Thursday, May 19, 2011

အရှင်ဆန္ဒာဓိကရဲ့ အဆုံးအမများ (၁)

*** (၁) အားမှသေမှာလား သေမှအားမှာလား…


ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ
လူတွေ မရေမတွက်နိုင်အောင် သေနေကြတာ
အားလို့ သေတဲ့မသာ တစ်ယောက်မှ မရှိပါဘူး။
မအားတဲ့ကြားထဲက
သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင်
အားတဲ့သူကိုလည်း ခေါ်မှာပါ
မအားတဲ့သူကိုလည်း ခေါ်မှာပါ
သေမင်းက လူမရွေးပါဘူး။
ဒီတော့ မအားတဲ့ကြားထဲက
သေမင်းလာခေါ်ရင်
အချိန်မရွေးလိုက်သွားရမှာပဲ ဆိုတာကို
ကြိုတင်ပြီးတော့
နှလုံးသွင်း ဆင်ခြင်ထားမယ်ဆိုရင်
မအားလို့ပါ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
တရားဓမ္မကို မျက်နှာလွှဲတဲ့အဖြစ်
ရောက်လာမှာ မဟုတ်တော့ပါဘူး။


*** (၂) နှလုံးသားကို သော့ခတ်ထားပါ…


ချစ်ရတာလည်း ဒုက္ခ
မုန်းရတာလည်း ဒုက္ခပါပဲ။
ချစ်သူကို မတွေ့ရရင်
စိတ်ပူလောင်ရသလို
မုန်းသူကို မြင်ရရင်လည်း
စိတ်ဆင်းရဲရပါတယ်။
စိတ်မပူလောင်ချင်ရင်
ဘယ်သူ့မှ မချစ်ပါနဲ့။
စိတ်မဆင်းရဲချင်ရင်
ဘယ်သူ့မှ မမုန်းပါနဲ့။


*** (၃) ကံတရားရဲ့ အလိုတော်အတိုင်း…


တစ်ခါတစ်ရံမှာ
မေတ္တာ၊ ဂရုဏာ၊ မုဒိတာနဲ့
ကိုယ်ဘယ်လိုမှ
အကူအညီပေးလို့မရတော့တဲ့
ကိစ္စမျိုးတွေ အဖြစ်အပျက်မျိုးတွေ
ကြုံတွေ့ရတတ်ပါတယ်။
အဲဒီလိုအခါမျိုးမှာ
ကံတရားအတိုင်းပဲ။
ကံစီမံသလို ဖြစ်ရတာပါပဲ။
သူအခုလိုဖြစ်ရတာ
သူ့ရဲ့ကံတရားကြောင့်ပဲလို့
ကံ ကံရဲ့အကျိုးကို
နှလုံးသွင်း ဆင်ခြင်ပြီး
စိတ်တည်ငြိမ် အေးချမ်းအောင်
နေတတ်ရပါတယ်။
ဒါဆိုရင် ဥပေက္ခာဗြဟ္မစိုရ်ကို
ကျင့်သုံးရာ ရောက်ပါတယ်။


*** (၄) လက်တွေ့ မေတ္တာပေးမှ မေတ္တာသမားစစ်စစ်…


မေတ္တာဗြဟ္မစိုရ် ကျင့်သုံးတဲ့သူဟာ
ကိုယ်နဲ့လည်း
သူတစ်ပါး ကောင်းကျိုးကို ဆောင်ရွက်ပေး
နှုတ်နဲ့လည်း
သူတစ်ပါး ကောင်းကျိုးဖြစ်မယ့်စကား
စိတ်ချမ်းသာမယ့်စကား ပြောဆိုပေး
စိတ်နဲ့လည်း
သူတစ်ပါး ကောင်းကျိုးရစေကြောင်း
စိတ်ချမ်းသာစေကြောင်း
ဆုတောင်းမေတ္တာ ပို့သပေးရပါတယ်။
ကာယကံမေတ္တာ
ဝစီကံမေတ္တာ
မနောကံမေတ္တာဆိုတဲ့
မေတ္တာကံသုံးမျိုး ပြည့်စုံနေမှ
ဗြဟ္မစိုရ်မေတ္တာတရား
ကျင့်သုံးရာရောက်ပါတယ်။


