စာရေးဆရာမ ခင်စောတင့်ရဲ့ ရသစာစုလေးတွေထဲက ကြိုက်နှစ်သက်မိတဲ့ စာစုလေးတပုဒ်ကို သူငယ်ချင်းတွေ အတွက် မျှဝေပေးလိုက်ပါတယ်...............
ကျွန်မတို့က ကြင်နာပြီး မေတ္တာထားတတ်တဲ့သူများဖြစ်ဖို့ လုပ်ဆောင်ချက်လိုအပ်ပါတယ်။
တကယ်တော့ သတ်သတ်မှတ်မှတ် ချမှတ်ထားတာမရှိသလို လိုက်နာရမယ့် နည်းပညာလည်း မရှိပါဘူး…။
အမှန်တကယ်ရိုးသားတဲ့ အကြင်နာစိတ်နဲ့ စေတနာကောင်းခြင်းတွေက သဘာဝအလိုက်ဖြစ်ပေါ်လာကြတာပါ။
သူတို့က တွေးခေါ်ခြင်းတမျိုးဖြစ်တဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနဲ့ ပေးဝေခြင်းတွေက လူတယောက်ရဲ့
ဖြစ်စဉ်ထဲမှာ ပေါင်းစည်းသွားတဲ့ သဘောထား အတွေးခေါ်ဖြစ်ပါတယ်..။
ဖြစ်စဉ်ထဲမှာ ပေါင်းစည်းသွားတဲ့ သဘောထား အတွေးခေါ်ဖြစ်ပါတယ်..။
ကျွန်မ က လူကြီးသူမ ဆရာသမားတွေဆီက နည်းယူခဲ့တဲ့အတိုင်း နေ့တနေ့ကို “ ငါ လောကကြီးကို..
ဘာတွေ ဖြည့်ဆည်းပေးနိုင်သလဲ” ဆိုတဲ့ မေးခွန်းနဲ့ စတင်ခဲ့ပါတယ်။ မနက်စောစော ဘုရားဝတ်ပြုပြီးတာနဲ့
ခြံထဲမှာ ပန်းခူးခြင်းနဲ့ ပန်းပင်တွေ မပြုပြင်ခင်မှာ ကြောင်လေးတွေ ခွေးလေးတွေကို မုန့်ကျွေးပါတယ်။
သူတို့ကလည်း ခေါင်းကလေးတွေ တမော့မော့၊ အမြီးလေးတွေ တလှုပ်လှုပ်နဲ့ စောင့်နေကျပါပဲ။
မေးခွန်းလေးတွေ မေးကြည့်ခြင်းက တခြားသူတွေကို ကူညီနိုင်မယ့် မြောက်မြားစွာသော နည်းလမ်းတွေကို
သတိပေးရတဲ့နေရာမှာ အသုံးဝင်ပါတယ်၊ မေးခွန်းကို မေးဖို့ အချိန်ယူလိုက်တဲ့ အခါတိုင်း အဖြေတွေက
တနေ့တာလုံး ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ထွက်လာတာကို တွေ့ရပါတယ်၊ “သူတောင်းထားတဲ့ ဖုန်းနံပါတ်ကို
ရှာပေးရဦးမှာပဲ”.. “သူတို့ကို ဆုံပေးဖို့ ကူညီရမယ်” စသည်ဖြင့် သတိရသွားစေပါတယ်။
စာဖတ်သူရဲ့ ရည်ရွယ်ချက်က လူအများကိုကူညီဖို့ဆိုရင် သင့်တော်တဲ့ နည်းလမ်းတွေကို တွေ့လာပါလိမ့်မယ်။
ဆောင်ရွက်ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အလမ်းတွေက မဆုံးနိုင်အောင် ရှိပါလိမ့်မယ်။ ကျွန်မကတော့
အလှူအတန်း ၀ါသနာထုံပါတယ်။ အထူးသဖြင့် ဘာသာသာသနာအတွက် လှူဖြစ်ပါတယ်။ လူမှုရေးအကူအညီတွေလည်း ကြုံရင်ကြုံသလို ဆောင်ရွက်ပေးပါတယ်။ သားရဟန်းက ပရဟိတ စိတ်ဓာတ်အပြည့်နဲ့ ဦးဆောင်လှူသွားတဲ့အခါ ပါဝင်လှူဒါန်း ကူညီဖြစ်သွားပါတယ်။ ကျွန်မက အများကြီး လှူနိုင်လောက်တဲ့ ၀င်ငွေမရှိတဲ့လူဖြစ်တဲ့ အလျောက် တတ်နိုင်သလောက်ကိုပဲ မျှဝေလှူပါတယ်။ တခါတလေ လက်ထဲမှာ မကျန်ရစ်အောင်ကို လှူပစ်လိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ နောက်တခါ လှူချင်တဲ့ အခါ ပြန်လည်
