Saturday, May 28, 2011

မနှစ်သက်လည်း မြင်အောင်ကြည့်တတ်ပါစေ

အတိုင်အတောထူတာ ကလေးတွေရဲ့ သဘာဝဖြစ်တယ်။ သုံးတန်းကျောင်းသားလေး မောင်ဝေယံက "ပြဿနာကျောင်းသား" လို့ မကြာခဏ အတိုင်ခံရသူဖြစ်တယ်။ ကလေးတွေတိုင်တိုင်း မောင်ဝေယံက ခြံစည်းရိုးပေါ်တက်လို့၊ တခြားလူကို ခြေထိုးလဲလို့၊ ကျောင်းသူလေးတွေကို စလို့၊ ....... ဆိုတာပဲဖြစ်တယ်။

တကယ်လည်း မောင်ဝေယံရဲ့ မတင့်တယ်တဲ့ အပြုအမူတချို့က ကျောင်းသားတွေကို စိတ်ဆိုးစေရုံမက အုပ်ထိန်းသူတွေလည်း ကျွန်မကိုအမြဲလာတိုင်တတ်တယ်။ တိုင်ခံရလည်း မောင်ဝေယံရဲ့အပြုအမူက ကောင်းမသွားတဲ့အပြင် ပိုပိုဆိုးလာခဲ့တယ်။ ကျောင်းရှေ့ချောင်းထဲကဖားတွေကို လည်ဖြတ်လိုက်တဲ့အထိ မောင်ဝေယံဆိုးလာခဲ့တယ်။

တခြားလူရှေ့မှာ ဘယ်လောက်ဆိုးဆိုး ကျွန်မရှေ့မှာတော့ မောင်ဝေယံက "လိမ္မာတဲ့ကျောင်းသား" ဖြစ်တယ်။ကျွန်မဘာပြောပြော ယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းငုံ့နာခံတတ်တယ်။ ဒါပေမယ့် ကျွန်မအကြည့်အောက် ပျောက်သွားတာနဲ့ မောင်ဝေယံက "လူဆိုး" ဖြစ်သွားတော့တယ်။

သာဓကပြရရင် ကျွန်မစာသင်နေတုန်း သူက စာတွေကိုစိတ်ဝင်တစားနဲ့ နားထောင်တတ်တဲ့ "လိမ္မာတဲ့ကျောင်းသား" ပုံစံဖြစ်ပြီး ကျွန်မကျောက်သင်ပုန်းလှည့်ဖျက်တာနဲ့ မောင်ဝေယံက အမြင်မတော်တဲ့ အမူအရာတွေနဲ့ ကျောင်းသူတွေကို လုပ်ပြတတ်တယ်။

တစ်နေ့မှာ ကျောင်းသူတစ်ဦးကို မောင်ဝေယံ မဖွယ်မရာလုပ်ပြလိုက်လို့ ကျောင်းသူရဲ့အုပ်ထိန်းသူပါ ကျောင်းကိုရောက်လာခဲ့တယ်။ မောင်ဝေယံ မိဘကိုလည်းခေါ်ပြီး မောင်ဝေယံရဲ့စိတ်ပိုင်းဆိုင်ရာကို ကျွန်မတို့ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်။

မောင်ဝေယံမေမေက ငိုပြီး မောင်ဝေယံကို သူအလိုလိုက်ချစ်ခဲ့တာ မှန်ပေမယ့် မောင်ဝေယံမှာ စိတ်ပိုင်းဆိုင်ရာရောဂါတွေ မရှိနိုင်ကြောင်းပြောတယ်။

