Wednesday, August 1, 2012

ဘ၀လွတ်မြောက်ရေး

မဂ်ဥာဏ်မရသေးတဲ့ ပုဂ္ဂိုလ်များကို ပုထုဇဉ်လို့ ခေါ်ပါတယ်။ပုထုဇဉ်ဆိုတာ ကိလေသာတွေ ထူပြောနေကြတဲ့ပုဂ္ဂိုလ်တွေပဲ။

ကိလေသာတွေကအမြဲတစေ စိတ်ကို ညစ်နွမ်းစေကြတယ်။ပူလောင် ဆင်းရဲစေကြတယ်။

ကိလေသာတွေရဲ့ ကြိုးဆွဲခြယ်လှယ်နေတာ ညဉ်းပန်းနှိပ်စက်နေတာကို မောဟ ဖုံးနေတဲ့လူသားတွေက မသိကြဘူး။

လွတ်လပ်ရေးမရခင် ကိုလိုနီခေတ်တုန်းက ရန်ကုန်မြို့တော်ကြီးမှာ ခရီးသည်များကို သယ်ပို့ပေးတဲ့ ရထားလုံးတွေရှိတယ်။

ဒီရထားလုံးတွေကိုပြေးဆွဲတဲ့ မြင်းကြီးတွေက မြက်စိမ်းတွေကိုမှစားတယ်။မြက်ခြောက်တွေကို မစားဘူး။နွေရာသီမှာ မြက်ခြောက်ပဲ

ရနိုင်တော့မြင်းရှင်တွေကမြင်းကြီးတွေကို မျက်မှန်စိမ်းတပ်ပေးပြီး ရေဆွတ်ထားတဲ့ မြက်ခြောက်တွေကိုကျွေးတယ်။

မျက်မှန်စိမ်းနဲ့ကြည့်တော့ ၀ါကြန့်နေတဲ့ မြက်ခြောက်တွေဟာ စိမ်းလန်းနေတာပေါ့။

ဒါကြောင့် မြင်းကြီးတွေက ကျေကျေနပ်နပ်နဲ့ မြက်ခြောက်တွေကို စားကြသတဲ့။

ပုထုဇဉ်တို့ကလည်း မောဟမျက်မှန်စိမ်းတွေ တပ်ထားကြတော့ ရုပ်နာမ်အစုများသာ ဖြစ်ကြတဲ့ ပုဂ္ဂိုလ်သတ္တ၀ါတွေကို ငါ-ယောက်ျား-မိန်းမ-ဇနီး-ခင်ပွန်း-သားသမီး စသည်တို့အနေနဲ့ ထင်မြင်ပြီး တည်မြဲတယ်၊တင့်တယ်တယ်၊လှပတယ်၊ချမ်းသာတယ်လို့ထင်မှတ်ကြတယ်။

ဒါကြောင့်တဏှာ၊ဒိဌိတို့နဲ့ စွဲလမ်းပါတော့တယ်.......။

တဏှာနဲ့သာယာတာတွေကို ငါသာယာနေတယ်လို့ထင်မှတ်ပြီး တဏှာရဲ့ လိုအင်ဆန္ဒတွေကို အစွမ်းကုန် ရုန်းကန်လှုပ်ရှားရင်း

ဖြည့်တင်းနေကြတယ်။သောက်လေသောက်လေ ငတ်မပြေတဲ့ ဆားငန်ရေလို၊ရလေလိုလေ အိုတစ္ဆေ ဖြစ်တဲ့ တဏှာဟာ သူ့ ပိုင်နက်ကို ထပ်ထပ်ပြီးတော့ပဲ ချဲ့ကားနေတော့တယ်။

ဆရာတော် အရှင်ဇနကာဘိဝံသက ဒီလို စပ်ဆိုထားတယ်.......

လူတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။

တဏှာစေရာ မနေသာ ဖွေရှာ ဆက်ရသည်။

ရသည့် ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရသည်။

တကယ့်အရေး တကယ့်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။

အသက်ရှင်နေတုန်းက ကိုယ့်လင်၊ကိုယ့်မိဘတို့ကပဲ ကိုယ့်ကို အမြဲ စောင့်ရှောက်နေသလိုလို၊ကိုယ်အသက်ကြီးလာတဲ့အခါ ကိုယ့်သား

သမီးတွေကိုပဲ အားကိုးနိုင်သလိုလို ထင်မှတ်မိခဲ့ကြတယ်။တကယ် မရဏသေမင်း ရောက်လာတဲ့အခါ ဘယ်သူကမှ အကူအညီမပေးနိုင်တော့ပဲ လည်းစင်းခံကာ သေမင်းခေါ်ရာကို လိုက်ပါသွားကြရတော့တယ်။

ဗုဒ္ဓမြတ်စွာက လူ့ဘ၀ နတ်ဘ၀ စတာတွေကို ရထားတာဟာ ဒုက္ခကို ရထားတာပဲ။ခန္ဓာကိုယ်နဲ့တူတဲ့ ဆင်းရဲ ဒုက္ခမည်သည်မရှိတဲ့။

ခန္ဓာကိုယ်ကြောင့် ပူပြန်ပြီ၊အေးပြန်ပြီ၊ခြင်ကိုက်ပြန်ပြီ၊ကြမ်းပိုးထိုးပြန်ပြီ၊ညောင်းညာပြန်ပြီ၊ကိုက်ခဲပြန်ပြီ၊အကြောတက်ပြန်ပြီ၊အနာရောဂါ

အမျိုးမျိုးဖြစ်ပြန်ပြီ၊ကြောက်စရာ ကင်ဆာ၊AIDSရောဂါလည်း ဖြစ်ရပြန်ပြီ၊ဆာလောင်မွတ်သိပ်တဲ့ရောဂါက နေ့စဉ်ရက်ဆက်ပါပဲ။ဆာလောင်

မွတ်သိပ်ခြင်းနဲ့ တူတဲ့ ရောဂါသည် မရှိတဲ့။

ဒုက္ခသစ္စာမှာ ပဋိသန္ဓေနေရခြင်း၊အိုရခြင်း၊နာရခြင်း၊သေရခြင်း၊စိုးရိမ်ပူဆွေးရခြင်း၊ငိုကြွေးရခြင်း၊ကိုယ်စိတ်ဆင်းရဲခြင်း၊ချစ်သူတွေနဲ့

ကွေကွင်းရခြင်း၊မုန်းသူတို့နဲ့ ယှဉ်တွဲပေါင်းဖော်ရခြင်း၊လိုတာမရခြင်း တို့ဟာ ဆင်းရဲအစစ်အမှန်လို့ ပြဆိုထားတယ်။

ဒါတွေက ထင်ရှားတဲ့ဒုက္ခတွေဖြစ်လို့ ဘယ်သူမှ ဆင်းရဲမဟုတ်ပါဘူးလို့ မငြင်းဆိုနိုင်ဘူး။

ဒါပေမယ့်.........ပုထုဇဉ်တို့က ကိုယ်စိတ်ဆင်းရဲနေခိုက်သာ ဆင်းရဲတယ်ထင်ပြီး အဲဒီဆင်းရဲတာကို မေ့ပျောက်သွားကြတယ်။

ဆေးရုံတက်နေစဉ်အခါ သံဝေဂဖြစ်မိပေမယ့် ကျန်းမာလာတာနဲ့တပြိုင်နက် ကာမဂုဏ်အာရုံတွေကို ခံစားဖို့ ကြိုးစားကြပြန်ရော။

ပြီးတော့ ကာမဂုဏ်စည်းစိမ်တွေအလယ်မှာ မိဘမောင်ဖွားတွေရဲ့ အလယ်မှာ စံပျော်နေတဲ့အခိုက် ဘ၀ဆိုတာ ပျော်ပိုက်စရာ ကောင်းတယ်

လို့ ထင်မိကြပြန်တယ်။ဒါတွေက တည်မြဲတဲ့ သဘောမဟုတ်ဘူးဆိုတာကို သတိမေ့နေကြတယ်။

ဥာတိဗျသန-ဆွေမျိုးပျက်စီးခြင်း၊ဘောဂဗျသန-စီးပွားပျက်စီးခြင်း၊ရောဂဗျသန-အနာရောဂါနှိပ်စက်လို့ပျက်စီးခြင်း၊သီလဗျသန-ကောင်းတဲ့

