံရအခက်ဆုံး ကြောက်ရွံ့ထိတ်လန့်ဖွယ်အကောင်းဆုံး ဒုက္ခကြီးဖြစ်တဲ့ သေရမယ့်ဘေးကြီးကိုတောင် ကာကွယ်ပေးနိုင်စွမ်းရှိတယ်။ ဘယ်တော့မှလည်း ထပ်ပြီးမသေရတော့တဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုတောင် ကိုယ့်အတွက် ပေးစွမ်းနိုင်တယ်။ ဒါကြောင့် ဥာဏ်ဆိုတာ ကိုယ့်အတွက် အကောင်းဆုံးတွေကိုသာ ပေးမယ့် မိခင်အရင်းစစ်စစ်ကြီးပါပဲ။ ကံဆိုတာကတော့ မိခင်အတုကြီးပေါ့။ ဒါဆို… ကံလို့ခေါ်တဲ့ မိခင်အတုကြီးရဲ့ ရင်ခွင်ကိုစွန့်ပြီး ကြောက်စရာအကောင်းဆုံး သေရေးကိုတောင် ကာကွယ်ပေးထားနိုင်စွမ်းတဲ့ မိခင်ရင်းဖြစ်တဲ့ ဥာဏ်ရဲ့ ရင်ခွင်ကိုရောက်အောင် ကူးသွားနိုင်ရမယ်နော်…