နောက်ဆုံး ကျွန်မက မောင်ဝေယံကို ကလေးစိတ်ပိုင်းဆိုင်ရာဆေးရုံမှာ သွားရောက်စစ်ဆေးသင့်ကြောင်းအကြံပေးလိုက်တယ်။ စစ်ဆေးချက်အရ မောင်ဝေယံရဲ့ ဦးနှောက်အောက်ခြေမှာရှိတဲ့ ဟော်မုန်းဆီ သိုမှီထားတဲ့အဆီဖုက ဖွံ့ဖြိုးမှု မညီမျှကြောင်း တွေ့လိုက်ရတယ်။ အဲဒီအတွက် မောင်ဝေယံက ကိုယ့်ရဲ့မဖွယ်မရာ အပြုအမှု၊ အပြောအဆိုကို မထိန်းချုပ်နိုင်ဖြစ်ခဲ့ရတယ်။ ဆေးမှန်မှန်သောက်ရင် တဖြေးဖြေး သက်သာလာနိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။

ဒါပေမယ့် ဆေးသောက်ပြီးတိုင်း မောင်ဝေယံက ခေါင်းကိုက်တယ်ဆိုလို့ သူ့မေမေက မကြည့်ရက်ခဲ့ဘူး။ ဒီလိုနဲ့ မောင်ဝေယံဆေးတွေကို မှန်မှန်မသောက်ဖြစ်ဘဲ ဆိုးမြဲဆိုးနေခဲ့တယ်။

တစ်နေ့မှာ မောင်ဝေယံက ဗလာစာအုပ်တစ်အုပ်နဲ့ ကျွန်မဆီ ရောက်လာခဲ့တယ်။

"ဆရာမ... ဆရာမ... ခုတစ်လော ကျွန်တော့်အပေါ် ဆရာမ သိပ်မတင်းကျပ်သလိုပဲ။ ကျွန်တော့်ကို ဆိုဆုံးမပါ ဆရာမ။ ဆရာမ မဆုံးမရင် နောက်နောင်ကျွန်တော်ပိုဆိုးသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော်က ဆရာမရဲ့တပည့်ပါလို့ လူတိုင်းကိုပြောမှာနော်"

မျှော်မထားတဲ့ မောင်ဝေယံရဲ့ စကားကိုကြားတော့ ကျွန်မ အသံထွက်ရယ်မိတယ်။

"ကောင်းပြီ မောင်ဝေယံ... မင်းကို ဆရာမ ကောင်းကောင်းဆုံးမမယ်။ ဒါနဲ့ ဒီစာအုပ်က ဘာလုပ်ဖို့လဲ?"

"ဒီလိုပါ ဆရာမ.. ဒီနေ့ကစပြီး ကျောင်းသားတွေ ကျွန်တော့်မကောင်းတာကို လာတိုင်တိုင်း ဒီစာအုပ်မှာဆရာမ ကြက်ခြေခတ်တစ်ခု ခြစ်ပေးပါ။ ကြက်ခြေခတ်တစ်ခုရတိုင်း ကျွန်တော့်ကို ဆရာမတစ်ချက်ရိုက်နိုင်ပါတယ် ဆရာမ"

ဘုရားရေ ! မောင်ဝေယံက သူ့ကိုပြောဆို ဆုံးမအပြစ်ပေးဖို့ ကျွန်မဆီမှာ တောင်းဆိုနေပါလား!

သူ့ကိုပြောဆိုဆုံးမဖို့ တောင်းဆိုပေမယ့်လည်း မောင်ဝေယံက ဆိုးမြဲဆိုးနေခဲ့တယ်။ ကျွန်မဆီကျောင်းသားတွေ လာတိုင်တိုင်း မောင်ဝေယံဖြစ်နေပြီး တခြားသူတွေကို ဘောင်းဘီချွတ်ပြတာ၊ခြေထိုးလဲတာကလည်း မောင်ဝေယံပဲဖြစ်နေခဲ့တယ်။

တစ်ပတ်တောင်မပြည့်သေးပါဘူး မောင်ဝေယံရဲ့ဗလာစာအုပ်ထဲမှာ ကြက်ခြေခတ်တွေ အခုတစ်ရာရှိနေခဲ့ပါပြီ။ပြောင်းလဲမလာတဲ့ မောင်ဝေယံရဲ့အပြုအမူတွေကြောင့် ကျွန်မစိတ်ဆိုးပြီး မောင်ဝေယံကို ခေါ်ပြောခဲ့တယ်။

