Thursday, August 9, 2012

*** သာမညဖလသုတ် *** သီလ နှင့် သမာဓိ မဂ္ဂင် (၁)

သာမညဖလသုတ် အနှစ်ချုပ်

သီ, သံ, သ, သံ လေးတန်ပိုင်နိုင်၊

နီဝရဏ ငါးဝယ်ချိုင်။

စားသောက်ရှုထုတ် သိမ်းချုပ်ကာထိုင်၊

ဈာန်မဂ်ငြိမ်း တက်လှမ်း နိဗ္ဗာန်တိုင်။


သီ, သံ, သ, သံ ဆိုတာ…

(၁) သီလ၊ (၂) သံဝရ၊ (၃) သတိ၊ (၄) သန္တုဋ္ဌိ တို့ ဖြစ်ကြပါတယ်။

-------------------------------------------------------------------------

နိဗ္ဗာန်နဲ့ ဘယ်လောက်နီးနေပြီလဲလို့ လူတွေကို မေးတဲ့အခါ... အဝေးကြီး လိုပါသေးတယ် လို့ ဖြေကြတယ်။ ဘယ်လောက်ဝေးသေးသလဲ၊ ဘယ်လောက်လိုသေးသလဲ မေးခဲ့ရင်တော့ ဘယ်လိုဖြေရမှန်း မသိတော့ဘူး။ ဇဝေဇ၀ါတွေ ဖြစ်ကုန်ကြတယ်။
နိဗ္ဗာန်ရဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ နည်းလမ်းသိရင်လည်း မခက်ပါဘူး။ နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေဖို့က အရေးကြီးပါတယ်။ နိဗ္ဗာန်ဆိုတဲ့ ခရီးဆုံးကိုရောက်ဖို့အတွက် မှတ်တိုင်ရှစ်ခုကို ဖြတ်ကျော်ရလိမ့်မယ်။ အဲဒီမှတ်တိုင်ရှစ်ခုဆိုတာ မဂ္ဂင်ရှစ်ပါးကို ဆိုလိုပါတယ်။ အဲဒီတော့ အဲဒီမှတ်တိုင်ရှစ်ခုမှာ ကိုယ်က ဘယ်နှစ်မှတ်တိုင်မြောက်လောက်ကို ခရီးပေါက်နေပြီလဲဆိုတာကို သိဖို့လိုတယ်။ အဲဒီလိုသိဖို့အတွက်… မှတ်တိုင်ရှစ်ခုဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အရင်ဖော်ပြပါမယ်…….


ပညာမဂ္ဂင် နှစ်ပါး (ဥာဏ်လမ်း) = တရားပြည့် (ဖြူအောင် စိတ်ကိုထား)
၁) သမ္မာဒိဋ္ဌိ = အမြင်မှန်
၂) သမ္မာသင်္ကပ္ပ = အကြံမှန်

သီလမဂ္ဂင် သုံးပါး (ကံလမ်း) = တရားရှိ (မကောင်းမှုရှောင်၊ ကောင်းမှုဆောင်)
၃) သမ္မာဝါစာ = အပြောမှန်
၎) သမ္မာကမ္မန္တ = အလုပ်မှန်
၅) သမ္မာအာဇီဝ = အသက်မွေးမှန်

သမာဓိမဂ္ဂင် သုံးပါး (ဈာန်လမ်း) = တရားထုတ်
၆) သမ္မာဝါယမ = အားထုတ်မှန်
၇) သမ္မာသတိ = သတိထားမှန်
၈) သမ္မာသမာဓိ = တည်ကြည်မှန်
--------------------------------------------------

