Thursday, May 19, 2011

'ကောင်းသောစကားရှိခြင်း'

 သုဘာသိတာစ ယာဝါစာ.. ကောင်းသောစကားရှိခြင်းသည် အောင်မြင်ကြောင်းကြီးပွားကြောင်း မင်္ဂလာ တစ်ပါး..
လောက မှာ အောင်မြင်ချင်တယ်၊ ကြီးပွားချင်တယ်ဆိုရင် စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ဖို့ အင်မတန်လိုပါတယ်နော် ၊
သိပ်အရေးကြီးပါတယ်၊ စကားပြောမတတ်လို့ ပြသနာဖြစ်တဲ့သူတွေ ဘယ်လောက်များလဲ….။အပြောမတတ်တော့ ဆဲသလိုဆိုတဲ့
စကားရှိတယ်။ လောကမှာ ပြသနာတွေ အများကြီးရှိတယ်။ ပြသနာတွေ ဖြေရှင်းတဲ့အခါမှာ စကားနဲ့ဖြေရှင်းတာက အကောင်းဆုံး
နည်းလမ်းပဲ။  အခုခေတ်က လူ့အရိုင်းအစိုင်းခေတ် မဟုတ်ဘူး။ လက်နဲ့ခြေနဲ့ဖြေရှင်းရတာ သိပ်မကောင်းဘု။ အဆင်လည်း မပြေပါဘူး။
ရေရှည်ပြသနာ မပြေလည်ပါဘူး။ ပြသနာပြန်ဖြစ်ရတာပဲနော်.။ အဲ့ဒီတော့ ပြသနာ တစ်ခု့ ရှိလို့ရှိရင်  ဒီအကြောင်း ဒီကိစွှ နဲ့ ပက်သက် ပြီး
တော့ ငါဘယ်လို ဆွေးနွေးရရင်  ကောင်းမလဲ။ ဘယ်လိုပြေပြေလည်လည်လေး  အကြောင်းသင့် ကျိုးသင့် လေး ပြောပြရရင်
ကောင်းမလဲ ဆိုတာ စဉ်းစားဖို့လိုတယ်။ ကိုယ့်အယူအဆ ကိုယ့်အတွေးအခေါ်ကို   နောက်တစ်ယောက်ကို ပြောမယ်ဆိုရင်တောင်မှ 
စကားလုံးအသုံးအနှုန်းနဲ့ ပြောပုံဆိုပုံ၊ ပြောတဲ့ စေတနာကအစ မှန်ဖို့လိုတယ်၊ စကားပြော တကယ်ကျွမ်းကျင်လို့  ရှိရင် 
အဲဒီလူက  ပိုပြီးတော့  အောင်မြင် တယ်နော်။

စကားလေးခွန်း

ဘုရားဟောမှာလည်းပဲ မပြောသင့်တဲ့ စကား၊ မပြောသင့်တဲ့စကား အကျဉ်းချုန်း ဟောထားတာ ရှိပါတယ်။ မှန်ကန်တဲ့စကားအကျိုးရှိတဲ့
့စကား ၊ သူတစ်ပါး လည်းနာခံချင်တဲ့ စကား ၊ ကြားချင်တဲ့ စကားမျိုးကို ပြောပါတဲ့ ။ အဲဒါကတော့ နံပါတ်တစ်ပဲ။ အကောင်းဆုံးပဲ။
မှန်လည်းမှန်တယ် အကျိုးလည်းရှိတယ် သူများလည်းနားထောင်ချင်တာကို သိပ်ကို ပြောသင့်တယ်နော်။

