Thursday, May 19, 2011

မေတ္တာပန်းပွင့်

ရမ္မ၀တီ မြို့သူမြို့သားတို့သည် တလှုပ်လှုပ်တရွရွ ဖြစ်လျက် ရှိကြသည်။ တူရွင်း ပေါက်ပြားတို့ဖြင့် မြေညှိသူက ညှိလျက် ရှိကြသည်။ လမ်းဘေး လမ်းပေါ်တို့မှ ပေါင်းမြက်တို့ကို သုတ်သင်သူက သုတ်သင်လျက် ရှိကြသည်။ မြေညှိ သုတ်သင်ပြီး၍ သွေ့ခြောက်နေသော မြေပေါ်တွင် မြူမှုန်များ မထရန် ရေပန်း ရေပွားများ လောင်းသူက လောင်းကြသည်။
…လမ်းမြေပြုပြင်သူများကမူ မဏ္ဍပ်ကန္နား ထိုးသူထိုးလျက် ရှိကြ၍ မဏ္ဍပ်ကန္နား ထိုးပြီးသူများကလည်း ရာဇမှတ်များ ကာရံကာ စိမ်းစိုသော ငှက်ပျောလက် အုန်းလက်များ စိုက်ထောင်၍ တံခွန်ကုက္ကား မုလေးပွားတို့ဖြင့် တန်ဆာဆင် နေကြသည်။

…အမျိုးသမီးများကမူ မဏ္ဍပ်အတွင်း လမ်းဘေး တဖက်တချက်မှ ပန်းစိုက်အိုးများတွင် သပြေပန်း အုန်းပန်းစသော ရရာပန်းများကို ထိုးစိုက်လျက် ရှိကြသည်။ ကြွယ်ဝချမ်းသာသူများကမူ မဏ္ဍပ်အတွင်း၌ ဒလီကော်ဇောများ ခင်းကြ၏။ မတတ်နိုင်သူများက သလဲဖြူများ ခင်း၍ လမ်းလျှောက်ကောင်းရုံ စိုထပ်ထပ်ရှိအောင် ရေအလောတော် လောင်းပေး ကြသည်။
…ယင်းသို့လျှင် ရမ္မ၀တီ (အမရ၀တီ) မြို့သူမြို့သားတို့သည် လူကြီးလူငယ် မကျန်လောက်အောင်ပင် လမ်းခရီးကို အားစိုက် ခွန်စိုက် ပြင်ဆင်လျက်ရှိကြသည်။ အကြောင်းမူကား မမြင့်မီ ကာလတွင် ဒီပင်္ကရာဘုရားရှင်သည် နောက်ပါ သံဃာတော်ငါးရာနှင့်အတူ ရမ္မ၀တီမြို့တွင်းသို့ ဒေသစာရီ ကြွချီတော်မူလာမည် ဖြစ်သောကြောင့်တည်း။

…ထိုအခိုက် ရသေ့ကလေးတစ်ပါးသည် ရမ္မ၀တီမြို့သားများ အနီးသို့ ချဉ်းကပ်လာသည်။ ရသေ့ကလေးမှာ ရုပ်ရည်နုပျို ကြည်လင်၍ ကြည်ညိုချင်စဖွယ်ဖြစ်သည်။ မကောင်းမှု ကင်းစင်၍ စိတ်ဓါတ် ကြည်လင်သော တရားရှင်ဖြစ်သောကြောင့် ကြည်ညိုဖွယ် ရုပ်သွင်ကို ဆောင်သည်ဟု ယူဆရသည်။
“ဒါယကာတို့…တလှုပ်လှုပ် တရွရွနှင့် အားကြိုးမာန်တက် ရှိကြလှသည်။ ကောင်းမှုကုသိုလ်တစ်ခုအတွက် ပြင်ဆင်ကြဟန် တူသည်။ အဘယ်ကောင်းမှု အတွက်ပါနည်း” ဟု ရသေ့ကလေးက မေး၏။
“မကြာမီကာလတွင် ဒီပင်္ကရာဘုရားရှင်သည် နောက်ပါ သံဃာတော်အပေါင်းနှင့်အတူ တပည့်တော်များ မြို့အတွင်းသို့ ကြွချီတော်မူလာပါချိမ့်မည်။ ဤကိစ္စအတွက် တပည့်တော်များ ပြင်ဆင်ကြပါသည်ဘုရား” ဟု ဒါယကာ တယောက်က လျှောက်ထား၏။