လောကမှာ လူတိုင်းလူတိုင်းဟာ စိတ်အေးချမ်းချင်ကြပါတယ်။ ဒါဆို… ဘယ်လိုနေထိုင်ပြုမူကြရင် စိတ်အေးချမ်းကြည်လင်နိုင်ကြမလဲလို့ လေ့လာစူးစမ်းကြည့်လိုက်တော့… လူတွေဟာ သူတစ်ပါးကို မသတ်ဖြတ်ထားဘူး။ သူတစ်ပါးဥစ္စာတွေကို မခိုးယူ၊ မသိမ်းပိုက်ထားဘူး။ သူတစ်ပါး သားမယားတွေကို မပြစ်မှားထားဘူး။ သူတစ်ပါးကို လိမ်လည်လှည့်ဖြား ပြောဆိုမှု မရှိထားဘူး။ အရက်သေစာ မသောက်သုံးထားဘူး… စတဲ့ မကောင်းမှုအပြစ်တွေကို ကိုယ့်ဘက်က ကျူးလွန်ထားခြင်း မရှိဘူးဆိုရင် အပြစ်ကင်းစင်ခြင်းဆိုတဲ့ ကြည်လင်အေးချမ်းတဲ့ရသကို ခံစားကြရမှာပါ။
လူတစ်ယောက်ဟာ တောထဲထွက်ပြီး တရားအားမထုတ်နိုင်ဘူး ဆိုခဲ့ရင်တောင်မှ လူမှုလောကထဲမှာနေပြီး အနေတတ်ခဲ့မယ်ဆိုရင် မဂ္ဂင်မှတ်တိုင်တွေကို နိစ္စဒူဝသွားလာလှုပ်ရှားရင်းနဲ့လဲပဲ ရောက်ရှိနိုင်ပါတယ်။ သီလမဂ္ဂင် သုံးပါးကို စဉ်းစားကြည့်ကြရအောင်…
၃) သမ္မာဝါစာ = အပြောမှန်
၎) သမ္မာကမ္မန္တ = အလုပ်မှန်
၅) သမ္မာအာဇီဝ = အသက်မွေးမှန်
သီလမဂ္ဂင် သုံးပါး ဆိုတာကို အနှစ်ချုပ်လိုက်ရင် ရမှာက “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်” ဆိုတာပါပဲ။

လူမှုဘ၀ထဲမှာနေမယ်ဆိုရင် သေချာပေါက် စကားတွေ ပြောနေရမှာပါပဲ။ အဲဒီလို စကားပြောရင်းနဲ့လဲပဲ သမ္မာဝါစာမဂ္ဂင် ဖြစ်ဖို့အတွက် မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ကြရမယ်။ စကားပြောတဲ့အခါ အတင်းမပြောဘူး၊ လိမ်ညာမပြောဘူး၊ ကုန်းမတိုက်ဘူး၊ ချောက်မတွန်းဘူး၊ ဆဲရေးတိုင်းထွာမပြောဘူး၊ သူတစ်ပါး စိတ်ဆင်းရဲအောင် မပြောဘူး… ဆိုလို့ရှိရင် မကောင်းမှုကို ရှောင်လိုက်တာပါပဲ။ ဒီလိုမကောင်းတာတွေ မပြောဘူး၊ ရှောင်လိုက်တယ် ဆိုရုံလေးနဲ့ သမ္မာဝါစာမဂ္ဂင် ၁၀၀% ပြည့်မသွားသေးပါဘူး။ ၅၀% ပဲရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ မကောင်းမှုကို ရှောင်ရုံလေးပဲ ရှိသေးတယ်၊ ကောင်းမှုကိုမှ မဆောင်ရသေးတာ။ သီလအပြည့်ရှိဖို့ဆိုတာ မကောင်းမှုရှောင်တယ်ဆိုတဲ့ ၀ါဒိတရယ်၊ ကောင်းမှုဆောင်တယ်ဆိုတဲ့ စာရိတ္တရယ် နှစ်မျိုးလုံးပြည့်စုံမှ ၁၀၀% ပြည့်ဝသွားမှာ။ အဲဒီတော့ စကားပြောတဲ့အခါ သမ္မာဝါစာမဂ္ဂင် ဖြစ်ဖို့ဆိုရင် မကောင်းတဲ့အပြောအဆိုတွေကို ရှောင်ပြီးနောက်မှာ ကောင်းတဲ့အပြောအဆိုလေးတွေကိုပါ လိုက်ပြောပေးရပါတယ်။ ဥပမာ… ကိစ္စတစ်ခုကို ညာမပြောဘဲ အမှန်အတိုင်း ပြောလိုက်ရမယ်၊ ချစ်ခင်နေသူနှစ်ဦး ပရိပက္ခဖြစ်နေပြီဆိုရင် ကုန်းတိုက်တာကို ရှောင်လိုက်ပြီးတဲ့အပြင် ပြန်သင့်မြတ်သွားအောင်ပါ ချစ်ကြည်ရေးစကားမျိုးတွေကို ပြောပေးရပါမယ်။ ဆဲရေးတိုင်းထွာမပြောခြင်းအားဖြင့် မကောင်းသောစကားကို ရှောင်လိုက်ပြီးတဲ့နောက် လိမ္မာယဉ်ကျေးပြီး နှစ်လိုဖွယ်ရှိတဲ့စကားကိုပါ ပြောဆိုရပါမယ်။ သူတစ်ပါးရဲ့ မကောင်းကြောင်းကို မပြောခြင်းဆိုတဲ့ မကောင်းသောအတင်းစကားကို ရှောင်လိုက်ပြီးတဲ့နောက် အဲဒီသူရဲ့ ကောင်းတဲ့အကြောင်းလေးတွေကိုပါ ဖွင့်ဟပြောဆိုပေးရပါမယ်။ အဲဒါမှ သမ္မာဝါစာမဂ္ဂင်ဆိုတဲ့ မှတ်တိုင်တစ်ခုကို ရောက်ရှိသွားတာပါ။ အကယ်၍ ကိုယ်က စကားပြောတဲ့အခါတွေမှာ အပေါ်မှာဖော်ပြခဲ့သလို မကောင်းတဲ့စကားတွေဆို လုံးဝမပြောဘူး၊ ကောင်းသောစကားတွေကိုသာ ပြောဆိုလေ့ရှိတယ်ဆိုရင် မဂ္ဂင်ရှစ်ပါး မှတ်တိုင်ရှစ်ခုထဲက တစ်ခုကို ကိုယ်ကရောက်နှင့်နေပြီပေါ့။
---------- * ---------- * ---------- * ----------

