တစ်ခါက မောင်ကုသိုလ် လို့အမည်ရတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ သူ့မိဘတွေက ဘာသာတရားကိုင်းရှိုင်းသလောက် သူကတော့ သူ့နာမည်နဲ့မလိုက်အောင် အကုသိုလ်လုပ်တဲ့နေရာမှာ အလွန် အထုံဝါသနာပါတယ်။ ငှက်ပစ်တာ၊ ငါးဖမ်းတာ၊ အမဲလိုက်တာ… စသဖြင့် သူများအသတ်သတ်ရတာကို ပျော်တယ်လေ။ သူ့အဖေနဲ့အမေက ဘယ်လိုဆုံးမဆုံးမ မရဘူး။ အဲဒီတော့လည်း ဒီလိုပဲ လွှတ်ပေးထားရတော့တာပေါ့။ သူတို့နေတဲ့မြို့ကလည်း တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြတဲ့မြို့ဆိုတော့ မောင်ကုသိုလ်အတွက်ကတော့ သူများအသတ်သတ်ရတာ မထူးဆန်းတော့ဘူးလေ။ မောင်ကုသိုလ် အရွယ်ရောက်လာတော့ ခန္တီးမြို့က မိအေးမြလို့ အမည်ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ကျတယ်။ မိအေးမြက ဘာသာတရားအလွန် ကိုင်းရှိုင်းတဲ့ ရှမ်းလူမျိုး အမျိုးသမီးပါ။ ဒါပေမယ့် မောင်ကုသိုလ်ကို အမဲလိုက်တဲ့အလုပ်ကို စွန့်လွှတ်ဖို့ နည်းမျိုးစုံသုံးပြီးပြောတာ ဘယ်လိုမှမရတာနဲ့ မောင်ကုသိုလ်လည်း ထုံးစံအတိုင်း အမဲလိုက်တဲ့အလုပ်နဲ့ပဲ ဆက်ပြီး အသက်မွေးဝမ်းကြောင်း ပြုပါတယ်။ ဒီလိုနဲ့ပဲ ဇော်ဇော်လို့ခေါ်တဲ့ သားလေးတစ်ယောက်တောင် အသက် ၃ နှစ်ထဲကို ရောက်လာခဲ့တယ်။ တစ်နေ့တော့ တောထဲမှာ တောဝက်တွေပေါ်တယ်၊ သွားဖမ်းကြရအောင်ဆိုပြီး ရွာထဲကအမဲလိုက်ဖော်လိုက်ဖက်တွေက အိမ်အထိလာခေါ်တာနဲ့ မောင်ကုသိုလ်လည်း သေနတ်ကိုဆွဲ၊ သူအမဲလိုက်ရာမှာ အရမ်းအားကိုးရလွန်းတဲ့ အမဲလိုက်ဖော်ခွေးကြီးကိုခေါ်ပြီး အပေါင်းအပါတွေနဲ့ တောထဲကို တောဝက်ဖမ်းဖို့ ထွက်လာခဲ့တယ်။
ခါတိုင်းဒီလောက် ဝေးဝေးလိုက်ရရင် သုံး၊ လေးကောင်လောက်ကတော့ အသာလေးပဲ။ ဒီနေ့ကျမှ ဘာဖြစ်တယ်မသိဘူး၊ တောဝက်တွေကပဲ လျှင်တာလား၊ ကိုယ်ကပဲ လက်ရည်ကျနေတာလား။ မောင်ကုသိုလ်လည်း ညည်းတွားရင်း သူ့အာရုံနဲ့သူ တောဝက်ကို လိုက်လိုက်တာ ဘယ်လောက်တောင် ကြာသွားတယ်မသိ။ သူ့အမဲလိုက်ရာမှာ အမြဲထပ်ကြပ်မကွာ လိုက်တတ်တဲ့ သူ့ရဲ့အမဲလိုက် ခွေးကြီးတစ်ကောင်လုံး ဘယ်မှာပျောက်ကျန်လို့ ပျောက်ကျန်နေခဲ့မှန်းတောင် မသိလိုက်မိဘူး။ အတူတူထွက်လာခဲ့တဲ့ ရွာသားအပေါင်းအပါတွေကိုလည်း ယောင်လို့တောင် မတွေ့မိတော့ချေ။ ရွာသားတွေနဲ့ လမ်းကွဲတာကတော်သေး၊ သူ့ခွေးလေးကို ဟိုဟိုဒီဒီ လိုက်ရှာသော်လည်း ဘယ်လိုမှ ရှာမတွေ့တော့ပေ။ တစ်သက်လုံး အတူတူအမဲလိုက်ဖော်လေး ပျောက်သွားလို့ စိုးရိမ်ဝမ်းနည်းရတာကတစ်မျိုး၊ တောထဲမှာ တစ်ယောက်တည်း မျက်စိလည် လမ်းမှားနေတာကတစ်မျိုးနဲ့ သူလည်း တော်တော်လေးကို ပူထူနေပြီ။ “တော်တော်ထူးဆန်းတာပဲ။ ငါဒီမြို့မှာ မွေးကတည်းကနေလာပြီး တစ်သက်လုံး နှစ်ပေါင်းများစွာ အမဲလိုက်လာတာ ဒီလိုနေရာမျိုးကို တစ်ခါမှ မျက်စိလည်လမ်းမှားပြီးတောင် မရောက်ဖူးပါဘူး။ ငါမရောက်ဖူးတဲ့နေရာ ဆိုတာလည်း ဒီတော၊ ဒီနယ်တစ်ဝိုက်မှာ မရှိတော့အောင်ကို တစ်သက်လုံး အမဲလိုက်ရင်း ကျင်လည်ကျက်စားလာခဲ့တာ။ အခုတော့……. ဘယ်လိုများဖြစ်တာပါလိမ့်…….။ ဟင်!!!....... ခါတိုင်းဆို တောထဲမှာ အမဲလိုက်မဲ့ အကောင်ကြီးတွေ မရှိရင်တောင် ကျေးငှက်သာရကာ အသံလေးတွေကို အမြဲကြားနေရတာပဲ။ အခု ငှက်သံ၊ ဖားသံတွေမပြောနဲ့၊ ဘာသံဆို ဘာသံမှကို မကြားရပါလား။ အခုငါရောက်နေတဲ့ တောထဲမှာက သက်ရှိသတ္တ၀ါဆိုလို့ ငါတစ်ယောက်တည်းပါလား။ ဘာသက်ရှိအသံကိုမှ မကြားရ၊ ဘာသတ္တ၀ါတွေကိုမှလည်း မမြင်ရပါလား။ ဘုရား…ဘုရား…ဘုရား။ ငါဘယ်ကိုများ ရောက်နေပါလိမ့်။ သြော်… ငါ့လိုမုဆိုးတစ်ယောက်ရဲ့ ပါးစပ်ကနေ ဘုရားတလိုက်မိတာပါလား။ အကုသိုလ်အလုပ်တွေနဲ့ ပျော်မွေ့ရင်း ဘုရားကိုမေ့နေလိုက်တာ ငါ့တစ်သက်ရှိပါပေါ့လား။ ဘုရား…ဘုရား…။ ငါ့အဖေ ငါ့ကိုငယ်ငယ်က ပြောခဲ့ဖူးတာဟာ အမှန်တွေပဲ ဖြစ်နေပြီလား???” ……. အဖေ: “သား… ငှက်ကလေးတွေကို မပစ်ပါနဲ့တော့။ သူများအသက် သတ်တယ်ဆိုတာ အရမ်းကို အကုသိုလ်ကြီးပါတယ် သားရယ်။ ရှေးလူကြီး၊ သူမတွေရဲ့စကားကို အဖေပြောပြမယ်။ အကုသိုလ် အရမ်းအားကြီးတဲ့သူဟာ ကိုယ့်အရှေ့မှာ ဘုရားစေတီကြီး ရှိနေတာတောင် အကုသိုလ်တွေက ဖုံးလွှမ်းပြီး မမြင်ရတတ်ဘူးတဲ့။ မသေခင်မှာကိုပဲ ငရဲဘုံတို့၊ ပြိတ္တာဘုံတို့၊ အသူရကာယ်ဘုံတို့ကို ဒီဘ၀မှာတင် ကျရောက်ရတတ်တယ်တဲ့။” ……. ဘုရား…ဘုရား…ဘုရား။ အဲဒီတစ်ညလုံး သူ့အဖေပြောဖူးတဲ့စကားတွေ ပြန်ကြားယောင်ရင်း၊ ကြောက်တဲ့စိတ်တွေနဲ့ တောထဲမှာ မောင်ကုသိုလ်ဘယ်လိုမှ အိပ်လို့မရတော့ပေ။ မနက်မိုးလင်းခါနီးမှပဲ တစ်ရေးလောက် အိပ်ပျော်သွားတော့တယ်။