မှန်တယ် ။ အကျိုးရှိတယ်။ သူများသိပ်မကြိုက်ဘူး ။ အဲဒါမျိုးကိုတော့ အမြဲတမ်း မပြောနဲ့ ပေါ့။ ဒါပေမယ့် ပြောဖို့ လို အပ်တဲ
့အခါမှာတော့ ပြောရမယ်တဲ့ ။ တစ်ခါတစ်လေ ကိုယ့်သားသမီးကို ဆုံးမချင်တယ် ။ သူတို့ နားမထောင်ချင်ဘူး။ ဒါပေမယ့်ပြောရမယ်.။
ဒါမေတ္တာနဲ့ပြောတာနော်။ ဒေါသနဲ့ မဟုတ်ဘူး။  သူ့ကိုနှိပ်စက်ချင်လို့ မဟုတ်ဘူး။  သူများမှားနေတာကို  သူ့ကို မြင်စေချင်တယ်။
သိစေချင်တယ်။  ပြင်လိုက်မှ သူ အဆင်ပြေသွားမယ်။ အဲဒီတော့  မေတ္တာနဲ့ ကရုဏာနဲ့ နားဝင်အောင် သွန်သင်ရတယ်။  ဆုံးမရတယ်။

မြတ်စွာဘုရားတောင်မှ ရဟန်းတွေကို  တစ်ခါတစ်လေကျတော့ အဲဒီလို မေတ္တာနဲ့ ကရုဏာနဲ့ တင်းတင်းကျပ်ကျပ် ဆုံးမတာတွေရှိတယ် ။
ကောင်းကောင်း ပြောလို့မရရင် တင်းတင်းကျပ်ကျပ် ပြောရတော့တာပဲ။ အပြစ်ပေးရတဲ့အခါတွေတောင် ရှိတယ်နော်။
ဒါလည်းပဲ နှိပ်စက်ချင်လို့ မဟုတ်ဘူး။  နောင်ကျဉ်အောင်လို့။ ဒီလိုလုပ်မှပဲ ရမယ်ဆိုရင် ဒီလိုပဲလုပ်ရတာပဲ။

တစ်ချို့စကားတွေက မှန်တော့မှန်တယ်၊  အကျိုးမရှိဘူး၊ သူများတော့ နားထောင်ချင်တယ်။ အပျင်းပြေတာပေါ့။တချို့စကားတွေက
အပျင်းပြေတယ်၊ အကျိုးမရှိဘူး၊ မှန်လည်းမမှန်ဘူး။ ဘယ်နေရာ ဘာဖြစ်တယ်ဆိုတဲ့ သတင်းတွေ ဆိုပါတော့။ သတင်းက မှန်ပါတယ်။
ဒါပေမဲ့ သိပ်တော့ အကျိုးမရှိဘူး။ ဒါပေမဲ့ လူတွေက စိတ်ဝင်စားတယ်။အဲဒါကိုလည်း သတိထားပြီးတော့ နည်းနည်းပါးပါးပဲ 
ပြောရတယ်နော်။ လူ့လောကဆိုတာ  မကင်းတော့ မကင်းနိုင်ပါဘူး။ အဲဒါတွေ အများကြီးပြောပြီး  အချိန်ကုန်တာလည်း မကောင်းဘူး။

မှန်တယ်၊ အကျိုးမရှိဘူး၊ အများနားမထောင်ချင်ဘူး။ အဲဒါလည်း မပြောသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးမှမရှိဘဲ။
နားမထောင်ချင်ရင် မပြောသင့်ဘူး။

မမှန်ဘူး၊ အကျိုးမရှိဘူး၊ သူများလည်းနားမထောင်ချင်တဲ့ စကားရှိတယ်။ မှန်လည်းမမှန်ဘူး။ အကျိုးလည်းမရှိဘူး။ သူများလည်း
နားမထောင်ချင်ဘူး ဆိုရင်တော့ အဲ့ဒီစကားက လုံးဝ မပြောသင့်တဲ့စကားပဲ။

မှန်လည်းမမှန်ဘူး။ အကျိုးလည်းမရှိဘူး။ ဒါပေမဲ့ အများကတော့ကြားချင်တယ်။ နားထောင်ချင်တယ်။ အဲ့ဒါမျိုးတွေက
Television မှာလည်း အများကြီးပဲ။အဲ့ဒါလည်းမပြောသင့်ဘူး။ အလကားအချိန်ကုန်တယ်။ လူ့ဘဝဆိုတာ အင်မတန် တန်ဖိုးရှိတယ်။