ပေါ်တော်မူဘုရားတွေ လိုက်ဖူး၊ ထူးဆန်းတာတွေ လိုက်ပတ်ရှာ၊ ပုတီးတွေ အပတ်ရေများများရအောင် လောဘတကြီးနဲ့စိတ်၊ အဓိဋ္ဌာန်တွေအောင်လို့ ကမ္ဘာမှာ အဆင့်မြင့်ဆုံးဆိုတဲ့ ဘ၀အခြေအနေတွေပဲ ရနေနေ၊ တန်ဖိုးအမြင့်ဆုံး ထီဆုကြီးတွေပဲပေါက်ပေါက်၊ လောကမှာ အချမ်းသာဆုံး၊ အအောင်မြင်ဆုံးပုဂ္ဂိုလ်ပင် ဖြစ်သွားပါစေ… အဲဒါဟာ ဒီတစ်ဘ၀စာအတွက်လောက်ပဲ ဖြစ်မှာပါ။ ကံကောင်းတယ်လို့ခေါ်တယ်။ အဲဒီကံကောင်းတဲ့အဆင့်တစ်ခုမှာ ကျေနပ်ပြီး ကြည်နူးနေရုံနဲ့ သေရမယ့်ဘေးဆိုးကြီးက မလွတ်သေးဘူး။ ကံပဲကောင်းသေးတာ၊ သေရမယ့်ဒုက္ခဆိုးကြီးကို မချိမဆန့် ခံစားရဦးမယ့်သူတစ်ယောက်အတွက် ဘယ်လိုမှ အကြောင်းကတော့ လှနိုင်ဦးမှာ မဟုတ်ဘူး။ ရုပ်ရှင်တွေထဲမှာသာ Happy Ending ဆိုတာရှိတာ။ သေဘေးက မလွတ်မြောက်နိုင်သေးတဲ့၊ လွတ်မြောက်အောင် အားမထုတ်ထားသေးတဲ့ သူတစ်ယောက်အတွက် Happy Ending ဆိုတာ လုံးဝမရှိဘူး၊ မဖြစ်နိုင်ဘူး။ သူသေတဲ့အခါ ချစ်လှပါတယ်ဆိုတဲ့ မိသားစုတွေ၊ ဆွေမျိုးညာတကာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မခွဲချင်ဘဲ မဖြစ်မနေ ခွဲခွာကြရဦးမယ်။ ပြင်းထန်လှတဲ့ ဝေဒနာဆိုးကြီးတွေကို မချိမဆန့် ခံစားကြရဦးမယ်။ အဲဒီပြင်းထန်ဆိုးဝါးလှတဲ့ ဝေဒနာဆိုးကြီးတွေကို ဘယ်လိုမှ မခံစားနိုင်လွန်းလို့ကို သေ..သွား..ရ..ဦး..မှာ……. အဲဒီအချိန်ကျတော့မှ ပုတီးအပတ် ဘယ်နှစ်ပတ် စိပ်ပြီးပြီမို့လို့ အဓိဋ္ဌာန်ကြီးအောင်သွားပြီမို့လို့ “သေလုမျောပါး ဝေဒနာတွေမှလွတ်ပြီး အသက်ချမ်းသာရာ ရရပါလို၏” လို့ ဆုတောင်းလို့ ရလိမ့်ပါဦးမလား။ မသေအောင်ဆိုပြီး အဓိဋ္ဌာန်တွေ ဘယ်လောက်လုပ်လုပ်… မိုးအဆုံး၊ မြေအဆုံးသာ ရောက်ချင်ရောက်သွားမယ်၊ မသေအောင် ဘာမှ လုပ်လို့ မရပါဘူး။ ဘယ်လောက်အစွမ်းထက်လှပါတယ်ဆိုတဲ့ အဓိဋ္ဌာန်မျိုးကမှလည်း မသေအောင် မစွမ်းဆောင်နိုင်ပါဘူး။ ခဏခဏသေရမယ့် သံသရာအမျှင်တန်းကြီးကိုလည်း ဖြတ်တောက်ပစ်နိုင်စွမ်း မရှိပါဘူး။ သေရမယ့်ဒုက္ခကြီးဟာ သံသရာကျင်လည်နေရသမျှ ဒုက္ခအားလုံးထဲမှာ အကြီးလေးဆုံး၊ ကြောက်လန့်အားငယ်စရာအကောင်းဆုံး ဒုက္ခကြီးပါပဲ။ အဲဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ ဒုက္ခကြီးကနေလွတ်အောင် ကယ်တင်ပေးနိုင်တဲ့ ၀ိပဿနာတရား(သာသနာတွင်းတရား)တွေ ရှိနေရဲ့သားနဲ့ ခဏတဖြုတ် ကံကောင်းရုံလေး၊ ခဏတဖြုတ် ရာထူးတက်၊ စားမေးပွဲအောင်ရုံလေး၊ တဘ၀စာ တိုးတက်အောင်မြင်ရုံလေး၊ ပြည့်စုံရုံလောက် ကံကောင်းတာလေးကိုများ အဟုတ်ကြီးထင်ပြီး ကျေနပ်နေလိုက်ကြတာ။ ဘယ်တော့မှ မသေတော့မယ့်၊ ထာဝရကံကောင်းနေကြမယ့် သူတွေကျနေတာပါပဲ။ သံသရာကြီးက အစမထင်နိုင်လောက်အောင် ရှည်လျားကြာညောင်းခဲ့ပြီမို့လို့ ဘယ်လိုအရာမျိုး၊ ဘယ်လိုအရသာမျိုးမဆို၊ ဘယ်လိုအရပ်ဒေသမျိုးမဆို၊ ဘယ်သူတွေနဲ့မဆို၊ ဘယ်လောက်အံသြဘနန်း ထူးခြားဆန်းထွေ အရာပေါင်းများစွာနဲ့မဆို ကြုံဆုံဖူးခဲ့ပြီးပါပြီ။ မကြုံဆုံဖူး၊ မခံစားဖူး တဲ့ အရာဆိုလို့ တစ်ခုကမှ မရှိတော့ပါဘူး။ မြေလျှိုးလို့လည်း မိုးပျံခဲ့ဖူးပါပြီ။ သိကြားမင်း၊ စင်္ကြာဝတေးမင်းတွေလည်း ဖြစ်ခဲ့ဖူးပါပြီ။ ငရဲလည်း အိမ်သဖွယ် နေခဲ့ဖူးခဲ့ပြီ။ လူ့ပြည်မှာလည်း အကြိမ်ကြိမ်။ နတ်ပြည်မှာလည်း နတ်စည်းစိမ်မျိုးစုံ ခံစားဖူးပြီ။ ဗြဟ္မာ့ဘုံမှာလည်း အသေင်္ချပေါင်းများစွာ ဈာန်တန်ခိုးကြောင့် နေခဲ့ကြဖူးပြီ။ ၃၁ ဘုံလုံးလည်း ပြဲပြဲစင်အောင် အခေါက်ပေါင်းများစွာ ဖန်တရာထေနေအောင် သွားခဲ့၊ ခံစားခဲ့၊ ကျင်လည်ကျက်စားခဲ့ဖူးပါပြီ။ အဲဒါကြောင့် ဘယ်အရာကိုမှလည်း အထူးတဆန်းကြီးတွေ မဖြစ်ကြပါနဲ့တော့။ ဘယ်လိုအရာမျိုးကမှ ထူးခြားဆန်းကြယ်တယ်ဆိုတာ မရှိတော့ပါဘူး။ အရာအားလုံးဟာ ဖြစ်ပြီးရင် ပျက်သွားတာချည်းပဲမို့လို့ ငြီးငွေ့စရာကောင်းလှပါပြီ။ ဥာဏ်နည်းတဲ့သူတွေက တစ်ဘ၀စာလေး ပြည့်စုံရုံလောက်ပဲ မြင်ကြတယ်။ ဥာဏ်အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်တွေကတော့ တစ်သံသရာလုံး အကျိုးစီးပွားဖြစ်ထွန်းဖို့၊ တစ်သံသရာလုံး အပ္ပါယ်တံခါး အပြီးတိုင်ပိတ်သွားဖို့၊ နိဗ္ဗာန်တံခါးကို သာသနာနဲ့ကြုံတုန်း၊ အခွင့်အရေးကြီးရတုန်း အမြန်ဆုံးဖွင့်နိုင်အောင်ဆိုတဲ့ အဆင့်အထိကို လှမ်းမြင်နိုင်ကြပါတယ်။ ဒါကြောင့် မိခင်အတုကြီးဖြစ်တဲ့ ကံ ရဲ့ ရင်ခွင်ကို တွယ်တာမနေတော့ဘဲ မိခင်အရင်းဖြစ်တဲ့ ဥာဏ် ရဲ့ ရင်ခွင်ကို အမြန်ဆုံး ကူးသွားနိုင်ကြပါစေ။

---------- * ---------- * ---------- * ----------

နိက္ခမပါရမီဆိုတာ တောထွက်မှမဟုတ်ဘူး။ အာရုံတွေမှ ရုန်းထွက်ပြီး နေနိုင်ရင် နိက္ခမပါရမီပါပဲ။

