Wednesday, August 1, 2012

နေရာတို့၏ သဘော Written by ဇေယျသူ ..The voice Monday, 16 July 2012 04:06


ဂဏန်းသင်္ချာတွင် နေရာပေါ် မူတည်ပြီး ဆယ်ဂဏန်း ဖြစ်နိုင် သလို သောင်းသိန်းချီသွားနိုင်သည်။ ဂဏန်းတူသော်လည်း နေရာကကွာသည်ကိုး။ နေရာကိုလိုက်ကာ တန်ဖိုးတို့ ပြောင်းလဲသွား သည်။ ဂဏန်းသင်္ချာ တတ်ချင်မှတတ်မည်၊ သေစာရှင်စာတတ်ချင်မှ တတ်မည်၊ နေရာအကြောင်းကတော့ လူမှန်လျှင်သိကြသည်ချည်း။

နေရာဆိုတာကလည်း အရေးကြီးသည်။ နေရာပေါ် မူတည်ပြီး အခွင့်အရေးတို့ ရနိုင်သည်။ ဘဝတက်လမ်းတို့ ဖန်တီးနိုင်သည်။ အခွင့်အရေးတို့ ဖန်တီး ပေးနိုင်သော အနှီနေရာကလည်း ရဖို့မလွယ်။ နေရာတစ်နေရာရဖို့အရေး အတော်လေးကြိုးစားရသည်။ နေရာဆိုတာ က သည်းခြေကြိုက်ဖြစ်သောကြောင့် အပြိုင်အဆိုင်အားထုတ်ရသည်။

နေရာလေးတစ်ခုရပြန်တော့ ထိုနေရာလေးတွင် မြဲအောင် ကုတ်ကတ်ထားကြရသည်။ ထိုနေရာကို အာမခံနိုင်စွမ်းရှိသည့်၊ ထိုနေရာမှ မိမိလွင့်သွားအောင်လုပ်နိုင်သူ ခွန်အားရှင်တို့အား အပြုံးဖြင့် တစ်ဖုံ၊ စကားဖြင့်တစ်နည်း၊ လက်ဖြင့်တစ်သွယ် ပူဇော်ပသကြရသည်။ နေရာရရေး၊ နေရာကို ထိန်းထားနိုင်ရေးတို့အတွက် မိမိထက်မြင့်သော နေရာကို ရထားကြသူတို့အား ချဉ်းကပ်ရသည်။

ကိုယ်ပိုင်အရည်အသွေးရှိသူတို့မှာမူ မိမိအရည်အသွေးကို မူတည် ကြိုးစားနိုင်သောကြောင့် အားတစ်မျိုးရှိနေသည်။ မည်သည့်လုပ်ငန်း ခွင်ရောက်ရောက် အားထုတ်လုပ်ကိုင်နိုင်လျှင် မိမိအတွက် နေရာ တစ်နေရာ ရှိမည်ကို သဘောပေါက်သူတို့ပီပီ စိတ်မပူ။ လုပ်ငန်းခွင်တို့ ကလည်း ထိုသူတို့အတွက် နေရာအဆင်သင့် ချန်ထားသည်။ ထိုသူ တို့ကို သိသောကြောင့်၊ ချစ်ခင်သောကြောင့် ဟုတ်ချင်မှ ဟုတ်မည်၊ မဖြည့်နိုင်သောနေရာများ ရှိနှင့်နေသောကြောင့် လက်ကမ်းကြိုနှင့်ကြ သည်။ အချို့လုပ်ငန်းခွင်တို့ကမူ ဦးနှောက်အမဲလိုက် Headhunt ကာ မရအရ ဆွဲဆောင်ခေါ်ယူကြသည်။

ကိုယ်ပိုင်အရည်အသွေး ချည့်နဲ့သူအချို့မှာ နေရာရရေး အရည်အချင်းသာမက အခြားနည်းတို့ဖြင့်ပါ ကြိုးစားရသောကြောင့် စိတ်အားငယ်တတ်ကြသည်။ ရုတ်တရက်ဆိုလျှင် မျက်နှာထားတင်းမာ အမျက်စောင်မာန်ကြီးသောကြောင့် စိတ်ဓာတ်မာကျောမည်ထင်ရသော် လည်း ထိုသူတို့လောက် စိတ်အားငယ်တတ်သူတို့မရှိ။ ဝမရှိဘဲ ဝိလုပ် ထားကြသူများဖြစ်ရာ အရည်အသွေးဖြင့် မိမိတာဝန်ကို ကျေပွန်အောင် မဆောင်ရွက်နိုင်သောကြောင့် မိမိအရည်အသွေးကို အကဲဖြတ်ရသူတို့ ကျေနပ်အောင် ဆရာမွေး၊ လေချိုသွေး လုပ်ကြရသည်။ သို့မဟုတ် ပါက နေရာမရသည့်အပြင် ရှိစုမဲ့စုနေရာလေး ပျောက်သွားမည်။