မနက်မိုးလင်းတော့ အိမ်ပြန်ဖို့ လမ်းဆက်လျှောက်လာရင်း လူတွေ စကားပြောသံလိုလို ကြားတာနဲ့ ရွာတစ်ရွာနဲ့နီးလာလို့ လူသံတွေ ကြားရတာဖြစ်မယ်၊ အဲဒီရွာကိုဝင်ပြီး ငါ့ရွာကိုဘယ်လို ပြန်ရမလဲဆိုတာ လမ်းမေးပြီး အိမ်ပြန်ရမယ်ဆိုပြီး အတော်လေး ၀မ်းသာသွားတယ်။ မကြာပါဘူး။ နည်းနည်းဆက်လျှောက်လိုက်တာနဲ့ သူထင်တဲ့အတိုင်း ရွာတစ်ရွာကိုတွေ့ပါတယ်။ ရွာထဲကိုအ၀င်လမ်းမကြီးအတိုင်း သူဆက်လျှောက်လာရင်းနဲ့ ရွာအခြေအနေကို သူအကဲခတ်နေမိတယ်။ ရွာထဲမှာ လူတွေအားလုံးက သူ့အလုပ်ကိုယ်စီနဲ့သူ ရှုပ်နေကြတယ်။ ယက်ကန်းစင်တွေကိုတော့ အိမ်တိုင်းမှာလိုလို တွေ့ရတယ်။ ဒီရွာကလူတွေကို ကြည့်ရတာ တက်တက်ကြွကြွနဲ့ ပျော်ရွှင်နေကြသလိုပဲ။ သူဆက်လျှောက်လာလိုက်တယ်။ ရွာစ၀င်ကတည်းက ၃ အိမ်မြောက်လောက်အရောက်မှာ အိမ်ပေါ်ကနေ ကောင်မလေးတစ်ယောက်က သူ့ကိုလှမ်းခေါ်တယ်။ “မောင်ကြီး… မောင်ကြီးက ခရီးသွားထင်တယ်။ ခရီးသွားရင်း လမ်းပျောက်လာတာများလား။ နှမလေးတို့ အိမ်ပေါ်ကိုတက်ပြီး ခဏလောက် အနားယူပါဦး။ နေ့လည်စာလည်း စားပြီးတဲ့ပုံ မပေါ်သေးဘူး။ နှမလေးတို့ မောင်ကြီးကို နေ့လည်စာနဲ့ ဧည့်ဝတ်ပြုပါရစေ” အဲဒါနဲ့ မောင်ကုသိုလ်လည်း ထမင်းမစားရသေးတာ နှစ်နပ်လောက်ရှိပြီ၊ အရမ်းလည်း ပင်ပန်းလာတာနဲ့ ခဏ၀င်နားမယ်ဆိုပြီး အိမ်ပေါ်တက်လိုက်သွားတယ်။ “နှမလေးနာမည်က မမကြီးပါ။ ဒါကတော့ နှမရဲ့နှမလေး မမလေးပါ။ နှမတို့က မောင်နှမသုံးယောက် ရှိပါတယ်။ အစ်ကိုကြီးကတော့ ရွာကထွက်တဲ့ ကုန်ပစ္စည်းလေးတွေကို အရောင်းအ၀ယ်လုပ်ပါတယ်။ တစ်ခါထွက်သွားရင် သုံး၊ လေး၊ ခြောက်လလောက်မှ ပြန်လာတတ်ပါတယ်။ ပြန်လာပြီးရင်လည်း ခဏပဲနေပြီး ပြန်ထွက်ရပြန်ပါတယ်။ အဲဒါကြောင့် မောင်ကြီးကို နှမလေးတို့ အစ်ကိုကြီးအရင်းလို သဘောထားပြီး ပြုစုစောင့်ရှောက်ပါရစေ။ ဒီရွာကို ရောက်တုန်း၊ ရောက်ခိုက် အေးအေးဆေးဆေး အနားယူပြီးမှ မောင်ကြီးရွာကို ပြန်ပါ။ ပြန်တဲ့အခါလည်း လိုလေသေးမရှိ လမ်းညွှန်ပေးလိုက်ပါ့မယ်။” ဆိုပြီး မမကြီးဆိုသော မိန်းကလေးက ဖော်ဖော်ရွေရွေ ဖိတ်လေတယ်။ အဲဒါနဲ့ မောင်ကုသိုလ်လည်း တစ်ရက်၊ နှစ်ရက်လောက်နားပြီးမှ ခရီးဆက်မယ်ဆိုပြီး မှန်းထားလိုက်တယ်။ နောက်တော့ နှမလေးတို့ရွာဆိုမှ သူတို့ရွာနာမည်ကို မေးဖို့ သတိရတော့တယ်။ “နှမလေးတို့ ရွာနာမည်က ဘယ်လိုခေါ်သလဲကွဲ့။” မမကြီး: “နှမလေးတို့ ရွာနာမည်က ရွှေရင်းရဲ ရွာလို့ခေါ်ပါတယ် မောင်ကြီး။ ဒီရွာမှာ အဓိကလုပ်ငန်းက ယက်ကန်းလုပ်ငန်းပါ။ တစ်ရွာလုံးက အမျိုးသမီးတွေက ယက်ကန်းယက်တဲ့အလုပ်ကို လုပ်ကြပြီး ယောင်္ကျားတွေကတော့ ယက်ကန်းထည်တွေကို တခြားမြို့ရွာတွေမှာ သွားပြီးရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ကြပါတယ်။ ဒီရွာက လူကြီး၊ ကလေး… အရွယ်စုံတွေဟာ ခိုက်ရန်မဖြစ်ကြဘဲ အားလုံးအတူတကွ ပျော်ပျော်ရွှင်ရွှင်၊ ချစ်ချစ်ခင်ခင် နေကြလို့ နှမလေးတို့ရွာလေးက အေးချမ်းပါတယ် မောင်ကြီး။ ဒီရွာမှာ မောင်ကြီးကပျော်လို့ တစ်သက်လုံး နေမယ်ဆိုရင်လည်း နှမလေးတို့က အစ်ကိုကြီးအရင်းတစ်ယောက်လို သဘောထားပြီး တစ်သက်လုံးပြုစုလုပ်ကျွေးသွားမှာပါ။ မောင်ကြီး ဒီရွာမှာ ပျော်သလောက်နေပါ။” မောင်ကုသိုလ်လည်း “ငါဒီနားတစ်ဝိုက်မှာ တစ်သက်လုံးနေပြီး အမဲလိုက်နေတာ ငါမသိတဲ့မြို့ရွာဆိုလို့ မရှိတော့ပါဘူး။ ဒါပေမယ့် ဒီမမကြီးပြောပြတဲ့ ရွှေရင်းရဲ ဆိုတဲ့ ရွာနာမည်ကိုတော့ တစ်ခါမှကို မကြားဖူးတာ တော်တော်အံ့သြဖို့ကောင်းတာပဲ။ ဒါပေမယ့်လည်း ငါမသိလို့ပဲ ဖြစ်မှာပါလေ။ နောက်နှစ်ရက်လောက်နေရင် ငါလည်း လမ်းမေးပြီးပြန်မှာဆိုတော့ အိမ်ပြန်ရောက်ဖို့က အဓိကပါပဲ။”
မောင်ကုသိုလ်လည်း မမကြီး၊ မမလေးတို့ ညီအစ်မနှစ်ယောက်က သူ့ကိုအစ်ကိုကြီး အရင်းတစ်ယောက်လို သဘောထားပြီး ဖော်ဖော်ရွေရွေ လိုလေသေးမရှိရအောင် ကျွေးမွေးပြုစုတာခံရင်းနဲ့ ဇနီးနဲ့ သားလေး၊ ပြီးတော့ အိမ်ကိုပြန်ဖို့တောင် အံ့သြဖို့ကောင်းလောက်အောင် မေ့သွားခဲ့တယ်။ ဒီရွာမှာ ပျော်လို့တောင် နေပြီလေ။ အဲဒီလိုနေရင်းနဲ့ တစ်ရက်မှာတော့ ရာသီဥတုကလည်း ပူတာနဲ့ဘယ်လိုမှ အိပ်လို့မရဘူး ဖြစ်နေတယ်။ ဟိုလှိမ့်၊ ဒီလှိမ့်နဲ့ နေရင်းနဲ့ တော်တော်ညည့်နက်လာတော့ ဆူဆူညံညံအသံတွေ ကြားလာရတယ်။ အဲဒါနဲ့ သူလည်း ဒီညည့်နက်အချိန်မတော်ကြီး အိပ်မပျော်ရတဲ့အထဲ ဘာသံတွေလဲဆိုပြီး ခေါင်းရင်းက ပြတင်းပေါက်လိုက်ကာကို ဆွဲကြည့်လိုက်တယ်။ “အိုး… တစ်ရွာလုံး လမ်းမပေါ်မှာ နွားလှည်းတွေနဲ့ ပြင်လို့၊ ဆင်လို့ ဘယ်သွားကြမလို့ပါလိမ့်။ ဒီအချိန်ကြီး ဘုရားပွဲများ သွားကြမလို့လား။ ဟာ… မဟုတ်သေးပါဘူး။ ဟင်… ဟိုမှာ မမကြီးနဲ့ မမလေးတို့လည်း လှည်းပေါ်မှာ အခန့်သားထိုင်လို့ပါလား။ သူတို့လည်း သွားကြမလို့ထင်တယ်။ ငါ့ကို နေ့လည်ကလည်း တစ်ယောက်မှ ဘာမှ မပြောထားကြပါဘူး။ သူတို့ ဘာလုပ်ကြတာပါလိမ့်။ အို… တစ်ရွာလုံး… လူကြီး၊ ကလေး၊ ခွေးပါမကျန် တစ်အိမ်ကို လှည်းတွေကိုယ်စီနဲ့ ပွဲတော်ကြီးတစ်ခုကို သွားနေကြမလိုပဲ။ သူတို့ ငါ့ကိုတောင် မပြောပြဘဲ ဘယ်သွားကြသလဲဆိုတာ လိုက်ကြည့်ဦးမှ” တစ်ရွာလုံးမှာ သက်ရှိသတ္တ၀ါဆိုလို့ မောင်ကုသိုလ်တစ်ယောက်ပဲ ရှိတော့တယ်။