အကဲခတ်ချင်ရင် စကားပြောကြည့်

ကိုယ်ပြောတဲ့စကားဟာ ကိုယ်ဘယ်လိုလူလဲဆိုတာကို ဖော်ပြတယ်။ လူတစ်ယောက်ကို အကဲခတ်ချင်ရင် သူနဲ့စကားပြောကြည့်။
သူ့ပါးစပ်က ထွက်လာတဲ့စကားကို နားထောင်ကြည့်ရုံနဲ့ သူဘယ်လိုလူလဲဆိုတာ သိနိုင်တယ်။

ဒီလူတစ်ယောက်ရဲ့ ပညာဉာဏ်အရည်အချင်းနဲ့ထိတွေ့ခံစားမှု့ဘယ်လောက်ရှိသလဲ။ အသံနေအသံထားကိုလည်း အကဲခတ်ကြည့်ရင်
သိနိုင်တယ်။ စကားလုံးအသုံးအနှုန်း ဝေါဟာရကို ကြည့်ရုံနဲ့လည်း သိနိုင်တယ်း တစ်ချို့လူတွေဆိုရင်  Interview တွေမှာ အဲဒါကို
အကဲခတ်တယ်။ စကားပြောရင်း မေးခွန်းတွေ မေးသွားတယ်။ ဘယ်လိုစကားအသုံးအနှုန်းမျိုး သုံးသလဲဆိုတာ ကြည့်ပြီးတော့
ဒီလူ ပညာအရည်အချင်းနဲ့စိတ်ဓာတ် ဘယ်လောက်ကောင်းသလဲ ဆိုတာကို အကဲခတ်တယ်။

ဘုန်းကြီးလည်း လူကဲခတ်တာ အင်မတန် ဝါသနာပါတယ် ။ လူတွေကို စကားပြောတဲ့အခါမှာ သေသေချာချာ စဉ်းစားပြီး ပြောတယ်။ သူတို့ပြောတာကို သေချာနားထောင် သေချာအကဲခတ်တယ်။ သေချာအကဲခတ်လို့ အမေရိကမှာ တစ်ချို့လူတွေ ဘုန်းကြီးဆီ မလာတော့ဘူး။ ထွက်ပြေးသွားတယ်။  ငါတို့အကြောင်းကို သိကုန်တော့မယ် ဆိုပြီး လာကိုမလာတော့ဘူး။ ကိုယ့်အကြောင်းသိသွားမှာ သိပ်ကြောက်တယ်။ ဘုန်းကြီးက စေတနာနဲ့ အကဲခတ်တာပါနော်။

တပည့်လေးတစ်ယောက်ရှိတယ်။ သူ ငယ်ငယ်တုန်းကပေါ့။ သူ့ကို စကားပြောရင် ဘုန်းကြီးက သူ့စိတ်ထဲမှာ ဘာဖြစ်နေလဲ၊
ဘာတွေးနေလဲ၊ ကွယ်ရာမှာ သူတစ်ခုခုလုပ်ထားရင် ဘယ်လိုလုပ်တာ ဖြစ်ရမယ်၊ ဘယ်လိုပြောတာဖြစ်ရမယ်လို့ ဘုန်းကြီးက
တစ်ခါတစ်လေပြောပြတာပေါ့။ တစ်ခါတစ်လေ တိုက်ဆိုင်မှု့ က အံသြစရာ ကောင်းလောက်အောင်တိုက်ဆိုင်တယ်။ စကားလုံး
အတိအကျ၊ ဝါကျအတိအကျထိ တိုက်ဆိုင်သွားတာရှိတယ် ။ အဲဒီလိုဖြစ်နေတော့ အဲ့ဒီကလေးက ဘယ်လိုပြောလည်းဆိုတော့
‘အဲ့လောက်ကြီးသိနေတော့လည်း မကောင်းဘူးလို့ ထင်တယ်တဲ့။

