Sunday, May 29, 2011

*အိပ်မက်ပြုံး*

တစ်ယောက်သောသူက သူ့စိတ်ကူးအိပ်မက်ကို လှောင်တယ်။ လှောင်တဲ့သူက သူချစ်ရသူဖြစ်နေတယ်။ အဲဒါ ဘယ်လို လုပ်ရမလဲတဲ့။

တစ်ယောက်က မေးတယ်။

She laughs at my dreams but I dream about her laughter.
"သူမက ကိုယ့်အိပ်မက်ကို ရယ်တယ်။ ကိုယ်ကတော့ သူမရယ်တာကို အိပ်မက်မက်လိုက်တယ်"။

အဓိပ္ပါယ် လှပပြီး ချစ်စရာကောင်းတဲ့ ဒီစကားလေးကို ဘယ်သူပြောထားခဲ့တယ် မသိဘူး။ သဘောကျမိတာ ကြောင့် မကြာမကြာ သတိရနေမိ တတ်တယ်။ ဒီစကားလေးထဲမှာ ကဲ့ရဲ့ခြင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း အားမာန်နဲ့ အတူ ကိုယ့်ကို ရယ်ပွဲဖွဲ့သူ အပေါ်မှာပင်လျင် ခွင့်လွှတ်နိုင်စွမ်းနဲ့ ချစ်မြတ်နိုးနိုင်စွမ်းတွေ ပေါင်းစုကာ ပျော်ဝင်နေ တယ်လို့လည်း ခံစားမိတယ်။ ရင့်ကျက်သူတို့မှသာလျင် ထားနိုင်မယ့်စိတ်ဓာတ်။ မြင့်မြတ်သူတို့မှသာလျင် ပွားနိုင် မယ့် အလှတရား။ အတုယူကာ အတူပြုသင့်တဲ့ စကားလေးပေါ့။

အများအားဖြင့် သာမန်သူတွေအဖို့ ကိုယ့်စိတ်ကူးအိပ်မက်တွေကို အထင်အမြင်သေးသူ၊ ရှုတ်ချလှောင်ပြောင်သူ အပေါ်မှာ ခွင့်လွှတ်သည်းခံကာ မေတ္တာထားနိုင်ဖို့ဆိုတာက မလွယ်လှပါဘူး။ ကိုယ်က မုန်းသူတွေရဲ့ လှောင် ပြောင်မှုမျိုးဆို လုံးဝသည်းမခံနိုင်လောက်အောင်ပင် ဖြစ်တတ်ပါတယ်။ ကိုယ့်ကို လှောင်ပြောင်သူအပေါ် ဆထက်တိုးလို့ အမုန်းတရားလည်း ပွားတတ်ပါတယ်။ အခွင့်ရတာနဲ့ တစ်နည်းနည်းနဲ့ အနိုင်ယူလက်စားခြေစိတ် မျိုးလည်း မွေးမိတတ်ပါတယ်။

ကိုယ်က ချစ်ခင်သူတွေရဲ့ အထင်အမြင်သေးမှုကို ခံရတဲ့ အခါမျိုးမှာတော့ ချစ်ခင် သူကို မမုန်းရက်လေတော့ ကိုယ့်ကိုယ်ကိုပဲ ပြန်လည်မုန်းတီးစိတ် ဖြစ်တော့တာပေါ့။ ကိုယ့်ကိုယ်ကို ညံ့ဖျင်းနိုင်ရန် ကောလို့လည်း ပြန်လည်အပြစ်တင်မိတတ်ပါတယ်။ ဒီကနေတဆင့် သိမ်ငယ်စိတ်လည်း ဝင်တတ်တာမို့ အရာရာ အပေါ်မှာ ယုံကြည်မှုနည်းပါးပြီး ကိုယ်စွမ်းကိုယ်စ ကျဆင်းသွားတာမျိုးအထိပင် ဖြစ်တတ်ပါတယ်။ ကိုယ်ဘာလုပ် လုပ် ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ သိမ်ငယ်စိတ်က ရှိနေတာမို့ မလုပ်မီကပင်လျင် ရှုံးနိမ့်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အမှတ်တမဲ့ ကိုယ်ပြုမူပြောဆိုလိုက်တဲ့ အမူအကျင့်တစ်ခုဟာ ကိုယ်ကချစ်ခင်သူ၊ ကိုယ့်ကိုချစ်ခင်နေ သူတွေအတွက် တခါခါမှာ အကြီးမားဆုံး ဘဝဒဏ်ချက် ဖြစ်စေတတ်တာမို့ အထူးသတိထားလို့ ပြုမူပြောဆိုသင့် ပါတယ်။ ယေဘုယျပြောရလျင်တော့ ကိုယ့်ကို အထင်အမြင်သေးတာ၊ ရှုတ်ချတာမျိုးကို ဘယ်သူမှ မကြိုက်နှစ် သက်တတ်ပါဘူး။