ကိုယ်ကျင့်တရားကျော်စောခြင်းသတင်း ပျက်စီးခြင်း စသည်ဖြင့် ဒီလိုပျက်စီးခြင်းတရားတွေ ပတ်ချာဝိုင်းနေတာပဲ။

မိသားစုပျော်တပြုံးပြုံးဖြစ်နေတုန်း တစ်ယောက်ယောက် သေဆုံးသွားရင် အလွန်အမင်း ပူဆွေးငိုကြွေးရပြီ...။စီးပွားရေး ပျက်ပြုန်းသွားရင်

အကြီးအကျယ် ပူဆွေးသောက ဖြစ်ရပြီ။အချို့ အသက်ပါ ဆုံးရှုံးကြရတယ်။

နတ်မိဖုရား လေးကုဋေကျော်နဲ့ ကြီးကျယ်တဲ့ စည်းစိမ်ပိုင်ရှင်ကြီးဖြစ်တဲ့ သိကြားမင်းဟာ သူကံကုန်တော့မယ်ကို သိတော့ အကြီးအကျယ်

တုန်လှုပ်ချောက်ချားသွားတယ်။သိကြားမင်းက မြတ်စွာဘုရားထံချဉ်းကပ်ပြီး တရားနာကြားလိုက်ရလို့ သောတာပန်လည်း ဖြစ်သွားတယ်။

တရားနာတုန်း စုတေတော့ သိကြားပြန်ဖြစ်တဲ့အတွက် သိကြားရာထူးလည်း ပြန်မြဲသွားတယ်။အဲဒီတော့ သိကြားရာထူးမြဲအောင်

ဘယ်သူက ကူညီပေးလိုက်သလဲဆိုရင် ဗုဒ္ဓမြတ်စွာပါပဲ......။

ဒါကြောင့် လူစည်းစိမ်၊နတ်စည်းစိမ်တွေဟာ ၀ိပရိနာမဒုက္ခတဲ့။ပြည့်စုံတည်တံ့နေတဲ့ အခိုက်ကလေးသာ ချမ်းသာတယ်ထင်ရပြီး အခြေအနေ

ပျက်သွားတာနဲ့ တပြိုင်နက် ကြီးကျယ်တဲ့ ဒုက္ခအဖြစ်ပေါ်လွင်လာတော့တယ်။

အဆိုးဆုံးဆင်းရဲဒုက္ခကတော့ သင်္ခါရဒုက္ခပါပဲ။ရုပ်တရား နာမ်တရားတို့ဟာ ခဏမစဲ ဖြစ်ပျက်နေတဲ့ သင်္ခါရတရားတွေပဲ၊တစ်စက္ကန့် အတွင်း

မှာကို ကုဋေသိန်းပေါင်းများစွာ ဖြစ်ပျက်နေကြတော့ ဒီဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတာဟာ ဒုက္ခဆင်းရဲအစစ်ပါပဲ။

ဒါကြောင့် ငါ၊ငါ့ဥစ္စာ၊နိစ္စ၊သုခ၊အတ္တ ရယ်လို့ စွဲလန်း နိုင်တဲ့ ရုပ်နာမ် ခန္ဓာငါးပါးဟာ ဆင်းရဲပင်တည်းလို့ ဗုဒ္ဓမြတ်စွာ မိန့်ကြားတော်မူပါတယ်။

ဒါဖြင့်ရင် လူ့ဘ၀၊နတ်ဘ၀၊ဗြဟ္မာဘ၀ စတဲ့ ရုပ်၊နာမ်တွေ ရထားတာဟာ ဆင်းရဲ အစစ်အမှန်ပဲဆိုတဲ့ ဒုက္ခသစ္စာဟာ သွေးထွက်အောင်

မှန်ပေပြီ။ဒီဆင်းရဲ ဒုက္ခတွေကို ဘယ်သူက ဖန်တီးပေးနေသလဲ။ဘယ်သူက ဖြစ်ပေါ်နေစေသလဲ။တဏှာဟာ ဆင်းရဲကြောင်း အစစ်အမှန် တရား သမုဒယသစ္စာပဲလို့ မြတ်ဗုဒ္ဓ ဟောကြားတော်မူတယ်။ဘာကြောင့်လဲ......

