Wednesday, August 1, 2012

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ (ဖျာပုံတိုက်သစ်)

ဒကာ။ ။ ကိုယ်ထဲ အမြဲဖြစ်ပေါ်နေတဲ့ ထွက်လေ ၀င်လေ ထိသိ သတိ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများ မှတ်သားနေရုံနဲ့ ကိလေသာ ကင်းကွာ ငြိမ်းအေးခြင်း၊ စိတ်ချမ်းသာခြင်း၊ တန်ခိုးသိဒ္ဓိရှိခြင်း စတဲ့ လောကီ လောကုတ္တရာ အကျိုးတရားစုတွေ ခံစားရတယ်ဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်၊ ရှင်းပြပေးပါဦးဘုရား။

ဆရာ။ ။ ဒကာကြီးတို့ရဲ့ မေးလိုရင်းက အသက်ရှူနေကြတဲ့ ၀င်လေ ထွက်လေရဲ့ နှာခေါင်းဝအသား ထိ ထိသွားတဲ့ အထိကလေးကိုလိုက်ပြီး သိ သိနေတဲ့ အသိစိတ်ရဲ့ တန်ခိုးသိဒ္ဓိကို မေးတာလား။

ဒကာ။ ။ မှန်ပါတယ်ဆရာတော်၊ ထွက်လေ ၀င်လေရဲ့ “ထိ သိ သတိ” ဆိုတဲ့ အသိစိတ်ရဲ့ တန်ဖိုး အကျိုးခံစားခွင့်ကို မေးတာပါဘဲ ဆရာတော်။

ဆရာ။ ။ အင်း….သိမှတ်မည့်ယောဂီဟာ မိမိရဲ့နှာသီးဝမှာ သိစိတ်ကိုထားပြီးတော့ ၀ါယောရုပ် လေက ကာယရုပ်အသား၌ တိုးထိသွားတာကိုပဲ မမေ့တဲ့သတိနဲ့ သိ သိ မှတ် မှတ် ရှု ရှု နေရမည်တဲ့။
အဲဒါကို အာနာပါန ဖုသန ကမ္မဋ္ဌာန်းလို့ခေါ်တယ်၊ ဘုရားသာသနာတော်မှာ ဒီကမ္မဋ္ဌာန်းဟာ ရှုမှတ်ရလည်း အလွယ်ဆုံး၊ အသက်ရှူနေတဲ့ လူတိုင်းနဲ့လည်း အသင့်လျော်ဆုံးပဲ၊ ဒါပေမဲ့ ကိုယ်အသက်ရှူနေတာကို မသိမမှတ်တဲ့ သူတွေကသာ များနေတာနော်၊ ဒါကြောင့် ဒကာကြီးလည်း သိဒ္ဓိရှင်ဖြစ်ချင်ရင် ယင်းအတိုင်း ရှုမှတ်ကြည့်ပေါ့၊ သမာဓိရှိသလောက် တန်ခိုးသိဒ္ဓိတွေ ရောက်မှာပဲ။

ဒကာ။ ။ ထိ သိ သတိ ရှုမှတ်ပုံ ထင်ရှားအောင် နည်းနာယများလည်း ပြောပြပါဦး ဆရာတော်၊ ဘယ်လိုစိတ်ထားရမည် ဆိုတာကိုပါသိရအောင်၊ နည်းကလေးများ ပေးသနားပါဦးဘုရား။

ဆရာ။ ။ ကိုင်း…ပြောပြမည်၊ သေချာစွာ မှတ်သားနားထောင်ပါ၊ ၀ိပဿနာဉာဏ်ဆိုက်အောင် ပို့ဆောင်ပြောကြားပေးလိုက်မယ်၊ ဉာဏ်နားနဲ့ မိအောင်နားထောင်ပါ။

