ဒီနေ့သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျမိပါတယ်…. အဲ့ဒီ့မှာ သူငယ်ချင်းတစ်ယောက်က မေးလာပါတယ်.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားတွေလုပ်နေရအောင် ဘုန်းကြီးဝတ်မှာလားတဲ့? သူ့ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ ဘုရားရဲ့ တရားတွေကို လူ့ဘောင်နဲ့ ခွဲခြားပြီး လုပ်နေရတယ်လို့ သူကထင်နေတာကိုး။ ဘုရားရှင်ရဲ့တရားတော်တွေဟာ လောကီလူ့ဘောင်နဲ့ ခွဲခြားပြီးမှ လိုက်နာ ကျင့်ကြံအားထုတ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ တပည့်သားသံဃာတော်မြတ်တွေလို နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်… ကိုယ်က မနေနိုင်သေးဘူး ဆိုရင်လည်း လောကီလူ့ဘောင်မှာနေရင်း လိုက်နာကျင့်ကြံအားထုတ်လို့ရတဲ့ တရားမြတ်တွေပါ။ ဒါတွေကို မသိပဲနဲ့.. သားပြစ် မယားပြစ်ပြီးမှ လုပ်လို့ရတဲ့ အလုပ်လို့ လူအများစုက ထင်နေကြပါတယ်။ ဘုရားတရားလုပ်ရင်ပဲ လောကီကိစ္စတွေ အကုန်ဖြတ်ပြီး တောထွက်တော့မယ်လို့ ထင်နေကြတာ။ ဘုရားခန်းထဲ တစ်ယောက်ထဲသွားပြီး တရားထိုင်နေမှ ဘုရားတရားလုပ်လို့ရတယ်လို့ ထင်နေကြတာပါ။ လူအယောက် ၁၀၀မှာ ၉၉ယောက်လောက် လွဲနေတဲ့ အလွဲလေးတွေပါ။ သူငယ်ချင်းတစ်ယောက်က ပြောပါသေးတယ်။ ငါတော့ မလုပ်နိုင်သေးဘူးကွာတဲ့။ အသက်ကြီးမှ လုပ်မယ်ဆိုပဲ။ အော်.. သူတို့ကိုကြည့်ပြီး လွဲနေပါ့လားလို့ တွေးမိပါတယ်။
ဘုရားတရားလုပ်တာ အသက်အရွယ်နဲ့ ဆိုင်တယ်လို့ ဘယ်သူကမှ မပြောခဲ့ပါဘူးနော်။ ပထမအရွယ်မှာ ပညာရှာ.. ဒုတိယအရွယ်မှာ စီးပွားရှာ.. တတိယအရွယ်မှာ တရားရှာဆိုတဲ့ စကားကြီးကလည်း ရှေ့ကပိတ်ပြီး ပြောနေတော့ ဒီလိုပဲထင်ကြတာ အပြစ်တစ်ခုလို့ မပြောလိုပါဘူး။ ကဲ.. အဲ့အတိုင်း လုပ်လာပါပြီတဲ့.. ကိုယ်က ဘယ်အချိန်မှာ သေမယ်ဆိုတာ ကြိုသိလို့လား? မသိနိုင်ပါဘူးနော်.. ပညာတွေရှာ စီးပွားတွေရှာနေတုန်း မသေသွားနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ?။ ပထမအရွယ် ဒုတိယအရွယ်မှာ ပညာရှာရင်း စီးပွားရှာရင်း သေသွားခဲ့မယ်ဆိုရင်.. ဘယ်မှာလည်း ကိုယ့်အတွက် အားကိုးစရာ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ တရားတွေ။ ဒီအားကိုးစရာ ကုသိုလ်တရားတွေ မရှိရင်တော့ သေခါနီးမှာ အသေမလှနိုင်ပါဘူး။ သေခါနီးကျမှ စွဲမိစွဲရာစွဲပြီး ရောက်ချင်တဲ့ဘ၀ ရောက်သွားနိုင်ပါတယ်။ ဒါဆို.. ပထမအရွယ်မှာလည်း ပညာရှာရင်း တရားရှာရင်း.. ဒုတိယအရွယ်မှာလည်း စီးပွားရှာရင်း တရားရှာရင်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်နော်..။ ဘုရားရှင်ရဲ့ တရားတွေဟာ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်ဖြစ် အသုံးချလို့ အသုံးပြုလို့ ရနိုင်တဲ့ တရားတွေပါ။ ဒါကိုအချိန်တွေခွဲပြီး လုပ်နေမယ်ဆိုရင်တော့ လွဲပြီးရင် လွဲနေမှာပါပဲ။
