Thursday, August 2, 2012

ကုလဒူသက သိက္ခာပုဒ်(သဒ္ဓါတရားဖျက်ဆီးမှု) အပိုင်း(၁)

သာဝတ္ထိပြည်ဇေတဝန်ကျောင်း၌ ဘုရားရှင် သီတင်သုံးတော်မူစဉ် အဿဇိပုနဗ္ဗသုက အမည်ရှိသော အလဇ္ဇီရဟန်းယုတ်တို့သည် ကီဋဂိရိဇနပုဒ်၌ နေထိုင်ကြပြီး ဒါယကာ ဒါယိကာမတို့အား ပန်းပေးခြင်း၊ သစ်သီးပေးခြင်း၊မာတုဂါမတို့နှင့် အတူစားခြင်း၊အတူအိပ်ခြင်း၊ညစာစားခြင်း၊အရက်သောက်ခြင်း၊ကစားနည်းအမျိုးမျိုးတို့နှင့်ကစားခြင်း၊ကခြင်း သီဆိုခြင်း၊အမွှေးနံ့သာ လိမ်ကျံခြင်း၊သင်္ကန်းကြီးကို ဖြန်ပေးလျက် ကချေသည်များကို ကခိုင်းခြင်း စသော အမျိုးလေးပါးတို့၏ သဒ္ဓါတရားပျက်ဆီးခြင်း၏အကြောင်းဖြစ်သော မကောင်းသောအကျင့်များကို ပြုကျင့်လျက်နေ၏။ဒါယကာ ဒါယိကာမတို့ကလည်း ခင်မင်ရင်းနှီးမှုအရ ပေးကမ်းထောက်ပံ့မှုများ ပြုနေကြသော်လည်း ယင်းအလှူဒါနကြောင့် ကောင်းကျိုးချမ်းသာ ခံစားရမည်ဟူသော ယုံကြည်မှုသဒ္ဓါတရား မရှိကြတော့ချေ။

ကြည်ညိုဖွယ်ရာ ဣနြေ္ဒသိက္ခာနှင့် ပြည့်စုံသော ရဟန်းတစ်ပါးသည် ကာသိတိုင်း၌ ဝါကပ်၍ ဝါကျွတ်သောအခါ သာဝတ္ထိမြို့သို့ ဘုရားရျင်အား ဖူးမျှော်ရန် ထွက်ခွာလာရာ လမ်းခရီးတွင် ကီဋာဂိရိဇနပုဒ်သို့ ရောက်၍ ဆွမ်းခံချိန် ဖြစ်သောကြောင့် ဣနြေ္ဒရရ စက္ခုနြေ္ဒလျက် ဆွမ်းခံဝင်ရာ လောင်မည့်သူ မရှိပေ။ဇနပုဒ်သူ ဇနပုဒ်သားတို့သည် သဒ္ဓါတရား အစစ်အမှန် ပျက်ဆီးလျက် ရှိလေသည်။အဿဇိပုနဗ္ဗသုကရဟန်းတို့ကဲ့သို ဖော်ရွေပျူငှာခြင်း ပြုံးရယ်ခြင်း ၊နှုတ်ဆက်ခြင်းမရှိသည်ကိုပင် အပြစ်မြင်ကာ ကဲ့ရဲ့ကြလေသည်။

သဒ္ဓါတရား အစစ်အမှန်ရှိသော ဥပါသကာတစ်ယောက်သည် ထိုကြည်ညိုဖွယ် ဣနြေ္ဒသိက္ခာနှင့်ပြည့်စုံသော အာဂန္တုက ရဟန်းအား တွေ့ရှိသဖြင့် အိမ်းသို့ ပင့်ပြီးလျှင် ဆွမ်းကပ်၏။ ဆွမ်းကပ်ပြီးနောက် ကီဋာဂိရိဇနပုဒ်၌ အဿဇိပုနဗ္ဗသုကရဟန်းတို့၏ ကုလဒူသန(သဒ္ဓါတရားဖျက်ဆီးမှု)ကို မြတ်စွာဘုရားအား လျှောက်ထားပေးပါရန် ပန်ကြားလိုက်၏။ အာဂန္တုရဟန်းလည်း မြတ်စွာဘုရားထံသို့ရောက်သောအခါ အကြောင်းစုံ လျှောက်ထားရာ ဘုရားရှင်က အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ကို စေလွတ်၍ ပဗ္ဗာဇနိယ(နှင်းထုတ်ခြင်း)ကံပြုရန် မိန့်တော်မူ၏။