ဒါပေမယ့် အထက်ကစကားလေးကတော့ အဲဒါနဲ့ဆန့်ကျင်စွာပဲ ကိုယ့်ကို အထင်အမြင်သေးသူအပေါ်မှာ အပြစ် မမြင်ပဲ ချစ်ခင်မှုသဘော၊ နှစ်သက်မှုသဘော ထင်ဟပ်နေတာကို တွေ့ရမှာပါ။ ရယ်ပြုံးနေတာကို အိပ်မက်မက် သူအဖို့ စိတ်နှလုံးချမ်းမြေ့မှုကို ဖြစ်စေမှာ အမှန်ပဲလို့လည်း ကိုယ်တွေ့အိပ်မက်နဲ့ယှဉ်လို့ တွေးမိလိုက်ပါတယ်။ သန့်စင်တဲ့ အပြုံးရဲ့နောက်ဆွယ်မှာ လှပတဲ့ မေတ္တာဓာတ်တွေ ပျော်ဝင်နေတတ်တာ။ ဒါ ဘယ်လောက်မြတ်နိုးဖွယ် အရာပါလဲ။ တကယ်တော့ အပြစ်မြင်ရတယ်၊ အပြစ်တင်ရတယ်ဆိုတာ ဘယ်သူ့ကိုပဲ မြင်မြင်၊ တင်တင်။ ကောင်း တာမျိုးမှ မဟုတ်တာ။ ကိုယ်က သူများကို အပြစ်မြင်ရ၊ အပြစ်တင်ရတာပဲဖြစ်ဖြစ်။ သူများက ကိုယ့်ကို အပြစ်မြင် ရ၊ တင်ရတာပဲဖြစ်ဖြစ်။ အပြစ်တင်တဲ့စိတ် ဖြစ်ရကတည်းကိုက အပြစ်မြင်တတ်၊ အပြစ်တင်တတ်သူမှာက အပြစ် ဖြစ်လို့ နေရပြီလေ။ အပြစ်ဆိုတာမျိုးက ကောင်းခြင်းလက္ခဏာတစ်ရပ်မှ မဟုတ်လေတာ။ ဒေါသဆိုတဲ့ အပူ တ ရား၊ အဆူတရားက နောက်နားမှာ ကပ်လျက်ရှိနေတတ်တာမျိုးလေ။

တခါခါမှာ တချို့အရာတွေက စကားအဖြစ် စာအဖြစ် ထုတ်ဖော်ပြောပြ၊ ရေးပြဖို့ ခက်ခဲလွန်းပါတယ်။ ဘယ်လိုပဲ ကြိုးစားကာ ပြောပြော၊ ကိုယ်ပြောလိုတဲ့အတိုင်း တဖက်သားကွက်တိ နားလည်အောင်ပြောလို့ မရနိုင်ပါဘူး။ စာ လုံးတွေ၊ စကားလုံးတွေမှာက အကန့်အသတ်ရှိတယ်လေ။ ကိုယ်ခံစားမိတာ၊ ကိုယ်သိလိုက်တဲ့အရာက အကန့် အသတ်မှ မရှိတာ။ နောက်ပြီး ပုံသဏ္ဌာန်တွေ၊ အရောင်တွေလည်းပဲမှ မရှိတာ။ ဒီတော့ အဲဒီလို ပုံ၊ အရောင်မရှိတဲ့ အရာမျိုးကို စကားနဲ့စာနဲ့ ဘယ်လိုပုံဖော်လို့ ရနိုင်ပါ့မလဲ။ တွေ့ဖူးမလားပါ။ တစ်ယောက်သောသူရဲ့ မျက်ဝန်းကို စိုက်ကြည့်တဲ့အခါမျိုးမှာ သူ့မျက်ဝန်းမှာ ထင်နေတဲ့ စကားလုံးတွေကို။ ဒါပေမယ့် သူဘယ်လိုပဲပြောပြော သူ့နှုတ် ဖျားကထွက်လာတဲ့စကားဟာ သူပြောချင်တဲ့စကားနဲ့ ထပ်တူမဟုတ်ဖူးဆိုတာကို။ ဒါပေမယ့် သင်က သူ့ခံစားချက် ကို အနီးဆုံး နားလည်ပေးနိုင်စွမ်းရှိတဲ့သူဖြစ်ဖို့တော့ လိုတာပေါ့။ နှုတ်ဖျားက ပြောမပြနိုင်တဲ့ နှုတ်ခမ်းသားအလှမှာ ထင်နေတဲ့စကားတွေ။ နှလုံးအလှကြောင့် အပြုံးစမှာ မြင်ရတဲ့ စကားတွေ။