၁။ ၀င်လေ ထွက်လေ ၀ါယောရုပ်က နှာသီးဖျား ကာယရုပ်ကို လာထိသည်၊ ငါ့ကို ထိတာမဟုတ်၊ ငါမရှိ၊ ရုပ်ကို ထိ၏၊ အဲဒီလို သိမှတ်ပါ၊ အတ္တဒိဋ္ဌိကို တိတိပပ ဖြတ်ချလိုက်ပါ။

၂။ နာမ်ခေါ်တဲ့ အသိစိတ်ကလေးတွေက ထိတာကို သိ သိ သွားကြသည်၊ ငါသိတာ မဟုတ်၊ စိတ်နာမ်က သိသည်၊ ငါမရှိ၊ စိတ်နာမ်သာရှိ၏၊ အဲဒီလို သိမှတ်ပေါ့။

၃။ ဤ ထွက်လေ ၀င်လေသည် ရှူချင်တဲ့စိတ်ကြောင့်သာ ဖြစ်ပေါ် ဖြစ်ပေါ်လာတာ၊ ငါ့ကြောင့်ဖြစ်တာ မဟုတ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့ သိမှတ်ပါ၊ အကြောင်းစိတ်နဲ့ အကျိုးရုပ်ကို ပိုင်းခြားသိထားပါ။

၎။ အဲဒီ ထိတဲ့ရုပ်တွေဟာလည်း ထိထိပြီးတော့ ပျက်ပျက်သွားကြတာပဲ၊ ခိုင်မြဲမှု လုံးဝမရှိတဲ့ အနိစ္စတရားတွေပဲလို့ သိမှတ်ပါ။

၅။ မခိုင်မြဲလို့ ပြန်ပြန် ရှူရှိုက် ရှူရှိုက်ကာ ဒီကိုယ်ကောင်ကြီးကို ပြုပြင်ပေးနေရတဲ့ ကာယသင်္ခါရကလည်း ဒုက္ခဆင်းရဲ သက်သက်တွေပဲလို့ သိမှတ်ပါ။

၆။ ယင်း အနိစ္စ-မခိုင်မမြဲ ပျက်စီးနေတဲ့ တရားစုတွေကို နိစ္စဖြစ်အောင်၊ ဆင်းရဲဒုက္ခကို သုခချမ်းသာဖြစ်အောင်၊ လုပ်လို့မရနိုင်တဲ့ ငါစိုး ငါပိုင် မဟုတ်သောကြောင့် ငါ့အလိုမလိုက် ငါ့အကြိုက်မပါ ငါလုပ်တိုင်း မအောင်မြင်သော အတ္တမဟုတ်တဲ့ အနတ္တ သဘောတရားတွေပဲလို့ ဉာဏ်ထဲမှာ စွဲလာအောင် စိတ်ကိုလေ့လာ စေစားပေးရမည်တဲ့။
ကဲ…..အခုပြောပြခဲ့တာတွေ ဒကာကြီးတို့ရဲ့ အသိဉာဏ်ထဲမှာ စွဲရဲ့ မိရဲ့ ထိရဲ့ နားလည်ရဲ့လား။

ဒကာ။ ။ မှန်ပါ့၊ ဖြစ်ပေါ် ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တွေထဲမှာ ငါဆိုတဲ့ အတ္တ မပါစေဘဲ သတိမြဲမြဲနဲ့ ရှုမှတ်နေရမည့် သဘောကို သိရပါပြီ ဆရာတော်၊ ဆက်လက် မိန့်ကြားပါ ဘုရား။