ဘုရားတွေက ဘာကြောင့် ဘုရားပွင့်ဖို့အတွက် လူ့ဘုံကိုရွေးလဲဆိုရင် လူ့ဘုံမှာက ဘုံအားလုံးကို သွားနိုင်တဲ့ လမ်းဆုံလမ်းခွနဲ့တူတယ်။ ဥပမာပေးပြောရရင် သံတုံးတစ်တုံးကို ထက်မြက်တဲ့လက်နက် တစ်လက်ဖြစ်အောင် လုပ်နိုင်တဲ့နေရာဖြစ်တယ်။ သုဂတိဘုံတွေဆိုတာ ကုသိုလ်ကောင်းကျိုးတွေကို ထိုင်စံစားနေတဲ့နေရာမို့လို့ သံတုံးကို ရေစိမ်ထားတာနဲ့တူတယ်။ သံတုံးကို ရေစိမ်ထားရုံနဲ့ လက်နက်ကောင်းတစ်လက် ဖြစ်လာမှာ မဟုတ်ဘူး။ ဒုက္ခတိဘုံတွေကျပြန်တော့လည်း အကုသိုလ်ဆိုးကျိုးတွေကို အမျိုးမျိုးခံစားနေရတဲ့နေရာမို့လို့ သံတုံးကို မီးမြိုက်နေတာနဲ့တူတယ်။ သံတုံးကို မီးမြိုက်ရုံနဲ့လည်း လက်နက်တစ်လက်ဖြစ်လာဦးမှာ မဟုတ်ဘူး။ မီးမြိုက်လိုက်၊ ရေစိမ်လိုက်နဲ့ တလှည့်စီလိုအပ်သလို ပုံသွင်းရင်းနဲ့သာ အလိုရှိရာ လက်နက်ကောင်းတစ်လက်ကို ရရှိလာမှာဖြစ်တယ်။ အဲဒီလို ကောင်းကံတွေ စံစားလိုက်၊ ဆိုးကံတွေ ခံစားလိုက်နဲ့ တစ်လှည့်စီ ကြုံဆုံခွင့်ရနေတဲ့ လူ့ဘုံကမှသာ ဒုက္ခ၊ သုခ အစုံတွေ့ရနိုင်လို့ မြတ်စွာဘုရားတွေက ဘုရားပွင့်ဖို့ကို လူ့ဘုံကို ရွေးချယ်ကြတာဖြစ်တယ်။

ရခဲလှတဲ့ တရားတွေကတော့ -

၁) မနုဿလူဖြစ်သလား

၂) သာသနာနဲ့ ကြုံရဲ့လား

၃) သာသနာနဲ့ ကြုံသော်ငြားလည်း တရားကို ကြိုက်ရဲ့လား

၎) သံသရာမှ ရုန်းထွက်လိုတဲ့ ရည်ရွယ်ချက် ရှိရဲ့လား

၅) နာကြားတဲ့ တရားတွေက နိဗ္ဗာန်ရောက်ကြောင်း တရားမှဟုတ်ရဲ့လား တို့ပါပဲ။

ဒီ ငါးမျိုးသော ရခဲလှတဲ့ အရာတွေကို ရထားပြီဆိုရင်တော့ ကိုယ်ဟာ ကံအကောင်းဆုံးလူတစ်ယောက် ဖြစ်နေပါပြီ။ အခွင့်အရေးကို အမိအရယူပြီး သံသရာမှ လွတ်ကြောင်းတရားတွေနဲ့ ခဲခဲယဉ်းယဉ်း တွေ့ဆုံနာကြားခွင့်ရတုန်း သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ဆိုတဲ့ ဟိုမှာဖက်ကမ်းကို ရရာလှေ၊ ဖောင်တို့ဖြင့် အမြန်ဆုံးရောက်အောင် ကူးခတ်သွားရမှာပါ…….

---------- * ---------- * ---------- * ----------

သန္တုဋ္ဌိ နဲ့ နီဝရဏတရားတွေအကြောင်း ဆက်သွားကြမယ်။

သန္တုဋ္ဌိ ဆိုတာ တင်းတိမ်ရောင့်ရဲတာကိုခေါ်တာ။ ဂျီးမများတော့ဘူး။ ဇီဇာမကြောင်တော့ဘူး။ ရှိတာကိုပဲ အသုံးကျအောင် သုံးသွားတာ။ အစားအသောက်ဆိုရင် အသက်ဆက်လက်ရှင်သန် နေနိုင်ရေးလောက်သာ အဓိကထားပြီး စားသုံးတော့တာ။ အ၀တ်အထည်ဆိုရင်လည်း အရှက်ဖုံးထားနိုင်ရုံလောက်သာ အဓိကကျတော့တာ။ နေရာထိုင်ခင်းဆိုရင်လည်း တံစက်မြိတ်ကကျနေတဲ့ မိုးရေစက်တွေက ဒူးခေါင်းကို လာမစင်ရုံလေး ကျယ်ဝန်းတယ်ဆိုရင် တရားကျောင်း ဖြစ်ပါပြီ။ နေပူ၊ မိုးရွာ ကာကွယ်နိုင်ရုံရရင်ကိုပဲ ကျေနပ်နေပါပြီ။ အဲဒီလို အရာရာမှာ တင်းတိမ်ရောင့်ရဲမှု ရှိတာကို သန္တုဋ္ဌိလို့ ခေါ်တာ။