ကာမချမ်းသာ၊ဈာန်ချမ်းသာတို့ကို တကယ့် ချမ်းသာအစစ်လို့ထင်မှတ်ပြီး နှစ်သက်သာယာနေတဲ့ ကာမတဏှာ၊ဘ၀တဏှာတို့က ဘ၀အသစ်များကို ထပ်ကာဖန်ဖန် ဖြစ်ပေါ်နေစေတာကိုး။(တဏှာအစေးသာ မရှိရင် ကံမျိုးစေ့တွေက ဘ၀အသစ်များကို မပေါက်ပွားစေနိုင်

ဘူး)ဒါကြောင့် တဏှာဟာ ဘ၀ခန္ဓာအိမ်တွေကို တည်ဆောက်ပေးနေတဲ့ လက်သမားပဲလို့ မြတ်ဗုဒ္ဓဟောကြားတော်မူတယ်။

တဏှာဟာ ယခုလက်ရှိဘ၀မှာလည်း ဆင်းရဲအမျိုးမျိုးကို ဖန်တီးပေးနေတယ်။သွားချင်တယ်၊စားချင်တယ်၊ကြည့်ချင်တယ်၊

ကားစီးချင်တယ်၊တိုက်အိမ်နဲ့ နေချင်တယ်ဆိုတဲ့ချင်ခြင်းတဏှာကြောင့် လူတွေအမျိုးမျိုး ရုန်းကန်လှုပ်ရှားနေကြတယ်။ပြီးတော့ တဏှာနဲ့ တပ်မက်တွယ်တာနေတဲ့ သက်ရှိသက်မဲ့ပစ္စည်းတွေပျက်စီးသွားတဲ့အခါ အကြီးအကျယ် ပူဆွေးသောက ဖြစ်ကြရပြန်တယ်။

တဏှာကို သမုဒယသစ္စာလို့ ခေါင်းတည်ပြီး ဟောကြားထားပေမယ့် အ၀ိဇ္ဇာခေါ်တဲ့ မောဟ ဒါရိုက်တာက ကန့်လန့်ကာ နောက်က

ခြယ်လှယ်ပြီး ကိလေသာတရားတွေ အားလုံးက သတ္တ၀ါတွေကို သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်အောင် နှောင်ဖွဲ့ထားကြတယ်။

ဆင်းရဲဒုက္ခရောက်အောင် ညှင်းပန်းနှိပ်စက်နေကြတယ်။

ဒီလိုဆိုရင် ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲ။

ကိလေသာအနှောင်အဖွဲ့ တွေကို အားလုံး ရိုက်ချိုးပစ်ရမယ်။

ကိလေသာ ချုပ်ငြိမ်းရင် နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်ပြီ။

လောဘ၊ဒေါသ၊မောဟ၊မာန၊ဒိဌိ စတဲ့ ကိလေသာတွေဟာ အင်မတန် သိမ်မွေ့ကြတယ်။သူတို့ကို ဘယ်လို ရိုက်ချိုး ပယ်သတ်ရမလဲ။

မြတ်ဗုဒ္ဓက မဂ္ဂသစ္စာ အဖြစ်ဟောကြားထားတဲ့ အလယ်လမ်း ကျင့်စဉ်တရားဖြင့်သာ ကိလေသာတွေကို ပယ်သတ်နိုင်တယ်။

တစ်ခြားနည်းလမ်း မရှိဘူး။

"ဒေါက်တာမင်းတင်မွန်"

1992၊April လထုတ် နတ်ရေကန် မဂ္ဂဇင်းမှ ကောက်နုတ်တင်ပြ ဝေမျှသည်။

Shared from Ma Waing Chit

No comments:

Post a Comment