အဲဒီလိုပဲ အလုပ်လုပ်တဲ့အခါမှာလည်း မကောင်းမှုရှောင်၊ ကောင်းမှုကိုဆောင်ပြီး လုပ်ရမယ်။ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ သီလတွေကတော့ သူများအသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူများသားမယား ပြစ်မှားခြင်း အစရှိတဲ့ မကောင်းမှုတွေပါပဲ။ အဲဒီမကောင်းမှုတွေကို ရှောင်လိုက်မယ်ဆိုရင် “မကောင်းမှုရှောင်” ဆိုတဲ့ အပိုင်းကိုတော့ ရသွားပါပြီ။ အပြည့်တော့ မဖြစ်သေးဘူး။ အပြည့်ဖြစ်ဖို့ “ကောင်းမှုဆောင်” ဖို့ဆိုရင်တော့ သူများအသက်ကို မသတ်ခြင်းဖြင့် မကောင်းမှုကို ရှောင်လိုက်တဲ့အပြင် သူများအသက်ကို ကာကွယ်ပေးခြင်း၊ ကယ်ဆယ်ကုသပြုစုပေးခြင်း၊ သူများဥစ္စာကို ခိုးယူခြင်းမှ ရှောင်လိုက်တဲ့အပြင် သူများဥစ္စာကို မပျောက်မပျက်၊ မပျက်မစီးရအောင် ကာကွယ်ပေးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း၊ တိုးပွားစည်ပင်လာအောင် ကူညီပံ့ပိုးပေးခြင်း။ သူများသားမယားကို ပြစ်မှားခြင်းမှ ရှောင်ကြဉ်လိုက်တဲ့အပြင် ယဉ်ကျေးမှုအရ သူများသားမယား၊ သားပျို၊ သမီးပျိုတို့ကို အလားတူအန္တရယ်တို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း အစရှိတဲ့ ကောင်းမှုတွေကိုပါ ဆောင်လိုက်မယ်ဆိုရင် သမ္မာကမ္မန္တဆိုတဲ့ အလုပ်မှန်မဂ္ဂင်ကြီးကိုပါ အပြည့်အ၀ရရှိသွားမှာပါ။ အပေါ်က သမ္မာဝါစာ(အပြောမှန်) နဲ့ပါ ပေါင်းလိုက်မယ်ဆိုရင် သမ္မာဝါစာ(အပြောမှန်) နှင့် သမ္မာသမ္မန္တ(အလုပ်မှန်) ဆိုတဲ့ မဂ္ဂင်နှစ်ပါး မှတ်တိုင်နှစ်ခုကို ရောက်ရှိသွားမှာပါ။
---------- * ---------- * ---------- * ----------