နီဝရဏတရား ငါးမျိုးကတော့ -

၁) ကာမစ္ဆန္ဒ

၂) ဗျာပါဒ

၃) ထိနမိဒ္ဓ

၎) ဥဒ္ဓစ္စ၊ ကုက္ကုစ္စ

၅) ၀ိစိကိစ္ဆာ တို့ ဖြစ်ပါတယ်။

၁) ကာမစ္ဆန္ဒ ဆိုတာ လိုချင်တပ်မက်တာကိုခေါ်တာ။ ကာမစ္ဆန္ဒက လွတ်ရင် သူ့ကျွန်အဖြစ်က လွတ်သလိုပါပဲတဲ့။

၂) ဗျာပါဒ ဆိုတာ အမျက်ထွက်ခြင်း၊ စိတ်ဆင်းရဲခြင်းကိုခေါ်တာ။ ကျန်းမာရေးကောင်းပြီး လျှာကောင်းနေတဲ့ သူတစ်ယောက်အတွက် ဘယ်လိုကောင်းသော အစားအစာမဆို သူ့အတွက် အရသာရှိနေနိုင်ပေမယ့် လျှာပျက်နေတဲ့၊ ခံတွင်းပျက်နေတဲ့ သူတစ်ယောက်အတွက်ကတော့ ဘယ်လောက်ကောင်းတဲ့ အစားအသောက်ဖြစ်ဖြစ် ဘာအရသာမှရှိမှာ မဟုတ်ပါဘူး။ စိတ်ဆိုး၊ အမျက်ထွက်လေ့ရှိတဲ့ သူဟာ သူ့ကောင်းကျိုးအတွက် ပြောဆိုဆုံးမနေတာကိုတောင် နားမ၀င်နိုင်ကြပါဘူး။ ဒါကြောင့် ခံတွင်းပျက်နေတဲ့ လူနဲ့ တူနေတာပါ။ ဘယ်လောက်ကောင်းတဲ့ အရသာဖြစ်ဖြစ် သူ့အတွက်က အရသာ မခံစားနိုင်တော့ပါဘူး။

၃) ထိနမိဒ္ဓ ဆိုတာ ငိုက်မျဉ်းခြင်းကိုခေါ်တာ။ ထိနမိဒ္ဓက လွတ်ရင် ထောင်က လွတ်လာတာနဲ့ တူပါတယ်။ လုပ်ချင်တာ လုပ်ခွင့်မရတဲ့ ဘ၀ကနေ လုပ်လိုရာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သွားမှာပါ။ လောဘ၊ ဒေါသဆိုတဲ့ ကိလေသာတွေက မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် အရပ်ထဲမှာ နင်က လောဘကြီးလိုက်တာလို့ ဆိုလိုက်ရင် ငါ မကောင်းပါလားဆိုတာ သိသာနေတယ်။ ဒါကြောင့် အပြစ်ကို အပြစ်မှန်းတော့ သိသေးတယ်။ ထိနမိဒ္ဓ ခေါ်တဲ့ ငိုက်မျဉ်းခြင်းကတော့ နာမည်ဆိုးမရှိတော့ အကုသိုလ်အပြစ် ဖြစ်မှန်းကိုတောင် မသိတော့ဘူး။ မသိတဲ့အခါကျတော့ ရှောင်နိုင်ဖို့ ပိုခက်သွားပါတယ်။ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွားတွေကို ကောင်းကောင်း တိုးတက်သည်အထိ မလုပ်နိုင်အောင် ပိတ်ပင်တားဆီးတတ်တဲ့ တရားမျိုးမို့လို့ သတိထားစရာကောင်းပါတယ်။

၎) ဥဒ္စစ္စ၊ ကုက္ကုစ္စ ဆိုတာ စိတ်ပျံ့လွင့်ခြင်း၊ နောင်တတစ်ဖန်ပူပန်ခြင်း တို့ပါပဲ။ သူတို့တွေ ကိုယ့်ဆီမှာ ရှိနေရင် ကျွန်အဖြစ်နဲ့ ခံနေရသလိုပါပဲ။

၅) ၀ိစိကိစ္ဆာ ဆိုတာ ယုံမှားသံသယ ဖြစ်တာကို ခေါ်တာပါ။ အဲဒီလိုဖြစ်တာဟာ ဘာနဲ့တူသလဲဆိုရင် ရွှေငွေရတနာထုပ်ထမ်းပြီး သူခိုးများတဲ့လမ်းမှာ လမ်းလျှောက်နေရတာနဲ့ တူပါတယ်တဲ့။ ဘုရားစစ်၊ ဘုရားမှန်၊ တရားစစ်၊ တရားမှန်နဲ့ တွေ့သော်ငြားလည်း ဟုတ်မှ ဟုတ်ပါ့မလားလို့ ထင်နေတတ်တာမျိုးပါ။

---------- * ---------- * ---------- * ----------

ဝိမုတ္တိ ဆိုတာ မရနိုင်လောက်အောင် အလှမ်းဝေးနေတာ မဟုတ်ပါဘူး။ တဏှာ စွဲလမ်းတဲ့နယ်ပယ် နည်းနည်းလွှတ်နိုင်ရင် နည်းနည်းနိဗ္ဗာန်ရတယ်။ ဘယ်အာရုံနဲ့တွေ့တွေ့ စွန့်နိုင်ရင် လွတ်တာပါပဲ။