“အို…အရတော်လေစွ။ အချိန်ကောင်း အခါကောင်း ကြုံကြိုက်လေစွ ဒါယကာတို့၊ ငါသည်လည်း ဒါယကာတို့နှင့်အတူ ကုသိုလ်ပါဝင် လိုလှပါသည်။ ငါ့အားလည်း လမ်းဖောက်ရန် နေရာတခု ပေးကြပါကုန်”
…ရသေ့ကလေး၏ တောင်းဆိုချက်ကြောင့် ရမ္မ၀တီ ဒါယကာတို့မှာ အကျပ်တွေ့သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင် ကြွချီတော်မူမည့် လမ်းတလျှောက်တွင် မြို့သူမြို့သားအားလုံး နီးနီးကပင် သူ့ထက်ငါသာ နေရာလု၍ ကုသိုလ်လုပ်နေကြသောကြောင့် ရသေ့ကလေးအတွက် နေရာပေးဖို့ရန်မှာ မရှိသလောက် ဖြစ်နေတော့သည်။
…သို့ရာတွင် ရသေ့ကလေး၏ ကုသိုလ်ဆန္ဒကိုလည်း မငြင်းပယ်လိုသဖြင့် ကြွချီတော်မူမည့် လမ်း၏ အစွန်နားတွင် ကြွချီတော်မူချိန်အမှီ မပြီးစီးမည်စိုးသောကြောင့် မြို့သူမြို့သားများ ခပ်ရှောင်ရှောင် ကွင်းချန်ထားသော ချိုင့်ခွက်နေရာ တခုကိုသာ အားနာပါးနာဖြင့် ညွှန်ပြနိုင်တော့သည်။
…သို့ရာတွင် ရသေ့ကလေးသည်ကား ထိုချိုင့်နေရာကိုပင် ၀မ်းမြောက်ဝမ်းသာ ဝေစုယူ၍ ပေါက်တူးတလက်ကို ငှားယူပြီးလျှင် အစွမ်းနိုင်ဆုံးသော ၀ီရိယဖြင့် ပိုသောမြေများကို ဖြိုယူကာ ချိုင့်ကို ဖို့လေတော့သည်။

…ရသေ့ကလေးရောက်လာ၍ ဒါယကာများနှင့် ပြောဆိုနေစဉ်ကပင် ခမ်းနားသော မဏ္ဍပ်ကြီးတခု၏ အတွင်းမှ အမျိုးသမီးလေး တယောက်မှာ ရသေ့ကလေး၏ မွန်ရည်စင်ကြယ်သော ရုပ်ရည်နှင့် ကြည်လင်သောအသံများကို ကြားရသဖြင့် ဣနြေ္ဒမျှ မဆည်နိုင်အောင် ရှိသည်။ သို့ဖြစ်၍ ရသေ့ကလေးအား မကြာခဏ လှမ်းမျှော်ကြည့်ရှု လျက်ရှိ၏။
…ရသေ့ကလေးသည်ကား ဣနြေ္ဒရှင် တရားရှင်ပီပီ ၀ိသဘာဂအာရုံများကို မြူမှုန်မျှ စိတ်မကူးမိဘဲ မိမိတာဝန် ယူပြီးသည့်အချိန်မှစ၍ ပေါက်တူးကို စွဲကိုင်ကာ ထက်သန်သော ၀ီရိယဖြင့် ဘုရားရှင် ကြွလာချိန်အမှီပြီးနိုင်ရန် ကြိုးစားပမ်းစား မြေဖို့လေတော့သည်။
…ချိုင့်ကြီးမှာ အတန်ပင် နက်သဖြင့် အင်မတန် ၀ီရိယထားမှ ဘုရားရှင်ကြွလာတော်မူချိန်အမှီ ဖို့၍ ပြီးချိမ့်မည်။ ပြီးတန်ကောင်းပါ၏။ ပြီးစေရမည်ဟူသော ဇွဲဖြင့် ရသေ့ကလေးသည် မနေမနား ကြိုးစား၍ ဖို့သည်။