သူလည်း ကမန်းကတန်းထပြီး လှည်းတွေနဲ့ မျက်ခြေမပျက် အမှီလိုက်ရတော့တာပေါ့။ တောင်တွေ တစ်တောင်ပြီး တစ်တောင်ကျော်လာခဲ့တယ်။ ချိုင့်ဝှမ်းလွင်ပြင်တွေလည်း ဖြတ်လာခဲ့ပြီ။ ဘယ်ကိုသွားနေကြတာပါလိမ့်၊ မရောက်နိုင်ကြသေးဘူးလား မသိပါဘူး။ ဟိုးအရှေ့နားက ရေတွေလား။ မဟုတ်သေးပါဘူး။ အား… ပူလာလိုက်တာနော်…။ သြော်… တံလျှပ်တွေထင်တယ်။ ဟင်… အိုး… လား… လား…….။ ဒီလောက်… တောင်လောက်ကြီးရှိတဲ့ မီးပုံကြီးကို ငါ့ဘ၀၊ တစ်သက်နဲ့တစ်ကိုယ်မှာ တစ်ခါမှ မမြင်ဖူးပါလား။ တော်တော်လှမ်းတဲ့ အကွာအဝေးကနေ လှမ်းကြည့်နေတာတောင် မီးတောက်မီးလျှံတွေက ပြင်းလွန်းလို့ အပူငွေ့တွေလာဟပ်နေတာ တစ်ကိုယ်လုံးလည်း ပူလောင်နေပြီ။ တစ်ရွာလုံးက လှည်းတွေအားလုံး အဲဒီမီးပုံကြီးကို ပတ်ပတ်လည် ၀ိုင်းပြီးရပ်သွားကြပြီ။ သူတို့ ဘာလုပ်ကြမလို့ပါလိမ့်။ ခဏကြာစောင့်ကြည့်လိုက်တယ်။ အိုးးး……… မီးပုံကြီးထဲကို တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းသွားကြပြီ။ ဟင်… မမကြီးနဲ့ မမလေး ညီမလေးနှစ်ယောက်လည်း ခုန်ဝင်သွားကြပါပေါ့လား။ အို…… ဘုရား…ဘုရား…ဘုရား…….။ ဒါ ငါ့ဘ၀မှာ ဒုတိယအကြိမ် ဘုရားတမိခြင်းပါပဲ။ ခလုတ်ထိမှ အမိတဆိုတဲ့ စကားပုံဟာ တကယ်မှန်ပေတာပဲ။ တစ်သက်လုံး သူများအသက်သတ်လာတဲ့ လူက ဒီလို သွေးပျက်ဖို့ကောင်းတဲ့ မြင်ကွင်းကြီးကို ဘယ်လိုမှ ဆက်ကြည့်နိုင်စွမ်း မရှိတော့ပါဘူး။ တစ်ရွာလုံးလည်း လှည်းတွေပေါ်က တစ်ယောက်မကျန်ဆင်းပြီး မီးပုံကြီးထဲကို ခုန်ဆင်းသွားလိုက်ကြတာ အခုမီးလျှံတွေထဲမှာ နာနာကျင်ကျင်နဲ့ ကယ်ကြပါ။ ယူကြပါ။ ဆိုတဲ့ အသံနက်ကြီးတွေက အဝေးကနေတောင် အကျယ်ကြီးကြားနေရတယ်။ ဆက်ပြီးမြင်နိုင်စွမ်း၊ ကြားနိုင်စွမ်း မရှိတော့ပါဘူး။ … မောင်ကုသိုလ်လည်း ကြောက်အားလန့်အားနဲ့ ရွာထဲကို အမြန်ပြန်ပြေးလာခဲ့တော့တယ်။ ရွာထဲမှာကတော့ တစ်ရွာလုံးသူတစ်ယောက်တည်းပဲ။ သူအခုမှ စဉ်းစားမိတယ်။ မမကြီးတို့အိမ်မှာ ဘုရားစင်မရှိဘူး။ နေ့ခင်းဘက်ပေမယ့် ရွာထဲကလူတွေမှာ အရိပ်ဆိုတာမရှိကြဘူး။ … “ဘုရား…ဘုရား…ဘုရား…။ ငါ့အဖေပြောတဲ့ နေ့စံညခံ အသူရကာယ်ဘုံကို ငါရောက်နေတာပါလား။ ငါ့ရဲ့ အကုသိုလ်ကံတွေကြောင့် ဒီဘ၀မသေခင်မှာပင် အပ္ပါယ်ဘုံကို ရောက်နေရပါလား။ မဖြစ်ဘူး။ ငါ့ဇနီးနဲ့ သားကိုလည်း ခွဲနေတာကြာပြီ။ မနက်ဖြန်မမကြီးကို လမ်းမေးပြီး အိမ်ကိုအမြန်ပြန်တော့မယ်။ ဒီမှာ ဆက်နေဖို့ မသင့်တော်တော့ပါဘူး။
ကြောက်လန့်စိတ်နဲ့ အတွေးတွေများနေလိုက်တာ ဘယ်အချိန်က အိပ်ပျော်သွားတယ်မသိလိုက်ဘူး။ မနက်ရောက်လို့ မမကြီးလာနှိုးမှပဲ နိုးတော့တယ်။ “သူတို့ ဘယ်အချိန်က ပြန်ရောက်နေကြပါလိမ့်”… မမကြီး: “မောင်ကြီးညက အိပ်လို့မှပျော်ရဲ့လား။”… “သိပ်တော့ အိပ်မပျော်ဘူးကွဲ့။”… မမကြီး: “နှမလေးတို့ သိပါတယ် မောင်ကြီးရယ်။ ညက နှမလေးတို့ရဲ့ ဘ၀မှန်ကို မောင်ကြီး သိသွားပြီ မဟုတ်လား။ ဟုတ်ပါတယ်။ နှမလေးတို့က မောင်ကြီးလို လူသားစင်စစ်တွေ မဟုတ်ကြပါဘူး။ နေ့ဘက်မှာသာစံစားရပြီး ညဘက်ရောက်ရင် ငရဲခံရတဲ့ အသူရကာယ်ဘုံသားတွေပါ မောင်ကြီး။ အင်းပေါ့လေ… မောင်ကြီးနဲ့ နှမလေးတို့တွေ့ဆုံရမယ့် အခိုက်အတန့်က အချိန်စေ့နေပါပြီ။ ဒီလိုဘုံဘ၀မတူတဲ့ အရပ်ဒေသတွေကို ရောက်တယ်ဆိုတာ မောင်ကြီးရဲ့ အကုသိုလ်အရှိန်အဟုန်တွေကြောင့်ပါ။ တကယ်တော့ မောင်ကြီးရယ်… နှမလေးတို့ မမကြီး၊ မမလေး ညီအစ်မနှစ်ယောက်နဲ့ မောင်ကြီးဆိုတာက……. ဟိုး… အရင်ကဖြစ်ခဲ့တဲ့ ဘ၀တစ်ခုမှာ တကယ့် မောင်နှမအရင်းတွေ တော်စပ်ခဲ့ကြတာပါ။ မောင်ကြီးကတော့ အဲဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေ ရှိခဲ့တော့ လူ့ဘ၀တွေကို ရရှိခွင့်ရပြီး နှမလေးတို့ ညီအစ်မနှစ်ယောက်ကတော့ ဒီအသူရကာယ်ဘုံဘ၀မှာ အချိန်ကာလတွေ အတော်လေးကြာမြင့်ခဲ့ပါပြီ။ မောင်ကြီးကတော့ လူသားဘ၀မို့လို့ နှမလေးတို့ရဲ့ အတိတ်ဘ၀က တော်စပ်မှုကို သတိရနိုင်စွမ်း မရှိတော့ပေမယ့်လို့၊ နှမလေးတို့ကတော့ မောင်ကြီး တောထဲကနေ မျက်စိလည်လမ်းမှားပြီး နှမလေးတို့ဆီကို ရောက်လာလို့တွေ့စကတည်းက နှမလေးတို့ရဲ့ အရင်ဘ၀က အစ်ကိုကြီးဆိုတာကို မှတ်မိကြပါတယ်။ ဒါကြောင့်လည်း ဒီဘ၀မှာ ဘုံဘ၀တွေကွဲပြားပြီး မတော်စပ်ကြတော့ပေမယ့်လို့ နှမလေးတို့အရင်ဘ၀က အစ်ကိုကြီးအရင်းကို ကြုံတုန်း၊ ဆုံတုန်းမှာ စကားတွေပြောချင်၊ မောင်နှမတွေ ချစ်ချစ်ခင်ခင်နေချင်၊ ပြုစုကျွေးမွေးချင်တာကြောင့် မောင်ကြီးကို ဒီရွာမှာနေချင်ရင် တစ်သက်လုံးတောင် ပျော်သလောက်နေနိုင်ပါတယ်လို့ ဖိတ်ခေါ်ရတာပါ။ နှမလေးတို့မောင်နှမသုံးယောက်က အဲဒီဘ၀မှာ ရေစက်မကုန်ကြသေးပါဘူး။ ခဏလောက်တော့ ပြန်တွေ့ဖို့ ရေစက်ရှိပါသေးတယ်။ နှမလေးတို့လောလောဆယ် ရောက်နေတဲ့ ဘုံဘ၀ကအချိန်ကာလနဲ့ တွက်မယ်ဆို တစ်လဆိုတဲ့ကာလ အတိအကျလောက်ကလေး ပြန်ဆုံတွေ့ဖို့ကို ရေစက်ကရှိနေပါသေးတယ်။ မောင်ကြီးရယ်… နှမလေးတို့ ဆုံတွေ့ရမယ့် ရေစက်က တစ်လဆိုတဲ့ အချိန်ကာလတိုတိုလေးပါ။ တစ်လဆုံတွေ့ရဖို့ ကျန်သေးတယ်ဆိုပေမယ့် မောင်ကြီးသာ အခုဒီလူ့ဘ၀မှာ မုဆိုးလုပ်တဲ့ အကုသိုလ်အဟုန်တွေသာ မရှိခဲ့ရင်လည်း နှမလေးတို့မောင်နှမသုံးယောက် ဒီဘ၀မှာဆုံတွေ့ရဦးမှာ မဟုတ်ပါဘူး။ နှမလေးတို့ကလည်း အကုသိုလ်အပ္ပါယ်ဘုံမှာ ကျရောက်နေရတဲ့အချိန်ကာလ၊… မောင်ကြီးကလည်း ဘ၀မတူတဲ့ လူ့ဘ၀ရနေပေမယ့်လို့ သူများအသက်သတ်တဲ့ အကုသိုလ်တွေလုပ်ထားပြီး အသူရကာယ်ဘုံကို မြင်ရ၊ လာရောက်ရမယ့် ကံအကျိုးတွေကလည်း ရှိနေတဲ့ကာလ၊… ဒီတူညီတဲ့ ကာလနှစ်ခု၊ အခြေအနေ၊ ကံအကျိုးပေးတွေ သွားတိုက်ဆိုင်သွားလို့သာ မကုန်သေးတဲ့ တစ်လဆိုတဲ့ရေစက်ကို နှမလေးတို့တတွေအားလုံး တခြားဘ၀တွေအထိ သယ်သွားစရာ၊ စောင့်စရာမလိုတော့ဘဲ၊ ဒီဘ၀မှာတင် ကြုံဆုံလိုက်ရတာပါ မောင်ကြီးရယ်။ အခုလို တစ်လဆိုတဲ့ ရေစက်ကံလေး ကြုံတောင့်ကြုံခဲရတုန်းလေး မောင်ကြီးကို နှမလေးတို့ညီအစ်မတွေ ပြုစုကျွေးမွေး စောင့်ရှောက်ခွင့်ရတာ ကျေနပ်သွားပါပြီ မောင်ကြီးရယ်။ မောင်ကြီးလည်း နှမတို့ဆီမှာနေတာ တစ်လတင်းတင်းတောင် ပြည့်ပြီဆိုတော့ ရေစက်လေးလည်း ကုန်သွားပြီမို့လို့၊ မောင်ကြီးလည်း နှမလေးတို့ဘ၀မှန်တွေ သိခွင့်၊ မြင်ခွင့်ရရှိလိုက်ရပြီဆိုတော့ လူသားတွေမနေတဲ့ ဒီဘုံဘ၀မှာ ဆက်နေနေဖို့ မသင့်တော်တော့ပါဘူးလေ။ မောင်ကြီး ဒီတစ်ညတော့ နောက်ဆုံးအနေနဲ့ နေပြီးတော့ မနက်ဖြန်မိုးလင်းတာနဲ့ ရွာထဲက ကောင်လေးတစ်ယောက်ကို ရွာအစပ်နားအထိ မောင်ကြီးကို လှည်းနဲ့ လိုက်ပို့ခိုင်းလိုက်ပါ့မယ်" ။ ။
"သြော်… ကြားရတာ… ထူးဆန်းအံ့သြစရာတွေလည်းဖြစ်၊ စိတ်မကောင်းလည်း ဖြစ်ရပါတယ် ငါ့နှမတို့ရယ်။ မောင်ကြီးလည်း နှမလေးတို့နဲ့ တစ်လဆိုတဲ့ အချိန်ကာလ ရေစက်မကုန်သေးလို့ ဒီလိုဘ၀တွေနဲ့တင် ပြန်လည်ဆုံတွေ့ပြီး ချစ်ချစ်ခင်ခင် နေခဲ့ရတာကို ၀မ်းသာ၊ ၀မ်းနည်းဖြစ်ရပါတယ်။ မောင်ကြီးလည်း အသိတရားတွေ ခိုင်ခိုင်မာမာကြီး ရရှိသွားပါပြီ။ ရွာကိုပြန်ရောက်ရင်လည်း ဒီမကောင်းမှုအကုသိုလ်ဖြစ်တဲ့ သူများအသက်သတ်တဲ့ မုဆိုးအလုပ်ကို ရာသက်ပန်စွန့်လွှတ်လိုက်ပါတော့မယ်။ ငါးပါးသီလကိုလည်း ခါးဝတ်ပုဆိုးလိုမြဲလို့ တသက်တာလုံး စောင့်ထိန်းသွားပါတော့မယ်။"
မောင်ကုသိုလ်လည်း ညက စိတ်မကောင်းလည်းဖြစ်၊ ၀မ်းနည်း၊ ၀မ်းသာတွေဖြစ်ပြီး အိပ်မရပြန်ဘူး။ ထုံးစံအတိုင်း ညည့်နက်ချိန်ရောက်တော့ မမကြီး၊ မမလေး ညီအစ်မနှစ်ယောက် အပါအ၀င် တစ်ရွာလုံး ဟိုမီးပုံကြီး ရှိတဲ့ဆီ သွားကြပြန်ပါပြီ။ ရင်ထဲက ခံစားချက်က မနေ့ကနဲ့ လားလားမှမတူ၊ ……. ကြောက်လန့်မနေတော့ဘဲ၊ အရင်ဘ၀က မောင်နှမတွေ တော်စပ်ခဲ့ကြဖူးတယ်ဆိုတဲ့ ညီမလေးနှစ်ယောက် မီးပုံကြီးဆီ ခုန်ချဖို့သွားနေကြတာကို မသိချင်ယောင်ဆောင်နေရရင်း၊ ရင်ထဲမှာကတော့ အဲဒီ.. တောင်လောက်ရှိတဲ့ မီးပုံကြီးအလား ပူလောင်လွန်းလို့၊ သိတတ်တဲ့အရွယ်ကစပြီး တစ်သက်နဲ့တစ်ကိုယ် မကျဖူးတဲ့ မျက်ရည်တွေတောင် ကျနေရပါပြီ။ တစ်လလောက် ချစ်ချစ်ခင်ခင် နေခဲ့ရတဲ့ သံယောဇဉ်ကတစ်ဖက်၊ ဘ၀တစ်ခုမှာ မောင်နှမတွေတော်ခဲ့ဖူးတယ်ဆိုတဲ့ အတိတ်ကသံယောဇဉ်လုံးကြီးက တစ်ဖက်နဲ့ မနက်ဖြန် ညီမလေးနှစ်ယောက်နဲ့ ခွဲပြီး အိမ်ပြန်ရမှာတောင် ဘယ်လိုရင်မျိုးနဲ့ ခံစားပြီး ခွဲခွာသွားရက်ပါ့မလဲ။ သြော်… ဘ၀ါဘ၀က မိသားစု၊ ဇနီးမယား၊ မောင်နှမ၊ အဆွေအမျိုး သံယောဇဉ်တွေက ဘ၀တွေအလီလီ ပြောင်းကုန်ကြတာတောင် ကုန်ခန်းမသွားဘဲ ရေစက်တွေအနေနဲ့ အဆက်မပြတ်စီးဆင်းနေကြတာပါလား။ သံသရာမှာ ဘ၀တွေမျိုးစုံ ကျင်လည်နေရလို့ မှတ်မိနိုင်စွမ်း မရှိတော့ရင်တောင်၊ … ရေစက်တွေမကုန်သေးလို့ အားလုံးက ပြန်လည်ဆုံတွေ့နေကြရတာပါပဲလား။ …….