သီလမဂ္ဂင် သုံးပါးထဲက နောက်ဆုံးတစ်ခုဖြစ်တဲ့ သမာအာဇီဝ(အသက်မွေးမှန်) ဆိုတာကလည်း သေချာစဉ်းစားကြည့်ရင် စီးပွားရေးလုပ်တဲ့အခါ အပြော နဲ့ အလုပ်… ဒီနှစ်မျိုးနဲ့ပဲ စီးပွားဝင်ငွေ ရှာနေရတာပါပဲ။ အဲဒီတော့ အပြောမှန်တယ်(သမ္မာဝါစာဖြစ်တယ်)၊ အလုပ်မှန်တယ်(သမ္မာကမ္မန္တဖြစ်တယ်) ဆိုရင်ပဲ သမာအာဇီဝ(အသက်မွေးမှန်) ဖြစ်ဖို့က အလိုလိုသေချာနေပါပြီ။ ကိုယ်အစာ၀၀စားရဖို့၊ အ၀တ်ကောင်းကောင်းဝတ်ရဖို့၊ သက်တောင့်သက်သာနေရဖို့အတွက် သူတစ်ပါးတွေကို ကိုယ်ဆင်းရဲခြင်းဒုက္ခ၊ စိတ်ဆင်းရဲခြင်းဒုက္ခမျိုးတွေ မဖြစ်စေဘူးဆိုရင်တော့ ဒါဟာ သမာအာဇီဝ ဖြစ်သွားတာပါပဲ။ အပေါ်က ရပြီးသား မဂ္ဂင်နှစ်ပါးနဲ့ ဒီသမ္မာအာဇီဝမဂ္ဂင်နဲ့ပါ ပေါင်းလိုက်ရင် စုစုပေါင်း မဂ္ဂင်က သုံးပါး… မှတ်တိုင်အနေနဲ့ဆို သုံးမှတ်တိုင်ကို ရောက်ရှိသွားပါပြီ။

ဒီအချိန်မှာ စဉ်းစားမိကြမှာက ငါတို့က အပြောလည်း မမှန်သေးဘူး။ တခါတလေ သူများအတင်းပြောတယ်။ ညာပြောမိတယ်။ ကြမ်းကြမ်းတမ်းတမ်းပြောမိတဲ့ အခါတွေရှိတယ်။ အလုပ်ဆိုရင်လည်း ခြင်လေးတွေ၊ ပုရွက်ဆိတ်လေးတွေ သတ်မိတယ်။ သူများပစ္စည်း မရည်ရွယ်ပေမယ့် ခွင့်မတောင်းဘဲ ယူထားမိတယ်… စသဖြင့် အပြစ်တွေက စင်စင်ကြယ်ကြယ်ကြီး မဖြစ်လို့ စိတ်ညစ်သွားတတ်တယ်။ မှတ်ရမှာက မြတ်စွာဘုရားသာသနာမှာ အပြစ်ကြီးလေးရင် ကြီးလေးသလို လုံးဝပျောက်ပျက်မသွားမယ့် အပြစ်မျိုးတွေ ရှိရင်တောင်မှ အပြစ်ကလုံးဝဥဿုံ မပျောက်တာပဲရှိတယ်။ ပါးအောင်၊ နည်းသွားအောင်တော့ လုပ်လို့ရပါတယ်။ ဥပမာပြောရရင်… ကင်ဆာရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါတို့ဟာ လုံးဝပျောက်သွားအောင် ကုလို့မရပေမယ့် သက်သာအောင်တော့ ကုပေးနေလို့ရပါတယ်။ တိုက်ရိုက်ဥပမာပြောရရင်… ပဉ္စာန္ဒံရိယကံမျိုးကို ကျူးလွန်ထားတယ်ဆိုတာ ကင်ဆာရောဂါ သို့ အေအိုင်ဒီအက်စ်ရောဂါ စတဲ့ အမြစ်ပျက်ပျောက်ကင်းအောင် ကုလို့မရတဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရတာနဲ့ အလားသတန်တူပါတယ်။ အရှင်း..အမြစ်ပျက်ပျောက်အောင် ကုသလို့ဘယ်လိုမှ မရတော့ပေမယ့် ရောဂါကသက်သာအောင်တော့ ကုစားလို့ရပါသေးတယ်။ ဥပမာ… အဇာတသတ်မင်းဟာ အဖသတ်တဲ့ ဂိုဏ်းသင့်နေတဲ့ကံကြီးကြောင့် ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ညဘက်အိပ်တဲ့အခါ ငရဲသားတွေက လှံတွေ၊ ဓားတွေနဲ့ ၀ိုင်းထိုးကြ၊ နှိပ်စက်ကြတဲ့ အိပ်မက်နိမိတ် ငရဲအာရုံဆိုးကြီးတွေကိုတော့ ပျောက်ကင်းသွားအောင် တရားဆေးက ကုသပေးနိုင်ပါတယ်။ အဲဒီလောက် ကြီးမားလေးလံတဲ့ ဂိုဏ်းသင့်တဲ့ကံကြီးတွေမှအစ သေးတဲ့မကောင်းမှုကံတွေအထိ ဘယ်လိုမကောင်းမှုမျိုးကိုမဆို သက်သာအောင် သို့ လုံးဝပျောက်ကင်းအောင် ကုသတဲ့နည်းရှိပါတယ်။ 