…အမျိုးသမီးတသိုက်တို့သည် လှည့်လည် ကြည့်ရှုကြသယောင်ဖြင့် ရသေ့ကလေးအနီးသို့ ရောက်လာကြ၏။ ခေါင်းဆောင်မှာ ခပ်စောစောက မဏ္ဍပ်ကြီးအတွင်းမှ ရသေ့ကလေးအား စူးစူးစိုက်စိုက် ကြည့်ခဲ့သော အမျိုးသမီးကလေးပင် ဖြစ်သည်။ အမျိုးသမီးကလေးမှာ ရသေ့ကလေး၏ သန့်စင်သော ရူပါရုံတွင် ငြိတွယ် နေဟန်ရှိ၏။
…အမျိုးသမီးကလေးသည် တူးဆွမှုတွင် ၀ီရိယထုတ်လျက်ရှိသော ရသေ့ကလေးအပေါ်၌ ကရုဏာပို နေဟန်ရှိသည်။ သို့ရာတွင် ရသေ့ကလေး၏ ပင်ပန်းမှုမှာ ပရိယေသနအတွက်မဟုတ်။ ကုသိုလ်ရေးအတွက် အားထုတ်မှုဖြစ်သောကြောင့် အမျိုးသမီးကလေးအဖို့ တဖက်တွင် ဂရုဏာသက်မိသော်လည်း တဖက်တွင် အားတက်သည်။

…အမျိုးသမီးကလေးသည် ရသေ့ကလေးအပေါ် ဣနြေ္ဒပျက်လုမတတ် စူးစိုက်ခဲ့သော်လည်း ဣနြေ္ဒရင့်ကျက်လှသော ရသေ့ကလေးက မိမိသို့ တချက်ကလေးမျှ လှည့်၍ မကြည့်ခဲ့။ မျက်လုံးချင်းကလေးမျှ ဆိုင်ခွင့် မရခဲ့။ သို့ဖြစ်၍ အမျိုးသမီးတို့၏ ပရိယာယ်ဖြင့် မျှော်ကြည့်ရုံမျှ ကြည့်စေတော့ဟု စကားသံကလေး စီစီညံညံဖြင့် အသံပြုကြည့်သည်။ သို့တိုင်အောင် လှည့်၍မျှ မကြည့်သဖြင့် လက်လျော့ပြန် သွားရသည်။ ရသေ့ကလေးအဖို့ အချိန်မှီ အလုပ်ပြီးဖို့သာ အရေးကြီးနေသည်။
…ချိုင့်မှာကား ဖို့၍ပင် မပြည့်နိုင်သေးပေ။ ရသေ့ကလေးသည် ၀ီရိယကို ပို၍ ထုတ်သည်။
…ရသေ့ကလေး၏ ဆန္ဒတွင် မိမိဝီရိယစိုက်ထုတ်မှုအပေါ်၌ ဒီပင်္ကရာဘုရားရှင်နှင့် သံဃာတော်များ၏ မွန်မြတ်လှသော ခြေတော်တို့ဖြင့် ထိတွေ့စေလိုလှသည်။ မိမိယူထားသော တာဝန်ကိုလည်း ပြီးပြည့်စုံ လိုလှသည်။
…သို့သော် ကာလသည် ရင့်ညောင်း လာလေပြီ။ ဘုရားရှင်ကြွလာတော်မူချိန် နီးပြီ။ အချိန်မှီ ပြီးမှ ပြီးနိုင်ပါ မည်လော။
…သို့ဖြင့်ပင် ဥဒည်တောင်စွန်းမှ ထွန်းသစ်သော တက်နေနှင့်အတူ ဘုရားရှင်ကြွတော်မူလာပြီဖြစ်ကြောင်းကို ခပ်လှမ်းလှမ်းတွင် ဦးနှိမ်ရိုကျိုးလျက် ရှိကြသော မြို့သူမြို့သားများ၏ လှုပ်ရှားပုံ အမူအရာကို မြင်သဖြင့် သိရသည်။