နည်းတူပဲပေါ့။ ကိုယ့်မျက်လုံးထဲကို သင်စိုက်ကြည့်လျင်လည်း ကိုယ့်နှုတ်ကနေ တစ်ထပ်တည်းဖြစ်အောင် ပြောလို့မရနိုင်တဲ့ စကားလုံးတွေကို သင်တွေ့ကောင်းတွေ့ရမှာပေါ့။ သင်သာ ကိုယ့်ခံစားချက်ကို နားလည်သူ ဖြစ်ရင်ပေါ့ လေ။

ဘာပဲဖြစ်ဖြစ်ပါ။ သင့်မှာ အိပ်မက်လှလှတစ်ခုကို အတိုင်းအဆမရှိပဲ မက်ခွင့်ရှိပါတယ်။ သင့်အိပ်မက်ကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မမက်စေဖို့ ကန့်သတ်ချုပ်ချယ်ခွင့်လည်း မရှိပါဘူး။ အဆုံးအစမရှိတဲ့ စကြာဝဠာကြီး အတွင်းမှာ အဆုံးအစ မရှိနိုင်တဲ့ ဝင်းလက်တောက်ပတဲ့ မျှော်လင့်ဖွယ်တွေက အနှံ့အပြား လွင့်မျောဝဲပျံနေကြ တာ။

လိုချင်တဲ့အရာကို ဆုပ်ကိုင်နိုင်တဲ့စွမ်းအားသာ ရှိမယ်ဆိုလျင်ဖြင့် မမိနိုင်၊ မမီနိုင်တဲ့အရာဆိုတာလည်း ဘယ်ရှိနိုင်ပါ့မလဲ။ ဒါပေမယ့်သတိထားရမှာကတော့ သင်မက်မယ့် အိပ်မက်တွေကို ပျက်ရယ်ပြုမည့်သူတွေ လည်း ရှိနိုင်မယ်ဆိုတာကိုပေါ့။ ပျက်ရယ်ပြုမယ့်သူတွေထဲမှာ သင့်ရဲ့အချစ်ခင်ဆုံးသူတွေလည်း ပါဝင်နိုင်တယ် ဆိုတာကိုလည်း မမေ့စေချင်ဘူးလေ။ ဘယ်သူတွေ ဘယ်လိုပဲ လှောင်ပြောင်ကာ ရယ်သွမ်းသွေးသွေး။ အရေး ကြီးတာကတော့ သူတို့တွေရဲ့ ရယ်နေတာတွေကို အိပ်မက်မက်ပြီး ပြုံးနိုင်တဲ့စိတ်ထား မွေးနိုင်အောင်သာ ကြိုး စားဖို့သာပါပဲ။

အင်း၊ ကိုယ်လား။ ကိုယ့်အိပ်မက်ကို ရယ်နေသူတွေ ထာဝရ ပြုံးနေနိုင်အောင် သူတို့တွေ အိပ်မက်ကောင်းကောင်း မက်နိုင်ပါစေလို့ ဆုတောင်းပေးနေလိုက် တယ်လေ။ ။

အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
ကိုပြည့ိုစုံအောင်(ကိုဖိုးသား)အားကျေးဇူးအထူးတင်ရှိလျှက်

No comments:

Post a Comment