အဲဒီနည်းကတော့… အကုသိုလ်ပြုပြီးတဲ့အခါ အချက်သုံးချက်ကို လိုက်နာရပါတယ်။ “အပြစ်ရှုကာ၊ လျော်စွာကု၊ မပြုနောင်ကျဉ်၊ ပြစ်ကင်းစင်၊ သာသနာတွင် ကြီးပွားကြောင်း” တဲ့။
၁) အပြစ်ပြုပြီးတဲ့အခါ အပြစ်ကို အပြစ်မှန်းသိရပါမယ်။
၂) ပြီးရင် ပြုခဲ့တဲ့အပြစ်ကို ၀န်ခံရပါမယ်။ တောင်းပန်သင့်ရင် သူတစ်ပါးကျေနပ်တဲ့အထိ တောင်းပန်ရမယ်၊ ကန်တော့သင့်ရင် ၀န်ချကန်တော့ရမယ်။ ကျေအေးတဲ့အထိ လုပ်ဆောင်ပေးသင့်တာကို လုပ်ဆောင်ပေးရပါမယ်။ သံဃာတွေဆိုရင် အပြစ်အကြီးအသေးပေါ် မူတည်ပြီး ဒေသနာနာကြားသင့်ရင် နာကြားရပါမယ်။
၃) ပြီးရင် ဒီအပြစ်မျိုး နောက်ထပ် ဘယ်တော့မှ မကျူးလွန်တော့ပါဘူးလို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီး ချထားတဲ့ ဆုံးဖြတ်ချက်အတိုင်း သေသည်အထိ တသွေမတိမ်း ထိန်းသိမ်းလိုက်နာရပါမယ်။
အဲဒီအချက်သုံးချက်နဲ့ ပြည့်စုံအောင် အပြစ်ကိုကုစားနိုင်မယ်ဆိုရင်တော့ သေးတဲ့အပြစ်တွေပျောက်ပြီး ကြီးတဲ့အပြစ်တွေက သက်သာရာရပါလိမ့်မယ်… ဆိုပြီး မြတ်စွာဘုရားက အဇာတသတ်ဘုရင်ကို ဟောကြားခဲ့ပါတယ်။ အဲဒီလို အပြစ်ကို ကုစားပြီးတဲ့နောက်မှာတော့ အဇာတသတ်ဘုရင်ဟာ ညဘက်အိပ်မရတဲ့ ဒုက္ခဆင်းရဲကြီးမှ ကင်းလွတ်ခွင့်ရပြီး ချမ်းသာစွာ အိပ်စက်သွားနိုင်ပါတယ်။ ဒါဟာ အပြစ်ကို ကုစားခြင်းရဲ့ ချက်ချင်းလက်ငင်း တရားအကျိုးပါပဲ။ 

အပေါ်မှာ ဖော်ပြခဲ့တာကို ပြန်ကောက်ရရင် လူတိုင်းမှာ မဂ္ဂင်တစ်ခု လုံးလုံးလျားလျား ရအောင် မပြည့်စုံနိုင်သေးရင် အပြစ်တွေကျိုကြားကျိုကြား ရှိနေသေးရင် အခုလို အပြစ်ကုစားတဲ့နည်းနဲ့ ကုစားခြင်းအားဖြင့် အပြစ်တွေမှ ကင်းစင်တဲ့ချမ်းသာကို လက်ငင်းခံစားနိုင်ကြမှာပါ။ အခုချက်ချင်း အပြစ်ကင်းအောင် နေလိုက်ရင်၊ ကုစားလိုက်ရင် အခုချက်ချင်း အပြစ်ကင်းတဲ့အရသာ၊ ကြည်လင်အေးချမ်းတဲ့အရသာကို အခုချက်ချင်း ခံစားရပါလိမ့်မယ်။ ဒါဆိုရင် နိဗ္ဗာန်လမ်းပေါ်ကို တည့်တည့်မတ်မတ် ရောက်ရှိသွားမှာပါ။ တည့်တည့်ရောက်သွားပြီ ဆိုရင်တော့ ရှေ့ဆက်ပြီး မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ဖို့ပဲ ကျန်တော့မှာပေါ့။ နည်းလမ်းသိရင် နိဗ္ဗာန်က ကိုယ်တွေ ထင်နေသလောက်တော့ ဝေးမနေပါဘူး။ လမ်းကိုသိပြီးတော့သွား၊ သွားရင်းနဲ့ လမ်းမှန်ပေါ်ကို ရောက်သွားတဲ့အခါ ဖြည်းဖြည်းချင်း ရှေ့ဆက်လှမ်းရုံပါပဲ။

