Tuesday, August 7, 2012

ဗီဇ နှင့် ပတ်ဝန်းကျင်

ပါရမီတွေ ပြည့်နေပြီမို့လို့ ဒီဘ၀မှာတင် ကျိန်းသေပေါက် အရိယာဖြစ်ရတော့မယ့် ဗီဇပါလာပြီဆိုရင် ပတ်ဝန်းကျင် ဘယ်လောက်ဆိုးဆိုးမှာပဲ နေရနေရ နောက်ဆုံးမှာ သေချာပေါက် တရားရရပါတယ်။

ဥပမာ... အဂုလ္လိမာလဟာ မိခင်ကို အန္တရယ်ပေးဖြစ်တော့မယ့်ဆဲဆဲမှာ မြတ်စွာဘုရားရှင် ရောက်လာပြီး အချိန်မှီ တရားဟောလိုက်နိုင်ပါတယ်။ အဲဒီလိုဖြစ်တာဟာ ဒီဘ၀မှာတင် ရဟန္တာဖြစ်ရတော့မယ့် ပါရမီဗီဇတွေ ပါလာပြီးသားမို့လို့ပါ။

တချို့တွေကတော့ တရားကျင့်ကြံမယ်ဆိုရင် တရားရမယ့် ဗီဇတွေ မွေးကတည်းက ပါလာကြပေမယ့် ပတ်ဝန်းကျင် မကောင်းလို့ အကုသိုလ်အဆိုးတွေ ဖြစ်ရတာတွေလည်း ရှိပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ကျန်းသေပေါက် အရိယာဖြစ်ရမယ့် ဗီဇ ပါမလာလို့ပါ။ အဲဒီလို အခြေအနေမျိုးမှာဆိုရင်တော့ ပတ်ဝန်းကျင်က အင်မတန်ကို အရေးကြီးသွားပါပြီ။ တရားရနိုင်လောက်တဲ့ ဗီဇပါလာပေမယ့် ပတ်ဝန်းကျင်မကောင်းရင် မကောင်းတဲ့ဘက် ရောက်သွားမှာပါ။

အကျဉ်းချုပ်ပြောရရင် ကျိန်းသေပေါက် တရားရမယ့် ဗီဇ ပါလာရင်တော့ ပတ်ဝန်းကျင် ကောင်းကောင်းဆိုးဆိုး... တရားကတော့ ဒီဘ၀မှာတင် ရကိုရရမှာပါ။ အကြောင်းတွေကလည်း အကျိုးဖြစ်အောင် ပါရမီတွေက အလိုလိုဖန်တီးပေးလာပါလိမ့်မယ်။

ဒါပေမယ့် ကျိန်းသေပေါက် တရားရရမယ့် ဗီဇမျိုးမဟုတ်ဘဲ ရိုးရိုးဗီဇမျိုး ဆိုရင်တော့ တရားရမယ်၊ မရဘူးဆိုတာ ပတ်ဝန်းကျင်ပေါ် မူတည်သွားပါပြီ။ ကိုယ်က တရားကျင့်ဖို့ အခွင့်အရေးတွေ ရှိမယ့် ပတ်ဝန်းကျင်မျိုးမှာ နေရရင် ဗီဇပါလာပြီးသားဖြစ်တဲ့အတွက်... ဥာဏ်ကလိုက်နိုင်ပြီးသား ဖြစ်တဲ့အတွက် တရားရသွားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်က တရားကျင့်ကြံဖို့ ဘယ်လိုမှ အခွင့်အရေး မရနိုင်တဲ့အခါ ကိုယ်လည်း ဗီဇတော့ ပါလာပေမယ့် ပတ်ဝန်းကျင်ကောင်းမှာ မနေရတဲ့အတွက် တရားလည်း မရနိုင်တော့ပါဘူး...

အဲဒီတော့ ကျန်းသေပေါက် တရားရမယ့် ဗီဇပါလာတဲ့သူအမျိုးအစားတွေမှလွဲ၍ ကျန်တဲ့သူတွေကတော့ ပတ်ဝန်းကျင်ကောင်းဖို့ဟာ အလွန်ကိုအရေးကြီးပါတယ်...

ဥပမာ... ဘုရားလက်ထက်က သူဋ္ဌေးကြီးလင်မယားဆိုရင် ပထမအရွယ်မှာ တရားအားထုတ်ခွင့်ရခဲ့မယ်ဆိုရင် ယောက်ျားက ရဟန္တာ၊ မိန်းမက အနာဂမ် ဖြစ်မှာပါ။ ဒုတိယအရွယ်မှာသာ အခွင့်ရခဲ့မယ်ဆိုရင် ယောကျာ်းက အနာဂမ်၊ မိန်းမက သဒ္ဒါဂမ် ဖြစ်မှာပါ။ သူတို့ဆိုရင်တော့ ကျန်းသေပေါက်ဗီဇမျိုး မရှိတဲ့အတွက် သူတို့ တရားရခြင်း၊ မရခြင်းက ပတ်ဝန်းကျင်ပေါ် မူတည်သွားတာပါ။ ပတ်ဝန်းကျင်သာ ကောင်းခဲ့မယ်ဆိုရင်တော့ ဗီဇပါလာပြီးသားဖြစ်တဲ့အတွက်... တရားသာကျင့်ခွင့်ရခဲ့မယ်ဆိုရင် ကျန်းသေပေါက် တရားတွေ ရကြဦးမှာပါ။

ဓမ္မဘေရီဆရာတော် ဟောသွားတဲ့ တရားတော်ထဲမှာမှ ဗီဇ နှင့် ပတ်ဝန်းကျင် တို့ရဲ့ လွှမ်းမိုးမှုအကြောင်းလေးကို အကျဉ်းချုပ် မှတ်မိသလောက် ပြန်မျှဝေတာပါ။

ခိုင်ခိုင်

(August 7, 2012)

No comments:

Post a Comment