Saturday, August 4, 2012

ငြိမ်သက်နေသောရေပြင်ပေါ်သို့ ၀တ်လစ်စလစ်ခုန်ချသူများ

ယနေ့ကမ္ဘာကို လေ့လာကြည့်မယ်ဆိုရင် မိမိတို့ရဲ့ယုံကြည်မှုအရဖြစ်စေ၊ မိရိုးဖလာကြောင့်ဖြစ်စေ လူမျိုးအလိုက်, နိုင်ငံအလိုက် ကိုးကွယ်ရာဘာသာတရားတွေ အမျိုးမျိုးကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။လူသားသန်းပေါင်းများစွာ မှီတင်းနေထိုင်ကြတဲ့ ဒီကမ္ဘာကြီးအတွင်းမှာ လူမျိုးစုတွေ၊ ဓလေ့စရိုက်တွေ၊ ရိုးရာယဉ်ကျေးမှုတွေ၊ ယုံကြည်ကိုးကွယ်မှုတွေ ကွဲပြားခြားနားနေတာဟာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ မိမိတို့ယုံကြည်ရာဘာသာတရားကို လွပ်လပ်စွာ ကိုးကွယ်ခွင့်ရှိသလို ဘယ်ဘာသာကိုမှ ယုံကြည်ကိုးကွယ်မှုမရှိဘဲ ဘာသာမဲ့အဖြစ်နေချင်တယ်ဆိုရင်လည်း နေခွင့်ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူမဆို လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ နေထိုင်တဲ့ လူသားတစ်ယောက်အနေနဲ့ လေးစားလိုက်နာသင့်တဲ့အခြေခံလူမှုကျင့်ဝတ်တွေကို လေးစားလိုက်နာရမှာဖြစ်သလို လူသားတစ်ယောက်အနေနဲ့ ထားရှိသင့်တဲ့ ကိုယ်ချင်းစာတရားနှင့် အပြန်အလှန်လေးစားမှုဆိုတာလည်း ထားရှိရမှာဖြစ်ပါတယ်။ လူမျိုးတွေ ဘယ်လောက်ပင် ကွဲပြားနေပါစေ၊ ကိုးကွယ်ယုံကြည်မှုတွေ ဘယ်လောက်ပင် ခြားနားနေပါစေ ကိုယ်ချင်းစာတရားနှင့် အပြန်အလှန်လေးစားမှုသာ လူသားတိုင်းထားရှိနိုင်မယ်ဆိုရင် ဒီနေ့ ကမ္ဘာကြီးမှာကြုံတွေ့နေရတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ အများကြီးလျှော့နည်းသွားမှာဖြစ်ပြီး လူသားတိုင်းလိုလားတောင့်တနေတဲ့ " ငြိမ်းချမ်းတဲ့ ကမ္ဘာ" တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ "ငါနဲ့မတူ ငါ့ရန်သူ" ဆိုသလို မိမိနှင့်အယူအဆခြင်း၊ ယုံကြည်ချက်ခြင်း မတူညီတာနဲ့ဘဲ တစ်ခြားသူတွေအပေါ်မှာ လေးစားမှုမထားဘဲ စော်ကားတဲ့အပြုအမူတွေ၊ ပုတ်ခတ်တဲ့အပြောအဆိုမျိုးတွေ ပြုလုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဘို့ မလွယ်ပါဘူး။အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာဆိုရင် တစ်ခြားသူတွေရဲ့ယုံကြည်မှုကို စော်ကားတာမျိုး၊ ပုတ်ခတ်ပြောဆိုတာမျိုး မလုပ်မိဘို့ ပိုပြီး အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာတရားဆိုတာ လူသားတိုင်းလိုလို အလေးအမြတ်ထားကြတဲ့အရာတစ်ခုဖြစ်သလို လူတိုင်းနီးပါးဟာလည်း မိမိတို့ရဲ့ဘာသာကို ယုံကြည်သက်ဝင်လို့ ကိုးကွယ်ကြတာချည်းပါဘဲ။ မိမိကိုယ်တိုင်က ယုံကြည်မှုမရှိတာနဲ့ဘဲ တစ်ခြားသူတွေကိုးကွယ်တဲ့၊ အထွဋ်အမြတ်ထားတဲ့ ဘာသာတရားကိုဖြစ်စေ၊ ဘာသာရေးခေါင်းဆောင်ကိုဖြစ်စေ စော်ကားတဲ့အပြုအမူမျိုးလုပ်တယ်ဆိုရင် အဲဒါဟာ အခြေခံလူ့ကျင့်ဝတ်ကို ချိုးဖောက်တာဖြစ်သလို လက်ခံသင့်တဲ့အပြုအမူမျိုးလည်း မဟုတ်ပါဘူး။ မကြာခင်ရက်ပိုင်းအတွင်းက အမေရိကန်နိုင်ငံရဲ နာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ NBC ရုပ်သံလိုင်းကနေပြီး Rude Buddha (ရိုင်းပြသော ဗုဒ္ဓ) အမည်ရှိတဲ့ ဟာသအစီအစဉ်တစ်ခု