နိဗ္ဗာန်သွားမယ့် မှတ်တိုင်ရှစ်ခုထဲမှာမှ သုံးခုကြီးများတောင် ရောက်ပြီးနေပြီနော်။ တော်တော်လေး ခရီးပေါက်လာပြီ။
---------- * ---------- * ---------- * ----------

သမာဓိမဂ္ဂင် သုံးပါးထဲက အရေးအကြီးဆုံး သတိအကြောင်း ပြောကြရအောင်။

“ဖော်၊ ကပ်၊ စပ်၊ ကာ၊ သိမှတ်ပါ - ငါးဖြာ သတိမှု”

သာသနာမှာ အရေးအကြီးဆုံးဖြစ်တဲ့ သတိရဲ့အလုပ်က ငါးမျိုးရှိပါတယ်။

ဖော် - ဆိုတာက သိစရာအာရုံကို သတိက ဖော်ပေးရတာ။ ပညာက သိရုံပဲ သိတာ။ သတိက သိအောင်လို့ ဖော်တဲ့အလုပ်ကို လုပ်ပေးရတာပါ။ ဥပမာ… ပစ္စည်းတစ်ခု ပျောက်တယ်ဆိုရင် သူများကိုမေးမယ်။ ငါ့ပစ္စည်း ဘယ်မှာတွေ့မိလဲပေါ့။ သူများကလည်း မသိဘူး။ ကိုယ်ကလည်း လိုက်ရှာတာ နှံ့နေပြီ။ ရှာမတွေ့တော့ဘူး။ ဒါဆိုရင် ဘာလုပ်မလဲ… စပြီးတော့ စဉ်းစားရတော့မယ်။ ဘယ်နားသွားခဲ့သလဲ။ ဘယ်မှာကျန်ခဲ့လိမ့်မလဲ ဆိုပြီးတော့ ဖော်ရတော့မှာပေါ့။ ဖော်ပြီးလို့ရပြီဆိုတော့မှ သိသွားတာ။ အဲဒီဥပမာမှာဆို ဖော်တာက သတိကလုပ်ရတာ။ နောက်ဆုံး ဘယ်မှာကျန်ခဲ့လဲဆိုတာကို သိသွားတော့မှ ဥာဏ်က သို့ ပညာကနေပြီး သိပြီဆိုပြီးတော့ ဖြစ်သွားတာ။ ဥာဏ်က သိလိုက်တာလေ။ သတိက ဖော်ဖော်ပေးနေမှ ပညာဥာဏ်က နောက်ဆုံး သိတဲ့အဆင့်ကို ရောက်သွားမှာ။
ဒီဥပမာလေးလိုပေါ့…