အဲ့လိုမျိုးလေးတွေ လွဲနေကြလို့ပဲ ဒီသာသနာတော်ထဲမှာ တရားထူးတရားမြတ်တွေ ဆရာကောင်းတွေ ရှိနေလျက်နဲ့ နိဗ္ဗာန်နဲ့ အကြိမ်ကြိမ် လွဲနေခဲ့ကြရတာပါ။ ဘုရားရှင်ရဲ့ တရားတွေဟာ အစမ်းသပ်ခံ.. အသုံးပြုခံတဲ့ အရာတွေပါ။ ဒါကို မစမ်းမသပ် မသုံးမပြုကြပဲနဲ့.. ထင်ရာမြင်ရာတွေ ရမ်းလုပ်နေတာဟာ လွဲလွဲကြီးကို လွဲနေတာပါ။ လောကီလူ့ဘောင်မှာ နေရင်းနဲ့ တရားရသွားကြတဲ့ ဘုရားရှင်လက်ထက်က အကြောင်းလေးတွေ ဖော်ပြပေးပါမယ်။ ဘုရားရှင်လက်ထက် သာဝတ္ထိမြို့မှာ လူဦးရေ ကိုးကုဋေ ရှိပါတယ်။ ကိုးကုဋေမှာ အရိယာခုနှစ်ကုဋေ ပါပါတယ်။ အရိယာ ခုနှစ်ကုဋေဟာ နေ့စဉ်ဗုဒ္ဓနဲ့ တပည့်သာဝကတွေဆီက ပရမတ်တရား ဓါတ်ရားတွေ နာကြားနည်းယူပြီး ၀ိပဿနာကို စီးပွားရေးနဲ့တွဲဖတ်ပြီး အားထုတ်ကြတဲ့ သူတွေပါ။ နောက်.. မြတ်ဘုရားရဲ့ဖခင် သုဒ္ဓေါဓနမင်းကြီးဆိုရင်လည်း တိုင်းပြည်အုပ်ချုပ်တဲ့အလုပ်နဲ့ ၀ိပဿနာအလုပ် တွဲဖက်လိုက်တာ မင်းအဖြစ်နဲ့ပဲ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ၀င်စံခဲ့ပါတယ်။ မစ္ဆိကာသဏ္ဍမြို့က စိတ္တသူကြွယ်ဆိုရင်လဲ စီးပွားရေးနဲ့ဝိပဿနာ တွဲဖက်ပြီး ၀ိပဿနာ ရှုပွားလိုက်တာ အနာဂါမ် တည်သွားပါတယ်။ ဗုဒ္ဓလက်ထက်က ထေရိကာဆိုတဲ့ အိမ်ရှင်မလေးဆိုရင်လည်း အိမ်မှုကိစ္စအလုပ်ဖြစ်တဲ့ ဟင်းရွက်ကြော်ရင်း စိမ်းနေတဲ့ဟင်းရွက်တွေ မီးအပူကြောင့်နွမ်းသွားပုံကို ၀ိပဿနာရှုပွားလိုက်တာ အနာဂါမ် တည်သွားပါတယ်။ ပြောရမယ်ဆိုရင်တော့ ပုထုဇဉ်ဘ၀ကနေ အရိယာဘ၀ကို ကူးပြောင်းသွားတဲ့ ပုဂ္ဂိုလ်တွေဟာ မရေမတွက်နိုင်အောင် များပြားပါတယ်။ ဒီဟာတွေကို အလွဲတွေးပြီးတော့ အိမ်ရာထူထောင်လူ့ဘောင်ဘ၀နဲ့ တရားလုပ်လို့ မရနိုင်ပါဘူးလေဆိုတဲ့ အတွေးတွေဟာ လွဲလွဲကြီးကို လွဲနေတာပါနော်။
ဒီအရိယာပုဂ္ဂိုလ်တွေအကြောင်းကို ဘာလို့ပြောရလည်းဆိုတော့.. သူတို့တွေလည်း ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတွေနာကြားပြီး အရိယာဖြစ်သွားကြတဲ့ ပုထုဇဉ်တွေပါပဲ။ သူတို့တွေအားလုံးဟာ အိမ်မှုကိစ္စတွေ၊ စီးပွားရေးတွေ လုပ်နေရင်းကပဲ ပုထုဇဉ်ဘ၀ကနေ မြင့်မြတ်တဲ့ အရိယာဘ၀ကို ကူးပြောင်းသွားကြတာပါ။ ခုအချိန်အခါကျတော့ လူတွေက တရားလုပ်တာကို ဘုန်းကြီးတွေနဲ့ပဲ ဆိုင်တယ်ထင်ပြီး.. ကိုယ်နဲ့မသိလိုက်မသိဘာသာ နေတာဟာ အင်မတန် ဆိုးဝါးပါတယ်။ ဘုရားရှင်ရဲ့ တရားတွေဟာ လူ့ဘောင်ဘယ်နေရာမှာသုံးမလဲ.. သုံးလို့ရပါတယ်နော်။ ဈေးရောင်းမလား.. စီးပွားရေးလုပ်မလား.. အပေါင်းအသင်းထားမလား.. နောက်ဆုံးအနေနဲ့ ကျင်ကြီးကျင်ငယ် စွန့်တာကအစ ဘယ်လိုစွန့်ရမလဲဆိုတဲ့ ဆုံးမစကားတွေ ပါပါတယ်နော်။ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကိုအခြေခံပြီး လောကီလူ့ဘောင်မှာ အသုံးချနိုင်အောင် ဟောကြားခဲ့တဲ့ တရားမြတ်တွေပါ။
ဆရာတော် တစ်ပါး ဟောပြဆုံးမတာ မှတ်သားမိပါတယ်။ မရှိတာထက် မသိတာခက်တယ်တဲ့.. မသိတာထက် မသိချင်ယောင်ဆောင်တာ ပိုခက်တယ်တဲ့။ တရားအလုပ်ကို မလုပ်ပဲ မသိချင်ယောင်ဆောင်နေတာဟာ သေမင်းကို လက်ပြပြီး ငါ့ကို အပါယ်ငရဲသာပို့လိုက်ပါလို့ ပြောနေတာနဲ့ အတူတူပါပဲနော်။ ဒါ့ကြောင့် ကျွန်တော်တို့တွေဟာလည်း ငါကတော့ ငယ်သေးတယ်.. ငါကတော့ အသက်ကြီးမှလုပ်မယ်.. ငါကတော့ တရားလုပ်ဖို့ မအားသေးဘူးဆိုတဲ့ စိတ်တွေဖျောက်ပြစ်ဖို့လိုပါတယ်။ အသက်အရွယ်.. အချိန်အခါဆိုတာ ဘယ်သူမှ အာမခံလို့ မရနိုင်တဲ့အရာတွေပါ။ လက်ရှိဖြစ်နေတဲ့အချိန်မှာ ဘုရားရှင်ရဲ့ တရားတွေကို အသုံးချရင်း အသေတတ်အောင်.. အနေတတ်အောင် ကြိုးစားဖို့ လိုပါတယ်။
ကိုယ်နဲ့မဆိုင်သလို တရားနဲ့ လွဲလွဲလေး နေနိုင်ပေမယ့်.. ကိုယ်နဲ့ မလွဲမသွေရင်ဆိုင်ရမှာ.. မဆိုင်ချင်လည်း ဆိုင်ရမှာကတော့ သေမင်းဆိုတာ မမေ့ဖို့လိုပါတယ်။ လွဲချင်တာနဲ့လွဲပါစေ.. တရားနဲ့ မလွဲမိဖို့ အရေးကြီးပါတယ်။ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးရဲ့ ဆုံးမစကားတစ်ခွန်းကို သတိရမိပါတယ်။ လောကကြီးမှာ ရာထူး၊ ပညာ၊ စည်းစိမ်ဥစ္စာ ဘယ်လောက်ကြီးကျယ်ပါစေ.. သေခါနီးမှ မျက်ရည်လည်ရရင် မတော်ပေဘူး တဲ့။ ဟုတ်ပါတယ်နော်.. ကျွန်တော်တို့တွေဟာလည်း အခုလူဖြစ်နေတဲ့ အချိန်အခိုက်အတန့်လေးမှာ လောကီအလုပ်တွေနဲ့ပဲ အချိန်ကုန်သွားမယ်ဆိုရင်တော့ သေခါနီးမှာ မျက်ရည် မလည်ချင်လည်း လည်ရမှာပါနော်။ ဒါ့ကြောင့် လောကီကိုလည်း မပြစ်ပယ်နိုင်သေးရင် မပြစ်ပယ်ပါနဲ့။ ဒါပေမယ့် လောကုတ္တရာဖြစ်တဲ့ ကုသိုလ်တရားတွေကိုတော့ ကိုယ်နဲ့ မလွဲဖို့အတွက် ကြိုးစားပြီး ရနိုင်သလောက် ရအောင်ယူကြပါလို့ ဆန္ဒပြုတိုက်တွန်းလိုပါတယ်။ လောကီလောကုတ္တရာနှစ်ခု မျှတစွာ လုပ်ဆောင်ရင်း မဂ်ဖိုလ် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။
ဓမ္မမေတ္တာမှ ကုသိုလ်ပွားလိုက်ရပါသည်။

No comments:
Post a Comment