---------- * ---------- * ---------- * ----------

ဈာန်မှာ အပိုင်း ၂ ပိုင်း ရှိပါတယ်။ သာသနာပ ကာလမှာတော့ ဈာန်ကို ပန်းတိုင်အဖြစ်နဲ့ ထားတာ။ နိဗ္ဗာန်ရောက်ရေးမှာတော့ ဈာန်က ပန်းတိုင်မဟုတ်တော့ဘူး။ ငြမ်းအဖြစ်နဲ့ အသုံးချရမှာ။ ဈာန်ကူမှ ကံထူလို့ရတယ်။ သတိကူမှ ကံတွေကို စင်ကြယ်အောင် လုပ်လို့ရတယ်။ ပထမဆုံး အားထုတ်ရမယ့် ဥာဏ်ကတော့ ၀ိပဿနာဥာဏ်ပါပဲ။ သတိ နဲ့ ပညာက အလေးချိန် အတူတူလောက်ပါရမှာပါ။ ဒါကြောင့်လည်း သတိ၊ သမ္ဗဇဉ် (ပညာ) လို့ ခေါ်တာ။ သီလမဂ္ဂင်ထူထောင်တုန်းကလို သူသိ၊ ငါသိ ရုံနဲ့ မရတော့ဘူး။ အတွင်းပိုင်းကို သိရမှာ။ တကယ့်အရှိတရားတွေကို သိရမှာ။

---------- * ---------- * ---------- * ----------

တခါက တရားစခန်းက ပြန်လာတဲ့ သူတစ်ယောက်က သူ့ကိုယ်သူ တရားရပြီးနေပြီလို့ ထင်နေတာတဲ့။ တရားရိပ်သာက ပြန်လာတော့ အစားအသောက်ကောင်းလေး စားချင်တာနဲ့ သူ့သမီးကို မုန့်ဟင်းခါးကောင်းကောင်းလေး ချက်ခိုင်းတာတဲ့။ အဲဒီလို ချက်ပြန်တော့လည်း ပိုကောင်းအောင်လို့ သူ့သမီးကို မှာတယ်။ မုန့်ဟင်းခါးထဲမှာ ငါးက အဓိက၊ ငါးဝယ်ရင် လတ်လတ်ဆတ်ဆတ်ဖြစ်အောင် ထွန့်ထွန့်လူးနေတဲ့ ငါးမျိုးကိုမှ ၀ယ်ခဲ့လို့ မှာတယ်တဲ့။ သူ့သမီးတွေကလည်း ဒို့အဖေ ရိပ်သာက ပြန်လာပြီးမှ အကုသိုလ်တွေ လုပ်နေတယ်ပေါ့။ အဲဒါ ငါးအရှင်တွေ ၀ယ်လာပြီး သတ်မလို့လုပ်တော့ သူကပြောတယ်။ ငါ့ဆီ အဲဒီငါးတွေ ယူလာခဲ့။ အဲဒါ ငါကိုယ်တိုင်လုပ်မှ ရမှာ။ ဒီကိစ္စက နင်တို့လုပ်လို့ ဖြစ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါက တရားရပြီးနေတဲ့သူ… ငါသတ်ရင် ဘာအကုသိုလ်မှ မဖြစ်တော့ဘူး။ နင်တို့လုပ်ရင် ငရဲကျကုန်ကြလိမ့်မယ်… တဲ့း)

---------- * ---------- * ---------- * ----------

သမာဓိ ဆိုတာ တည်ကြည်တာကို ခေါ်တာ။ တည်လည်း တည်ရမယ်။ ကြည်လည်း ကြည်ရမယ်။ ရေကန်တစ်ကန်ကို ဘေးလေးဖက်ကနေ အပေါက်လေးပေါက် ဖောက်ထားတယ်ဆိုရင် လေးဘက်လေးတန်ကနေ ရေတွေက ၀င်တော့ အနည်တွေရှိနေလို့ မကြည်လင်တော့ဘူး။ ဒီကြားထဲ မိုးက ရွာနေတယ်ဆိုရင် ရေကန်လည်း မတည်တော့ဘူး။ လှုပ်ရှားကုန်ပြီ။ အဲဒီလို မတည်ငြိမ်၊ မကြည်လင်နေတဲ့ ကန်ထဲကို ငုံ့ကြည့်လိုက်ရင် လှိုင်းတွန့်တွေနဲ့မို့လို့ ကိုယ့်မျက်နှာက ပုံဏ္ဍာန်တောင် မပေါ်တော့ဘူး။ တွန့်လိမ်ကောက်ကွေးနေမှာပဲ။ အကယ်၍ ရေကန်မျက်နှာပြင်က တည်လည်းတည်နေတယ်။ ကြည်လည်းကြည်နေတယ်ဆိုရင် ကိုယ့်မျက်နှာပေါ်က ၀က်ခြံကအစ၊ အစက်အပြောက်ကအစ အကုန်မြင်ရလိမ့်မယ်။ အဲဒီလို မြင်နိုင်သွားတာကို သမာဓိတည်တယ်လို့ခေါ်တယ်။