ဟိုးအရင်ခေတ်တုန်းကဆိုရင် ကျေးလက်တောရွာတွေက ရွာသူရွာသားတွေက ပညာဗဟုသုတနည်းပါးကြတော့ မြို့ကနေ ၀န်ကြီးဝန်မင်းတွေက ကျေးရွာတွေကို လာပြီး ပညာဗဟုသုတ ပေးကြတယ်။ သိချင်တဲ့ မေးခွန်းတွေကို ဖြေပေးကြတယ်။ အဲဒီမှာ ရွာသားတစ်ယောက်က မေးတယ်ပေါ့။ နန်းတော်ကြီးမှာ ပြဿာဒ်ဘယ်နှစ်ဆောင် ရှိပါသလဲ။ ၀န်ကြီးဝန်မင်းတွေက ဆက်နားထောင်သလို ငြိမ်နေတော့ ရွာသားက သူကြားဖူးနားဝလေး မှန်လိုမှန်ငြား ဆက်ပြောတယ်။ သူကြားဖူးတာကတော့ နန်းတော်ကြီးမှာ ပြဿာဒ်ပေါင်း ၁၅ ခုရှိတယ်လို့ ကြားဖူးတာပါပဲ။ ဟုတ်သလားတော့ မသိပါဘူး ၀န်မင်းရယ်ဆိုရင်… အဲဒီအခါကျတော့မှ ၀န်မင်းတွေက အေး၊ ဟုတ်တယ်။ မသိရင်မှတ်ထား။ နန်းတော်ကြီးမှာ ပြဿာဒ်ပေါင်း ၁၅ ခု ရှိတယ်ကွဲ့။ နောက်တစ်ယောက်က ထပ်မေးတယ်။ လှေကားပေါင်း ဘယ်နှထစ်ရှိသလဲ… အထစ် ၁၀၀ ရှိတယ်လို့တော့ ပြောကြတာပဲ… လို့ ကိုယ်တိုင်မေးပြီး ကိုယ်တိုင်ဖော်ပေးလိုက်ရင်လည်း ၀န်မင်းတွေက အေး၊ နောက်ဆို မှတ်ထားကွဲ့၊ နန်းတော်ကြီးမှာ လှေကားထစ်ပေါင်း ၁၀၀ ရှိတယ်ကွဲ့……. ဆိုသလိုပါပဲ။ အဲဒီမှာ ကိုယ်တိုင်မေးပြီး ကိုယ်တိုင်တွေဖြေနေရတဲ့ ဖော်ပေးနေရတဲ့ ရွာသားတွေက “သတိ” ဆိုရင် ရွာသားတွေ ဖော်ပေးတော့မှ သိသွားတဲ့ ၀န်မင်းတွေက “ဥာဏ်” ပေါ့။ နားလည်အောင် သတိ နဲ့ ဥာဏ်ကို ထပ်ဆင့်ဥပမာပေးလိုက်တာပါ။
(အရင်ခေတ်ကတော့လေ အဲဒီလိုပဲ ၀န်ကြီးဝန်မင်းတွေက ပညာသွားပေးသလိုလိုနဲ့ ရွာသားတွေဆီက ပညာပြန်သင်ပြီး ပြန်လာခဲ့ကြတာ။ အခုခေတ်ကတော့ သင်ယူရကောင်းမှန်းကိုမသိဘဲ လိုအပ်တာတွေ မှာစားပြီး ပြန်လာခဲ့ကြတာပါပဲ…)