မနက်မိုးလင်းတော့ မမကြီးက "မောင်ကြီးကို မှာစရာတွေ ရှိပါသေးတယ်။ မောင်ကြီးတို့ရွာကိုပြန်ရောက်ရင် အရာရာအားလုံးဟာ အရင်ကလိုဖြစ်တော့မှာ မဟုတ်ဘူး။ မောင်ကြီးတွေ့သမျှ၊ မြင်သမျှတွေဟာ ပြောင်းလဲနေလိမ့်မယ်။ အဲဒီလိုနဲ့ပဲ မောင်ကြီးသံဝေဂတွေရပြီး အထက်မြန်မာပြည်ဘက်ကို သွားလိမ့်မယ်။ အဲဒီမှာ သီလသမာဓိနဲ့ပြည့်စုံတဲ့ ဘုန်းကြီးတစ်ပါးနဲ့ တွေ့ပြီး မောင်ကြီး တရားတွေအားထုတ်ခွင့် ကြုံရလိမ့်မယ်။ အဲဒီအခါမှာ မောင်ကြီးကို အရေးကြီးတာ မှာစရာတစ်ခုရှိပါတယ်။ အခု နှမလေးရဲ့ ကြောင်ရတနာ လက်စွပ်လေးကို မောင်ကြီးကို အမှတ်တရအနေနဲ့ရော၊ နှမလေးတို့နဲ့ ဆက်သွယ်ဖို့ရာ အနေနဲ့ရော ပေးလိုက်ပါမယ်။ မောင်ကြီး အဲဒီလို တရားတွေ အားထုတ်ပြီးလို့ အမျှဝေတဲ့အခါကျရင် အဲဒီကြောင်ရတနာ လက်စွပ်လေးကိုပွတ်ပြီး နှမလေးတို့ကို ရည်မှန်းပြီး အမျှပေးဝေပေးပါ မောင်ကြီးရယ်။ အဲဒါမှ နှမလေးတို့လည်း ဒီဒုက္ခတွေများလှတဲ့ အသူရကာယ်ဘုံဘ၀ကြီးကနေ လွတ်မြောက်နိုင်ကြမှာပါ။ ဒီဘ၀ကလည်း အမြန်ဆုံး လွတ်မြောက်ချင်လှပါပြီ မောင်ကြီးရယ်။ မောင်ကြီးကို ဒီမောင်လှဆိုတဲ့ ကောင်လေးက လှည်းမောင်းပြီး ရွာအစပ်အထိ လိုက်ပို့ပေးပါလိမ့်မယ်။ မောင်ကြီးသတိထားရမှာက လမ်းမှာ မောင်ကြီးတို့ရွာက ဆွေမျိုး၊ အပေါင်းအသင်းတွေနဲ့ တွေ့လို့ သူတို့က မောင်ကြီးကို ၀မ်းသာအားရ လှမ်းခေါ်ရင်၊ မောင်ကြီး သူတို့ကို လုံးဝပြန်မနှုတ်ဆက်မိပါစေနဲ့။ အကယ်၍ မောင်ကြီးက သူတို့ကို ယောင်ပြီးပြန်နှုတ်ဆက်မိရင် ဒီအသူရကာယ်ဘုံကနေ မောင်ကြီးတစ်သက်လုံး မပြန်ရတော့ဘဲ နှမလေးတို့လို ညမှာ ငရဲခံရတဲ့ဘ၀မျိုးကို ရရှိသွားပါလိမ့်မယ်။ နောက်ရွာအစပ်ရောက်တဲ့အခါ တံတားကြီးတစ်ခုတွေ့လိမ့်မယ်။ အဲဒီကိုရောက်ရင် မောင်လှတာဝန်ပြီးပါပြီ။ သူအဲဒီတံတားကိုဖြတ်ပြီး မောင်ကြီးကို လိုက်မပို့နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတံတားက အသူရကာယ်ဘုံနဲ့ လူ့ဘုံကိုချိတ်ဆက်ထားတဲ့ တံတားမို့လို့ မောင်ကြီးတစ်ယောက်တည်း ဖြတ်သွားရမှာပါ။ အဲဒီလို ဖြတ်တဲ့အခါမှာ တံတားအောက်ကနေ ကယ်ကြပါ၊ ပူလွန်း၊ နာလွန်းလို့ ကယ်ကြ၊ ဆယ်ယူပေးကြပါလို့ အော်ဟစ်အကူအညီတောင်းသံတွေကြားရင် အဲဒီတံတားအောက်ကို လုံးဝငုံ့မကြည့်မိပါစေနဲ့။ အကယ်၍များ ယောင်ပြီးငုံ့ကြည့်မိရင် အဲဒီတံတားကြီးချက်ချင်း ပြိုပျက်ကျပြီး မောင်ကြီး ငရဲပြည်ကို အရှင်လတ်လတ် ဘ၀မဆိုင်းဘဲ ရောက်သွားပါလိမ့်မယ်။ အဲဒီအခါကျရင် ဘယ်သူမှလည်း မကယ်နိုင်တော့ပါဘူး။ ဒါကြောင့် သတိကြီးစွာထားပါ မောင်ကြီးရယ်။ နှမလေး မှာချင်တာကတော့ ဒါအကုန်ပါပဲ။ နှမလေးတို့ကို အမျှဝေဖို့ကိုတော့ အမှတ်ရပေးဖို့ ထပ်မှာချင်ပါတယ်။ အချိန်မလင့်ခင် သံယောဇဉ်တွေကို ကျောခိုင်းလို့ နှမလေးတို့ကို နောက်တစ်ကြိမ်ခွဲခွာပြီး သွားနှင့်ပေဦးတော့ မောင်ကြီးရယ်။ သံသရာတစ်ကွေ့မှာ ကံလက်ကျန်လေး မကုန်သေးရင်တော့ ကောင်းတဲ့ဘုံဘ၀တွေမှာ ပြန်ဆုံတွေ့ကြရအောင်နော်… မောင်ကြီးရယ်…….။ နှမလေးတို့ ဒီနေရာကနေ နှုတ်ဆက်ကန်တော့လိုက်ပါတယ်။ ။
မောင်ကုသိုလ်လည်း မျက်ရည်လည်ရွဲနဲ့ ဘာမှပြောနိုင်စွမ်း မရှိတော့ဘဲ လက်ပြလို့သာ နှုတ်ဆက်နိုင်တော့ပါတယ်။ လမ်းတစ်လျှောက်လုံး တံငါရွာက ဆွေမျိုးအပေါင်းအသင်းတွေကို တွေ့ရတယ်။ သူတို့လှမ်းနှုတ်ဆက်တာကို ရင်နာနာနဲ့ပဲ ပြန်မပြောမိအောင် သတိကြီးစွာထားပြီး လှည်းပေါ်မှာ ငြိမ်သက်စွာ လိုက်ပါလာမိတယ်။ မမကြီးပြောတဲ့အတိုင်း တံတားကြီးဆီရောက်ပါပြီ။ မောင်လှလေးကလည်း မမကြီးမှာတဲ့အတိုင်း သူ့ကို အထပ်ထပ်မှာကြားပြီး နှုတ်ဆက်သွားပါပြီ။ သူလည်း မြူခိုးတွေလို၊ မီးခိုးငွေ့တွေလို အုံ့ဆိုင်းနေတဲ့ တံတားကြီးကို သတိလက်မလွတ်စေဘဲ စတင်ဖြတ်ကူးလိုက်တယ် ဆိုရင်ပဲ တံတားအောက်ကနေ သွေးပျက်ဖွယ်ကောင်းလောက်အောင် အော်နေကြတဲ့ ငရဲသားတွေရဲ့ အသံနက်ကြီးတွေကို ထိတ်လန့်ဖွယ်ရာကြားနေရပါတယ်။ လုံးဝအောက်ငုံ့မကြည့်မိစေဘဲ ဟိုဘက်ကမ်းရောက်ခါနီး နောက်ဆုံးခြေတစ်လှမ်းကို ခုန်လို့ကူးလိုက်ပါတယ်။ တံတားရဲ့တစ်ဖက် ကုန်းမြေပေါ်ခုန်လို့ ခြေချမိလိုက်တာနဲ့ တစ်ပြိုင်နက် ၀ုန်းးး……. ဆိုတဲ့ အင်မတန်မှကျယ်လောင်တဲ့ အသံကြီးကို ကြောက်မက်ဖွယ်ကြားလိုက်ရပါတယ်။ အဲဒါနဲ့ သူလည်းအလန့်တကြား အနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ တံတားကြီးတစ်ခုလုံး မရှိတော့ဘဲ သစ်ပင်၊ သစ်ရွက်တွေနဲ့ စိမ်းလန်းနေတဲ့ တောကြီးတစ်ခုရဲ့ အလယ်ထဲကို ရောက်နေပါပြီ။ မောင်ကုသိုလ်လည်း အဲဒီတော့မှ စဉ်းစားမိလိုက်တယ်။ "သြော်… ဒါကြောင့် ပြိတ္တာဘုံ၊ အသူရကာယ်ဘုံတို့ဆိုတာ အပ္ပါယ်ဘုံတွေဆိုပေမယ့် လူ့ဘုံနဲ့ တစ်ထပ်တည်းမှာ ရှိကြတယ် လို့ လူကြီးသူမတွေက ပြောကြတာဖြစ်မယ်။"