ပြည့်မီသွားတတ်ပါတယ်။
တပါးသူအတွက် လုပ်ဆောင် ပေးနိုင်စရာတွေ အများကြီးရှိပါတယ်… တယောက်တည်းဖြစ်နေတဲ့ သူငယ်ချင်းဆီကို စားစရာလေး တခုခုနဲ့သွားပြီး အဖော်လုပ်ပေးတာ၊ ကားပေါ်မှာ အသက်အရွယ်ကြီးရင့်နေသူကို နေရာပေးတာ၊ ကလေးလေးကို လမ်းကူးတာ ကူညီလိုက်တာ၊ မိတ်ဆွေရဲ့ စကားဝိုင်းမှာ အကြံပေးစကား ပြောပေးတာ၊ မြေးဖြစ်သူ စာလာမေးရင် သင်ပြပေးတာ၊ အများဖတ်ဖို့ ဆောင်းပါးတွေရေးတာ၊ လမ်းပေါ်ကအမှိုက်ကို ကောက်ပြီး အမှိုက်ပုံးထဲကို ထည့်ပေးတာ စသည်တို့ဖြစ်ပါတယ်။
အဓိကအချက်ကတော့ ပရဟိတအလုပ်ဆိုတာ အချိန်တချိန်တည်းမှာပဲ အားထုတ်လုပ်ဆောင်ရမယ့် အလုပ်
မဟုတ်ပါဘူး…တစုံတယောက် အတွက် ကောင်းတာလေးတခု လုပ်ပေးမယ်၊ အခြားသူတွေ ငါ့လို ကောင်းတဲ့
အလုပ်တွေ ဘာလို့ မလုပ်ကြပါလိမ့်၊ ငါတို့အတွက် ဘာလို့ လုပ်မပေးတာပါလိမ့်လို့ တွေးမိတာမျိုး
မဖြစ်စေရပါဘူး။ သူတပါးအတွက် ဆောင်ရွက်ပေးခြင်းဆိုတာ ဘ၀တခုလုံး လုပ်ရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဘ၀အပေါ်မှာ ထားရမယ့် သဘောထား အမြင်ပဲဖြစ်ပါတယ်။
လမ်းပေါ်က အမှိုက်ကို ကောက်ပစ်ဖို့ လိုအပ်သလား၊ လိုအပ်တယ်ထင်ရင် ဘယ်သူမှ မကောက်ပေမယ့်
ကောက်ပြီး အမှိုက်ပုံးထဲမှာ ပစ်ပေးလိုက်ပါ။ တစုံတယောက်က မကြည်မလင်နဲ့ ဆက်ဆံရခက်နေပါသလား။ သူက လက်ကလေး ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးမယ့်သူ လိုအပ်နေတာ ဖြစ်ချင်ဖြစ်ပါမယ်၊ ဒါမှမဟုတ် သူပြောတာကို နားထောင်ပေးမယ့်သူ လိုအပ်နေတာလည်း ဖြစ်ပါလိမ့်မယ်၊ အလှူငွေလိုအပ်နေတဲ့ နေရာကို တွေ့ပြီဆိုပါစို့၊ ဒီလ ရည်မှန်းထားတာထက် ပိုလှူလိုက်ပြီး နောက်လကျတော့ ပြန်ညှိလိုက်တာပေါ့။
ဒီဆောင်းပါးကို ရေးဖို့ စိတ်ကူးနေစဉ်မှာ အင်ဂျင်နီယာလေး တယောက်ကို သားရဟန်းဆီမှာ တွေ့ပါတယ်။
လူကို အကဲခတ်လိုက်တော့ ခပ်သေးသေး သပ်သပ်ရပ်ရပ်နဲ့ပါပဲ။ နားတဖက်မှာ နားကပ်လေး ၀တ်ထားပါတယ်. ရေနံချောင်း အ.ထ.