"မောင်ဝေယံ... မင်းရဲ့မကောင်းတာတွေ ဆရာမ ကြက်ခြေခတ်မှတ်ထားတာ အခုတစ်ရာရှိနေပြီ။ မင်းကို ဆရာမ အပြစ်ပေးရတော့မယ်"

"ဟုတ်ကဲ့ဆရာမ.. ကျွန်တော့်ကို အချက်တစ်ရာ ရိုက်နိုင်ပါတယ်"

မောင်ဝေယံက လက်ကိုဆန့်ပြီး အရိုက်ခံတယ်။ ဒါပေမယ့် မောင်ဝေယံရဲ့ လက်ဖဝါး၊ မောင်ဝေယံရဲ့မျက်နှာကိုကြည့်ပြီး ကျွန်မတကယ် မရိုက်ရက်ခဲ့ဘူး။

တကယ်တော့ မောင်ဝေယံ! မင်းဟာ မတုံးမအဘဲ ထက်မြက်သူပါ။ ကိုယ်မှားမှန်းသိသိနဲ့ အမှားတွေကို မင်းဘာကြောင့် ကျူးလွန်ချင်ရတာလဲ? မင်းရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေကို ပြင်ပြီး မင်းကိုယ်ပေါ်ကတခြားလူတွေ ခပ်နှိပ်ပေးထားတဲ့ "လူဆိုး၊ မလိမ္မာ မယဉ်ကျေးတဲ့သူ" ဆိုတဲ့ တံဆိပ်တွေကို ဖြုတ်ချလိုက်ပါ မောင်ဝေယံ! ရင်ထဲမှာ နာနာကျင်ကျင် ကျွန်မပြောနေမိတယ်။

မောင်ဝေယံရဲ့လက်က ကျွန်မအရိုက်ကိုခံဖို့ လေထဲမှာမြှောက်ထားဆဲပါပဲ။ အတန်းသားဘက် ကျွန်မလှည့်ပြီး"ဆရာမ စိတ်မကောင်းဘူး။ ပထမတန်းကနေ အခုတတိယတန်းအထိ မင်းတို့လာတိုင်လိုက်တိုင်း မောင်ဝေယံဟိုဟာလုပ်လို့၊ မောင်ဝေယံ ဘာလုပ်လို့ဆိုတာချည်းပဲ။ "ကြက်ခြေခတ်"ဖို့အတွက်ပဲ လာတိုင်ကြတယ်။ မောင်ဝေယံမှာ "အမှန်"ပေးဖို့အတွက်တောင် မရှိကြတော့ဘူးလား?"

ကျွန်မစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။ ငါးစက္ကန့်လောက်ကြာတော့ ကျောင်းသားတစ်ဦးက"ဆရာမ.. ဆရာမ မောင်ဝေယံကို အမှန်ပေးလို့ရတယ်။ ဟိုတစ်နေ့က ကျွန်တော့်ကို သူရောင်စုံခဲတံ ပေးငှါးသေးတယ်"

တစ်ဆက်တည်းမှာပဲ မောင်ဝေယံရဲ့ အနိုင်ကျင့်တာကို အမြဲခံရတဲ့ ကျောင်းသူတစ်ဦးကလည်း ထရပ်ပြီး"ဆရာမ... ခုနားကျောင်းဆင်းတုန်းက ကျွန်မလဲအောင် မောင်ဝေယံခြေထိုးသေးတယ်။ ဒါပေမယ့် ကျွန်မလည်း အနားရောက်ရော သူ့ခြေကို ပြန်ရုတ်လိုက်တယ်။ ဒီတစ်ခေါက် ကျွန်မ မလဲခဲ့ဘူး ဆရာမ"