အဲဒီသူရောက်သွားတဲ့တောက သူကျင်လည်ကျက်စားနေကျ တောဆိုတော့ သူ့ရွာက အိမ်လေးဆီကို တန်းတန်းမတ်မတ် ပြန်လာလိုက်တော့တယ်။ ဇနီးနဲ့ သားလေးကိုလည်း လွမ်းလှပြီလေ။ ဟင်… ရွာထဲကိုရောက်တော့ သွားလာနေကြတဲ့လူတွေ အားလုံးက မျက်နှာစိမ်းတွေချည်းပါပဲလား။ သြော်… ငါမရှိတဲ့တစ်လအတွင်း ရွာထဲကို လူသစ်တွေပြောင်းလာကြလို့ ထင်ပါတယ်ဆိုပြီး ဆက်လျှောက်လာလိုက်တယ်။ သူ့ရဲ့အိမ်လေးကတော့ အရင်အတိုင်းလေးပါပဲ။ အိမ်ရောက်တော့ ကောင်လေးတစ်ယောက်တွေ့တယ်။ မိအေးမြနဲ့ သားလေးဇော်ဇော် ဘယ်ရောက်နေကြပါလိမ့်။ ဒီကောင်လေးကရော ဘယ်သူပါလိမ့်။ အဲဒါနဲ့… "သားရေ… ဒီအိမ်မှာနေကြတဲ့ မအေးမြနဲ့ ဇော်ဇော်တို့ ဘယ်သွားနေကြသလဲကွယ်” ကောင်လေးက… “သြော်… ဦးလေးက ကျွန်တော့် အဖွားနဲ့အဖေကို လာရှာတာထင်တယ်။ သူတို့မရှိကြတော့ပါဘူး။ ဆုံးသွားကြပါပြီ ဦးလေးရယ်။ အခုကျွန်တော် တစ်ယောက်တည်း နေနေတာပါ။ ဦးလေးကို အဖွားတို့၊ အဖေတို့ရှိတုန်းကလည်း တစ်ခါမှ မမြင်ဖူးပါဘူး။ အသိတွေလား” မောင်ကုသိုလ်လည်း အရမ်းကိုထိတ်လန့် ၀မ်းနည်းသွားပြီး နားလည်လိုက်တာတစ်ခုက အသူရကာယ်ဘုံမှာ တစ်လတည်းနေခဲ့တာ ဆိုပေမယ့်လို့ လူ့ပြည်မှာက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဆိုတာပါပဲ။ ဒါဆိုဒီကောင်လေးက ငါ့ရဲ့သားဇော်ဇော်ကမွေးတဲ့ ငါ့မြေးလေးပေါ့။ သြော်… ငါ့မြေးလေးတောင် တော်တော်ကြီးပါပေါ့လား။ အခုအချိန်မှာ ငါကသူ့အဖိုးပါလို့ ပြောလိုက်ရင်လည်း ဘယ်နည်းနဲ့မှ ယုံနိုင်စရာ ရှိမှာမဟုတ်ဘူး။ ငါက အသူရကာယ်ဘုံမှာ တစ်လတည်းနေခဲ့တာဆိုတော့ ငါ့ရုပ်ကငါရွာက ထွက်လာတုန်းကအတိုင်း ငယ်ရုပ်ပဲရှိသေးတာဆိုတော့။ သြော်… သူလည်းသူ့ဘ၀နဲ့သူ နေသားတကျလေး ဖြစ်နေပါပြီလေ။ ဒီတစ်လဆိုတဲ့အချိန် ခဏလေးအတွင်းမှာ တစ်သက်မမေ့နိုင်၊ ဘယ်သူ့ကိုမှလည်း ရင်ဖွင့်ပြီးပြောပြလို့ ရနိုင်တော့မှာ မဟုတ်တဲ့ အတွေ့အကြုံဆန်းကြီးတွေကို ထိတ်လန့်ဖွယ်၊ ၀မ်းသာဖွယ်၊ ၀မ်းနည်းဖွယ်၊ မယုံနိုင်ဖွယ် ကောင်းလောက်အောင် ကြုံဆုံလိုက်ရပါပြီ။ ဒီသံယောဇဉ်အနှောင်အဖွဲ့တွေကိုလည်း ဘ၀နဲ့ရင်းပြီးနားလည်လိုက်ရပြီမို့လို့ နောက်ထပ်လည်း သံယောဇဉ်အသစ်တွေ မယူလိုတော့ပါဘူး။ ဒီသံသရာဝဲဂယက်ကြီးမှာ မရပ်မနားလည်ပတ်နေရတာ မောပန်းလွန်းလို့ သံသရာကလွတ်မြောက်ကြောင်းဖြစ်တဲ့ တရားဘာဝနာတွေ အားထုတ်ရင်းနဲ့ပဲ ဒီဘ၀ကိုရှေ့ဆက် ဖြတ်သန်းပါတော့မယ်။ မောင်ကုသိုလ်လည်း သံဝေဂတွေရပြီး ကောင်လေးကို “သြော်… မိအေးမြတို့ သားအမိနဲ့ ဦးတို့မိဘဘိုးဘွားတွေနဲ့က ဟိုး… တုန်းက ရပ်ဆွေရပ်မျိုးတွေပါကွယ်။ အခုသူတို့ မရှိတော့ဘူးဆိုတော့လည်း ဦးကိုခွင့်ပြုပါဦးကွယ်။ ဦးလည်း အထက်မြန်မာပြည်ဘက်ကို ခရီးဆက်ရဦးမှာမို့လို့ပါ” လို့သူ့မြေးလေးကို နုတ်ဆက်ပြီး ရင်ထဲမှာ ခံစားမှုပေါင်းမျိုးစုံကို ခံစားရင်း ခရီးဆက်လာခဲ့တယ်။ အထက်မြန်မာပြည်ရောက်တော့ မမကြီးပြောလိုက်တဲ့အတိုင်း သီလသမာဓိနဲ့ ပြည့်စုံတဲ့ တောရစောင့်တည်တဲ့ ရဟန်းတစ်ပါးနဲ့တွေ့ပြီး သံသရာကလွတ်မြောက်ကြောင်း တရားတွေကို ဆရာတော်ရဲ့လမ်းညွှန်မှုအတိုင်း ရဟန်းဘောင်ဝင်ပြီး မြင့်မြတ်တဲ့ရဟန်းဘ၀နဲ့ ကျင့်သုံးနေထိုင်ပါတော့တယ်။ တစ်ရက်မှာတော့ မမကြီးပေးလိုက်တဲ့ ကြောင်ရတနာ လက်စွပ်လေးကို သတိတရနဲ့ပွတ်ပြီး ရေစက်မကုန်လို့ ပြန်ဆုံခွင့်ရခဲ့တဲ့ မမကြီး၊ မမလေးတို့ ညီမလေးနှစ်ယောက်ကို ရည်မှန်းပြီး အမျှပေးဝေလိုက်တယ်ဆိုရင်ပဲ သာဓု၊ သာဓု၊ သာဓု ဆိုပြီး ညီမလေးနှစ်ယောက်ရဲ့ သာဓုခေါ်သံကို ထင်ထင်ရှားရှား ကြားလိုက်ရပါတော့တယ်။ အဲဒီလို ကြားလိုက်ရပြီးတဲ့ခဏမှာပဲ ဦးပုဇင်းသီတင်းသုံးရာ တစ်ပါးကျောင်းဇရပ်လေးတစ်ခုလုံး မွှေးကြိုင်လို့သွားပါတော့တယ်။ စိတ်ထဲမှာလည်း… ညီမလေးတို့နဲ့ ရေစက်လက်ကျန်လေး မကုန်သေးလို့ ပြန်ဆုံတွေ့ကြရမယ် ဆိုရင်လည်း မြင့်မြတ်တဲ့ဘုံဘ၀တွေမှာ တရားထူး၊ တရားမြတ်တွေကို အတူတကွ ကျင့်ကြံဆောက်တည်ရင်း သူတော်ကောင်းအရိယာ မောင်နှမတွေအဖြစ်နဲ့ပဲ ပြန်လည်ဆုံတွေ့ကြပါရစေတော့လို့ တောင်းဆုပြုလိုက်ပါတော့တယ် . . . . . . . ။