ဆရာ။ ။ ခုပြောပြီးခဲ့တဲ့အတိုင်း ထွက်လေ ၀င်လေရဲ့ ထိသိကိုမှတ်နေတဲ့ အသိစိတ်ဓာတ်ကို ထိ သိ တင်ရပ်မနေဘဲ ထိတဲ့ရုပ်လည်းပျက်၊ သိတဲ့ စိတ်လည်းပျက်၊ ထိသိပျက်တိုင်အောင် အသိစိတ်ကို အနိစ္စလက္ခဏာသို့ ရောက်အောင် ပို့ဆောင်ပေးရမည်၊ အလေ့အကျင့်ပြုလုပ်ပေးရမည်၊ အဲဒါက ပိုပြီးအရေးကြီးတယ်နော်။
အဲဒီအတိုင်း ဖြစ်ပျက်ထဲမှာ အလေ့အကျင့် ရပါများလာသောအခါ သိစိတ်အစဉ်ဟာ နှာသီးဖျား၊ နှာခေါင်းဝ ထိသိ အမှတ်ထဲက ထွက်ပြီးတော့ တခြား မြင်ခိုက် ကြားခိုက် နံခိုက် စားခိုက် တွေ့ထိခိုက် ကြံစည်ခိုက် စသည်တို့ဖြစ်ပေါ်လာသော ခဏတိုင်း၌လည်း ဖြစ်ဖြစ်ချင်း၊ ချက်ချင်းပင် အပျက်သဘောထဲ သက်ရောက် သိမှတ်သွားတော့တာပဲ၊ ငါ သူတပါး ယောက်ျား မိန်းမနဲ့ အသိ မလုပ်တော့ဘူး၊ ရုပ်နာမ်ဖြစ်ပျက်နဲ့သာ အသိလုပ်နေတော့တယ်၊ ခု ပြောကြားနေတာတွေ စိတ်ဝင်စား နားလည်ရဲ့လား ဒကာကြီးတို့၊ စိတ်မ၀င်စားလည်း မောတာနဲ့ ညောင်းတာ အဖတ်တင်ရုံပဲ ရှိနေမှာနော်။

ဒကာ။ ။ စိတ်ဝင်စားစွာနဲ့ နားထောင် မှတ်သားနေပါတယ် ဆရာတော်၊ နားလည်တာတွေက များပါတယ်၊ နားမရှင်း မသိတဲ့အချက်ကလေးတွေလည်း နည်းနည်းပါးပါးတော့ ရှိသေးတာပေါ့ ဘုရား၊ ဆက်လက် မိန့်ကြားပါဦးဆရာတော်။

ဆရာ။ ။ စိတ်ရဲ့သဘာဝက အာနာပါန ထိသိအာရုံကို သိနေဖို့ အကျင့်သာ လုပ် လုပ်ပေးပါ၊ အာရုံနဲ့ အသိအကျွမ်းဝင်အောင် လုပ်ပါများတော့ အကျင့်ပါသွားရောပဲ။
အဲဒီလို အလေ့အကျင့်တွေများများလာလို့ အကျင့်ပါသွားတာနဲ့ တပြိုင်နက် မိမိသိနေကျ လမ်းအတိုင်းသာ အသိလုပ်သွားနေတော့သဖြင့် တခြားအာရုံ လမ်းကြောင်းထဲသို့ စိတ်မပြောင်းသောကြောင့် မိမိသွားနေကျ ကိလေသာအာရုံ ကာမဂုဏ်ထဲ မသွားရောက်တော့ဘဲ မြင် သိ ပျက်၊ ကြား သိ ပျက်၊ နံ သိ ပျက်၊ စား သိ ပျက်၊ ထိ သိ ပျက်၊ ကြံစည်တွေးတော သိ ပျက်၊ ခဏတိုင်း ခဏတိုင်း သိ ပျက် နေတဲ့ ဥဒယ ၀ယ ခဏိက သမာဓိထဲ ရောက် ရောက်ပြီး တည်ငြိမ်နေတော့သတည်းတဲ့။