…ရမ္မ၀တီ ပရိသတ် ဒါယကာ ဒါယိကာမတို့မှာ မိမိတို့လမ်းကိစ္စများ ပြီးစီးကုန်ကြပြီဖြစ်၍ ဘုရားရှင်ကို မဖူးမတွေ့ရသေးသော်လည်း ကြွလာတော်မူပြီဟူသောအသံ ကြားသည်နှင့်တပြိုက်နက် အသီးသီး ဘုရားရှင်ကြွလာရာသို့ ရည်မှန်း၍ ဦးတိုက်ဝပ်တွားလျက် ရှိကြသည်။
…ရသေ့ကလေးမှာကား မပြီးပြတ်သော မြေဖို့မှုကြောင့် စိတ်က ဦးတိုက်သော်လည်း လူမပါနိုင်ပဲ မြေကိုသာ ကြိုးစား၍ ဖို့ရှာသည်။
…သို့ဖြင့် ဘုရားရှင် ဦးဆောင်သော သံဃာတော် အတန်းကြီးသည် ရသေ့ကလေးအနီးသို့ ရောက်လာလေတော့သည်။ မြို့သူမြို့သားတို့သည်လည်း ဘုရားရှင်နှင့် သံဃာတော်တို့ တဖက်တချက် နံပါးမှကပ်၍ လိုက်ပါ ကြည်ညိုလာကြသည်။

…အများတကာမှာ လမ်းခင်းရုံမျှမဟုတ်ဘဲ သလဲဖြူ ရာဇမှတ် ကာသူကာ၊ ဖျာရိုင် ကော်ဇော ခင်းသူခင်းဖြင့် အမွန်အမြတ် ပြုလုပ်နိုင်ကြသည်။ မိမိမှာမူ သလဲဖြူရာဇမှတ် ကာဖို့ဝေး၍ မြေညှိဖို့ပင် မပြီးသေး။ ဟယ်…တတ်နိုင်ပါဘူး၊ သလဲဖြူဖျာရိုင် သင်ဖြူးတို့ထက် ခန္ဓာကိုယ်က ပို၍ မြတ်သည်မဟုတ်ပါလော။
…အချိန်မှီအောင်ခင်းပါလျက်နှင့် မပြီးသော လမ်းကို ဖျာရိုင်သင်ဖြူးတို့ထက် မွန်မြတ်သော ငါ၏ ခန္ဓာကိုယ်နှင့် အစားထိုး ခင်းပေးတော့မည်ဟု သံန္နိဋ္ဌာန် ချမှတ်ကာ ဖို့၍ မပြီးသေးသော မြေပေါ်တွင် ခန္ဓာကိုယ်ကို အလျားထိုး၍ မှောက်လိုက်ပြီး 
ဘုရားရှင်အား ရှစ်ခိုး၍…
“တပည့်တော်၏ ကိုယ်ခန္ဓာကို တံတားအမှတ်ပြု၍ တက်နင်းကြွချီတော်မူပါ အရှင်ဘုရား၊ ဤကောင်းမှုကြောင့် တပည့်တော်သည် အရှင်ဘုရားကဲ့သို့ ဘုရားစင်စစ် ဖြစ်ရပါလို၏ အရှင်ဘုရား” ဟု လျှောက်ထားလေသည်။