*** ^ *** ^ *** ^ *** ^ *** ^ *** ^ *** ^ ***
ဒီဇာတ်လမ်းလေးကို လွန်ခဲ့တဲ့ ကိုးနှစ်ဝန်းကျင်လောက်က ထူးခြားဆန်းကြယ် ဖြစ်ရပ်တွေ စုစည်းထားတဲ့ စာအုပ်လေးတစ်အုပ်ကနေ ဖတ်ခဲ့ဖူးတာပါ။ သံဝေဂရစရာတွေ ပါဝင်ပြီး ရေစက်ကံအကြောင်းကိုလည်း ပိုနားလည်လိုက်ရပါတယ်။
လောကမှာ ဆွေမျိုးမတော်စပ်ခဲ့ဖူးတဲ့သူ ရယ်လို့မရှိတော့ပါဘူး။ အားလုံးက ဆွေမျိုးတွေပါပဲတဲ့။ သံသရာကြီးက ရှည်လွန်းလို့သာ မမှတ်မိကြတော့တာပါ။ သံသရာတစ်လျှောက်မှာ ကိုယ်ကျခဲ့ရတဲ့မျက်ရည်တွေကို ပေါင်းစုသိမ်းဆည်းထားလိုက်ရင် သမုဒ္ဒရာကြီးလေးစင်းထက်တောင် များပါသေးတယ်တဲ့။ အဲဒီမှာမှ… ကိုယ်ကျခဲ့တဲ့မျက်ရည်တွေကို အမျိုးအစားထပ်ခွဲလိုက်ရင် အမေသေလို့ကျခဲ့ရတဲ့ မျက်ရည်တစ်မျိုးတည်းကိုတောင်မှ သမုဒ္ဒရာကြီးလေးစင်းထက် များပါတယ်။ ထပ်ပြီးခွဲခြားကြည့်ရင်… ဒီအမေတစ်ယောက်တည်းနဲ့ ကိုယ်နဲ့ထပ်ခါထပ်ခါ သံသရာမှာ သားအမိတွေတော်စပ်ပြီး ဒီအမေတစ်ယောက်တည်းအတွက် ငိုခဲ့ရတဲ့မျက်ရည်ချည်းပဲ စုဆောင်းထားရင်တောင်မှ သမုဒ္ဒရာကြီးလေးစင်းထက် များနေပါပြီလို့ ဆရာတော်တစ်ပါး ဟောကြားထားတဲ့ တရားတစ်ပုဒ်မှာ ကြားနာရဖူးပါတယ်။
ကောင်းကင်မှာရှိတဲ့ တိမ်တိုက်တွေဟာ လေနှင်ရာမှာ ပေါင်းဆုံစုစည်းသွားကြပြီးတော့ ပုံသဏ္ဍာန်တွေ အမျိုးမျိုးဖြစ်ပေါ်လာကြပါတယ်။ ကောင်းကင်ကို မော့ကြည့်လိုက်ရင် တစ်ချို့ပုံသဏ္ဍာန်တွေက နဂါးရုပ်ကြီးလိုလို၊ တစ်ချို့သဏ္ဍာန်တွေက လူပုံလိုလို… နဲ့ ပုံသဏ္ဍာန်ပေါင်း မျိုးစုံအောင်ကို လေကပေါင်းဆုံပေးရင် ပေါင်းဆုံပေးတဲ့အတိုင်း သဏ္ဍာန်မျိုးစုံ ဖြစ်ပေါ်နေကြတာပါ။ ထို့အတူပဲ သံသရာမှာ ဘ၀ပေါင်းစုံအောင် ကျင်လည်နေကြရတဲ့ သတ္တ၀ါတွေမှာလည်း ကံ ဆိုတဲ့ လေ ကဖန်တီးပေးရင် ဖန်တီးပေးသလို၊ မိဘမောင်နှမ ဆိုတဲ့ပုံသဏ္ဍာန်တွေဖြစ်လိုက်၊ ဇနီးမယား၊ယောင်္ကျား ဆိုတဲ့ သဏ္ဍာန်တွေဖြစ်လိုက်၊ သူငယ်ချင်းမိတ်ဆွေဆိုတဲ့ ပုံတွေဖြစ်လိုက်နဲ့ ကံ ကဆေးစက်ချရာ အရုပ်ထင်နေကြတာပါ။ ဒါပေမယ့် ကောင်းကင်ကိုမော့ကြည့်လိုက်လို့ အရုပ်တစ်ခုခုသဏ္ဍာန် ဖြစ်ပေါ်နေတဲ့ တိမ်တိုက်လေးတစ်ခုဟာ ကြာရှည်တော့ မခံပါဘူး။ လေဆိုတာက အမြဲတန်းတိုက်ခတ် လှုပ်ရှားနေလေတော့၊ ကောင်းကင်မှာ ထင်ရှားနေတဲ့ အရုပ်ပုံသဏ္ဍာန်လေးဟာ စက္ကန့်ပိုင်း၊ အလွန်ဆုံးမိနစ်ပိုင်း လောက်အတွင်းမှာကိုပဲ လှုပ်ရှားနေတဲ့ လေတွေက ထပ်ပြီးတိုက်လိုက်ပြန်တော့ အဲဒီပုံသဏ္ဍာန်လေးလဲ လေခေါ်ဆောင်ရာ လိုက်ပါပြီးပျက်ပြယ် သွားရတော့တာပါပဲ။ အဲဒီလိုပဲ လူ့ဘ၀သက်တမ်းလေးကလည်း ရေပွက်ပမာ၊ ခဏတာ တိုလွန်းအားကြီးတော့၊ ကံ ဆိုတဲ့ လေ ကနောက်တစ်ကြိမ် တိုက်ခတ်လိုက်တာနဲ့ ကြုံဆုံနေကြရတဲ့ ဆွေမျိုးညာတကာတွေဟာ ရှင်ခွဲ၊ သေခွဲမျိုးစုံနဲ့ ရင်ဆိုင်ကြရတော့တာပါပဲ။ အခုလိုမျိုး ဆွေမျိုးတွေ တော်စပ်ကြ၊ အပေါင်းဖော်တွေ ဖြစ်နေကြတဲ့အချိန် ကလေးဟာ၊ … အဆက်မပြတ် လေသယ်ဆောင်ရာ လိုက်ပါနေရတဲ့ တိမ်တိုက်ကလေးတွေ- တစ်နေရာရာအရောက်မှာ တိမ်တိုက်အချင်းချင်း ပေါင်းဆုံမိပြီး ပုံသဏ္ဍာန်အမျိုးမျိုး၊ ခဏတစ်ဖြုတ်ဖြစ်ပြီး လေကပြန်တိုက်လိုက်ပြန်တော့ ပြန်ပျက်ပြယ်သွားရသလိုမျိုး မြန်ဆန်လွန်းလှပါတယ်လို့ ယောဆရာတော်ဘုရားက တရားပွဲတစ်ခုမှာ ဥပမာပေးဟောကြားခဲ့တာ နာယူဖူးပါတယ်။ ဒါကြောင့်မို့လို့ ရှေးစကားပုံတစ်ခုက… ခဏတဖြုတ် လာဆုံကြရတဲ့ မိသားစုဆွေမျိုးတွေ.. ကံဆုံတုန်းအတူစား၊ ကံကုန်ရင် သွားကြရမယ်၊ ဆိုပြီးရှိခဲ့တာဖြစ်မယ်။