"ဟုတ်တယ်.. တပည့်တို့။ မောင်ဝေယံမှာ ကောင်းကွက်တွေ အများကြီးရှိနိုင်သေးတယ်။ သူ့ကို အမှန်တွေအများကြီး ပေးနိုင်သေးတယ် မဟုတ်လား! ဆရာမ သူ့ကို ကြက်ခြေခတ်တစ်ရာ ပေးပြီးပြီ။ သူ့ကို အချက်တစ်ရာ ဆရာမရိုက်လို့ရပေမယ့် ဆရာမ သူ့ကိုမရိုက်ရက်ဘူး။ သူ့ရဲ့ကောင်းကွက်လေးတွေကို တပည့်တို့ ထပ်စဉ်းစားကြပါဦး။ မောင်ဝေယံရဲ့ ကောင်းကွက်နဲ့ သူ ဘာတွေကောင်းအောင် လုပ်ခဲ့ဖူးလဲ? တပည့်တို့ စဉ်းစားကြပြီး အမှန်တစ်ခုပေးတိုင်း ကြက်ခြေခတ်တစ်ခု ဖျက်တဲ့နည်းနဲ့ မောင်ဝေယံကို ဆရာမတို့ကယ်တင်ကြရအောင်"

ကျွန်မပြောပြီး ခဏအကြာမှာ ကျောင်းသားတွေ အလုအယက် ဝိုင်းပြောကြတယ်။

"ဆရာမ... မောင်ဝေယံ ကျွန်တော့်ကို ဟင်းခူးပေးတယ်"

"ဆရာမ.. မနေ့က မောင်ဝေယံ ကျွန်တော်ကို နွားနို့ယူပေးတယ်"

"ဆရာမ.. အရင်တစ်ပတ်က မောင်ဝေယံ အမှိုက်ပစ်ကူတယ်"

"ဆရာမ.... မနေ့က မောင်ဝေယံ အိမ်သာဆေးကူတယ်"

"ဆရာမ....."

အဲဒီစာသင်ချိန်မှာပဲ ကျောင်းသားတွေက မောင်ဝေယံရဲ့ ကောင်းကွက်ကို လက်မြှောက်လိုက်၊ ပြောလိုက်နဲ့"အမှန်"တွေ ဝိုင်းပေးခဲ့ကြတယ်။ ကျောင်းဆင်းခါနီးမှာ "အမှန်တစ်ရာခု" ကို မောင်ဝေယံရခဲ့ပြီး "ကြက်ခြေခတ်တစ်ရာခု"ကို ချေဖျက်နိုင်ခဲ့တယ်။

ကျွန်မရှေ့မှာ ရပ်နေတဲ့ မောင်ဝေယံရဲ့ ငိုမဲ့မဲ့မျက်နှာလေးက ခုတော့ ပြုံးနိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူငိုခဲ့ပါတယ်။သူစနောက်ခဲ့ဖူးတဲ့ ကျောင်းသားတွေရဲ့မေတ္တာကြောင့် ဝမ်းသာတဲ့မျက်ရည်တွေ သူပါးပြင်ပေါ် စီးကျခဲ့ပါတယ်။ဆေးတွေမှန်မှန်သောက်ပြီး လိမ္မာသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်လို့ မောင်ဝေယံဆုံးဖြတ်လိုက်တယ်။

"မျက်စိနဲ့အနီးဆုံးနေရာက ဘယ်နေရာလဲ?" လို့ ကျွန်မကို လူတွေမေးခဲ့ဖူးတယ်။ အဖြေက "မျက်တောင်မွေး"ဆိုတာကို ကျွန်မစဉ်းစားမရခဲ့ဘူး။ မျက်တောင်မွေးဟာ မျက်စိနဲ့အနီးဆုံးနေရာမှာရှိပြီး ကျွန်မတို့ မမြင်နိုင်ခဲ့ကြဘူး။

အဲဒီလိုပဲ ကျွန်မတို့ဘေးအနားက ကျွန်မတို့နဲ့ အရင်းနှီးဆုံးလူတွေရဲ့ကောင်းကွက်ကို ကျွန်မတို့ မမြင်တတ်ခဲ့ကြဘူး။