သတိရဲ့ နောက်အလုပ် လေးမျိုးကတော့…

ကပ် - သိစရာအာရုံနဲ့ သိတဲ့စိတ်ကလေးကို သတိက ကပ် ပေးရတာ။

စပ် - ရှေ့စိတ် နဲ့ နောက်စိတ် အထပ်ထပ်ဖြစ်အောင် သတိက စပ် ပေးရတာ။

ကာ - ပေါ်လာတဲ့အာရုံလေးကို မ၀င်လာအောင် ကာ ပေးနေရတာ။

သိမှတ်ပါ - သိစရာအာရုံကို သိမှတ်ပေးနေတာ။

အကျဉ်းချုပ်ပြောရရင် သမာဓိမဂ္ဂင် သုံးပါးစလုံးရှိမှ သီလမဂ္ဂင် တစ်မျိုးစီရအောင် လုပ်ပေးနိုင်တာပါ။ သမ္မာသတိ ကပဲ သမ္မာဝါစာ၊ သမ္မာကမ္မန္တ နဲ့ သမာအာဇီဝ တို့ဖြစ်အောင် စွမ်းဆောင်ပေးတာ။ သမ္မာသတိ၊ သမ္မာဝါယမ၊ သမ္မာသမာဓိ သုံးပါးလုံးနဲ့ အားထုတ်မှ သမ္မာဝါစာမဂ္ဂင်တစ်မျိုး ရပါတယ်။ အကယ်၍ ကိုယ်က မကောင်းသောစကားကို ရှောင်နိုင်ပြီး ကောင်းသောစကားကို ပြောလေ့ရှိတယ်ဆိုရင် သမ္မာဝါစာမဂ္ဂင် အပြင် သမာဓိမဂ္ဂင် သုံးပါးပါ ပေါင်းလိုက်တော့ မဂ္ဂင် ၄ ပါး ရပါတယ်။ နောက်ထပ် သမ္မာကမ္မန္တမဂ္ဂင် ဖြစ်ဖို့ဆိုရင်လည်း သမာဓိမဂ္ဂင် သုံးပါးပါမှ ရမှာပါ။ သမ္မာအာဇီဝလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲဒီတော့ အပေါ်က သီလမဂ္ဂင် သုံးပါးလုံးကို ရအောင် စွမ်းဆောင်နိုင်တယ်ဆိုတာ သမာဓိမဂ္ဂင် သုံးပါးလည်း အလိုလိုရှိနေပြီးသားမို့လို့ပါ။ ဒါကြောင့် လောကထဲမှာ နေရင်း၊ ထိုင်ရင်း၊ သွားလာလှုပ်ရှား၊ ပြောဆိုနေထိုင် အသက်မွေးရင်းလည်း မဂ္ဂင် ၆ ပါးလုံးကို ရအောင် ယူနိုင်ပါတယ်။ မဂ္ဂင် ၈ ပါး၊ မှတ်တိုင် ၈ ခု ရှိတဲ့အထဲမှာမှ မဂ္ဂင် ၆ ပါး၊ မှတ်တိုင် ၆ ခုကို ရောက်အောင် သွားနိုင်ပြီဆိုရင်တော့ နောက်ထပ် ပညာမဂ္ဂင် နှစ်ပါးပဲ ကျန်ပါတော့တယ်။ နိဗ္ဗာန်သွားမယ့် လမ်းကြောင်းပေါ်ကို တည့်တည့်မတ်မတ်ကြီး ရောက်နေပါပြီ။ လမ်းတစ်ဝက်တောင် ကျော်လာပြီနော်။ ဒီလောက်အထိ နားလည်လာရင်တော့ ကိုယ့်ကိုယ်ကို နိဗ္ဗာန်နဲ့ ဘယ်လောက်အထိ နီးနေပြီလဲ၊ ဝေးနေသေးလဲဆိုတာ နည်းနည်းပါးပါး အရိပ်အမြွက်လောက်တော့ ရိပ်စားမိလောက်ပါပြီ။

ဒီမဂ္ဂင် ၆ ပါးကို အရကျင့်ကြံနိုင်ပြီဆိုရင်တော့ နိဗ္ဗာန်နဲ့ ထိုက်တန်သူတစ်ယောက် ဖြစ်နေပြီလို့တောင် ပြောနိုင်ပါပြီ။ ပညာမဂ္ဂင်ဆီ ရှေ့ဆက်ပြီး တည့်တည့်လျှောက်လှမ်းသွားရုံပါပဲ။

(တစ်ရက်စာရေးဖို့ အကြွေး ကျန်နေပါသေးတယ်။ နောက်ရက်မှပဲ ဆက်ရေးပါတော့မယ်။) 

ဓမ္မဘေရီဆရာတော် သာမညဖလသုတ် သင်တန်းဒုတိယနေ့မှာ ဟောသွားခဲ့တဲ့ တရားတော်ထဲမှာမှ မှတ်မိသလောက် ပြန်လည်စဉ်းစားရေးသားပြီး ဓမ္မဒါန မျှဝေပါတယ်။

ခိုင်ခိုင်
(August 9, 2012)

3 comments:

  1. မခိုင်ခိုင် ကိုကျေးဇူးအထူးတင်ပါတယ်..ဓမ္မဘေရီဆရာတော် ရဲ့ သာမညဖလသုတ်တရား CD ကိုနာရင်း လိုက်မှတ်ထားတာလေးတွေတော့ရှိပါတယ် ဒါပေမဲ့အသေးစိတ်ကိုတော့ မခိုင်ခိုင်ရဲ မှတ်စုထဲမှာအကုန်တွေ့ ရတာကြောင့် လိုချင်တာတွေရလိုက်လို့ အလွန်ကျေးဇူးတင်ပါတယ်..သာဓုသာဓုသာဓုပါ။
    ၀ါဒိတ လို့ မရေးဘဲ ဝါရိတ္တ လို့ ပြင်လိုက်ပါအုံး။ စာရိတ္တ နဲ့ ဝါရိတ္တ ပါ။

    ReplyDelete
  2. နီဝရဏ ငါးဝယ်ချိုင်...ကျနော်ကြားနာမိလိုက်တာကတော့ နီဝရဏ ငါးဝပါယ်ချိုင် ဖြစ်ပါသည်။

    ReplyDelete
  3. ဆက်ရေးပါအုံး

    ReplyDelete