လောကမှာ ကြုံဆုံနေရတာတွေကို လောကဇာတ်ခုံ ဆိုပြီးတော့လည်း ခိုင်းနှိုင်းကြပါတယ်။ ကိုယ့်ဘ၀ဇာတ်ခုံပေါ်မှာတော့ ကိုယ်က ခေါင်းဆောင်မင်းသား၊ မင်းသမီး။ သူများတကာတွေရဲ့ ဘ၀ဇာတ်ခုံပေါ်မှာတော့ ကိုယ်က အရံမင်းသား၊ မင်းသမီး ဆိုပြီးတော့ ဖေမြင့်ရဲ့ စာအုပ်တစ်အုပ်ထဲမှာ ဒဿနလေးလိုမျိုး ဖတ်ဖူးပါတယ်။ ကိုယ့်ဘ၀ဇာတ်ခုံပေါ်မှာ ကိုယ့်မိဘတွေကတော့ မိဘအခန်းကပေါ့၊ မောင်နှမတွေကလည်း မောင်နှမအခန်း၊ သူငယ်ချင်းအပေါင်းအသင်း တွေကလည်း သူတို့ကျရာအခန်းက ပီပီပြင်ပြင် ပါဝင်သရုပ်ဆောင်ပေးကြပါတယ်။ အဲဒီလိုမျိုး ကိုယ့်ဘ၀ဇာတ်ခုံကြီးပေါ်မှာ ကိုယ်နဲ့တွေ့ဆုံကြတဲ့ သူတွေအားလုံးဝိုင်းဝန်း သရုပ်ဆောင်ကြတဲ့အခါမှာ… တချို့ကလည်း ကိုယ်နဲ့ချစ်ချစ်ခင်ခင်၊ ပျော်ရွှင်စွာအတူလိုက်ပါ သရုပ်ဆောင်ပေးကြသလို၊ တချို့ကျပြန်တော့လည်း ကိုယ့်ကိုဘ၀မှာ လူရည်လည်အောင်၊ လူတွေအကြောင်းပိုပြီး နားလည်ရင့်ကျက်လာအောင်၊ ကိုယ့်ကိုဇာတ်နာအောင် အဆင်းမှာဘီးတပ်ပေးတဲ့ Drama အခန်းလေးတွေကနေ ကြိုးစားပြီးသရုပ်ဆောင်ပေး ကြသူတွေလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဘ၀ဇာတ်လမ်းကြီး တစ်ခုလုံးမှာ အနစ်နာခံပြီး မေတ္တာတွေနဲ့ အချိန်အကြာကြီး သရုပ်ဆောင်ပေးကြပါတယ်။ ဥပမာ၊ ၊ မိဘနဲ့ မောင်နှမအခန်းက ပါဝင်သရုပ်ဆောင်ပေးတဲ့ သူတွေပေါ့။ တစ်ချို့ကျပြန်တော့လည်း အကြာကြီး သရုပ်မဆောင်ပေးနိုင်ကြဘူး။ တစ်ခန်းစ၊ နှစ်ခန်းစလောက်ပါပဲ။ ဥပမာ၊ ၊ ပျင်းလို့လပြတ် သင်တန်းလေးတစ်ခုခု သွားတက်ရင်းနဲ့ တွေ့ကြုံခဲ့ကြတဲ့ အတန်းဖော်တွေပေါ့။ အဲဒီသင်တန်းလဲပြီးရော… သူတို့ပါဝင်ရမယ့် အခန်းကဒီတစ်ခန်း၊ နှစ်ခန်းပဲဆိုတော့ ပြီးပြီလေ။ ကိုယ့်ပြဇာတ်မှာတော့ သူတို့က တကယ့်ကို အရံအသေးစားလေးတွေပဲပေါ့။ ဒါကကိုယ်ခေါင်းဆောင်လုပ်တဲ့ ကိုယ့်ဇာတ်မှာလေ။ သူတို့ ခေါင်းဆောင်လုပ်တဲ့ သူတို့ပြဇာတ်ထဲမှာလည်း ကိုယ်က သူတို့ပြဇာတ်အတွက် အရံအသေးစား သရုပ်ဆောင်လေးပဲပေါ့။
ကိုယ့်ကိုပျော်ရွှင်ရအောင် ကောင်းတဲ့ အခန်းကပါဝင်ပေးတဲ့ သူတွေရှိသလို၊ စိတ်ညစ်ရအောင် မကောင်းတဲ့အခန်းက ပါဝင်သူတွေလည်းရှိတယ်။ ကိုယ့်ကို ပြဇာတ်တစ်ခုလုံးမှာ ပါဝင်သရုပ်ဆောင် ပေးသူတွေရှိသလို၊ အချိန်ကာလ အပိုင်းအခြားလေးတွေနဲ့ ခဏတဖြုတ်လောက် ပါဝင်ခဲ့သူတွေလည်း ရှိတယ်။ လူတွေအကြောင်း ပိုနားလည်၊ ရင့်ကျက်လာအောင်၊ အရာရာကို တန်ဖိုးထားတတ်လာအောင် ချော့တဲ့နည်းသုံးပြီး သင်ပေးသူတွေ၊ ခြောက်တဲ့နည်းသုံးပြီး သင်ပေးသူတွေလည်း ရှိကြပါတယ်။ ဘယ်လိုနည်း၊ ဘယ်လိုအခန်းကဏ္ဍကပဲ ပါဝင်သရုပ်ဆောင်ကြပါစေ။ သေချာတာတစ်ခုကတော့ ကိုယ်ြ့ပဇာတ်မှာ ပါဝင်ခဲ့သူ၊ ပါဝင်နေသူ၊ ပါဝင်မယ့်သူတွေ အားလုံးကတော့ ကိုယ်နဲ့ ရေစက်ရှိလို့သာ တနည်းနည်းနဲ့ ဇာတ်ခုံပေါ်မှာ အတူတကွ ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ကြတာပါ။ ကောင်းတဲ့ရေစက်နဲ့ ကြုံဆုံနေရသူတွေရှိသလို၊ မကောင်းတဲ့ရေစက်နဲ့ ကြုံဆုံနေရသူတွေလည်းပါပါတယ်။ ဘယ်လိုရေစက်မျိုးနဲ့ ဘယ်လိုအခန်းကပဲ ပါနေကြပါစေ၊ ရေပွက်ပမာ.. တိုတောင်းလှတဲ့ လူ့ဘ၀ဇာတ်ခုံလေးပေါ်မှာ ခဏတဖြုတ်လေး အတူတကွ ပါဝင်ခွင့်ရကြတုန်း၊ ကောင်းသောတွေ့ဆုံခြင်း၊ ကောင်းသောနှုတ်ဆက်ခြင်းများနဲ့သာ တွေ့ဆုံ၊ နှုတ်ဆက်သွားချင်ပါတယ်။ ပြဇာတ်အစစ်တွေမှာမှသာ… ဇာတ်တိုက်ထားရတာမို့လို့ ဘယ်သူကတော့ဖြင့် ဘယ်အခန်းမှာပါပြီးရင် သူ့အခန်းက ဒီပြဇာတ်မှာ ပြီးပါပြီ။ ဘယ်သူကတော့ဖြင့် ဘယ်လောက်ကြာကြာ ဆက်သရုပ်ဆောင်နေရဦးမယ်ဆိုတာ သိနိုင်မှာပါ။ လူ့ဘ၀လောကဇာတ်ခုံကြီးမှာတော့ အဲဒီလို ကြိုတင်ပြီး ဘယ်သူနဲ့တော့ ဘယ်နှစ်ခန်းသရုပ်ဆောင်ရမယ်။ ဘယ်ဝါနဲ့တော့ ဘယ်နှစ်ခန်းဆိုတာ ဘယ်လိုမှ ကြိုတင်ပြီး မသိနိုင်ပါဘူး။ အဲဒီတော့ ဘယ်သူနဲ့ ဘယ်အခန်းက နောက်ဆုံးအဖြစ်နဲ့ အတူတူတွဲပြီး သရုပ်ဆောင်နေကြတယ်ဆိုတာ အဲဒီလောလောဆယ်အချိန်မှာ မသိနိုင်ကြပါဘူး။ နောက်ဆက်ကရင်းနဲ့မှ အဲဒီလူကို ဆက်ပြီးမတွေ့တော့မှပဲ သြော်… သူ့အခန်းကတော့ ကုန်သွားလေပြီလို့ သိနိုင်ကြမှာပါ။ ဒါကြောင့် ဘယ်လိုအခြေအနေ၊ ဘယ်လိုရေစက်မျိုးနဲ့ပဲ တွေ့တွေ့၊၊ တွေ့တဲ့သူတိုင်းအပေါ်မှာ မေတ္တာစိတ်လေးထားပြီး အပြုံးလေးနဲ့ ပီပီပြင်ပြင် ကိုယ့်ဇာတ်မှာရော၊ သူ့ဇာတ်အတွက်ပါ ပါဝင်သရုပ်ဆောင်ပေးရင်းနဲ့ ရေစက်ရှိလို့ ကြုံဆုံလာသူတွေ အားလုံးကို အပြုံးလေးနဲ့သာ နှုတ်ဆက်လိုက်ချင်ပါတော့တယ်။ ………..
ခိုင်ခိုင်
May 31, 2011 (Tuesday)
No comments:
Post a Comment