*** (၅) အမျက်ဟပ်ရင် အဆက်ပြတ်မယ်…


ဒေါသတရားဟာ ဓားနဲ့တူပါတယ်။
ဓားဆိုတာ အရာဝတ္ထုတွေကို
ဆက်စပ်ပေးတဲ့အရာ
ပေါင်းစည်းပေးတဲ့အရာ မဟုတ်ပါဘူး။
အရာဝတ္ထုတွေကို
ဖြတ်တောက်စေတဲ့အရာ
ပျက်စီးစေတဲ့အရာသာ ဖြစ်ပါတယ်။
ဒေါသတရားဟာလည်း
အကောင်းမှန်သမျှကို
ပြတ်တောက်ပျက်စီးစေပါတယ်။


*** (၆) အထီးကျန်ရင် အကျည်းတန်တယ်…


လက်ရှိအခြေအနေမှာ
မပျော်မွေ့နိုင်သူအတွက်
တစ်ယောက်တည်းပဲနေနေ
အများနဲ့ပဲနေနေ
အမြဲတမ်း အထီးကျန်နေပါတယ်။
မရှိတာကို တောင့်တနေတဲ့သူ
ရှိတာကို မကျေနပ်နိုင်တဲ့သူဟာ
မရေမရာ အတွေးတွေ
မသေမချာ မျှော်လင့်ချက်တွေနဲ့
ထာဝရ  အထီးကျန်နေမှာပါပဲ။


*** (၇) မူရင်းကောင်းတော့ မိတ္တူကောင်းတယ်…


ကိုယ့်ရဲ့ လက်တွေ့ ဘ၀ထဲမှာ
ပြောသမျှ အဟုတ်
လုပ်သမျှ အမှန်
ကြံသမျှ အကောင်း
ဖြစ်ဖို့အတွက်
ဗုဒ္ဓနုဿတိဘာဝနာ
(ဘုရားဂုဏ်တော်ပွားတဲ့အလုပ်)က
အပြည့်အ၀ တာဝန်ယူပါတယ်။
ဘာကြောင့်လဲဆိုတော့
ဘုရားရှင်မှာရှိတဲ့
ဂုဏ်တော်တွေအားလုံးက
ပြောသမျှ အဟုတ်
လုပ်သမျှ အမှန်
ကြံသမျှ အကောင်း
တွေချည်းဖြစ်နေလို့ပါပဲ။


*** (၈) ဒီနေ့တစ်ရက်သာ ငါ့ဘ၀ပါ…


ဒီနေ့တစ်ရက်
အသက်ရှင်ပြီးရင်
သေချင်သေသွားနိုင်တယ်လို့
သေခြင်းတရားကို
တစ်ရက်အကွာအဝေးထားပြီး
မိတ်ဆွေဖွဲ့နိုင်တယ်ဆိုရင်ပဲ
တန်ဖိုးသိပ်ကြီးလှပါပြီ။
ဒီနေ့တစ်ရက်ပဲ
အသက်ရှင်သန်ခွင့်ရှိတယ်လို့
နက်နက်ရှိုင်းရှိုင်း သိမြင်နေရင်
ဒီနေ့တစ်ရက်လုံး
အကာအလုပ်တွေ
အကုန်စွန့်ပြီး
အနှစ်အလုပ်တွေချည်းပဲ
အချိန်ပြည့်
လုပ်ဖြစ်တော့မှာပါ။


*** (၉) အသိမှအကျင့် အကျင့်မှအသိ…


ပယ်သင့်တဲ့တရားကို မပယ်နိုင်တာ အသာထား
ကျင့်သင့်တဲ့တရားကို မကျင့်နိုင်တာ အသာထား
ဒါကတော့ ပယ်သင့်တဲ့တရားပဲ
ဒါကတော့ ကျင့်သင့်တဲ့တရားပဲ လို့
အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း
သိထားဖို့ အရေးကြီးပါတယ်။
အသိမှန်မှ အကျင့်မှန်နိုင်ပြီး
အကျင့်မှန်မှ အသိမှန်နိုင်ပါတယ်။

အရှင်ဆန္ဒာဓိက

No comments:

Post a Comment