---------- * ---------- * ---------- * ----------

လူမှာ အခက်ခဲဆုံးက သိနေတာကို သိမှန်း သိဖို့ ခက်တာ။ ရုပ်နဲ့နာမ်ကိုသိရင် တရားမသိသေးဘူး။ အမှန်ပေါ်လာရုံပဲ ရှိသေးတယ်။ လက္ခဏာကိုသိမှ တရားရမယ်။ ပူတာလေးကနေ အေးသွားတော့ ဖြစ်ပြီး ပျက်သွားတာ။ ဖြစ်၊ ပျက်ကိုသိမှ ၀ိပဿနာဖြစ်မယ်။ ၀ိပဿနာဥာဏ် ရရုံနဲ့လည်း ပန်းတိုင်မရောက်သေးဘူး။ လောကထဲမှာ ဖြစ်ပျက်နေတာတွေချည်းပဲ တွေ့လာရတဲ့အခါ စိတ်ကုန်သွားတဲ့ သင်္ခါရုပေက္ခာဥာဏ် ဖြစ်မယ်။ သင်္ခါရတွေအပေါ်မှာ ငြီးငွေ့သွားတာ။ တကယ်သိမှ တကယ်စိတ်ကုန်တာပါ။ ဘာနဲ့ ဥပမာတူလဲဆိုရင် VCD တွေမှာပါတဲ့ နိုင်ငံရေးဦးတည်ချက်တွေလိုပေါ့။ နိုင်ငံရေး… လို့ဆိုလိုက်တာနဲ့ တန်းပြီးတော့ကို ရစ်ထည့်လိုက်တာပဲ။ ဘာလို့လဲဆိုတော့ ဒါကြီးတွေက ရိုးအီငြီးငွေ့လွန်းနေပြီလေ။ အခွေတိုင်းမှာ အမြဲပါနေ၊ ကြားနေရတာကိုး။ တခါလာလည်း ဒါပဲ။ နောက်တစ်ခါလာလည်း ဒါကြီးပဲဆိုတော့ စိတ်ကိုကုန်ထွက်သွားတာ။ စိတ်ကုန်တော့ သူ့အပေါ် အစွဲကွာသွားတာပေါ့။ အစွဲကွာသွားရင် ဒုက္ခကနေ ကွာသွားတယ်။ ဥပမာဆိုရင်… ကျေးလက်တောရွာတချို့မှာနေတဲ့သူတွေက လျှပ်စစ်နဲ့ မနေဖူးတော့ မီးပျက်တဲ့ဒုက္ခကိုလည်း မသိဘူး။ မီးလာတဲ့အပေါ်မှာလည်း အတွယ်အတာမရှိတော့ဘူး။ အဲဒီလိုပဲ… မြန်မာပြည်က သူတွေမှာ ဘယ်သူမှ လကမ္ဘာပေါ်ကိုတက်တာ မလိုက်ရလို့ စိတ်ဆင်းရဲရတဲ့ ဒုက္ခဆိုတာ မရှိဘူး။ တခြားနိုင်ငံတွေမှာတော့ ဒီဒုက္ခက ရှိတယ်လေ။

---------- * ---------- * ---------- * ----------

တရားအားထုတ်တဲ့အခါမှာ ကိုယ်အစွဲအလမ်းမရှိတဲ့ ခန္ဓာကို သွားရှုရမှာ မဟုတ်ဘူး။ (ဟိုကောင့် ခန္ဓာကြီးက မသာကောင်ကြီးလိုပဲလို့ သွားရှုနေလို့ မရဘူး။) ကိုယ်စွဲတဲ့ ကိုယ့်ခန္ဓာကိုသာ အစွဲခွါရမှာ။ ကိုယ်စွဲမနေတဲ့ သူများခန္ဓာကိုယ်ကြီးကို သွားပြီး အစွဲခွါလို့ မရဘူး။ အစွဲကွာသွားရင် ကျန်တာဟူသမျှ သုံးစရာတွေချည်းပဲ။ စွဲတာက ဒုက္ခပေးတယ်။ သုံးရင် သုခဖြစ်တယ်။ သုံးတဲ့အခါ အစွဲနဲ့ကပ်ရင် အသုံးမတတ်ရင်တော့ ဒုက္ခဖြစ်လိမ့်မယ်။