ကိုယ်ကို သူများက အကဲခတ်နေတယ်နော်။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်တွေ့တာနဲ့ အမြဲတမ်း အကဲခတ်နေကြတယ်။
လူကဲခတ်တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် အကဲတော့ခတ်နေတာပဲ။ သူ့စိတ်ထား
ဘယ်လိုရှိလဲ၊ သူ့အသိဉာဏ်၊ သူပြောပုံဆိုပုံပေါ် မူတည်ပြီးတော့ သူ့ကို ပြန်ဆက်ဆံတာပဲ။ သူက တည်တည်ငြိမ်ငြိမ်
အေးအေးချမ်းချမ်းနဲ့ ကောင်းတဲ့စကားကို ပြောမယ်၊ အကျိုးရှိတဲ့စကားကိုပြောမယ် ဆိုရင် သူ့ကို ပိုပြီးတော့ လေးလေးစားစား
ဆက်ဆံမယ်။

ကိုယ့်ကို လူတွေဘယ်လိုဆက်ဆံသလဲဆိုတာက ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ရဲ့နေပုံထိုင်ပုံ ပြောပုံဆိုပုံ အမူအယာ
စိတ်ထား အဲ့ဒီအပေါ်မှာ အများကြီးမူတည်ပါတယ်။


လောကမှာ စကားပြောအကောင်းဆုံးသူ

စကားကို ပေါ့ပေါ့တန်တန် မပြောဖို့ သိပ်အရေးကြီးပါတယ်။ အောင်မြင်ချင်ရင်၊ ကြီးပွါးချင်ရင် စကားပြောတာကို ပညာရပ်တစ်ခ
ု အနေနဲ့ လေ့လာပါ။ လေ့ကျင့်ပါနော်။ စကားနဲ့ပတ်သက်ပြီး ဘုန်းကြီး စာအုပ်တစ်အုပ်မှာ ရေးထားတာရှိပါတယ်။ စာအုပ် နာမည်က
ဘာတဲ့တုန်း ။ သတိနဲ့ပြောပါတဲ့။ ဟုတ်တယ်။ အဲ့ဒီထဲမှာ သုံးပုဒ်ပါတယ်။ သတိနဲ့ပြောပါ၊ ဒေါသကိုနားလည်ပါ၊ အလုပ်တွင် မွေ့လျော်ခြင်း။
သုံးပုဒ်တွဲထားတာ။

အလုပ်မှာ ဒေါသဖြစ်ကြတယ်။ အဲဒီတော့ အဲ့ဒီဒေါသကို နားလည်ပါ။ အလုပ်မှာ စကားပြောတတ်ဖို့ဟာ တော်တော်အရေးကြီးတယ်နော်
. အလုပ်ဆိုတာ ပြဿနာ တော်တော်များများဖြစ်တဲ့နေရာပဲ။ အဲ့ဒီတော့ အလုပ်ရယ်၊ ဒေါသရယ်၊ သတိနဲ့ပြောပါရယ် တစ်ခုနဲ့တစ်ခု
စပ်ဆက်မှုရှိနေတယ် ဆိုပြီးတော့ သုံးခုတွဲလိုက်တာပါ။

သတိနဲ့ပြောပါ။ သတိနဲ့ပြောလို့ရှိရင် တဖြည်းဖြည်းနဲ့ သတိကောင်းလာလေလေ ကိုယ်ပြောတဲ့စကားတွေမှာ အပြစ်အနာအဆာ
ချို့ယွင်းချက် နည်းလေလေဖြစ်လာမယ်။ ပိုပြီးတော့ အကျိုးရှိတဲ့ စကားကို ပြောတတ်လာမယ်။.