အထက်ဇာတ်လမ်းထဲကလို မောင်ဝေယံရဲ့ဆိုးကွက်ကိုပဲ တခြားကျောင်းသားတွေ တွေ့ခဲ့ကြတယ်။အပြစ်ပေးခါနီး ဆရာမရဲ့လမ်းညွှန်ပြသမှုကြောင့် မောင်ဝေယံရဲ့ကောင်းကွက်တွေကို သူတို့သတိပြုခဲ့မိကြတယ်။ မောင်ဝေယံမှာလည်း "အမှန်တွေတစ်ရာ" ရှိကြောင်း သူတို့တွေ့ခဲ့ကြတယ်။

သွန်သင်ဆုံးမှုဆိုတာ အတင်းအဓမ္မဖိနှိပ်တဲ့ "အမှောင်"ဘက်ကမဟုတ်ဘဲ ဥာဏ်ဖွံ့ဖြိုးဖို့ ကြိုးစားကူညီတဲ့ "အလင်း"ဘက်ကဖြစ်တယ်။ သူတစ်ပါးရဲ့ဆိုးကွက်ကိုပဲကြည့်ပြီး ကြက်ခြေခတ်တစ်ရာပေးဖို့ ကြိုးစားသူရဲ့ ရင်ထဲမှာလည်း နာကျင်မှုအမှောင်တွေပဲ ရှိခဲ့တယ်။ တကယ်တော့ ကျွန်မတို့က "မနှစ်မြို့လည်း ချီးကျူးတတ်ဖို့" "သူ့ကိုမနှစ်သက်လည်း သူ့ကောင်းကွက်တွေ ရှာတတ်ဖို့" သင်ယူသင့်ပါတယ်။

တစ်ခါတလေမှာ ဆရာတွေက "ကျောင်းသားဆိုး" တွေကို မနှစ်သက်တတ်ကြသလို "ကလေးဆိုး" တွေကို လူတွေ မနှစ်မြို့တတ်ကြဘူး။ အဲဒီအချိန်ကျရင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး တစ်ဘက်လှည့်အတွေးနဲ့ သူ့ကောင်းကွက်ကို ရှာကြည့်ပါ။ အတွေးတွေ လည်ပတ်နေသရွေ့ "အမှန်တစ်ခု" တွေ့လာနိုင်ပါလိမ့်မယ်။

ကလေးတွေကို "ဆန့်ကျင်၊ ငြင်းဆန်"တဲ့အကြည့်မျိုးနဲ့ ကျွန်မတို့ တစ်ချိန်လုံးမကြည့်သင့်သလို "ဝေဖန်၊ ပြစ်တင်" တဲ့ စကားမျိုးလည်း အမြဲမပြောသင့်ပါဘူး။

ဆန့်ကျင်၊ ငြင်းဆန်တဲ့အကြည့်တွေကြားမှာ ကလေးငယ်တွေက ကိုယ့်ကိုယ်ယုံကြည်မှုမဲ့တာတွေ သင်ယူနိုင်တယ်။ ဝေဖန်၊ အပြစ်တင်တဲ့အပြောတွေကြားမှာ ကလေးငယ်တွေက စိတ်ပျက်၊ ဝမ်းနည်းမှုတွေကို သင်ယူနိုင်တယ်။ ကူညီ၊ ဖေးမ၊ အားပေးတဲ့ အပြောတွေကြားမှာ ကလေးငယ်တွေက ယုံကြည်မှုတွေတိုးစေပြီးချီးကျူး၊ ချီးမွမ်းမှုအောက်မှာ ကလေးငယ်တွေက မေတ္တာနဲ့ကျေးဇူးတရားကို နားလည်နိုင်မှာဖြစ်ပါတယ်။

မူရင်း---- http://www.netsermon.org/story or 不喜歡他,也要看到他的好

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:

Post a Comment