သုံးလဲသုံးတယ်။ လွှတ်လဲ လွှတ်ထားနိုင်တယ်ဆိုရင် တော်တော်နက်နဲသွားပြီ။ ကိလေသာဆိုတာ ၀ဲယားနာနဲ့တူပါတယ်။ ဘိန်းစားတွေက ဘိန်းစားရတဲ့အရသာကို လောကမှာ အကောင်းဆုံးအရသာလို့ ထင်တယ်။ အေးပြီး နာကျင်လာတဲ့အခါ ၀ဲယားနာကို မီးကင်ပြီး ကုတ်ရတဲ့အရသာက သာလို့တောင် ကောင်းသေးတယ်။ ၀ဲပျောက်သွားရင် (အေးလို့ နာကျင်တဲ့ဒုက္ခ၊ နွေးအောင် မီးကင်ပြီး ကုတ်တဲ့အရသာ) ဆိုတဲ့ နှစ်မျိုးလုံး ပျောက်သွားရင် မဂ်ဥာဏ်ရတာပါပဲ။ ဒီဥပမာရဲ့ အဓိပ္ပါယ်ကတော့ ၀ဲရောဂါခံစားနေရတယ်ဆိုတာ သံသရာမှာ ကျင်လည်နေရတဲ့ ဒုက္ခကြီးကို ဆိုလိုတာပါ။ ရာသီဥတုအေးလာတဲ့ အချိန်တွေမှာ ၀ဲယားနာတွေက နာကျင်ယားယံလာတာဟာ လောကထဲမှာ ဆိုးတဲ့ကံတွေနဲ့ ကြုံဆုံရသလိုပါပဲ။ မချိမဆန့်နဲ့ ဒုက္ခတွေ၊ ပူလောင်မှုတွေဆိုတာ ခံရခက်လှပါတယ်။ အဲဒီမှာ ယားပြီးနာလာနေတဲ့ ၀ဲတွေကို နွေးအောင်မီးကင်ပြီး တဗြင်းဗြင်းနဲ့ ဇိမ်နဲ့ကုတ်ရတဲ့အရသာ ဆိုတာကတော့ လောကထဲမှာ ကောင်းတဲ့ကံတွေနဲ့ ကြုံဆုံရသလိုပါပဲ။ ကုသိုလ်ကောင်းမှုလေးလုပ်လိုက်၊ ကံလေးကောင်းလိုက်လာပြီး ထီလေးပေါက်လိုက်၊ ရာထူးလေးတိုးလိုက်၊ စာမေးပွဲလေးအောင်လိုက်၊ ဘ၀မှာ အောင်ပွဲတွေနွှဲလိုက်နဲ့ ဖြစ်နေတဲ့ ကံကောင်းမှုလေးတွေပေါ့။ ဘယ်လောက်ကြီးပဲ ကံကောင်းနေပါစေ… ကမ္ဘာကျော် အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးပဲ ဖြစ်နေပါစေ… သူဟာ သံသရာမှာမဆုံးနိုင်အောင် သေပွဲတွေ ထပ်ခါ၊ ထပ်ခါ ၀င်ရဦးမယ့်… ၀ဲလေးကို တဗြင်းဗြင်းနဲ့ ကုတ်ပြီး အရသာခံနေတဲ့… ၀ဲကျော်ကြီးသာသာပဲ ရှိပါသေးတယ်။ ဒါဟာ နိဗ္ဗာန်သွားရာ လမ်းကြောင်းပေါ် တည့်တည့်ရောက်ဖို့အတွက် ကံလမ်းနယ်ပယ်ကို ကျော်လွန်ပြီး ကြည့်ရတဲ့အမြင်ပါ။ ဘ၀မှာ အဆင်ပြေအောင်မြင်တာလေးတွေကို ကျေနပ်နှစ်သက်နေတာ၊ ထူးဆန်းတာတွေ၊ ဆန်းကြယ်တာတွေကို လိုက်ပတ်ရှာဖွေပြီး ပြောမဆုံးနိုင်အောင် ကျေနပ်ပီတိဖြစ်နေတာတွေဟာ….. ၀ဲကုတ်ရတာကို အရသာခံနေတဲ့ သဘောပါပဲ။ ကိုယ့်မှာ ၀ဲယားနာတွေပေါက်နေတာ (သေရဦးမယ့်ဒုက္ခ၊ သံသရာကျင်လည်ရဦးမယ့်ဒုက္ခ) ကိုတောင် ပေါက်မှန်းမသိလေတော့ ကုဖို့နေနေသာသာ (သာသနာတွင်းတရားဖြစ်တဲ့ သစ္စာတရားတွေ နာကြားပြီး အပ္ပါယ်တံခါးပိတ်ရာ၊ နိဗ္ဗာန်သွားရာ တစ်ကြောင်းတည်းသော အကျင့်ဖြစ်တဲ့ ၀ိပဿနာတရားတွေကို အားထုတ်ဖို့ နေနေသာသာ) ကုတ်လို့မဆုံးဖြစ်နေတာ (ကျေနပ်လို့မဆုံး၊ ကံကောင်းတာကို ၀မ်းသာနေလို့မဆုံး၊ ဂုဏ်ယူနေလို့မဆုံး ဖြစ်နေတာ) ကိုတောင် အရသာခံလိုက်ကြသေးတယ်။ ကောင်းကံ၊ ဆိုးကံ နှစ်မျိုးလုံးကို ပယ်သွားနိုင်ပါမှ မဂ်ဥာဏ်တရားကို ရရှိနိုင်မှာပါ။ သောတာပန် ဖြစ်တယ်ဆိုတာ ငွေကြေး ချမ်းသာသွားတာလည်း မဟုတ်ဘူး။ ရုပ်ရည် ပိုချောမောသွားတာလည်း မဟုတ်ပါဘူး။ သောတာပန်ဖြစ်ရင် ငါ့သားသမီးတွေကို တိုက်နဲ့ ကားနဲ့ ထားလိုက်မယ်ဆိုတဲ့ ဒကာမကြီး တစ်ယောက်ရဲ့ ဆုတောင်းလိုတော့ မဖြစ်စေနဲ့ပေါ့။

