၁။ အမှားအမှန်ကို တိကျစွာ သိရန်ခဲယဉ်း၏။ အမှားအမှန်ကို စီစစ်(နိုင်) ခဲ၏။ အမှားအမှန်ကို ဝေဖန်ခွဲခြား၍ ပြော (နိုင်)ခဲ၏။ အမှားကိုပယ်၍ အမှန်ကိုပြု(နိုင်) ခဲ၏။ ထိုခဲယဉ်းခြင်း လေးမျိုးတို့ကို လွတ်မြောက်အောင် အထူးအားထုတ်သင့်၏။
၂။ သာသနာကိုမည်သူကစ၍ ပြုရမည်နည်း၊ မိမိကိုယ်ကစ၍ပြုရမည်။ မိမိကိုယ်မှာ သာသနာမရှိလျှင် သူတစ်ပါးကို သာသနာပြူ၍ ဖြစ်နိုင်မည်မဟုတ်ပေ။(ဘုရားအဆုံးအမကို သာသနာဟုခေါ်သည်၊ဘုရားစကားအတိုင်းလိုက်နာကျင့်သုံးလျှင် မိမိကိုယ်တွင်း၌ သာသနာတည်သည်)။
၃။ မေတ္တာကို ဘယ်သူကစ၍ ပို့ရမည်နည်း။ မိမိကိုယ်စ၍ ပို့ရမည်။ မိမိကိုယ်မှာ မေတ္တာအပြည့်အဝရှိမှ သူတစ်ပါးကို မေတ္တာပို့၍ ဖြစ်နှိုင်မည်။ဥပမာ-သူတစ်ပါးထံ ငွေပို့လိုလျှင် မိမိမှာ ပထမငွေရှိဖို့ လိုလေသည်။
၎။ မိမိကိုယ်ကို တကယ်ချစ်လျှင် မိမိကိုယ်ကို လောဘမီး၊ ဒေါသမီး၊မောဟမီးတို့ဖြင့် မကြာမကြာမရှို့သင့်ပေ။
၅။ တစ်မိသားလုံး စည်းကမ်းတကျဖြစ်စေလိုလျှင် အိမ်ထောင်မှူးက စည်းကမ်းတကျဖြစ်ရမည်။ ဥပမာ-အိမ်ထောင်မှူးက ဆေးလိပ်သောက်ပြီးလျှင် အိမ်သားအပေါ် ဆေးလိပ်မသောက်ရဟု စည်းကမ်းလုပ်၍ ဖြစ်နိုင်မည်မဟုတ်ပေ။
၆။ လူတိုင်းလူတိုင်းမှာ အဆင်ပြေမှု၊ အဆင်မပြေမှု ဟူ၍ နှစ်မျိုးရှိရာ အဆင်ပြေမှုသည် ကုသိုလ်ကြောင့်ဖြစ်၏။ အဆင်မပြေမှုသည် အကုသိုလ်ကြောင့်ဖြစ်၏။ကုသိုလ်သည် အပူငြိမ်း၍ ကောင်းကျိုးကို ပေးစေတတ်၍ ရေနှင့်တူ၏။ အကုသိုလ်သည် အပူများ၍ လောင်ကျွမ်းဖျက်ဆီးတတ်သဖြင့် မီးနှင့်တူ၏။
၇။ မီးလောင်သောအခါ မီးအလျှင်အမြန်ငြိမ်းစေရန် ရေများများလောင်းပေးရမည့်အစား မီးလောင်စာများများ ထည့်ပေးနေလျှင် မီးပို၍ ပို၍ လောင်လာမည်သာဖြစ်၏။ ထို့အတူ အဆင်မပြေမှုဟူသော အကုသိုလ်မီးလောင်သောအခါ ကုသိုလ်တည်းဟူသော ရေ၊ မေတ္တာရေ များများလောင်းပေးရမည့်အစား ဟိုသူ့ကို အပြစ်တင်၊ ဒီသူ့ကို အပြစ်တင်၊ဟိုသူ့ကိုမုန်း၊ ဒီလူ့ကိုမုန်း၊ ဒေါသမီးဟုန်းဟုန်းတောက်နေကြလျှင် ငြိမ်းအေးမှု သုခ မရနိုင်ဘဲ ပူလောင်ဆင်းရဲမှုဟူသော ဒုက္ခသာ တိုးပွားနေမည် ဖြစ်သည်။
၈။ သို့ဖြစ်၍ အဆင်မပြေမှု၏ အရင်းခံဖြစ်သော အကုသိုလ်မီးကို အဆင်ပြေမှု၏ အရင်းခံဖြစ်သော ကုသိုလ်တည်းဟူသော ရေကို များနှိုင်သမျှ များများ လောင်းပေးရမည်။ သို့မှသာ ဒုက္ခအပူကင်း၍ ချမ်းသာအေးမြခြင်း သုခကို ရနှိုင်ပေမည်။
(သစ္စာပါရမီ ဓမ္မရာဇာ)မှတင်ပြပေးပါသည်။
သတ္တ၀ါခမ်သိမ်း ၊ တရားကိန်း ၊ အေးငြိမ်းချမ်းသာရှိပါစေ...
အညွန်း(သက်သန့် ရွာ)
No comments:
Post a Comment