အဲဒီ ထွက်လေ ၀င်လေ အာနာပါန ထိ သိ ကို သတိထားရှုမှတ်တဲ့ အလေ့အထဟာ သတိရင့်ကျက်လာတဲ့အခါ အဲဒီလို ဥဒယ ၀ယ ခဏိက သမာဓိထဲ သက်ရောက်လေ့ရှိလို့ အလွန်ကောင်းသော အတိုင်းမသိ တန်ဖိုးရှိသော ကမ္မဋ္ဌာန်းလို့ ဟောခဲ့တာပေါ့၊ ဒကာကြီးတို့ရ။
ခု၊ ပြောပြခဲ့တဲ့ အလေ့အထဟာ လက်တွေ့အားဖြင့် လောဘ ဒေါသတို့ မလာနိုင် မလိုက်နိုင်တဲ့ အကျင့်မြတ်ပဲ။
ရှေးသူတော်ကောင်းတို့လုပ်ငန်း လမ်းဟောင်းလမ်းမှန် အကျင့်မြတ်ပေါ်သို့ တက်ရောက် လျှောက်သွား ရှုမှတ်နေသောကြောင့် တွေဝေ ငေးမောကာ အမှားထဲ၌ မေ့မြောနေသော မောဟနှင့် ကင်းဝေးလျက် ၀ိဇ္ဇာဉာဏ်ဘက်သို့ သက်ရောက်ကူးဝင်လာသော အကျင့်လည်း ဖြစ်တယ်တဲ့။

အဲဒါကြောင့် အဲဒီ ထွက်လေ ၀င်လေ ထိသိ သတိကို မမေ့မလျော့ ကြိုးစားမှတ်သားနေတဲ့ သူဟာ၊ သူရဲ့ သမာဓိ အားကောင်းသလောက် လောကီဘက်ဆိုင်ရာ ဈာနသမာပတ်အထိ သိဒ္ဓိတန်ခိုး အကျိုးအမျိုးမျိုးတွေကို ရရှိခံစားနိုင်တယ်၊ မယုံမရှိနဲ့ လုပ်ကြည့်ပါ၊ သိဒ္ဓိရှင် ဖြစ်သွားနိုင်တယ်။

အဲဒီ ထွက်လေ ၀င်လေ ထိသိ သတိကိုပဲ မမေ့မလျောတဲ့ သမ္မာသတိမဂ္ဂင် အားကောင်းကောင်းနဲ့ ရှုမှတ် ပွားများနေသော ယောဂီဟာ လေ့လာလုပ်ယူမှုသတိအပိုင်းက လွန်မြောက်လျက် သတိရင့်ကျက်ကာ အာရုံပေါ်ပေါ်လာတိုင်း သတိနဲ့ ကပ်ခနဲ ကပ်ခနဲ ချက်ချင်းပဲ သိပျက် သိပျက် နေသော “ဥပဋ္ဌာနသတိ” က ဉာဏ်နဲ့တွဲကာ မဂ်ဖိုလ် နိဗ္ဗာန်အထိ လောကုတ္တရာ အကျိုးတရားတွေကို ခံစားရအောင် ပို့ဆောင်ပေးတာလည်း အမှန်ပဲ၊ အဲဒီ အကျိုးကျေးဇူးတရားတွေကို ခံစားချင်ရင် ကိုယ်တိုင် အားထုတ်ကြည့်ပါ၊ ကိုယ်လုပ်သလောက် လုပ်ခ ရမှာကတော့ အမှန်ပဲ၊ ကဲ….ကျေနပ်ရဲ့လား၊ တတ်နိုင်ရင် အခုပဲ တနာရီလောက် ပါရမီ ကုသိုလ်သဘောနဲ့ ထိုင်မှတ် အားထုတ်သွားစမ်းပါလေ။

ဒကာ။ ။ အားထုတ်ပုံ နည်းနယနဲ့ စုံလင်စွာသိရလို့ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်၊ တတ်နိုင်သမျှ ကြိုးစား အားထုတ်မှုများလည်း ပြုပါမည် ဘုရား၊ အိမ်ကိစ္စတွေက ရှိနေလို့ ခုတော့ သည်းခံပါ၊ ဆရာတော်ဘုရား ကျန်းမာ ချမ်းသာစွာနဲ့ သာသနာပြုနိုင်ပါစေ။

http://thamameggin.blogspot.jp/2010/07/blog-post_13.html

Shared from Vimuttisukha Bliss

No comments:

Post a Comment