---------- * ---------- * ---------- * ----------

သာမညဖလသုတ်တော်ဆိုတာ အဇာတသတ်မင်းကြီးရဲ့ မေးလျှောက်မှုကြောင့် မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားဖြစ်ပါတယ်။ အဇာတသတ်မင်းဟာ ပထမသံဃာယတနာတင်ခဲ့တဲ့ ဒါယကာပါ။ ဘုရားသာသနာမှာ ဘုရားကို အကြည်ညိုဆုံး ဧတဒဂ်ဘွဲ့ကို ရရှိခဲ့ပါတယ်။ နောင်အခါမှာ ပစ္စေကဗုဒ္ဓါဖြစ်မယ်လို့လည်း ဗျာဒိတ်တော် ရခဲ့ပါတယ်။ အကယ်၍ အဇာတသတ်မင်းကြီးဟာ ဒီဘ၀မှာ အဖသတ်ထားတဲ့ ကံကြီးကိုသာ မကျူးလွန်ခဲ့လျှင် ဒီသာမညဖလသုတ်အဆုံးမှာပင် သောတာပန်တည်နိုင်တဲ့ မျိုးစေ့ပါလာပါတယ်။ ဒါပေမယ့်လည်း သောတာပန်ဖြစ်နိုင်တဲ့ သူ့ရဲ့ သိက္ခာကို ထီးနန်းစည်းစိမ်ဆိုတဲ့ ရိက္ခာနဲ့ လဲလှယ်ယူခဲ့မိတဲ့အတွက် အဖသတ်တဲ့ကံကြီးကို ကျူးလွန်မိပြီး ဒီဘ၀မှာတင် သောတာပန်ဖြစ်ရမယ့်အရေးမှာ မဖြစ်နိုင်တော့ဘဲ သံသရာကို အရှည်ကြီး ဖြတ်သန်းရဦးမှာပါ။ ဒါကြောင့် မြတ်စွာဘုရားက အဇာတသတ်မင်းကြီးကို -

ခတာယံ ဘိက္ခဝေ ရာဇာ
ခတာ အယ ဘိက္ခဝေ ရာဇာ……. တဲ့။

အဓိပ္ပါယ်ကတော့ ဒီမင်းကြီးဟာ သူ့အမြစ်သူ တူးစားပစ်ခဲ့ပါတယ်။ သောတာပန်ဖြစ်မယ့် အမြစ်ပါလာတာကို အဖသတ်တဲ့ကံကြောင့် အရိယာမျိုးစေ့ကို ဖြုတ်ပစ်ခံလိုက်ရတယ်…တဲ့။ နောင်တစ်ချိန်မှာ ပစ္စေကဗုဒ္ဓါ ဖြစ်မှာမို့လို့ သံသရာမှာ ကျင်လည်ပြီး ၂ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတွေ ဖြည့်ကျင့်ရဦးမှာပါ။

လောကမှာ အသုံးနဲ့ အစွဲ ခွဲတတ်ဖို့ အလွန်အရေးကြီးပါတယ်။ အသုံးနဲ့ အစွဲကို ခွဲသွားနိုင်တဲ့အခါမှာတော့ (အသုံးကို)ရဲရဲကြီးသုံးပြီး (အစွဲကို)ရဲရဲကြီးစွန့်နိုင်သွားမှာပါ။ မိမိတို့ခန္ဓာကိုယ်ကိုပင် နိဗ္ဗာန်ရောက်သည်အထိ အသုံးချသွားနိုင်တဲ့ သူတော်ကောင်း၊ သူမြတ်ကောင်းများ ဖြစ်ကြပါစေကုန်သတည်း…….

သာဓု၊ သာဓု၊ သာဓု………..

မှတ်မိသမျှ ပြန်လည်ရေးသားရခြင်း ဖြစ်တာကြောင့်တစ်ကြောင်း၊ ဆက်စပ်မှုရှိတဲ့ တရားတော်တချို့ကို ထည့်သွင်းရေးသားထားတာကြောင့်တစ်ကြောင်း အမှားများပါလျှင် ပြင်ဆင်ဝေဖန်ဖြည့်စွက်ပေးကြပါ။

ဓမ္မဘေရီဆရာတော် သာမညဖလသုတ်သင်တန်း ပဉ္စမနေ့ နှင့် ဆဋ္ဌမနေ့မှာ ဟောကြားသွားခဲ့တဲ့ တရားတော်ထဲမှာမှ မှတ်မိသလောက် ပြန်လည်စဉ်းစားရေးသားပြီး တရားဗဟုသုတ တိုးပွားစေခြင်းအလို့ငှာ ဓမ္မဒါန မျှဝေပါတယ်။

သာမညဖလသုတ် ၆ ရက် သင်တန်းတရား ပြီးပါပြီ။

သင်တန်းတရား ၆ ရက်အပြီး တရားသိမ်းပွဲ ၇ ရက်မြောက်နေ့မှာ ဟောကြားသွားခဲ့တဲ့ တရားတော်ကိုတော့ ဖြည်းဖြည်းမှပဲ ရိုက်ကူးမျှဝေပါ့မယ်။ ၇ ရက်ဆက်တိုက် တရားနာကြားခဲ့ရသော ဓမ္မဒေသနာကုသိုလ်၊ ပြုလုပ်လှူဒါန်းခဲ့သော အလှူဒါနကုသိုလ် အစုစုတို့အား ဓမ္မမိတ်ဆွေများကို အမျှပေးဝေပါတယ်………..

ဓမ္မမိတ်ဆွေများအားလုံးလည်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ပြည့်စုံစွာဖြင့် တရားဓမ္မများကို ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး ဒီဘ၀မှာတင် အပ္ပါယ်တံခါးပိတ်သွားနိုင်တဲ့ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ခိုင်ခိုင်
(August 13, 2012)

No comments:

Post a Comment