အဂ္ဂသာဝကနှစ်ပါးတို့က အဿဇိပုတဗ္ဗသုက ရဟန်းတို့သည် ကြမ်းကြုတ်သောကြောင့် မည်သို့ နှင်ထုတ်ရမည်ကို မေးမြန်လျှောက်ထားရာ ဘုရားရှင်က သံဃတော်များ ခေါ်ဆောင်သွားရန် မိန့်တော်မူ၏။အဂ္ဂသာဝကနှစ်ပါးသည် သံဃာတော်အင့်အားဖြင့် ကြွရောက်၍ ကီဋာဂိရိဇနပုဒ်မှ ထွက်သွားစေရန် နှင်ထုတ်ရာ အဿဇိပုနဗ္ဗသုက ရဟန်းတို့သည် အချို့လည်း လူထွက်ကုန်၏၊ အချို့မှာ အရပ်တပါးသို့ ထွက်သွားကုန်၏၊ အချို့က ပြန်လည် ကဲ့ရဲ့ကာ"အဂတိလိုက်စားသည်"ဟု အဂ္ဂသာဝကနှစ်ပါးနှင့် သံဃာတော်များကို စွပ်စွဲကြကုန်၏။ဤကဲ့သို့ ဒါယကာ ဒါယိကာမတို့၏ စစ်မှန်သော သဒ္ဓါတရားကို ပျက်ဆီးအောင် ကျင့်သုံးမှုကြောင့် ယင်းယင်းကုလဒူသကအမှုများ ပြုလုပ်ခြင်းမှ တားမြစ်ရန် ဤသိက္ခာပုဒ်က ပညတ်တော်မူရသည်။

အဓိပ္ပါယ်

ကုလူးသကအမှုပြုသော ရဟန်းကို မြင်ကုန်ကြားကုန်သော ရဟန်တို့က "အရှင်သည် ကုလဒူသက(အမျိုးလေးပါးတို့၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်း)အမှုကို ပြု၏။ယုတ်မာသောအကျင့်ကို ကျင့်၏ဤသို့ပြုကျင့်ခြင်းကို တပည့်တော်တို့ မြင်လည်း မြင်ကုန်၏ကြားလည်းကြားကုန်၏၊အရှင်သည် ဤကျောင်းမှ ထွက်သွားရမည်၊ဤကျောင်း၌ မနေရ"ဟု နှင်ထုတ်ရမည်။

နှင်ထုတ်ပါလျက် မလိုက်နာဘဲ ဆန္ဒ၊ဒေါသ စသည်ဖြင့် အဂတိတရားလိုက်စားသည်ဟု ပြန်လှန်ပြောဆိုသညိကို မြင်လျှင်ကြားလျှင် မြင်ကုန်ကြားကုန်သော ရဟန်းတို့က ထပ်မံ၍ သုံးကြိမ်ဆိုဆုံးမ၍ နှင်ထုတ်ရမည်။

ထိုသို့ ထပ်မံနျင်ထုတ်ပါလျက် မလိုက်နာသောရဟန်းကို သံဃာအလယ်သို့ ခေါ်ဆောင်၍ သုံးကြိမ် ထပ်မံ ပြောဆို နှင်ထုတ်၇မည်။ထိုသို့ ထပ်မံနှင်ထုတ်ပါလျက် မလိုက်နာဘဲ အယူကို မစွန့်သောရဟန်းကို ကမ္မဝါစာဖြင့် ကို ပြုရမည်။

အယူကို မစွန့်လွှတ်သော ထို(ကုလဒူသန)ရဟန်းသည် ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သင့်၏၊ ကမ္မ၀ါစာ နှစ်ကြိမ်အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ ကမ္မ၀ါစာ သုံးကြိမ်အဆုံး၌ သံဃာဒိသိသ်အာပတ်သင့်၏။ ကမ္မ၀ါစာ သုံးကြိမ်ဆုံး၍ သံဃာဒိသိသ်အာပတ်သင့်လျှင် ယခင်ဉတ်အဆုံး၌ သင့်ခဲ့သော ဒုက္ကဋ်အာပတ်နှင့် ကမ္မ၀ါစာနှစ်ကြိမ်အဆုံး၌ သင့်ခဲ့သော ထုလ္လစ္စဉ်းအာပတ်တို့သည် ငြိမ်းပျောက်ကုန်၏။

ဤသိက္ခာပုဒ်၌ ရဟန်းတော်များသည် ပန်းပေးခြင်း၊ သစ်သီးပေးခြင်း၊ စသည်ပြုလုပ်လျက် ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားကိုဖျက်ဆီသည်ဟူရာ၌ -

