* * * ဆရာတော်တစ်ပါး(အမည်မေ့နေလို့) နာမကျန်းဖြစ်တာ ဆိုးဝါးလွန်းတော့ မေ့မြောသွားခဲ့တယ်။ သူမေ့မြောနေတုန်း အိမ်မက်လိုလို၊ တကယ်လိုလိုဖြစ်နေတယ်။ လမ်းလျှောက်နေရင်းနဲ့ နတ်ပြည်ကလိုမျိုး ဗ္ဗိမာန်တွေကို တွေ့နေရတယ်။ ဗ္ဗိမာန်တွေကို ကြည့်လိုက်တော့ နတ်သမီး၊ နတ်သားတွေနဲ့။ သူသတိထားမိတာက ဗ္ဗိမာန်ပိုင်ရှင် နတ်သား၊ နတ်သမီးနဲ့၊ အခြွေအရံဖြစ်တဲ့ နတ်သား၊ နတ်သမီးတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါက သိသိသာသာခြားနားတယ်။ သူအဲဒီလိုပဲ လမ်းဆက်လျှောက်လာရင်းနဲ့ ဗ္ဗိမာန်တစ်ခုအရှေ့ရောက်တော့၊ အဲဒီဗ္ဗိမာန်က တခြားဗ္ဗိမာန်တွေနဲ့မတူဘဲ၊ ဗ္ဗိမာန်ပိုင်ရှင် နတ်သား၊ နတ်သမီး မရှိဘဲ၊ အလွတ်ကြီးဖြစ်နေတယ်။ အဲဒါနဲ့သူလဲ အထူးတဆန်းဖြစ်ပြီး ကြည့်နေရင်းက နတ်သားတစ်ပါးကလာပြီး၊ အရှင်ဘုရား ဘာများမေးမြန်းလိုပါသလဲလို့ မေးတော့၊ ဆရာတော်ကလည်း ဘာကြောင့် ဒီဗ္ဗိမာန်မှာ ဗ္ဗိမာန်ပိုင်ရှင် နတ်သား၊ နတ်သမီး တစ်ပါးမှမရှိဘဲ အလွတ်ကြီးဖြစ်နေရတာလဲလို့ မေးလိုက်တာပေါ့။
အဲဒါနဲ့ နတ်သားက ဖြေပါတယ်။ ဒီဗ္ဗိမာန်ပိုင်ရှင်က အခုလူ့ပြည်မှာပဲ သက်ရှိထင်ရှားရှိနေပါသေးတယ်။ သူ လူ့ပြည်က သက်တမ်းကုန်သွားရင် ဒီဗ္ဗိမာန်မှာ နတ်သား၊ နတ်သမီးလာဖြစ်တော့မှာပါ။ သူ့ရဲ့ကုသိုလ်ကောင်းမှုတွေကြောင့် သူ လူ့ပြည်ကနေ သက်တမ်းမကုန်ခင်ကတည်းက နတ်ပြည်မှာ ဗ္ဗိမာန်ကြီးကြိုပေါ်ပေါက်နေတာပါလို့ နတ်သားလေးက ဆရာတော်ကို ရှင်းပြပါတယ်။ ဘုရားလက်ထက်တုန်းကလည်း အခုလို လူ့ပြည်မှာ သက်တမ်းမကုန်ခင်ကတည်းက နတ်ပြည်မှာ ဗ္ဗိမာန်ကြိုပေါက်နေတယ်ဆိုတာတွေက တကယ်ကိုအမှန်ပါပဲလားဆိုတာကို ဆရာတော်လည်း အဲဒီတော့မှ စဉ်းစားမိတော့တယ်။ နတ်သားကလည်း ဆက်ပြီးတော့ပြောပါသေးတယ်။ ဆရာတော် ပြန်ကြွသွားရင် တစ်ခုလောက်မှာချင်ပါတယ်။ အခုဒီဗ္ဗိမာန်ကို ပိုင်ဆိုင်မယ့်သူကတော့ တခြားဝေးဝေးက မဟုတ်ပါဘူး။ အရှင်ဘုရားတို့ ပေါက်မြို့က ဒေါ်ကုလားမကြီး ဆိုတဲ့သူပါပဲ။ အဲဒါကြောင့် ဒေါ်ကုလားမကြီးကို မှာပေးပါဘုရား။ နတ်ပြည်မှာ ဗ္ဗိမာန်နဲ့တကွ နတ်စည်းစိမ်တွေ ခံစား၊ စံစားဖို့ မြန်မြန်လာခဲ့ပါတော့လို့။ အဲဒီစကားကြားပြီးတာနဲ့ ဆရာတော်လည်း ရေတွေငတ်ပြီး မေ့မြောနေရာက ပြန်နိုးထလာပါတယ်။
ဆရာတော်လည်း နိုးနိုးချင်း နတ်သားပြောတာတွေ မေ့သွားမှာစိုးလို့ စာရွက်ပေါ်မှာ အမြန်ချရေးပြီး မှတ်သားထားလိုက်ပါတယ်။ မကြာခင်မှာ နေလည်းပြန်ကောင်းလာခဲ့ပါတယ်။ ဆရာတော်လည်း အနားယူနေစဉ်အတွင်း အဆက်မပြတ်စဉ်းစားမိတာက ဒီဒေါ်ကုလားမကြီးဟာ ဘယ်လိုကုသိုလ်ကောင်းမှုတွေများ ပြုလုပ်လို့ နတ်ပြည်မှာ ဗ္ဗိမာန်တောင် မသေခင်ကတည်းကကြိုပြီး ပေါ်ပေါက်နေရတာပါလိမ့်လို့။ အဲဒါနဲ့တစ်ရက်မှာ ဦးပုဇင်းလေးတွေကိုလွှတ်ပြီး ဒေါ်ကုလားမကြီးကို အရှာခိုင်းလိုက်ပါတယ်။ တွေ့ရင်လည်း ဘယ်လိုကုသိုလ်ကောင်းမှုတွေများ ဒီလောက်တောင်လုပ်ထားလို့ နတ်ပြည်မှာဗ္ဗိမာန်ပေါက်ရတာလဲဆိုတာ အမေးခိုင်းလိုက်ပါတယ်။ အဲဒါ.. ရက်အနည်းငယ်ကြာတော့ ဒေါ်ကုလားမကြီးသတင်းကို စုံစမ်းရရှိခဲ့ပါတယ်။