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူသည် မိမိမြင်သည်ကို မြင်သည့် အတိုင်း၊ မိမိယုံကြည်သည်ကို ယုံကြည်သည့်အတိုင်း ပြောရဲသည်၊ ကျင့်သုံးရဲသည်။ ထိုသို့ကျင့်သုံးခြင်းဖြင့် သူ၏ ကိုယ်ပိုင်နေရာသည် ကျယ်ပြန့်လာသည်။ သို့သော် မိမိကိုယ်ကိုယ် ယုံကြည်ရန် ကိုယ်ပိုင် အရည်အချင်းရှိဖို့လိုသည်။ ကိုယ်ပိုင်အရည်အချင်းမရှိလျှင် မိမိကိုယ်ကိုယ် ယုံကြည်ရန် ခဲယဉ်းသည်။ ကိုယ်ပိုင်အရည်အချင်းမရှိဘဲ မိမိကိုယ်ကိုယ် အခြောက်တိုက် ယုံကြည်နေသူများ ရှိတတ်သော်လည်း ထိုသူတို့ကို အများက မယုံကြည်နိုင်။ နေရာ၏သဘောမှာ လုပ်နိုင်ကိုင်နိုင်သူတို့ သက်ဆိုင်ရာတာဝန် ကို ဆောင်ရွက်နိုင်ရန် ပေးထားခြင်းဖြစ်သည်။ နေရာရှင်တို့က တာဝန် ကို ဆောင်ရွက်ခြင်းမရှိ၊ မဆောင်ရွက်လိုဘဲ နေရာတွင် နေလိုရင်းသာ အန္တိမ ရည်မှန်းချက် ဖြစ်နေလျှင် နေရာ၏ မူလရည်ရွယ်ချက် ပျောက် သွားပြီ။ အလုပ်လုပ်ရန် မဟုတ်တော့ဘဲ နေရာတွင် နေလိုရင်းသာ ဖြစ်သွားပြီ။ ထိုသို့သောသူများသည် နေရာအဓိကသမားများဖြစ်သော ကြောင့် နေရာလုလိုသောစိတ်ထားလည်း များတတ်ကြသည်။ နေရာလု သူတို့များလာလျှင် အဖွဲ့အစည်းသည် နေပျော်ဖွယ်မကောင်းတော့။ အလုပ်လုပ်ရန် ရည်ရွယ်ချက်အစား နေရာရည်ရွယ်ချက်က အစားထိုး ဝင်လာကြသောကြောင့် အဖွဲ့၏ရည်မှန်းချက် မပြီးမြောက်တော့။ တကယ် အလုပ်လုပ်သောသူကိုလည်း နေရာလုဘက်သဘောထားလာသော ကြောင့် အလုပ်လုပ်သူတို့ လုပ်ရကိုင်ရကျပ်လာသည်။

အရင်းအမြစ်မှန်လျှင် ရှားပါးစမြဲ၊ အကန့်အသတ်ရှိစမြဲဖြစ် သည့်အတိုင်း နေရာဟူသော အရင်းအမြစ်မှာလည်း ရှားပါးသည်ဖြစ်ရာ ပြိုင်ဘက်ဟု ထင်ရသူများ ပေါ်လာပါကလည်း နေရာအဓိကသမား များက နည်းမျိုးစုံဖြင့် အပျောက်ရှင်းတတ်ကြသည်။ အနုနည်း၊ အကြမ်းနည်း၊ အထက်လမ်း အောက်လမ်း မျိုးစုံတတ်သည်။ ထိုအခါတွင် အဖွဲ့သားအချင်းချင်းကြား စစ်အေး (Cold War) ဖြစ်ပေါ်လာပြီး လုပ်ငန်းတာဝန် မဖြစ်မြောက်တော့။ နောက်ကျောမလုံဖြစ်လာကာ မလုံမခြုံ စိတ်ဓာတ်မျိုး ပေါ်ပေါက်လာတတ်သည်။ ဂိုဏ်းကွဲလာသောကြောင့် လူကိုအကဲဖြတ် ရာတွင် အလုပ်ဖြစ် မဖြစ်ကြည့်ရာမှ မိမိဘက်ပါ မပါ ပိုဦးစားပေး အကဲဖြတ်လာသည် (Us Them mentality)။ အဖွဲ့သားတို့ကို ကြည့်လိုက် လျှင်လည်း အရှိန်ဟပ်ပြီး မလှုပ်တလှုပ် တရွေ့ရွေ့နှင့် စိတ်မပါ့တပါ မြင်တွေ့ရတတ်သည်။ ထိုလက္ခဏာမျိုး မြင်တွေ့နေရလျှင် အမြန်ကု လိုကကု၊ မကုက အနှေးနှင့်အမြန် အဖွဲ့အစည်းကျဆုံးတော့မည်။