ဘုရားရှင်၏ အလိုတော်အားဖြင့် ဒါယကာ ဒါယိကာမတို့သည် ရဟန်းတော်တို့၏ သီလ သမာဓိ ပညာ သိက္ခာ သုံးရပ်နှင့် ကံ ကံ၏ အကျိုးကို ယုံကြည်၍ လှူဒါန်းမှုကိုသာ လိုလားတော်မူသည်။ ထိုကဲ့သို့စစ်မှန်သော ယုံကြည်မှုမျိုးမပါဘဲ လောကလူသားတို့ကဲ့သို့ အချင်ချင်း အပေးအယူလုပ်သည့်သဘောမျိုး ကျေးဇူးခံ ကျေးဇူးစားသဘောမျိုး ရင်းနှီး ချစ်ခင်ကျွမ်းဝင်၍ လှူဒါန်းသော သဘောမျိုးကို လိုလားတော်မမူပေ။

ရဟန်းတော်တို့သည် ပန်းပေးခြင်းး၊ သစ်သီးပေးခြင်းစသည် ပြုလုပ်ခြင်းကြောင့် ဒါယကာတို့၏ မူလက စစ်မှန်သော သဒ္ဓါတရားကိုဖျက်ဆီးပစ်ရာ ရောက်၏။ လူတို့မှာ ထိုကဲ့သို့ ပေးကမ်းသော ပုဂ္ဂိုလ်ကိုသာ ဆည်းကပ်လှူဒါန်းကြ၍ ကိုယ်ကျင့်သီလနှင့်ပြည့်စုံသော ရဟန်းကောင်းတို့အား လှူဒါန်းမှု မပြုကြတော့ပေ။ ထိုကဲ့သို ကုလဒူသန အမှုပြုလုပ်လျှင် ဒုက္ကဋ်အာပတ်သင့်သည့်အပြင် ရရှိလာသောပစ္စည်းကို မည်သည့်ရဟန်းမျှ မသုံးဆောင်ကောင်းပေ။ထိုကုဒူသန အမှုပြုသော ရဟန်းကို ကျေးရွာရပ်ကွက်ဖြစ်ပါက ကျေးရွာရပ်ကွက်မှ နှင်ထုတ်ရမည်။ မြို့ နယ်တစ်ခုလုံးရှိ ဒါယကာ ဒါယိကာမများအား ပစ္စည်းပေးခြင်း၊ ဆေးကုခြင်းပြုပါက ထိုမြို့နယ်မှ နှင်ထုတ်ဖယ်ရှားရမည်။ထွက်ခွာမသွားဘဲ သံဃာကိုပြန်လည်ကဲ့ရဲ့  ရှုတ်ချနေပါက သိမ်အတွင်းသို့ ခေါ်ဆောင်ကာ သံဃာတော်က ကမ္မ၀ါစာဖတ်၍ ကံပြုနှင်ထုတ်ရမည်။ မနာခံဘဲ သံဃာတော်အား ပြန်လည် ကဲ့ရဲ့  ရှုတ်ချနေလျှင် ကမ္မ၀ါစာသုံးကြိမ် ပြီးဆုံးချိန်၌ သံဃာဒိသိသ် အာပတ်သင့်၏။

ကုလဒူသန (၈) မျိုး

(၁)ပန်းပေးခြင်း

(၂)သစ်သီးပေးခြင်း

(၃)ဆပ်ပြာပေးခြင်း

(၄)အင်္ဂတေ(ဘိလပ်မြေ၊ထုံး၊သဲ၊အုတ်မှုန့်) ပေးခြင်း

(၅)ဒန်ပူပေးခြင်း

(၆)သစ် ၀ါး အစရှိသော(ဆောက်လုပ်ရေးပစ္စည်း)ပေးခြင်း

(၇)ဆေးကုခြင်း(ဗေဒင်ဟောခြင်း၊ဓါတ်ရိုက်ဓါတ်ဆင်၊အင်း

အိုင်၊ခါးလှည့်၊လက်ဖွဲ့ ပေးခြင်း)

(၈)သတင်းစကားပို့ပေးခြင်း(လူတို့၏အစေအပါးခံခြင်း) တို့ ဖြစ်သည်။

မှတ်ချက်။ ။ လူတကာတို့အနေနဲ့ သိက္ခာပုဒ်တွေရဲ့ အတိမ်အနက်ကို သိစေပြီး ရဟန်းတော်များပေါ်ကြည်ညို မပျက်စေပဲ မိမိအတွက်နဲ့ ရဟန်းတော်များ အာပတ်မသင့်အောင် ပြုမူနေထိုင်တတ်စေရန် ရည်ရွယ်ပြီး သာသနာအကျိုး မျှော်ကိုးပြီ (သာသနာရေးဝန်ကြီးဌာန ထုတ်ဝေသော ရဟန်းကျင့်ဖွယ် ၂၂၇သွယ်)မှ ပြန်လည်ကူးယူ မျှဝေလိုက်ပါသည်။ ဆက်လက် ဖော်ပြပေးပါမည်

Shared from Min Aung Naing

No comments:

Post a Comment