…သို့ရာတွင် အစဉ်တစိုက် ကြွချီတော်မူလာသော ဘုရားရှင်သည် ရသေ့ကလေး၏ လက်စုံထိပ်တွင် တန့်ရပ်တော် မူနေသည်။ ရသေ့ကလေးသည် မိမိကိုယ်ပေါ်သို့ ဘုရားရှင် မကြွသဖြင့် မော်၍ ဖူးလိုက်သောအခါ တားမြစ်သောအဟန်ဖြင့် လက်တော်ကို လှုပ်ကာနေသော ဘုရားရှင်ကို ဖူးတွေ့ရသည်။
…ထို့နောက် ဒီပင်္ကရာဘုရားရှင်က…
“သုမေဓာ ရှင်ရသေ့…..လာလတ္တံသော ဘဒ္ဒကမ္ဘာ၌ သင်ကား ဂေါတမဟူသော အမည်ဖြင့် ဘုရားရှင်တဆူ ဖြစ်တော်မူချိမ့်မည်။ သည်းခံလော့ ရှင်သုမေဓာ” ဟု တားမြစ်တော်မူသည်။
…ဘုရားရှင်၏ ယင်းဗျာဒိတ်သံ၊ မိန့်ခွန်းသံကြောင့် ရသေ့ကလေးအဖို့ ပီတိတစိမ့်စိမ့် ထုံစေသည်။ ကြီးစွာသော အားဆေးကို ချိုးသောက်လိုက်ရဘိအလား တလျှောက်လုံး ပင်ပန်းခဲ့သမျှတို့ ပြေပျောက်၍ သွားသည်။

…ဘုရားရှင် နှုတ်ခွန်းချွေခိုက်တွင် ဒါယကာ ဒါယိကာမများသည် နံဘေးမှ ၀ပ်တွားလျက်ရှိကြရာ ရသေ့ကလေးအပေါ်သို့ အာရုံသက်ရင်းစွဲရှိသော အမျိုးသမီးကလေးသည် အဘယ်အချိန်က အဘယ်သို့လျှင် ရောက်လာသည်မသိ၊ ဘုရားရှင်နှင့် ရသေ့ကလေးတို့ မြင်သာသော မျက်မှောက်သို့ ရောက်နေသည်ကို တွေ့ရသည်။ အမျိုးသမီးကလေးသည် ပြားဝပ်စွာ ဦးညွှတ်ထိုင်ရင်း လက်ထဲတွင် ကြာပန်းရှစ်ခိုင် ကိုင်ထားသည်ကိုလည်း တွေ့ရသည်။
…ဘုရားရှင် ဗျာဒိတ်တော်ကြောင့် ရသေ့ကလေးအဖို့ ပီတိဖြာခိုက်တွင် အမျိုးသမီးကလေး၏အသံ ထွက်ပေါ်လာ၏။
“အရှင်မြတ်ဘုရား…တပည့်တော်၏ လက်မှ ကြာပန်း ရှစ်ခိုင်အနက် ငါးခိုင်ကို အရှင်ဘုရားအား လှူပါသည်။ သုံးခိုင်ကို ရသေ့ကလေးအား လှူပါသည်။ ဤကောင်းမှုကြောင့် ဤရသေ့ကလေး ဘုရားမဖြစ်မီအကြား ဖြစ်လေရာဘ၀တို့တွင် ရေပူရေချမ်း ကမ်းလှမ်းလိုက်ပါသည့် ပါရမီဖြည့်ဖက် ဖြစ်ရပါလို၏ အရှင်ဘုရား”