နေရာသည် တန်ဖိုးရှိသည်မှန်သော်လည်း မိမိ၏တန်ဖိုးကို နေရာနှင့်တွဲချည်ထားခြင်းမှာမူ အန္တရာယ်ကြီးလှသည်။ နေရာပျောက် လျှင် မိမိတန်ဖိုးပျောက်သည့်သဘောဖြစ်သွားပြီ။ မိမိတန်ဖိုး=နေရာ တန်ဖိုး ဖြစ်နေလျှင် မိမိတန်ဖိုး-နေရာတန်ဖိုး=၀ ဖြစ်သောကြောင့် နေရာပျောက်သည်နှင့် မိမိတန်ဖိုး သုညဖြစ်ပြီ။ မိမိနေရာ ပျောက်ပြီးနောက်လာနေကျသူများ မလာတော့၊ လေးစားသူများ မလေးစားတော့လျှင် မိမိတန်ဖိုးသည် နေရာတန်ဖိုးသာဖြစ်သည်။ မိမိတန်ဖိုးသည် နေရာပေါ်မမှီခို၊ နေရာနှင့် လွတ်လွတ်လပ်လပ်ရှိသူသည် နေရာမှ မိမိအဖယ်ခံရလည်း အကြောင်း မဟုတ်။ အခြားသူကပေးသော နေရာမဟုတ်သည့် ကိုယ်ပိုင်နေရာရှိ သည်။ ကိုယ်ပိုင်နေရာရှိသူသည် ကိုယ်ပိုင်တန်ဖိုးရှိသည်။

နေရာရပြီး နေရာနှင့်တန်အောင် ကြိုးစားသူတို့ နေရာပိုရလာ တတ်သလို၊ နေရာမရသော်လည်း အလုပ်လုပ်သူတို့မှာ တဖြည်းဖြည်း နေရာရလာတတ်သည်။ ရုပ်ပိုင်းနေရာ (Physical Place) မဆိုထားနှင့်၊ လူပေါင်းများစွာတို့၏ ရင်ထဲအသည်းထဲ (Mental place) တွင်ပင် နေရာရယူနိုင်စွမ်းသည်။ သူနှင့်ကြုံဖူးသူ၊ တွဲဖက်လုပ်ကိုင်ဖူးသူတို့ ရင်ထဲသို့ အရောက်သွားခြင်း မဆိုထားဘိ မြင်ဖူးတွေ့ဖူးသူ မဟုတ်သူ များ၏ ရင်ထဲတွင်ပင် နေရာယူနိုင်စွမ်းရှိသည်။ လူသတင်းလူချင်း ဆောင် ဆိုသကဲ့သို့ပင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် လူသန်းပေါင်း များစွာ၏ ဦးနှောက်ထဲ၊ အသိတရားထဲတွင် သူသည် နေရာတစ်နေရာ ရယူနိုင်စွမ်းသည်။ လူသေသော်လည်း နာမည်မသေဆိုသည်မှာ ထိုသူ များပင်ဖြစ်သည်။ ထိုသူများသည် နေရာကို ရယူမနေ၊ လူသားကောင်း ကျိုး၊ အဖွဲ့အစည်းကောင်းကျိုး ကြိုးစားလုပ်ရင်း နေရာအလိုလိုရလာ သူများဖြစ်သည်။ သူတို့၏နေရာကို မည်သူမျှလုမယူနိုင်။ ဆင်သွားရာ လမ်းဖြစ် ဆိုသကဲ့သို့ သူတို့သွားလေရာတွင် နေရာရှိသည်။ ရာဇပလ္လင် ဖင်ကပ်ပါနေသည်ဆိုသည်မှာ ထိုသူများပင်ဖြစ်သည်။ နေရာရမှ ဖြစ်မည်ဆိုလျှင် ကိုယ်ပိုင်နေရာ ဖြစ်ရန်လိုသည်။ ထူးဆန်းသည်မှာ နေရာအဓိက မထားသောသူတို့အတွက် နေရာ ရှိနေတတ်ခြင်းပင်ဖြစ်သည်။

http://www.thevoicemyanmar.com/index.php/perspective/item/2197-%E1%80%94%E1%80%B1%E1%80%9B%E1%80%AC%E1%80%90%E1%80%AD%E1%80%AF%E1%80%B7%E1%81%8F-%E1%80%9E%E1%80%98%E1%80%B1%E1%80%AC.html မှ ကူးယူမှတ်သားပါသည်။

Shared from Ko Kyaw San

No comments:

Post a Comment