က မှာ ကျောင်းဆောင်ဆောက်တဲ့ အထဲမှာ ငွေတသိန်း လာလှူတာပါ။ စကားပြောကြည့်တော့မှ တော်တော်အတုယူလေးစားဖို့ကောင်းတဲ့ လူရွယ်လေးမှန်း သိလိုက်ရပါတယ်။ သူ့အလုပ်က အိမ်အလှဆင်ပေးတဲ့အလုပ်ပါ။ အသက်က ၂၈ နှစ်၊ လုပ်ငန်းစလုပ်တော့ ၂၃ နှစ်၊ အဲဒီနှစ်မှာပဲအိမ်ထောင်ကျပြီး သူတို့ ဇနီးမောင်နှံက လုပ်ငန်းတခုပြီးသွားတိုင်း ရသမျှအပေါ်မှာ ၂၀ ရာခိုင်နှုန်းလှူဖို့ သဘောတူညီ ထားကြပါတယ်။ သူတို့ လှူတာတွေ များလှပါပြီ။ မူလတန်းကျောင်းလေး တကျောင်းကို အစအဆုံးပြင်ပေးလိုက်တာ ၂၀ ရာခိုင်နှုန်း ကျော်သွားလို့ နောက်လုပ်ငန်းတခုကျတော့ ညီမျှအောင် ပြန်ညှိပြီး လှူတဲ့အကြောင်း သိရပါတယ်။ သူငယ်ချင်းတွေက ဒီဇိုင်းတခုဆွဲခိုင်းရင် သူက ဥာဏ်နဲ့ ကွန်ပြူတာစိုက်ဆွဲပေးလိုက်ပြီး ငွေတသိန်းယူလိုက်ပါတယ်။ ပြီးတော့ သူမသုံးပဲ လှူပေးလိုက်ပါတယ်။ သူငယ်ချင်းတွေလဲ ကုသိုလ်ရအောင်လို့ ဆိုပါတယ်။ စနစ်တကျရှိလှတဲ့ လှူပုံလှူနည်းဖြစ်လို့ ချီးကျူးကြရပါတယ်။ ရှိရင်ရှိသလို လှူပစ်တတ်တဲ့ ကျွန်မလည်း သူ့လို စနစ်တကျနဲ့ အကွက်စေ့အောင် လှူတတ်ဖို့ အတုယူရမှာ ဖြစ်ပါတယ်။
အကောင်းဆုံး လုပ်ဆောင်ဖြည့်ဆည်းပေးခြင်းက သိပ်ကို ရိုးစင်းတာကို.. ကျွန်မ သိရှိနားလည်လာခဲ့ပါပြီ။
နေ့စဉ်ကျွန်မ ရွေးချယ်ပြီး ဘယ်သူမှ မသိအောင်ဆောင်ရွက်ခဲ့တဲ့ သေးသေးဖွဲဖွဲ အမှတ်တမဲ့ လုပ်ဆောင်
ချက်လေးတွေရှိပါတယ်၊ တစုံတယောက်ရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံ ပေးတာမျိုး၊
အချိန်နဲ့ အင်အားပေးဝေပြီး နားထောင်ပေးခဲ့တာမျိုး ဖြစ်ပါတယ်။ ကိုယ်ကျိုးမပါဘဲ လုံးဝ အတ္တမဆန်တဲ့
လူတယောက်ဖြစ်လာဖို့ကတော့ ကြိုးစားဆဲပါပဲ။ ဘယ်လိုပဲဖြစ်စေ ဘ၀နဲ့ တခြားသူတွေအတွက်
လုပ်ဆောင်ချက်တွေ တသားတည်း တထပ်တည်းဖြစ်အောင် ကြိုးပမ်းခဲ့တာကို ကိုယ့်ဘာသာကိုယ်သိတဲ့
အလျောက် ကျွန်မရွေးချယ်ခဲ့တဲ့ ဘ၀နေနည်း အပေါ်မှာ ကျွန်မကျေနပ်ပါတယ်။
ဆိုရိုးစကားတခုရှိပါတယ်… “ပေးဆပ်ခြင်းက သူရဲ့ ကိုယ်ပိုင်ဆုလာဘ်” တဲ့။ ဒါဟာ အမှန်ပါပဲ။
စာဖတ်သူပေးလိုက်တာဟာ ပြန်ပြီးရရှိတာပါပဲ။ စာဖတ်သူ ပြန်ရတာက ပေးလိုက်တာနဲ့ တိုက်ရိုက်အချိုးအစား ညီညီ ပြန်ရပါတယ်။ မေတ္တာပေးရင် မေတ္တာပြန်ရသလို…စေတနာဟာလည်း..တုံ့ပြန်စေတနာ ပြန်လာတာပါပဲ။
စာဖတ်သူရဲ့ ထူးခြားတဲ့နည်းတွေနဲ့ လွတ်လပ်စွာ ပေးဝေတာနဲ့အမျှ စာဖတ်သူ ထင်ထားတာထက် ပိုပြီး
အေးချမ်းတဲ့ခံစားမှုတွေကို ရပါလိမ့်မယ်။ အားလုံးအောင်မြင်နိုင်ကြပါတယ်။ အထူးသဖြင့်ကတော့ စာဖတ်သူပဲ ဖြစ်ပါတယ်.
The essence of generosity is self-sacrifice.
“ရက်ရောခြင်းရဲ့ အနှစ်သာရက မိမိရဲ့ကိုယ်ကျိုးကို…စွန့်လွတ်ခြင်းပဲ..”
(ခင်စောတင့်)အတွေးသစ်၊ အတွဲ(၈)၊အမှတ်(၃၆၅)
[Reference: Kabar Thit Website]
No comments:
Post a Comment