Saturday, May 21, 2011

* * * လူတစ်ယောက်ပြောတဲ့ လူတွေအကြောင်း * * *

? ? ? ဘာကိုလိုချင်လို့ ဟန်ဆောင်ဖုံးကွယ်နေကြတာလဲ ? ? ?

သြော်…. ငါတို့တွေအားလုံးတွေဟာ ဟန်ဆောင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ ရှင်သန်ရပ်တည်နေရတာပဲနော်။ ဘယ်သူ့ကိုမှ အပြစ်ပြောစရာမရှိပါဘူး။ အခုမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ဇာတိ မြို့တော်ကြီး မှာကတည်းက တွေ့မြင်ခဲ့ရတယ်။

ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ၊ အလုပ်ထဲမှာ သူငယ်ချင်းတွေကြားမှာ လူလူချင်းကြားမှာ အားလုံးဟာ အရှိကိုဖုံးကွယ်လို့၊ အမှန်ကိုလိမ်ညာထားကြတယ်။ ဟန်ကိုယ့်ဖို့ ဆိုတဲ့ သူတို့ရဲ့ဆင်ခြေတွေနဲ့ ရှိုးမိုး အပြည့် စတိုင်လ် အပြည့်နဲ့ ကျောင်းတက်ကြတယ်။ ဒါပေမဲ့ သူ့နောက်ကွယ်က သူ့အိမ်မှာတော့ စားစရာအနိုင်နိုင်။ သူငယ်ချင်း အပေါင်းအသင်းတွေကြားမှာ ရေလျှံသူ၊ စမတ်ကျသူ ဖြစ်ဖို့ ရေကိုဖောဖောသီသီ သုံးပြ၊ နောက်ဆုံးပေါ် ကာလာတွေခြယ်ပြီး ဟန်ဆောင်နေပေမယ့် မင်းရဲ့ နောက်ကွယ်မှာ ဘာတွေဘယ်လိုရှိတယ်ဆိုတာ မသိချင်ယောင်၊ နုံအချင်ယောင် ဆောင်ခဲ့တယ်။ 

အခု ဒီဒေသကို ရောက်ပြန်တော့ လည်း ကိုယ့်လူမျိုးတွေမှမဟုတ်ပါဘူး တခြားတိုင်းတစ်ပါးကသူတွေလည်း ဒီလိုလုပ်တတ်တယ်ဆိုသိလာခဲ့ရတယ်။ လူတွေဘာဖြစ်လို့ အမှန်ကို ဖုံးကွယ်ချင်ရတာလဲ? ရိုးသားမှုရဲ့ စစ်မှန်တဲ့ အေးချမ်းမှုကို သူတို့မသိကြလို့များလား?

တကယ်တမ်းတော့လည်း ဒီလောကကြီးမှာ အပေါ်ယံ ကိုပဲကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ သူတွေများလာပြီကိုး။ လောကရဲ့ စစ်မှန်မှုက ဘယ်မှာပါလိမ့်?


လူတိုင်းက ကိုယ့်ကို အထင်ကြီး စေချင်တဲ့စိတ်၊ သူတစ်ပါးထက် သာလွန်ထူးကဲတဲ့ လူတစ်ယောက် အဖြစ်မြင်စေချင်တဲ့စိတ် ဒီစိတ်တွေကြောင့် လူတွေအားလုံးဟာ ရိုးသားမှုနဲ့ ကင်းကွာလာကြတာပါ။ တကယ်တော့ ဒါဟာ ကိုယ့်ကိုယ်ကို မရင့်ကျက်မတည်ငြိမ်သေးဘူးဆိုတာ ပြတာပဲမဟုတ်ပေဘူးလား။ ကိုယ်ပိုင်တဲ့စိတ်ကို တခြားသူတွေရဲ့ ထင်မြင်မှုတွေနဲ့ရပ်တည်ချင်နေတဲ့သူတွေကို မြင်ရတာ အရမ်းကို အံ့သြဖွယ်ရာကောင်းပါပေတယ်။ သူတို့တွေက လူတွေသူတို့ကို ချီးမွမ်းရင် ပျော်ကြတယ်။ ကဲ့ရဲ့ရင် စိတ်ထဲမှာ ခံပြင်းဒေါသထွက်ကြတယ်။ သူတို့ရဲ့ ဘဝတွေဟာ လေတိုက်တိုင်းယိမ်းနေတဲ့ သစ်ရွက်လေးတွေပါပဲ။ လောကရဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ ကိုယ့်ကိုယ်ထဲကပဲထွက်လာတာပါ။ သူများလေးစားတာထက် ကိုယ့်ကိုယ်ကို လေးစားမှုရှိတာ ပိုအဖိုးတန်ပါတယ်။


“ကိုယ့်ကိုယ်ကိုလည်း ပြန်လည်သုံးသပ်မိခြင်း”

ကိုယ့်စိတ်ကို ကိုယ်မပိုင်ပဲ လူတကာတွေရဲ့ အကြိုက်ကိုလိုက်လုပ်ရင်း လူအထင်ကြီးတာခံချင်နေတဲ့ လူတွေရဲ့ ကြားထဲမှာ ငါကရော ငါ့စိတ်ကို ငါပိုင်ဆိုင်ထားနိုင်ရဲ့လား?

ဝန်ခံချက် ။ ။ ကျနော်လည်း တစ်ခါတစ်လေမှာ ကိုယ့်ရဲ့စိတ်ကို မပိုင်ဆိုင်နိုင်ခဲ့ပါဘူး။ ( ကိုယ့်ကိုယ်ကို အမှန်ကို သိမြင်နိုင်မှုဟာ ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံ အကျဆုံးနဲ့ အရေးပါဆုံး အချက်တစ်ခုပါပဲ။ )

မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွှယ်ပါ။ တွေ့ကြုံခဲ့ရသည၊့် ကျနော်၏ လက်ရှိနေထိုင်ရာ ပတ်ဝန်းကျင်ကို ကြည့်ရှုခံစားမိခြင်းဖြစ်ပါသည်။

 Lion Human
[Reference: Friends Day Group Website]

No comments:

Post a Comment