ထုတ်လွှင့်ပြသသွားခဲ့ပါတယ်။ သူတို့အနေနဲ့ ဟာသသဘောနဲ့ထုတ်လွှင့်တယ်ဆိုရင်တောင် သူတို့ရဲ့ရိုက်ကူးထုတ်လွှင့်မှုဟာ အတော်လေးကို မိုက်ရိုင်းပြီး မြတ်စွာဘုရားရှင်ကို ကြမ်းတမ်းတဲ့စကားလုံးတွေ၊ အမူအရာတွေနဲ့ စော်ကားသွားခဲ့တာပါ။ နာမည်ကျော်ပုဂ္ဂိုလ်တွေကို ဟာသလုပ်ပြီး ရိုက်ကူးတင်ဆက်လေ့ရှိတဲ့ အဲဒီရုပ်သံလိုင်းက အစီအစဉ်တင်ဆက်သူတွေအနေနဲ့ လူသားသန်းပေါင်းများစွာ ကိုးကွယ်နေတဲ့ မြတ်ဗုဒ္ဓကို ဟာသလုပ်ရလောက်အောင်ထိ ဟာသလုပ်စရာကုန်ကြမ်း ဒီလောက်ထိ ရှားပါးမယ်မထင်ပါဘူး။ လူတွေရယ်မောပျော်ရွှင်စေဘို့သက်သက်လား တစ်ခြားရည်ရွယ်ချက် တစ်ခုခုရှိနေသလားဆိုတာတော့ ဒီအစီအစဉ်ကို ရိုက်ကူးကြတဲ့ ကာယကံရှင်တွေဘဲ အသိဆုံးဖြစ်ပါလိမ့်မယ်။အရင်ကလည်း အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ စားသောက်ဆိုင်(၂)ခုရဲ့ နာမည်ကို သတိထားမိပါတယ်။ဆိုင်တစ်ခုက Greedy Buddha ဖြစ်ပြီး နောက်တစ်ဆိုင်က Funky Buddha တဲ့။ ဒီနာမည်မျိုးတွေဟာ လုံးဝမပေးသင့်တဲ့ နာမည်တွေပါ။ မြတ်ဗုဒ္ဓရဲ့နာမည်ကို အသုံးပြုပြီး မသင့်တော်တဲ့နာမည်ပေးထားတဲ့ စာရေးသူမသိသေးတဲ့ တစ်ခြားဆိုင်တွေလည်း များစွာရှိနိုင်ပါသေးတယ်။ သူတို့အနေနဲ့ စော်ကားပုတ်ခတ်လိုစိတ်မရှိဘူးဆိုရင်တောင် ဒီလိုဘာသာရေးခါင်းဆောင်တစ်ဦးရဲ့နာမည်ကို မကောင်းတဲ့စကားလုံးတွေနဲ့တွဲသုံးပြီး စော်ကားရာရောက်စေတဲ့ အပြုအမူမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလုပ်ရပ်တွေဟာ ဘာကိုပြနေသလဲဆိုရင် တစ်ခြားသူတွေ ကိုးကွယ်တဲ့ဘာသာတရားအပေါ်မှာ လေးစားမှုနည်းတဲ့သဘောပါ။ လူ့အခွင့်အရေးကိုအလေးထားလွန်းတဲ့ နိုင်ငံကြီးတွေမှာ ဒီလို တစ်ခြားဘာသာတရားတစ်ခုအပေါ်မှာ အလေးမထားတဲ့လုပ်ရပ်မျိုးတွေ ရှိနေတာကလည်း မဖြစ်သင့်တဲ့အရာတစ်ခုလို့မြင်ပါတယ်။ ဒီဖြစ်ရပ်တွေကို ရေးသားတယ်ဆိုတာလည်း သူတို့အပေါ် အပြစ်တင်လိုစိတ်နဲ့ရေးသားတာ မဟုတ်ပါဘူး။ ယုံကြည်ကိုးကွယ်ရာဘာသာခြင်းမတူညီကြပေမဲ့ ဘာသာတရားတစ်ခုနဲ့တစ်ခု အပြန်အလှန်လေးစားမှုထားပြီး တစ်ခြားသူတွေရဲ့လွပ်လပ်စွာယုံကြည်ခွင့်ကိုလည်း အလေးထားစေချင်တဲ့သဘောပါ။ ဘယ်လိုပဲဖြစ်နေပါစေ - စစ်မှန်တဲ့အမှန်တရားဆိုတာ အချိန်ကာလရဲ့စမ်းသပ်မှုကိုလည်း ခံနိုင်ရည်ရှိသလို ဝေဘန်တိုက်ခိုက်မှုတွေကြောင့်လည်း ပျောက်ကွယ်သွားမဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူတွေ ဘယ်လိုပင် ဝေဘန်တိုက်ခိုက်နေပါစေ - ဘုရားရှင်ရဲ့တိုင်းတာလို့မရနိုင်တဲ့ဂုဏ်တော်တွေကတော့ ဘယ်တော့မှ ညှိုးမှိန်ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ စကြာဝဠာလောကဓာတ်ဆိုတဲ့ ကောင်းကင်ကြီးမှာ မြတ်ဗုဒ္ဓတည်းဟူသောလမင်း ထာဝစဉ်ထွန်းလင်းတောက်ပနေလိမ့်မယ်လို့ ယုံကြည်ရင်း မဃဒေ၀လင်္ကာလေးဖြင့် နိဂုံးချုပ်ပါရစေ- - -

ပတ္တမြားဂူ၊ ၀က်ငြူစူ၍

ရွှံ့မြူညစ်စေ၊ ပွတ်လေလေတိုင်း

သရေမညှိုး၊ ရောင်ဝါတိုးသို့

တန်ခိုးထင်ရှား၊ ပွားထက်ပွားလစ်

သစ်ထက်သစ်၏။ ။


အရှင်ဝိစိတ္တာလင်္ကာရ
Shared from Vicitta Ashinvicittalanka

No comments:

Post a Comment