သတိနဲ့ပြောလို့ရှိရင် ပြောတဲ့အချိန်မှာကိုက ဉာဏ် ပိုထွက်လာမယ်။ အဲဒီတော့ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိတဲ့
စကားတွေ၊ ထိရောက်တဲ့စကားတွေ ပြောတတ်တဲ့သူဖြစ်လာပြီ။

လောကမှာ အမြင့်ဆုံးအဆင့်ကိုရောက်တဲ့သူဟာ ဘယ်သူတွေလဲဆိုတာ စကားပြောတတ်တဲ့သူတွေနော်။ အမြင့်ဆုံးကိုရောက်တဲ့အခါမှာ
လက်နဲ့ခြေနဲ့ အလုပ်လုပ်စရာ သိပ့်မရှိတော့ဘူး။ လောကီနဲ့ပြောရမယ်ဆိုရင် အနိမ့်ဆုံး လက်မှတ်ထိုးရုံပဲ။ အရေးအကြီးဆုံးက
ဘာလဲဆိုတာ သူ စကားပြောရမယ်။ တစ်ခုခုကို သူရှင်းပြရမယ်။ အများလက်ခံအောင် သူဆွေးနွေးပေးရမယ်။ သူ ပြောပုံဆိုပုံ
အကြောင်းအကျိုးကိုက်တယ်၊ သဘာဝကျတယ်၊ သူ့စေတနာလည်းမှန်ရင် အများက သူ့စကားကိုလက်ခံရင် သူပြောတဲ့ကိစွှ
အတည်ပြုလိုက်ရင် အတည်ဖြစ်သွားပြီပေါ့။ဒါက လောကီပိုင်း။

လောက မှာ စကားပြော အကောင်းဆုံးသူ ဘယ်သူလဲ. မြတ်စွာဘုရား….နော်။ အဲဒါကြောင့် ဘုရားဖြစ်တာ။ အကောင်းဆုံးစကား
ပြောတတ်လို့ ဘုရားဖြစ်တာ။ တရား မဟောတတ်ရင် ဘုရားမဖြစ်နိုင်ဘူး။ သမ္မာသမ္ဖုဒ္ဓမြတ်စွာဘုရား မဖြစ်နိုင်ဘူး။ ဘုရားဟာ
အခြေအနေကို လိုက်ပြီး ၊ တရားနာတဲ့သူကို လိုက်ပြီး အပိုအလိုမရှိ ဟောပြောနိုင်တယ်။

အဲ့ဒီတော့ စကားဆိုတာ အင်မတန်အရေးကြီးတဲ့ ကိစွှတစ်ခု ဖြစ်တာမို့လို့ ကိုယ်ဘဝမှာ အောင်မြင်ချင်တယ် ကြီးပွားချင်တယ်ဆိုရင် 
စကားပြောတာကို အများကြီး သတိထားပြီး ပြောရမယ်။

ဒီမင်္ဂလသုတ်က လောကီရော လောကုတ္တရာရော နှစ်ဖက်စလုံးမှာ ကြီးပွားရေး၊ အောင်မြင်ရေး၊ တိုးတက်ရေးအတွက် တကယ်ထိရောက်
တဲ့ ပြည့်စုံတဲ့ တရားတော်ဖြစ်တယ်။ ဘုန်းကြီး ဒီတရားကို လေးလေးနက်နက်ခံစားရတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အသေးစိတ်
လေးလေးနက်နက်သဘောပေါက်ရင် လိုက်နာကျင့်သုံးရင် အင်မတန်အကျိုးများတယ်။ သဘောမပေါက်ဘဲနဲ့ ရွက်နေရင်တော့
မရသေးဘူးနော် ။ ဒါကြောင့် လေးလေးနက်နက် သဘောပေါက်တဲ့သူတွေ ဖြစ်စေချင်တယ်။
  
(ဆရာတော်ဦးဇောတိက ၏ မင်္ဂလာတရားတော် စာအုပ် မှ ပြန်လည် ရေးသားဖော်ပြပါသည်။)

No comments:

Post a Comment