ဒေါ်ကုလားမကြီးက ချမ်းသာတဲ့လူတန်းစားထဲကတော့ မဟုတ်ပါဘူး။ မရှိမရှား၊ နေနိုင်စားနိုင်လောက်ပါပဲ။ ခင်ပွန်းကလည်း ဆုံးသွားတော့ ပဲပြုတ်ရောင်းရင်း သမီးလေးတစ်ယောက်ကို ကျောင်းထားပေးနေတဲ့ သာမန်မုဆိုးမတစ်ယောက်ပါ။ အဲဒါနဲ့ ဦးပုဇင်းလေးတွေကလည်း ဒေါ်ကုလားမကြီးကို အကျိုးကြောင်းရှင်းပြပြီး ဘယ်လိုကုသိုလ်မျိုးတွေလုပ်ပါသလဲလို့ ဆရာတော်ကြီး မှာကြားလိုက်တဲ့အတိုင်း စုံစမ်းမေးမြန်းပါတယ်။ ဒေါ်ကုလားမကြီးက… တပည့်တော်ကတော့ ကုသိုလ်ကောင်းမှု ကြီးကြီးမားမားရယ်လို့ မရှိပါဘူးဘုရား။ စဉ်းစားရတော့ ခက်သားပဲ။ သြော်… ဒါပေမယ့် နေ့စဉ်နဲ့အမျှလုပ်တဲ့ ကုသိုလ်ကောင်းမှုတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ဘုရားဆင်းနုတော်ကို မြတ်စွာဘုရား တကယ့်ကို သက်တော်ထင်ရှားရှိသည့်အလား၊ အာရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို တစ်ရက်မပြတ် ကပ်လှူပူဇော်ခြင်းပါပဲ။ ဆွမ်းတော်ကပ်တဲ့အခါမှာလည်း တကယ့်ကို ရဟန်းတစ်ပါးကို ဆွမ်းကပ်သကဲ့သို့ ချက်ထားတဲ့ ဦးဦးဖျားဖျားဟင်းတွေကို စားပွဲပေါ်မှာ ညီညီညာညာချ၊ လက်ဆေးရေ၊ လက်သုပ်ပ၀ါ၊ သောက်တော်ရေခွက်တို့ကို လိုလေသေးမရှိ ထားရှိပေးထားပါတယ်။ ဆွမ်းကပ်ရွတ်ဆိုပြီးတဲ့အခါမှာလည်း၊ ရဟန်းတစ်ပါးဆွမ်းစားနေတာကို ဘေးကထိုင်ကြည့်ပြီး ကြည်ညိုနေသကဲ့သို့ ခြင်၊ ယင်တွေမလာအောင် ယပ်တောင်လည်း ခပ်ပေးနေပါတယ်။ ရဟန်းတစ်ပါး ဆွမ်းစားပြီးလောက်တဲ့ အချိန်လောက်ကျမှ ဆွမ်းပွဲတွေကို သိမ်းပါတယ်။ အဲဒီလိုမျိုး သဒ္ဒါတရားပြည့်ဝစွာနဲ့ သံဃာ့ဂုဏ်ကို ရည်ညွှန်းပြီး ဆွမ်းကပ်လှူတန်းတဲ့ နိစ္စဓူဝ ကုသိုလ်ကြောင့်လို့ ထင်ပါတယ်ဘုရား။…
မြတ်စွာဘုရားကို သက်ရှိထင်ရှား သံဃာတစ်ပါးကဲ့သို့ နေ့စဉ်မပြတ် ဆွမ်းကပ်လှူတန်းတဲ့ နိစ္စဓူဝကုသိုလ်ဟာ……. သာမန်ကြည့်ရင်တော့ အလှူကြီး၊ အတန်းကြီးမဟုတ်ပေလို့ ထူးထူးခြားခြားမရှိလှပေမယ်၊့ … သံဃာ့ဂုဏ်ကိုရည်ညွှန်းပြီး လှူတန်းတဲ့သဒ္ဓါတရားကြောင့် လူ့သက်တမ်းမကုန်ခင်ကတည်းက နတ်ပြည်မှာ ဗ္ဗိမာန်ပေါက်ရလောက်တဲ့အထိ အကျိုးကျေးဇူး ကုသိုလ်ပမာဏများပြားတယ်ဆိုတာ လက်တွေ့သိရှိလိုက်ရပါတယ်။ ဘုရားကို ဆွမ်းကပ်လေ့ကပ်ထရှိတဲ့၊ တခါတလေကပ်တဲ့၊ တစ်ခါမှမကပ်ဖူးတဲ့ မိတ်ဆွေ သူငယ်ချင်းများအားလုံးအတွက် သဒ္ဒါတရားပိုမို ပွားများနိုင်အောင် ရည်ရွယ်ပြီး ဒီစာလေးကို ကုသိုလ်အလို့ငှာ ရေးသားလိုက်ပါတယ်။
အရှင်ဇ၀န၏ တရားတစ်ပုဒ်မှ မှတ်မိသမျှ ပြန်လည်ဝေမျှပါတယ်။
ခိုင်ခိုင်
No comments:
Post a Comment