…ထိုအသံကို ကြားရသောအခါ ၀ိသဘာဂ အာရုံမှန်သမျှကို စွန့်ပယ်ထားသော ရသေ့ကလေးအဖို့ မနှစ်သက်လှသော အမူအရာဖြင့် အမျိုးသမီးကလေးအား လှမ်း၍ ကြည့်လိုက်ရာ ရသေ့ကလေးအား ရိုကျိုးလှသောအသွင်၊ မေတ္တာစေ့ဆော်မှု ကြောင့် ပရိသတ်အလယ်တွင် ဖြစ်လင့်ကစား မဆင်ခြင်နိုင်ခဲ့သဖြင့် ရှက်သယောင် ရွံ့သယောင်အမူအရာကလေးတို့ဖြင့် ရသေ့ကလေးသို့ မရဲတရဲဖြင့်ပင် ရွှန်းရွှန်းစားစား ကြည့်လျက်ရှိသော အမျိုးသမီးကလေးနှင့် မျက်လုံးချင်းဆိုင်မိကြသည်။

…ဤအမျိုးသမီးသည် သိမ့်မွေ့လှပသော်လည်း ရဲရင့်လှချေ၏။ သို့ကြောင့်ပင် ငါ့ပီတိအရှိန် ပျက်သုဉ်းရသည်။ အမျိုးသမီးဟူသည် ဓမ္မ၏ ဆန့်ကျင့်ဖက်ဖြစ်၏။ သို့ဖြစ်၍  ဗုဒ္ဓအဖြစ်တွင် ထက်သန်လျက်ရှိသော ရသေ့ကလေးက တစုံတရာ ပြောလိုက်တော့အံ့ဆဲဆဲတွင် ဘုရားရှင်၏ မိန့်ခွန်းတော် ပေါ်ထွက်လာပြန်သည်။

“သုမေဓာ ရှင်ရသေ့…ဤအမျိုးသမီးကလေးသည်ကား ရှင်ရသေ့နှင့် ဘုရားဖြစ်အံ့သော သိဒ္ဓတ္ထကုမာရ ဘ၀အထိ ဘ၀များစွာ ပါရမီဖြည့်ဖက် ဖြစ်ချိမ့်မည်။ မငြင်းပယ်နှင့် ရှင်ရသေ့” ဘုရားရှင်၏ မိန့်ခွန်းတော်ကြောင့် ရသေ့ကလေးအဖို့ ငြိမ်သွားရသည်။
…ထိုသို့ သုမေဓာ ရှင်ရသေ့အား ဘုရားဖြစ်မည်ဟု ဗျာဒိတ်စကား ကြားတော်မူသောနေ့၊ တနည်းအားဖြင့် သုမေဓာရသေ့ ကလေးသို့ သုမိတ္တာ အမျိုးသမီးကလေး၏ မေတ္တာပန်းပွင့်ရာ နေ့သည်ကား ကဆုန်လပြည့်နေ့ ဖြစ်၏။
…ထိုမျှသာမဟုတ် ဂေါတမဗုဒ္ဓ အလောင်းတော် ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်ရာ ဗောဓိညောင်ရွှေ ဗုဒ္ဓဟေ ပေါ်ပေါက်သောနေ့၊ ဘုရားစင်စစ် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသောနေ့၊ ဘုရားရှင်ပရိနိဗ္ဗာန် စံဝင်တော်မူသော နေ့များသည်ကား ကဆုန်လပြည့်နေ့ချည်း နှင်နှင် ဖြစ်သတည်း။        ။

…ဘဘဦးကြီးမောင် ရေးဖွဲ့သော ၁၉၆၁ ခုနှစ်၊ ကဆုန်လပြည့်နေ့ အထူးထုတ် ကြေးမုံသတင်းစာမှ ဘာသာရေးဆောင်းပါးကို ကမ္ဘာသစ်သူငယ်ချင်းများသို့ မျှဝေပေးပါသည်။

...မေတ္တာဖြင့်
အေးအေးမိုးမိကူး
[Reference: Kabar Thit Website]

No comments:

Post a Comment